အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈) ကြိုက်တယ်ဆိုရင် စမ်းဝတ်ကြည့်ပါလား
အမေထျန်သည် လီနင်ဝတ်စုံကို စမ်းသပ်ဝတ်ဆင်ကြည့်နေစဉ် ဒုတိယမရီး၏ အကြည့်မှာ လိုက်ကာ ဘေး၌ ချိတ်ဆွဲထားသော တိမ်တိုက်ပုံစံပါသည့် အပြာနုရောင် ချောင်ဆမ်ဝတ်စုံဆီသို့ အကြည့်က အလို လို ကျရောက်သွားခဲ့လေ၏။
သူ၏ မျက်လုံးများတွင် အားကျနှစ်သက်မှုများ ပြည့်နှက်နေသော်လည်း ရှက်ကိုးရှက်ကန်းဖြင့် အကြည့် လွှဲလိုက်ကာ ထျန်ရှောင်ယာကို တိုးတိုးလေး ပြောလိုက်လေသည်...။
"ဒီချောင်ဆမ်ဝတ်စုံလေးက လှလိုက်တာနော်..."
ထျန်ရှောင်ယာသည် ဒုတိယမရီးကို ကြည့်ကာ ပြုံးလျက် သူ၏ လက်မောင်းကို တို့လိုက်ပြီး...၊
"ကြိုက်တယ်ဆိုရင် စမ်းဝတ်ကြည့်ပါလား... ဒါကို ဝတ်လိုက်ရင် မရီး တကယ် ကြည့်ကောင်းမှာ သေချာ တယ်..."
"မလုပ်ပါနဲ့တော့... မလုပ်ပါနဲ့တော့... ကျွန်မနဲ့ မလိုက်ဖက်မှာကို စိုးရိမ်ပါတယ်... လူတွေ အကြည့်ခံရမှာ လည်း ရှက်စရာကြီးလေ..."
ဒုတိယမရီးသည် လက်ယမ်းပြလျက် ထပ်ခါတလဲလဲ ငြင်းဆိုနေခဲ့လေသည်။
"ဒုတိယမရီးကလည်း... ဘာဖြစ်လို့လဲ... ဓာတ်ပုံရိုက်တယ်ဆိုတာ လန်းလန်းဆန်းဆန်းနဲ့ လှလှပပ ဖြစ် နေဖို့ လိုတာလေ... သည်ချောင်ဆမ်ဝတ်စုံက အရောင်ကလည်း ရိုးရိုးရှင်းရှင်းနဲ့ ပုံစံကလည်း ယဉ်ကျေး တယ်... မရီးနဲ့ သေချာပေါက် လိုက်ဖက်မှာပါ... လာပါ... စမ်းဝတ်ကြည့်လိုက်ပါ..."
စကားပြောနေရင်း သူသည် ဒုတိယမရီးကို ချောင်ဆမ်ဝတ်စုံ လဲဝတ်နိုင်ရန် ကူညီပေးလိုက်ကာ...၊
"ဒီပိတ်စကို ကြည့်ပါဦး... အထိအတွေ့က တကယ်ကို နေလို့ကောင်းမှာ... စမ်းဝတ်ကြည့်လိုက်နော်..."
