အခန်း ၇၀
Vol. 7 Ch. 70
အခန်း (၇၀) ဖေဖေ... မေမေက ပြန်လာတော့မှာလား
ဤပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကြောင့် ပီကင်းရှိ ကျိုးမိသားစု ဝင်းခြံသည် စည်ပင်ထွန်းကား လျက် ရှိနေသော်လည်း အလှမ်းဝေးကွာလှသော လျောင်နင်ပြည်နယ်ရှိ ရှန့်လီတပ်ဖွဲ့မှာမူ မရေရာသော မူဝါဒများအပေါ် စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေဆဲပင် ဖြစ်လေသည်။
လျောင်နင်ပြည်နယ်၊ ဟုန်ဝမ် ကွန်မြူးန်၊ ရှန့်လီတပ်ဖွဲ့ ပါတီဌာနခွဲ။
ရိုးရှင်းလှသော မြေအုတ်အိမ်လေးအတွင်းရှိ အခန်းအလယ်တွင် အရောင်အသွေး ပျယ်လွင့်နေသော မဟော်ဂနီ စားပွဲတစ်လုံး ရှိနေခဲ့လေသည်။ ထျန်တာဟိုင်နှင့် ကျေးရွာပါတီအတွင်းရေးမှူးတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး မျက်မှောင်ကြုတ်လျက် ဆေးလိပ်များကို တစ်လိပ်ပြီးတစ်လိပ် မပြတ် သောက်နေကြရာ မြေပြင်ပေါ်တွင် ဆေးလိပ်တိုလေးများမှာ ပြန့်ကျဲလျက် ရှိနေခဲ့လေသည်။
"ဒီမူဝါဒက အရမ်း ရုတ်တရက် ဆန်လွန်းတယ်... ကျွန်တော်တို့ ရွာက လူတွေက စုပေါင်းစနစ်နဲ့ လုပ် အားရမှတ် ရှာလာခဲ့တာ ဆယ်နှစ်ကျော်နေပြီလေ... အခုမှ အိမ်ထောင်စုအလိုက် ကန်ထရိုက်စနစ်ကို ပြောင်းရမယ်ဆိုတော့ သူတို့ နေသားကျပါ့မလားလို့ စိုးရိမ်နေမိတယ်..."
ထျန်တာဟိုင်သည် သူ၏ ဆေးတံကို ခေါက်လိုက်ရင်း လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။ ကျေးရွာ၏ စိုက်ပျိုးရေး လုပ်ငန်းများကို တာဝန်ယူရသည့် တပ်ဖွဲ့ခေါင်းဆောင် တစ်ဦးအနေဖြင့် အိမ် ထောင်စု တစ်ခုချင်းစီက မိမိတို့ ဘာသာ လယ်ယာစိုက်ပျိုးရမည့် အနာဂတ်အပေါ် သူသည် အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့ခြင်းပင် ဖြစ်၏။
"အို... တာဟိုင်ရယ်... စိုးရိမ်နေလည်း အပိုပါပဲ... ကွန်မြူနစ်က ထုတ်တဲ့ အကြောင်းကြားစာက တရား ဝင်ဖြစ်သလို ဒါကလည်း ယေဘုယျ လမ်းကြောင်းတစ်ခုပဲလေ... ငါတို့ကတော့ ဒီအတိုင်း လိုက်နာရ မှာပဲ..."
ကျေးရွာပါတီအတွင်းရေးမှူးက သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်ကာ သူ၏ ဆေးလိပ်တိုကို စားပွဲထောင့်ရှိ ပဲ့နေသော ဇလုံတစ်ခုအတွင်း၌ ဖိခြေ၍ သတ်လိုက်လေသည်။
"ခဏနေရင် အဖွဲ့ဝင် အားလုံးကို ကောက်နယ်တလင်းမှာ စုခိုင်းလိုက်ပါ... မူဝါဒ တစ်ခုလုံးကို အစအဆုံး အသံထွက် ဖတ်ပြပြီး အားလုံးကို ရှင်းပြလိုက်... ဒါမှ ဘယ်သူမှ ထင်ကြေးတွေ ပေးမနေကြမှာ..."
ထျန်တာဟိုင်က ခေါင်းညိတ်လိုက်ပြီး မတ်တတ်ရပ်ကာ သူ၏ ဘောင်းဘီပေါ်မှ ဖုန်မှုန့်များကို ခါထုတ် လိုက်လေသည်။
"ကောင်းပါပြီ... လူတွေကို သွားခေါ်လိုက်ပါ့မယ်..."
