အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) တစ်လပြည့် အလှူ
ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူ၏ အနားသို့ လျှောက်သွားကာ ပန်းပွင့်လေးများဖြင့် ပန်းထိုးထားသော၊ နူးညံ့ပြီး ပေါ့ပါးသည့် ပိုးထည် ပုဝါဖြူလေးကို ထုတ်ပေးလိုက်လေ၏။ ထို့နောက် သူသည် စာအုပ် အသစ် အထပ်လိုက်ကို ကမ်းပေးရင်း ပြောလိုက်လေသည်...။
"ရှောင်ယာ... ဒီပုဝါလေးက မင်းရဲ့ အဝါနုရောင် အင်္ကျီနဲ့ဆိုရင် အရမ်း လိုက်ဖက်မှာ... ဒါကိုပတ်ထားရင် ကြည့်ကောင်းမှာပါ..."
"ဒီစာအုပ်တွေက ကျင်းရှီက ဆင်းဟွာ စာအုပ်ဆိုင်မှာ အစ်ကို ကိုယ်တိုင် ရွေးလာတာ... မင်း ကြိုက်တတ် တဲ့ စာစီစာကုံးတွေရော၊ အသစ်ထွက်တဲ့ ဝတ္ထုတွေရော ပါတယ်... အားတဲ့အခါမှာ ဒါတွေကို ဖတ်ပြီး အချိန်ဖြုန်းလို့ ရတာပေါ့..."
ပုဝါနှင့် စာအုပ်များကို ကိုင်ဆောင်ထားရင်း ထျန်ရှောင်ယာ၏ ရင်ထဲ၌ နွေးထွေးမှုများ လှိုက်တက် လာခဲ့ပြီး...၊
"ကျေးဇူးတင်ပါတယ် အာယဲ့... ကျွန်မ ဒါတွေကို တကယ် ကြိုက်ပါတယ်..."
ကျိုးချန်ယဲ့သည် သူ၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်ပေးကာ လက်ကို ဆုပ်ကိုင်လျက် ကျင်းရှီတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို မိသားစုအား ပြန်လည် ပြောပြတော့၏။ သူသည် ကျင်းရှီရှိ ဥရောပစတိုင် အဆောက်အဦးများ၊ လမ်းဘေး အစားအစာများနှင့် နှီးနှောဖလှယ်ပွဲမှ ခေတ်မီ နည်းပညာ များ၊ ဆန်းသစ်သော ပစ္စည်းများအကြောင်းကို ဖောင်ဖွဲ့ ပြောဆိုနေခဲ့လေသည်။
မိသားစုဝင် အားလုံးမှာလည်း စိတ်ဝင်တစားဖြင့် နားထောင်နေခဲ့ကြလေ၏။
အမေထျန်သည် သူ၏ သမီးမှာ အားကိုးထိုက်ပြီး ကြင်နာတတ်သော လူတစ်ယောက်နှင့် လက်ထပ်ခဲ့ ရသဖြင့် များစွာ ကျေနပ်နေခဲ့လေသည်။ ရှောင်ယဲ့သည် အားကိုးထိုက်သူဖြစ်ပြီး အရည်အချင်းလည်းရှိ ကာ ကြင်နာတတ်သည့် ကလေးတစ်ဦး ဖြစ်ပေသည်။ မိမိ၏ သမီးဖြစ်သူမှာ နောင်တစ်ချိန်တွင် သေချာ ပေါက် ပျော်ရွှင်ရလိမ့်မည်ဟု သူ တွေးမိနေခဲ့လေ၏။
ထျန်ရှောင်ယာသည် ကျိုးချန်ယဲ့၏ အနားတွင် မှီလျက် နှုတ်ခမ်းလေး၌ ပြုံးလျက် ရှိနေခဲ့ပြီး သူ၏ ရင်ထဲ ၌လည်း ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့လေတော့သည်။
————————————
နေ့ရက်များမှာ ဆောင်းဦး၏ နောက်ဆုံး အငွေ့အသက်များနှင့်အတူ တရွေ့ရွေ့ ကုန်လွန်လာခဲ့ရာ ကျောက်ခဲလေးမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ ကြီးပြင်းလာခဲ့လေသည်။