ဒုတိယမရီးမှာ ဖျောင်းဖျမှုကို မလွန်ဆန်နိုင်တော့ချေ။ သူသည် မျက်နှာလေး နီမြန်းလျက် ချောင်ဆမ် ဝတ်စုံကို ယူကာ အဝတ်လဲခန်းအတွင်းသို့ ဝင်သွားခဲ့ပြီး အတန်ကြာမှ ပြန်ထွက်လာခဲ့လေတော့သည်။
ရှေ့တွင် မြင်တွေ့လိုက်ရသော အမျိုးသမီးမှာ ဆံပင်ကို သစ်သားဆံထိုးလေးဖြင့် သေသေသပ်သပ် ထုံးထားလေသည်။ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အပြာနုရောင် တိမ်တိုက်ပုံစံ ချောင်ဆမ်ဝတ်စုံနှင့် လိုက်ဖက်မှု ရှိနေပြီး လမ်းလျှောက်လိုက်တိုင်း ဝတ်စုံ၏ ဘေးခွဲကြားမှ ဖြူဖွေးသော အသားအရေမှာ လည်း အနည်းငယ် ပေါ်လွင်နေလျက်ရှိလေသည်။
အညိုရောင် ဒေါက်ဖိနပ်တစ်စုံကို စီးထားသဖြင့် သူသည် တကယ့်ကို ယဉ်ကျေးသိမ်မွေ့ကာ လျှို့ဝှက် သော ဆွဲဆောင်မှုတစ်ခု ရှိနေသည့်ပုံ ပေါက်နေခဲ့လေသည်။
သူတို့ မီးရောင်အောက်တွင် ရပ်လိုက်သည်နှင့် ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိကာ တစ်ခွန်းမှ မပြောနိုင်ဘဲ သူကိုင်ထားသော ဦးထုပ်မှာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ် ကျသွားခဲ့လေတော့သည်။
အတန်ကြာမှ သူသည် စကားများကို ထစ်ထစ်အအဖြင့် ပြောထွက်လာခဲ့ပေသည်...။
"ဒါ... ဒါ ငါ့မိန်းမလား... ဘယ်လိုလုပ် ဒီလောက်တောင် လှနေရတာလဲ..."
ဒုတိယမရီးမှာ ရှက်နေသည့်ကြားမှ ဒုတိယအစ်ကိုက ငေးကြည့်နေသဖြင့် မျက်နှာမှာ ပို၍ပင် နီမြန်းသွား ခဲ့ရလေသည်။ သူသည် လက်ကို ဘယ်နားထားရမှန်း မသိတော့သဖြင့် ချောင်ဆမ်ဝတ်စုံ၏ အနားသတ် ကို ဆွဲရင်း ပြုံးလိုက်ကာ...၊
"ဘာတွေ ကြည့်နေတာလဲ... ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူးလား... မကြည့်ပါနဲ့တော့... ရှက်စရာကြီး..."
လီနင်ဝတ်စုံ လဲဝတ်ပြီးသား ဖြစ်သော အမေထျန်မှာလည်း သူ၏ ချွေးမဖြစ်သူ၏ ချောင်ဆမ်ဝတ်စုံကို မြင်သောအခါ ပြုံးလျက် ချီးကျူးလိုက်လေသည်...။
"ငါ့ရဲ့ ချွေးမလေးက ဒီချောင်ဆမ်ဝတ်စုံနဲ့ တကယ့်ကို လှတာပဲ..."
ဓာတ်ပုံဆရာကြီးကလည်း ခေါင်းညိတ် ထောက်ခံလိုက်လေသည်...။
"ဒီမိန်းကလေးက ချောင်ဆမ်ဝတ်စုံနဲ့ တကယ့်ကို လိုက်ဖက်ပါတယ်..."
ရယ်မောသံများနှင့် စကားသံများကြား၌ ဓာတ်ပုံရိုက်ကူးခြင်း အစီအစဉ် စတင်ခဲ့လေတော့သည်။
ဓာတ်ပုံဆရာကြီးသည် ကင်မရာကို အသင့်ပြင်လိုက်ပြီး အော်ပြောလိုက်လေသည်...။
"ငြိမ်ငြိမ်လေး ထိုင်ပါ... ကင်မရာကို ကြည့်ပါ... မလှုပ်ပါနဲ့နော်..."