မကြာမီမှာပင် ကောက်နယ်တလင်းရှိ အသံချဲ့စက်မှ အသံများ ထွက်ပေါ်လာခဲ့လေတော့သည်။
ထျန်တာဟိုင်၏ ကျယ်လောင်လှသော အသံမှာ အသံချဲ့စက်မှတစ်ဆင့် ရှန့်လီတပ်ဖွဲ့ တစ်ခုလုံးသို့ ပဲ့တင် ထပ်သွားခဲ့လေတော့သည်...။
"တပ်ဖွဲ့ဝင်များ အားလုံး သတိပြုပါ... အားလုံး ကောက်နယ်တလင်းကို စုဝေးကြပါ... တပ်ဖွဲ့ဝင်များ အားလုံး ကောက်နယ်တလင်းကို စုဝေးကြပါ... အချိန်မဆွဲဘဲ အခုပဲ လာခဲ့ကြပါ..."
မိနစ် (၃၀) ပင် မပြည့်မီမှာပင် ကောက်နယ်တလင်းအတွင်း၌ လူကြီးလူငယ်မရွေး စုပြုံ ရောက်ရှိလာခဲ့ ကြလေသည်။ အချို့က ခုံပုလေးများကို သယ်ဆောင်လာကြပြီး အချို့မှာမူ နံရံကို မှီကာ ဆောင့်ကြောင့် ထိုင်နေကြလျက် တိုးတိုးတိတ်တိတ် ပြောဆိုနေသံများမှာလည်း မပြတ်ရှိနေခဲ့လေသည်။
ထျန်တာဟိုင်သည် ကောက်နယ်တလင်းရှိ ကျောက်ဖျာ ပလ္လင်ပေါ်တွင် ရပ်လိုက်ပြီး သူ၏ လက်ထဲ၌ ကွန်မြူနစ်မှ ပေးလိုက်သော အကြောင်းကြားစာကို ကိုင်ဆောင်ထားလေသည်။ သူသည် လည်ချောင်း ကို တစ်ချက် ရှင်းလိုက်ကာ ပြောလိုက်လေသည်...။
"အားလုံး တိတ်တိတ်နေကြပါ... အားလုံး ငြိမ်ပေးကြပါ... ဒီနေ့ အားလုံးကို ဒီမှာ စုခိုင်းရတာက ကွန်မြူနစ်ကနေ အရေးကြီးတဲ့ မူဝါဒတစ်ခုကို အကြောင်းကြားလာလို့ပဲ ဖြစ်တယ်..."
စကားပြောနေစဉ် သူသည် လက်ကို မြှောက်ကာ အနည်းငယ် ဖိချလိုက်ပြီး လူအုပ်ကြီး တိတ်ဆိတ်သွား သည်အထိ စောင့်ဆိုင်းကာ ဆက်လက် ပြောကြားလိုက်လေသည်...။
"ယခုအချိန်ကစပြီး ကျွန်တော်တို့ ကျေးလက်ဒေသတွေမှာ အိမ်ထောင်စုအလိုက် ကန်ထရိုက် တာဝန်ခံ စနစ်ကို အကောင်အထည်ဖော်တော့မှာ ဖြစ်တယ်... ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ထုတ်လုပ်မှုနဲ့ လုပ် အားကို အိမ်ထောင်စုအလိုက် ခွဲဝေပေးလိုက်တာပဲ..."
ထိုစကားများမှာ ကောက်နယ်တလင်းအတွင်း၌ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့လေတော့ သည်။
"ဘာ... အိမ်ထောင်စုအလိုက် တာဝန်ခံစနစ် ဟုတ်လား... ဒါဆိုရင် လုပ်အားရမှတ်တွေ မရတော့ဘူး ပေါ့..."
"စုပေါင်းပိုင် မြေယာတွေကို ခွဲဝေပေးလိုက်တာလား... နောင်ကျရင် ဘယ်လို စိုက်ပျိုးကြမှာလဲ... ကိုယ့် မြေနဲ့ကိုယ်ပဲ စိုက်ပျိုးရတော့မှာလား..."
"တကယ်လို့ မိုးခေါင်ပြီး အထွက်နှုန်း မကောင်းရင် ဘယ်သူက တာဝန်ယူမှာလဲ... အရင်ကတော့ အဖွဲ့အ စည်းက ရိက္ခာအချို့ ဝေပေးနိုင်သေးတယ်လေ... အခု မြေတွေ ခွဲဝေပေးလိုက်ရင် ငါတို့ ငတ်ပြတ်ကုန် မှာလား..."
အမျိုးမျိုးသော စကားသံများမှာ ထွက်ပေါ်လာခဲ့လေသည်။ အချို့က သံသယ ဖြစ်နေကြပြီး အချို့ကမူ ထိတ်လန့်နေကြကာ အချို့မှာလည်း စိတ်ဝင်တစား ရှိနေကြလေ၏။
"ကဲ... ကဲ... အားလုံး တိတ်တိတ်နေကြပါ... ငါ ပြောတာကို အရင် နားထောင်ကြပါဦး..."