သူ၏ မျက်နှာလေးမှာ ဝဝကစ်ကစ်နှင့် ပါးဖောင်းဖောင်းလေး ဖြစ်နေခဲ့လေသည်။ သူ နိုးလာသည့် အချိန် တွင် လက်ကလေး ခြေထောက်လေးများကို ကန်ကျောက်လျက် အသံလေးများ ပြုလုပ်တတ်ပြီး အိပ် ချင်လာသည့် အခါတွင်မူ စောင်လေးထဲ၌ ဝဝကစ်ကစ်လေးဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေတတ်လေ သည်။ ထိုချစ်စဖွယ် ပုံစံလေးမှာ မြင်သူတိုင်း၏ ရင်ကို အရည်ပျော်စေနိုင်ခဲ့ပေသည်။
ထိုအမူအရာများကြောင့် အမေထျန်မှာ တစ်နေ့လုံး ပြုံးပျော်နေခဲ့ရသလို ကျိုးချန်ယဲ့မှာလည်း ကျောင်း ဆင်းသည်နှင့် သားဖြစ်သူကို ပွေ့ချီထားလျက် လက်မှ မချနိုင်လောက်အောင် ဖြစ်နေခဲ့ရလေသည်။
ကျောက်ခဲလေးမှာ တစ်လပြည့်ပြီ ဖြစ်သော်လည်း ထိုဇနီးမောင်နှံမှာ တစ်လပြည့် အလှူပြုလုပ်ရန် အစီအစဉ် မရှိကြသေးပေ။
ထိုနေ့ ညနေခင်းတွင် အမေထျန်သည် ကျိုးချန်ယဲ့၏ လက်မောင်းကို ဆွဲကာ အိမ်မကြီးအတွင်း၌ စကား စလိုက်လေသည်...။
"ရှောင်ယဲ့... ငါတို့ရွာရဲ့ ထုံးစံအရဆိုရင် ကလေးတစ်လပြည့်တဲ့အခါ အိမ်နီးနားချင်းတွေနဲ့အတူ ကလေး ရဲ့ ကံကောင်းခြင်းတွေကို ဝေမျှဖို့အတွက် ပွဲလေးတစ်ခု လုပ်သင့်တယ်... မင်း ဘယ်လို ထင်လဲ..."
အမေထျန်၏ အသံတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့လေ၏။ သူ၏ လက်ထဲတွင်လည်း ကျောက်ခဲလေးအတွက် အဝတ်စမျိုးစုံဖြင့် သေသေချာချာ ချုပ်လုပ်ထားသော အင်္ကျီအသစ် တစ်ထည်ကို ကိုင်ဆောင်ထားလေသည်။ ထိုအဝတ်စများကို ရပ်ကွက်ထဲရှိ အမျိုးသမီးများထံမှ အသနားခံ စုဆောင်းထားခြင်း ဖြစ်ပြီး သူ၏ သေသပ်လှပသော လက်ရာများက သူ၏ စေတနာကို ဖော်ပြနေလျက်ရှိလေသည်။
ကျိုးချန်ယဲ့သည် ရှန်ဟိုင်းရှိ မိသားစုထံသို့ စာရေးနေရင်းမှ ထိုစကားကို ကြားသောအခါ မော့ကြည့်ကာ ပြုံးလျက် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်...။
"အမေ... ကျွန်တော်လည်း အဲ့အကြောင်းကို ပြောမလို့ပဲ..."
"အခုကာလက ချွေတာဖို့ တိုက်တွန်းနေတာဆိုတော့ အိမ်မှာပဲ ရိုးရိုးရှင်းရှင်းလေး လုပ်ကြတာပေါ့... အိမ်နီးချင်းတွေနဲ့ ကျောင်းက သူငယ်ချင်း အချို့ကိုပဲ ဖိတ်ပြီး ထမင်းလက်ဆုံ စားကြတာပေါ့..."
"အေးပါ... ဟုတ်တာပေါ့..."
အမေထျန်၏ မျက်လုံးများမှာ ဝမ်းသာအားရ ဖြစ်မှုကြောင့် မှေးစင်းသွားခဲ့ပြီး...၊
"ငါ အားလုံး စီစဉ်ထားပြီးသားပါ... မနက်ဖြန် မနက်ကျရင် သမဝါယမဆိုင်ကို သွားပြီး အသားတစ်ကျင်း ၊ ပဲပြားတစ်ကျင်းနဲ့ ရေညှိနည်းနည်း ဝယ်လိုက်မယ်... ပြီးရင် အိမ်က ဟင်းသီးဟင်းရွက်တွေနဲ့ဆိုရင် အားလုံး ပြည့်စုံသွားမှာပါ..."