ကျိုးချန်ယဲ့နှင့် ထျန်ရှောင်ယာတို့သည် မိသားစု သုံးဦးပုံကို အရင်ရိုက်ကူးခဲ့ကြလေသည်။ ထိုဇနီးမောင်နှံ မှာ ဘေးချင်းယှဉ် ရပ်နေကြပြီး ထျန်ရှောင်ယာက ကျောက်ခဲလေးကို ပွေ့ချီထားကာ ကျိုးချန်ယဲ့ကမူ ဇနီးဖြစ်သူ၏ လက်မောင်းကို ညင်သာစွာ တွဲပေးထားလျက် သူ၏ မျက်လုံးများတွင်လည်း ကြင်နာယုယ မှုများ ပြည့်နှက်လျက်ရှိနေခဲ့လေတော့သည်။
နောက်ထပ် အလှည့်မှာ ဒုတိယမရီး ဖြစ်လေသည်။ ဒုတိယမရီးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ် နေဆဲ ဖြစ်သဖြင့် ထျန်ချင်းလင်းက သူ၏ လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ပေးလိုက်လေသည်။
ထိုသူနှစ်ဦးမှာ အပြန်အလှန် ကြည့်လျက် ပြုံးလိုက်ကြပြီး ကင်မရာမှာလည်း ထိုခဏတာ မြင်ကွင်းကို ဖမ်းယူလိုက်လေ၏။
ထို့နောက် အမေထျန်သည် စောင်လေးဖြင့် ပတ်ထားသော ကျောက်ခဲလေးကို ပွေ့ချီလျက် ဓာတ်ပုံရိုက်ခဲ့ လေသည်။ အဘွားအိုမှာ သူ၏ မြေးဦးလေးကို ပွေ့ချီထားရင်း တစ်ကိုယ်လုံး ပြုံးဖြီးနေခဲ့ကာ မျက်လုံး များတွင်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့လေတော့သည်။
နောက်ဆုံးတွင် မိသားစု စုံညီဓာတ်ပုံကို ရိုက်ကူးခဲ့ကြလေသည်။ အမေထျန်မှာ အလယ်ခုံတွင် ထိုင်နေ ပြီး ကျိုးချန်ယဲ့နှင့် ထျန်ရှောင်ယာတို့က ကျောက်ခဲလေးကို ပွေ့ချီလျက် တစ်ဖက်တွင် ရပ်နေကြကာ ဒုတိယအစ်ကိုနှင့် မရီးတို့မှာမူ အခြားတစ်ဖက်တွင် ရပ်နေခဲ့ကြလေသည်။ ဓာတ်ပုံဆရာကြီးက အော် ပြောလိုက်လေ၏။
"ပြုံး လိုက်ကြပါဦး..."
ခလုတ်ကို နှိပ်လိုက်သည်နှင့် 'ဖလပ်' ဟူသော အသံနှင့်အတူ ထိုနေ့၏ ပျော်ရွှင်မှုနှင့် သာယာမှုများမှာ ဓာတ်ပုံစက္ကူပေါ်တွင် သဘာဝကျကျ ကျန်ရစ်ခဲ့လေတော့သည်။
ဓာတ်ပုံစတူဒီယိုမှ ထွက်လာပြီးနောက် ကျိုးချန်ယဲ့သည် ဒုတိယအစ်ကို၏ ပခုံးကို ပုတ်ကာ...၊
"ကဲ... အားလုံးပဲ ပီကင်း ဘဲကင် သွားစားကြရအောင်... ယနေ့တော့ ကျောက်ခဲလေးရဲ့ ကျေးဇူးနဲ့ အားလုံးပဲ ကောင်းကောင်း စားကြတာပေါ့..."
အမေထျန်က အလျင်အမြန် လက်ယမ်းပြလိုက်ကာ...၊
"အဲ့ဒါက စျေးအရမ်းကြီးမှာပေါ့... မန်ထို ဒါမှမဟုတ် ပေါက်စီလေးတွေပဲ ဝယ်စားပြီး ဗိုက်ဖြည့်လိုက်ရင် ရတာပဲကို..."
ထျန်ရှောင်ယာက သူ၏ လက်ကို ဆွဲလိုက်ကာ ညင်သာစွာ ပြောလိုက်လေသည်...။
"မေမေ... မေမေက ကျွန်မ မီးတွင်းထဲမှာတုန်းက ပြုစုပေးရတာနဲ့ အလုပ်ရှုပ်နေခဲ့တာလေ... အခုမှ အပြင်ထွက်နိုင်တာဆိုတော့ ဒီက ဒေသထွက် အစားအစာတွေကို မြည်းစမ်းကြည့်သင့်တာပေါ့... ဒါမှ ပီကင်းကို လာရကျိုး နပ်မှာပေါ့..."
"အေးပါ... သမီး စကားကိုပဲ နားထောင်ပါ့မယ်..."
အမေထျန်သည် အလိုမကျသလို ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးများတွင်မူ နွေးထွေးမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ချွမ်ကျုသယ် စားသောက်ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် ခန်းမကြီးအတွင်း၌ လူအုပ်ကြီးဖြင့် ပြည့် နှက်နေသည်ကို မြင်တွေ့ရပြီး ဗန်းများကို ကိုင်ဆောင်ထားသော ဝန်ထမ်းများမှာလည်း လူအုပ်ကြား၌ သွားလာနေကြကာ ဘဲကင်နံ့ မွှေးမွှေးလေးမှာလည်း လေထုအတွင်း ပျံ့လွင့်နေခဲ့လေတော့သည်။
လူအုပ်ကြီးမှာ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြလေ၏။ ဝန်ထမ်းက သူတို့ထံသို့ ဟင်းပွဲစာရင်း ကမ်းပေးလိုက်ကာ မေးမြန်းလိုက်လေသည်။
"ဘဲကင် တစ်ကောင် မှာမလား ဒါမှမဟုတ် တစ်ဝက်ပဲ မှာမလားခင်ဗျာ..."
ကျိုးချန်ယဲ့က တိုက်ရိုက်ပင် မှာကြားလိုက်လေသည်...။
"ဘဲကင် တစ်ကောင် အရင်ပေးပါ… ပြီးရင် ဘဲရိုးစွပ်ပြုတ်နဲ့ တခြား ဟင်းအရန်လေးတွေ မှာပါ့မယ်..."
ဒုတိယမရီး ကျောက်ရှောက်ထင်မှာ ဘေးစားပွဲရှိ စားဖိုမှူးက ဘဲသားများကို ပါးပါးလေး လှီးဖြတ်နေ သည်ကို မျက်လုံးလေးများ တောက်ပလျက် ကြည့်နေခဲ့ပြီး ထျန်ရှောင်ယာကို တိုးတိုးလေး ပြောလိုက် လေသည်...။
"ရှောင်ယာ... ကြည့်ဦး... အဲ့ဒီစားဖိုမှူးက ဘဲသားတွေကို တကယ် ပါးပါးလေး လှီးနေတာပဲနော်..."
ထျန်ရှောင်ယာက ပြုံးလျက်...၊
"ခဏနေရင် ကျွန်မတို့လည်း စားရတော့မှာပါ... ဘဲသားကို ဂျုံပြားလေးနဲ့ ပတ်ပြီး ပဲငံပြာရည်အချိုလေး နဲ့ တို့စားရင် သိပ်ကို မြိန်တာနော်..."
ဘဲသားလှီးသည့် စားဖိုမှူးမှာ သူ၏ တွန်းလှည်းလေးဖြင့် ရောက်ရှိလာခဲ့ပြီး သွက်လက်တိကျသော လက်ရာများဖြင့် အဆီနှင့် အသား မျှတသော ဘဲသားလွှာများကို ပန်းကန်ပေါ်တွင် သေသေသပ်သပ် စီထားပေးလိုက်လေသည်။ ၎င်းနှင့်အတူ ကြက်သွန်မြိတ်၊ သခွားသီးချောင်းများနှင့် ဂျုံပြားလေးများ လည်း ပါရှိနေလေသည်။
ကျိုးချန်ယဲ့သည် ဂျုံပြားလေး တစ်ပြားကို ယူကာ ဘဲသားအရေခွံ အချို့ကို ထည့်လိုက်ပြီး ပဲငံပြာရည်ချို အနည်းငယ် တို့လိုက်လေသည်။ ထို့နောက် ကြက်သွန်မြိတ်နှင့် သခွားသီးချောင်းများကို ထည့်၍ လိပ် လိုက်ပြီးနောက် ဇနီးဖြစ်သူ၏ နှုတ်ခမ်းသို့ ကမ်းပေးကာ ပြောလိုက်လေသည်...။
"ရှောင်ယာ... အရင်ဆုံး မြည်းကြည့်ဦး..."