"အိမ်မှာ ကြိတ်ထားတဲ့ ပြောင်းဖူးမှုန့်တွေနဲ့ ပြောင်းဖူးမုန့် လုပ်မယ်၊ ကြက်ဥအနီတွေ ပြုတ်မယ်၊ ပြီးရင် ရှန်ဟိုင်းက ရှောင်ယဲ့အမေ ပို့လိုက်တဲ့ သကြားလုံးတွေနဲ့ မက်မွန်သီးမုန့်တွေကို ချထားလိုက်ရင် အားလုံး ပြည့်စုံသွားမှာပဲ... တကယ့်ကို စည်စည်ကားကား ဖြစ်သွားမှာပေါ့..."
ကျိုးချန်ယဲ့က ခေါင်းညိတ် ထောက်ခံလိုက်ပြီးနောက် သူ၏ မိခင်ထံ ရေးနေသော စာထဲတွင်လည်း ထို တစ်လပြည့် ပွဲအကြောင်းကို ထည့်သွင်း ရေးသားလိုက်လေသည်။
သူသည် သားဖြစ်သူ၏ ပုံတူလေးကိုပါ သေသေချာချာ ဆွဲ၍ စာအိတ်ထဲသို့ ထည့်လိုက်လေသည်။
ထူးဆန်းသည်မှာ သူသည် "စက်မှုကျွမ်းကျင်မှု" ကို ရရှိခဲ့ပြီးနောက် စက်မှုပညာရပ်များ တိုးတက်လာရုံ တင်မကဘဲ သူ၏ ပန်းချီဆွဲသည့် အရည်အချင်းမှာလည်း သိသိသာသာ တိုးတက်လာခဲ့ခြင်းပင် ဖြစ်၏။
ထိုသို့ တွေးတောရင်း ကျိုးချန်ယဲ့သည် ကျွမ်းကျင်မှုမှာ အလဟဿ မဖြစ်ခဲ့သဖြင့် သူ့ဘာသာ ပြုံးမိ နေခဲ့လေတော့သည်။
နောက်တစ်နေ့ မိုးလင်းသည်နှင့် အမေထျန်သည် အသားနှင့် ပဲပြားလက်မှတ်များ၊ ခြင်းတောင်းတစ်လုံး ကို ကိုင်ကာ သမဝါယမဆိုင်သို့ အပြေးအလွှား သွားခဲ့လေတော့သည်။ သူသည် နောက်ကျသွားပါက အသားကောင်းများ မရရှိမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေတော့သည်။
ထျန်ရှောင်ယာသည်လည်း အိပ်ရာမှ ထကာ ကျောက်ခဲလေးကို အဝတ်အစား သန့်သန့်လေးများ လဲပေး လိုက်လေသည်။ သူ၏ မိခင် ချုပ်ပေးထားသော အဝတ်စမျိုးစုံ ပါဝင်သည့် အင်္ကျီလေးကို ဝတ်ပေး လိုက်သောအခါ ကျောက်ခဲလေးမှာ ပို၍ပင် ဖြူဖွေးကာ ချစ်ဖို့ကောင်းနေခဲ့လေတော့သည်။
ကျိုးချန်ယဲ့သည်လည်း ကျောင်းသို့ ကြိုတင်၍ ခွင့်တိုင်ထားသဖြင့် ကျောင်းမသွားဘဲ ဝင်းခြံကို သန့်ရှင်း ရေး လုပ်နေခဲ့လေသည်။
သူသည် စားပွဲများကို တိုက်ချွတ် ပြောင်လက်အောင် လုပ်ပြီးနောက် ဝင်းခြံအတွင်း၌ စီထားလိုက် လေ၏။
ကျိုးချန်ယဲ့သည် ခြင်းတောင်းကို ကိုင်ကာ ရပ်ကွက်ထိပ်ရှိ ဆိုင်သို့ သွားရောက်ပြီး ရောက်ရှိလာမည့် အမျိုးသမီးများအတွက် ဆိုဒါအချို့ကို ဝယ်ယူခဲ့လေသည်။
သူ ပြန်ရောက်လာသည့် အခါတွင်မူ သူ၏ ခြင်းတောင်းအတွင်း၌ ဂေါ်ဖီထုပ်များနှင့် ကြက်ဥအလုံး (၃၀) ခန့် ပါလာခဲ့လေသည်။
မကြာမီမှာပင် အမေထျန် ပြန်ရောက်လာခဲ့ပြီး သူ၏ ခြင်းတောင်းအတွင်း၌လည်း ပစ္စည်းများဖြင့် ပြည့် နှက်လျက်ရှိနေခဲ့လေသည်။
အဆီနှင့် အသား မျှတသော ဝက်သား၊ နူးညံ့သော ပဲပြား၊ ရေညှိစိမ်းစိမ်းလေးများနှင့် ကြာဇံ အထုပ်ငယ် တစ်ထုပ် ပါရှိလာခဲ့သလို သူ၏ အိတ်ကပ်ထဲတွင်လည်း အနီရောင် ဆိုးဆေး အထုပ်တစ်ထုပ် ပါလာခဲ့ လေသည်။ သူ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် အော်ပြောလိုက်လေသည်...။
"ဒုတိယမရီး... အမြန်လာပါဦး... ကြက်ဥတွေကို ထုတ်ပြီး အနီရောင် ဆိုးဆေး တို့ကြတာပေါ့... ငါတို့ မြေးလေးရဲ့ ကံကောင်းခြင်းတွေကို အားလုံးကို ဝေမျှပေးရအောင်..."