ထျန်ရှောင်ယာက တစ်ကိုက် ကိုက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ...။
"တကယ် ကောင်းတာပဲ... ဒီဘဲကင်က တကယ်ကို ကျကျနန ကင်ထားတာပဲ..."
ကျောက်ရှောက်ထင်သည်လည်း ကျိုးချန်ယဲ့ လုပ်သကဲ့သို့ တစ်ခုကို လိပ်လိုက်ပြီး အမေထျန်ထံသို့ ကမ်းပေးလိုက်လေသည်...။
"အမေ... မြည်းကြည့်ပါဦး..."
"ဟေ့... ဒုတိယမရီးလည်း စားဦးလေ..."
အမေထျန်သည် ကျောက်ရှောက်ထင်ထံမှ ဘဲကင်လိပ်ကို ယူကာ အနည်းငယ် မြည်းစမ်းကြည့်ပြီး နောက် ပြုံးလျက် ပြောလိုက်လေသည်...။
"မြိန်လိုက်တာ... ချွမ်ကျုသယ် ဘဲကင်ဆိုတဲ့အတိုင်း အရေခွံက ကြွပ်ပြီး အသားကလည်း နူးညံ့နေတာ ပဲ..."
ထျန်ချင်းလင်းမှာလည်း တစ်ခုကို လိပ်ကာ ပါးစပ်ထဲသို့ အတင်းထည့်လိုက်လေ၏။ ဘဲကင်၏ ထူးခြား သော အရသာမှာ သူ၏ ပါးစပ်အတွင်း၌ ပျံ့နှံ့သွားခဲ့လေသည်။ သူက စကားများကို ဗလုံးဗထွေးဖြင့် ပြောလိုက်လေသည်...။
"အရသာက တကယ့်ကို အံ့ဩစရာပဲ... အိမ်မှာ ချက်တဲ့ ဘဲသားထက် အများကြီး ပိုပြီး မွှေးတာပဲ..."
မြိန်ယှက်စွာ စားသောက်ပြီးနောက်တွင် အမေထျန်မှာ ဗိုက်ကို ပွတ်ကာ ထျန်ရှောင်ယာကို ကြည့်၍ ပြောလိုက်လေသည်...။
"ရှောင်ယာ... ကျောက်ခဲလေးလည်း တစ်လပြည့်ပြီဆိုတော့ ငါတို့လည်း နေရပ်ကို ပြန်ဖို့ အချိန်တန်ပြီ ပေါ့..."
ထိုစကားကို ကြားသောအခါ စားပွဲပေါ်ရှိ လူတိုင်းမှာ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ကြလေသည်။
ထျန်ရှောင်ယာသည် ခဏမျှ ရပ်တန့်သွားပြီးနောက် ကျောက်ခဲလေး၏ လက်ကို တင်းတင်း ဆုပ်ကိုင် လိုက်ကာ...၊
"မေမေ... နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေလို့မရဘူးလား... မြို့ထဲမှာ ကျွန်မတို့ မသွားရ သေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်လေ..."
အမေထျန်က ခေါင်းခါလိုက်ကာ...၊
"မဖြစ်ပါဘူး... အိမ်မှာ လုပ်စရာတွေက အများကြီး ရှိနေတာလေ... နင့်ရဲ့ မရီးတစ်ယောက်တည်းနဲ့ အားလုံးကို မနိုင်နိုင်ဘူးလေ..."
"မေမေ... နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေပါဦး..."
ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူ၏ ပခုံးကို ဖက်လိုက်ကာ အမေထျန်ကို ညင်သာစွာ ဖျောင်းဖျလိုက်လေ သည်...။
"မေမေ... အမေတို့ရော ဒုတိယအစ်ကိုနဲ့ မရီးတို့ရော ရှောင်ယာနဲ့ ကလေးကို ပြုစုပေးရတာနဲ့ အလုပ်ရှုပ် နေခဲ့တာ ကြာပြီလေ... ဒီရက်ပိုင်းမှာ ကောင်းကောင်း အနားယူသင့်ပါတယ်..."