"ဟုတ်ကဲ့ အမေ..."
ဒုတိယမရီးက ပြန်လည် ထူးလိုက်ကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်လေသည်။
ဤသည်ကို မြင်သောအခါ ကျိုးချန်ယဲ့က သူဝယ်လာသော ကြက်ဥခြင်းတောင်းကို ကမ်းပေးလိုက်ပြီး..၊
"ဒုတိယမရီး... အိမ်မှာ ကြက်ဥ မလောက်မှာ စိုးလို့ ကျွန်တော် ထပ်ဝယ်လာခဲ့တယ်..."
"ကြက်ဥ မလောက်မှာ စိုးနေတာနဲ့ အတော်ပဲပေါ့..."
ဒုတိယမရီးက ပြုံးလျက် ခြင်းတောင်းကို ယူဆောင်ကာ မီးဖိုချောင်အတွင်းသို့ ဝင်သွားခဲ့လေတော့ သည်။
မီးဖိုချောင်အတွင်း၌ အမေထျန်မှာ မီးဖိုရှေ့တွင် ထိုင်ကာ မီးကူမွှေးပေးနေပြီး ဒုတိယမရီး ကျောက် ရှောက်ထင်မှာ ကြက်ဥများကို တစ်လုံးချင်းစီ ထည့်၍ ပြုတ်နေခဲ့လေ၏။ ကြက်ဥများ ကျက်သွားသော အခါ ၎င်းတို့ကို ထုတ်ယူကာ အနီရောင် ဆိုးဆေးလေးများ တို့ပေးလိုက်ရာ အနီရောင် ကြက်ဥလေးများ မှာ ကြွေပန်းကန်ပေါ်တွင် တင့်တယ်လှပနေခဲ့လေတော့သည်။
အမေထျန်သည် အနီဆုံးသော ကြက်ဥအချို့ကို ရွေးချယ်ကာ အနီရောင် ကြိုးလေးများဖြင့် ချည်နှောင် လိုက်ပြီး ရောက်လာမည့် ကလေးငယ်များကို လက်ဆောင်ပေးရန်အတွက် ပြင်ဆင်လိုက်လေ၏။
ထိုသို့ အလုပ်ရှုပ်နေကြစဉ်မှာပင် အိမ်နီးချင်း ဖြစ်သူ ဝမ်တာ့ကျွမ်း၏ ဇနီးနှင့် အန်တီကျူတို့မှာ ရှေးဦးစွာ ရောက်ရှိလာခဲ့ကြလေသည်။
အန်တီကျူသည် သူကိုယ်တိုင် ချုပ်လုပ်ထားသော ကျားခေါင်းပုံစံ ဖိနပ်ငယ်လေးများကို ယူဆောင်လာ ခဲ့ပြီး အိမ်ထဲသို့ ဝင်လိုက်သည်နှင့် အော်ဟစ် နှုတ်ဆက်လိုက်လေသည်...။
"အစ်မ... ဝမ်းသာပါတယ်နော်... ငါတို့ ကျောက်ခဲလေး တစ်လပြည့်ပြီဆိုတော့ တကယ်ကို ဝမ်းသာစရာ ကြီးပဲ..."
ဝမ်တာ့ကျွမ်း၏ ဇနီးမှာလည်း သူ၏ ခြံထဲမှ ဖန်ခါးသီးခြောက် အိတ်ငယ်လေးကို ကိုင်ဆောင်ကာ သူ၏ သားဖြစ်သူ ထျဲ့တန်နှင့်အတူ ပြုံးလျက် ဝင်းခြံထဲသို့ ဝင်လာခဲ့လေသည်...
"အစ်ကိုကျိုး... ရှောင်ယာ့အတွက် ဒီဖန်ခါးသီးခြောက်လေးတွေ ယူလာပေးတာ... နောက်မှ ဒါတွေကို ဆန်ပြုတ်ထဲ ထည့်သောက်ရင် သွေးအားကောင်းစေပြီး ကျန်းမာရေးအတွက် ကောင်းတယ်လေ..."