"အိမ်အလုပ်တွေကိုတော့ မရီးကိုပဲ အရင် ကူညီခိုင်းထားလိုက်ပါ... နောက်ထပ် ရက်နည်းနည်းလောက် ပိုနေတာက ဘာမှ ထူးခြားမသွားပါဘူး... ပီကင်းမှာ ဒုတိယအစ်ကိုတို့ မရောက်ရသေးတဲ့ နေရာတွေ လည်း အများကြီး ကျန်သေးတယ်လေ... ပြီးတော့ ကျောက်ခဲလေးကလည်း ငယ်သေးတော့ ကလေးနဲ့ အတူတူ အချိန်ပိုပေးရင်း ရှောင်ယာ့ကိုလည်း စိတ်အေးလက်အေး နေခိုင်းလိုက်ပါဦး..."
သူ၏ စကားများမှာ ရိုးသားလှသော်လည်း မျက်လုံးများအတွင်း၌မူ အကြံအစည်အချို့ ရှိနေခဲ့လေ သည်။ သစ်တစ်ပင်ကောင်းလျှင် တောမဖြစ်နိုင်ပေ။ မိသားစုဝင်များ ဘေးနားတွင် ရှိနေခြင်းဖြင့် နောင် တစ်ချိန်တွင် တစ်ဦးကိုတစ်ဦး ဖေးမကူညီကာ ပိုမိုခိုင်မာသော ခြေလှမ်းများဖြင့် လျှောက်လှမ်းနိုင်မည် ဖြစ်ပေသည်။
သူသည် ဒုတိယမရီးကို ပီကင်းတွင် ဆက်လက် နေထိုင်စေလိုသော ဆန္ဒ ရှိနေသော်လည်း အနာဂတ်၏ မူဝါဒများကို ယခုအချိန်တွင် ထုတ်ပြော၍ မရသေးသဖြင့် ကလေးငယ်နှင့် စိတ်အေးလက်အေး အနား ယူရန်ဟူသော အကြောင်းပြချက်များဖြင့်သာ ဧည့်သည်များကို ဆွဲထားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
အမေထျန်သည် သမီးဖြစ်သူနှင့် မြေးဖြစ်သူကို အလွန်ပင် ချစ်မြတ်နိုးသူ ဖြစ်သဖြင့် ထို စကားများကို ကြားရသောအခါ သူ၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားခဲ့လေသည်။
ထို့နောက် ကျိုးချန်ယဲ့သည် ဒုတိယအစ်ကိုနှင့် မရီးဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်လေသည်...၊
"ဒုတိယအစ်ကို... မရီး... ပြီးခဲ့တဲ့ ရက်တွေမှာ အစ်ကိုတို့ တကယ်ကို ပင်ပန်းသွားပါပြီ..."
"ဒီရက်ပိုင်းအတွင်း ပီကင်းမှာ စီးပွားရေး အသစ်အချို့ လုပ်လို့ရနေပြီလေ... နောက်ထပ် ရက်နည်း နည်းလောက် ထပ်နေကြပါဦး... ကျွန်တော် အစ်ကိုတို့ကို လိုက်ပြပေးပါ့မယ်... အခွင့်အရေး တစ်ခုခုကို ရှာတွေ့နိုင်ရင်တော့ အိမ်မှာ လယ်ကွက်နည်းနည်းလေးကိုပဲ စောင့်ကြည့်နေရတာထက် ပိုကောင်းမှာ ပေါ့..."
သူသည် စကားကို ထိုမျှလောက်ဖြင့်သာ ရပ်လိုက်ပြီး အရာအားလုံးကို အတိအလင်း မပြောသော်လည်း ဒုတိယအစ်ကိုနှင့် မရီးတို့၏ ရင်ထဲတွင်မူ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို ပေးလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ဒုတိယမရီး၏ မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး အမေထျန်ကို လှမ်း ကြည့်လိုက်လေသည်။ ဒုတိယအစ်ကိုမှာလည်း မျက်မှောင်ကြုတ်ကာ စဉ်းစားနေခဲ့ပြီး ဤကိစ္စကို သူ အလေးအနက် စဉ်းစားနေသည်မှာ သိသာလှပေသည်။
မိမိ၏ သားသမီးများ၏ အမူအရာကို မြင်လိုက်ရသောအခါ အမေထျန်မှာ နောက်ဆုံးတွင် သဘောတူ လိုက်လေတော့သည်...။
"ဒါဆိုရင်တော့... နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေကြတာပေါ့... ဒါပေမဲ့ အိမ်က အလုပ်တွေ ကိုတော့ အနှောင့်အယှက် မဖြစ်ပါစေနဲ့ဦး..."
ကျိုးချန်ယဲ့မှာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကာ ပြုံးလျက် ပြန်လည် ပြောလိုက် လေ သည်...။
"မေမေ... စိတ်မပူပါနဲ့... ဘာမှ နှောင့်နှေးမှာ မဟုတ်ပါဘူး..."
လူများကို သည်နေရာတွင် အရင်ဆုံး ဆွဲထားပြီးနောက် မူဝါဒများ စတင် အကောင်အထည်ဖော်သည်နှင့် ဒုတိယအစ်ကိုနှင့် မရီးတို့အတွက် လမ်းစတစ်ခုခု ရှာပေးခြင်းက သူတို့ကို ယခုအချိန်တွင် ပြန်လည် စေလွှတ်လိုက်ခြင်းထက် ပို၍ ကောင်းမည်ဖြစ်ကြောင်း သူ သိထားလေသည်။
————————————
ရက်အနည်းငယ်အကြာတွင် ကျိုးချန်ယဲ့သည် ဓာတ်ပုံစတူဒီယိုမှ ဓာတ်ပုံများကို သွားရောက် ယူဆောင် ခဲ့ပြီး ညဦးပိုင်းက ရေးထားသော စာကို ထုတ်ယူကာ သူတို့ မိသားစု သုံးဦး၏ ဓာတ်ပုံကို စာအိတ်ထဲသို့ သေသေချာချာ ထည့်လိုက်လေ၏။
သူသည် အမေထျန် ကိုယ်တိုင် အခြောက်လှမ်းထားသော ပြောင်းဖူးမှုန့်နှင့် ဖန်ခါးသီးခြောက်များ ကိုလည်း အဝတ်အိတ် တစ်အိတ်အတွင်းသို့ ထည့်လိုက်ကာ ရှန်ဟိုင်းသို့ အတူတူ ပို့ဆောင်ရန် ပြင်ဆင်လိုက်လေတော့သည်။
တစ်ချိန်တည်းမှာပင် ရှန်ဟိုင်း၌ ရှိနေကြသော ကျိုးမိသားစုဝင်များမှာ ဆိုဖာပေါ်တွင် ဝိုင်းဖွဲ့ထိုင်ကာ အဖေကျိုး ဖတ်ပြနေသော ကျိုးချန်ယဲ့၏ စာကို စိတ်ဝင်တစား နားထောင်နေခဲ့ကြလေသည်။
အမေကျိုးသည် သူ၏ မြေးဦးလေး၏ ဓာတ်ပုံကို လက်ဖျားလေးများဖြင့် ညင်သာစွာ ပွတ်သပ်နေခဲ့ပြီး သူ၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကာ ထိုဝဝကစ်ကစ်လေးကို ချက်ချင်း ပင် မြင်တွေ့ချင်နေခဲ့လေပြီဖြစ်ချေ၏။
ကျိုးချန်ယွီနှင့် သူ၏ အစ်ကိုတို့မှာလည်း စာကို နားထောင်နေရင်း မျက်လုံးများ တောက်ပနေခဲ့ကြပြီး လာမည့် နွေရာသီ ပီကင်းခရီးစဉ်အတွက် သူတို့၏ မျှော်လင့်ချက်များမှာ ပိုမိုကြီးထွားလာခဲ့ကာ ထို နေ့ကိုသာ အားခဲ၍ စောင့်မျှော်နေကြလေတော့သည်။