ကျိုးချန်ယဲ့သည် သူတို့ကို နွေးထွေးစွာ ကြိုဆိုလိုက်ပြီး သကြားရေနှင့် မုန့်များဖြင့် ဧည့်ခံလိုက်လေ၏။ အမေထျန်မှာလည်း မီးဖိုချောင်အတွင်းမှ ထွက်လာကာ အန်တီကျူနှင့် နွေးထွေးစွာ စကားပြောနေခဲ့လေ သည်...။
"ညီမတို့ရယ်... လာတာနဲ့တင် ကျေးဇူးတင်လှပါပြီ... ပစ္စည်းတွေ ဒီလောက်အထိ သယ်လာဖို့ မလိုပါ ဘူး..."
"ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ... ကလေးတစ်လပြည့်ပွဲဆိုတာ အရေးကြီးတဲ့ ကိစ္စပဲလေ... ကျွန်မ တို့ကတော့ သေချာပေါက် လာအားပေးရမှာပေါ့..."
အန်တီကျူသည် စကားပြောနေရင်း အိမ်မကြီးအတွင်းမှ ကျောက်ခဲလေးကို ပွေ့ချီလာသော ထျန်ရှောင်ယာကို မြင်လိုက်ရသဖြင့် အနားသို့ အမြန်သွားကာ ကျောက်ခဲလေး၏ ပါးပြင်လေးကို ညင်သာစွာ တို့ထိလိုက်လေသည်...။
"အလိုလေး... ဒီကလေးက တကယ့်ကို ခန့်ညားနေတာပဲ... ကျိုးချန်ယဲ့နဲ့လည်း တစ်ပုံစံတည်းပဲ... နောင်ကျရင် သေချာပေါက် အောင်မြင်မယ့်သူ ဖြစ်လာမှာ..."
ဝမ်တာ့ကျွမ်း၏ ဇနီးကလည်း ဝင်ပြောလိုက်လေသည်...။
"အန်တီပြောတာ မှန်တယ်... ကျွန်မကတော့ ကျောက်ခဲလေးဟာ နောင်ကျရင် တက္ကသိုလ်ကျောင်းသား ကြီး ဖြစ်လာမှာကို သေချာပေါက် ယုံကြည်တယ်..."
"မေမေ... ကျွန်တော်လည်း ညီလေး ကျောက်ခဲလေးကို ကြည့်ချင်တယ်..."
ထျဲ့တန်မှာ သူ၏ မိခင်၏ အဝတ်ကို ဆွဲကာ ခုန်ပေါက်လျက် အော်ဟစ်နေခဲ့ပြီး ထျန်ရှောင်ယာ၏ အနား သို့ တိုးကပ်လာခဲ့လေ၏။
"ဟဲဟဲ..."
ထျန်ရှောင်ယာက ရယ်မောလိုက်ကာ ထျဲ့တန် မြင်နိုင်စေရန်အတွက် ကျောက်ခဲလေးကို နိမ့်ပေးလိုက် လေသည်။
ထျဲ့တန်သည် ကျောက်ခဲလေးကို ကြည့်ကာ ကြည်လင်သော အသံလေးဖြင့်...၊
"ကျောက်ခဲလေး... နေကောင်းလား... ငါက မင်းရဲ့ အစ်ကို ထျဲ့တန်လေ..."
သူသည် သူ၏ အိတ်ကပ်ထဲမှ သစ်သား လေးခွတစ်ခုကို ထုတ်ကာ ကျောက်ခဲလေး၏ အနားတွင် ထား ပေးလိုက်ပြီး...၊
"ကျောက်ခဲလေး... ဒါက ငါ့ရဲ့ အသည်းစွဲ လေးခွပဲ... ဒါလေး မင်းကို လက်ဆောင် ပေးမယ်နော်..."
ထျန်ရှောင်ယာက ပြုံးလျက် ထျဲ့တန်၏ ဆံပင်ကို ပွတ်သပ်ပေးကာ ညင်သာစွာ ပြောလိုက်လေသည်...၊
"ကျေးဇူးတင်ပါတယ် ထျဲ့တန်... စားပွဲပေါ်မှာ သကြားလုံးတွေ ရှိတယ်... သွားစားလိုက်ဦးနော်..."
ထျဲ့တန်မှာ တံတွေးတစ်ချက် မျိုချလိုက်ကာ...၊ "ကျေးဇူးတင်ပါတယ် အန်တီ..." ဟု ပြောပြီး သကြား လုံးများ ချထားသော စားပွဲဆီသို့ အပြေးအလွှား သွားလိုက်လေတော့သည်။