လူအုပ်ကြီး တိတ်ဆိတ်သွားသောအခါ ထျန်တာဟိုင်သည် ကွန်မြူနစ်မှ သင်ကြားပေးလိုက်သည့် အတိုင်း တစ်လုံးချင်းစီ သေသေချာချာ ရှင်းပြလေတော့သည်။
"အားလုံး မလန့်ကြပါနဲ့ဦး... ငါ ပြောတာကို အဆုံးထိ နားထောင်ကြပါဦး... မြေယာတွေကို အိမ်ထောင် စုအလိုက် ကန်ထရိုက် ပေးလိုက်တယ် ဆိုတာက စုပေါင်းပိုင် မြေယာတွေကို ပုဂ္ဂလိက ပိုင်ဆိုင်သွားတာ မဟုတ်ဘူး... မြေယာတွေက နိုင်ငံတော်နဲ့ အဖွဲ့အစည်းပိုင်ပဲ ရှိနေမှာပါ... စိုက်ပျိုးဖို့အတွက်ပဲ အိမ်ထောင် စုတွေကို ကန်ထရိုက် ပေးလိုက်တာပါ..."
"အခုအချိန်ကစပြီး တပ်ဖွဲ့ရဲ့ စုပေါင်း စီစဉ်မှုတွေအတိုင်း လယ်ထဲ ဆင်းစရာလည်း မလိုတော့သလို လုပ်အားရမှတ်တွေ မှတ်နေစရာလည်း မလိုတော့ဘူး..."
"နှစ်စဉ် နိုင်ငံတော်ကို ရိက္ခာအခွန် ပေးဆောင်ပြီးရင် ကျန်တဲ့ အထွက်နှုန်းနဲ့ ငွေတွေ အားလုံးက ကိုယ့် မိသားစု ပိုင်ဆိုင်တာပဲ..."
ကျောက်ဖျာ ပလ္လင်အောက်မှ တိုးတိုးတိတ်တိတ် ပြောဆိုသံများမှာ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်လေသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ထိတ်လန့်မှုများထက် စဉ်းစားတွေးတောမှုများက ပို၍ များပြားနေခဲ့ လေတော့သည်။
ရှေ့ဆုံးတန်းတွင် ဆောင့်ကြောင့်ထိုင်နေသော အဘိုးလီက သူ၏ လျှာကို တချက်သပ်လိုက်ကာ ဘေးရှိ သန်မာသော လူငယ်တစ်ဦးအား တိုးတိုးလေး ပြောလိုက်လေသည်...။
"ဒါဆိုရင်တော့... နောင်ကျရင် ဘာစိုက်ရမယ်၊ ဘယ်လို စိုက်ရမယ်ဆိုတာ ငါတို့ အပေါ်မှာပဲ မူတည်တော့ တာပေါ့..."
"ဒါဆိုရင် ကျွန်တော့်ရဲ့ ကိုယ်ပိုင် မြေကွက်ဘေးက မြေလွတ်တွေကို ထပ်ရှင်းပြီး မြေပဲနဲ့ အာလူးတွေ စိုက်လိုက်ရင် ငွေပိုရနိုင်တာပေါ့ မဟုတ်ဘူးလား..."
ထိုလူငယ်၏ မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး...၊
"သေချာပေါက်ပေါ့... အရင်က စုပေါင်းစနစ်နဲ့ စိုက်တုန်းက ဘယ်လောက်ပဲ လုပ်လုပ် လုပ်အားရမှတ်က အတူတူပဲဆိုတော့ ဘယ်သူက အားသွန်ခွန်စိုက် လုပ်မှာလဲ... အခု ကိုယ့်မြေကိုယ် စိုက်ရမယ်ဆိုရင်တော့ ငါတို့ကတော့ အရိုးကျေကျေ အရေခမ်းခမ်း လုပ်ကြမှာပဲ..."
"အဲ့ဒါကတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ငါတို့က စုပေါင်း မြေယာတွေကို စိုက်ပျိုးလာခဲ့တာ ဆယ်နှစ် ကျော်နေပြီလေ... အခုမှ ကိုယ့်ဘာသာ စီမံရမယ်ဆိုတော့ ဘယ်လို စီစဉ်ရမှန်း သိပါ့မလား... တကယ်လို့ များ အမှားအယွင်း တစ်ခုခု ဖြစ်သွားရင် တစ်နှစ်ပတ်လုံး ကြိုးစားခဲ့သမျှ အလဟဿ ဖြစ်ကုန်မှာပေါ့..."
သူတို့အနားတွင် ရပ်နေသော အသက် (၄၀) ကျော်အရွယ် လူတစ်ဦးက မျက်မှောင်ကြုတ်လျက် တုံ့ဆိုင်း သော လေသံဖြင့် ပြောလိုက်လေသည်။
ထျန်တာဟိုင်သည် လူတိုင်း၏ အတွေးများကို ကြိုတင် သိရှိထားသဖြင့် ထပ်လောင်း ပြောလိုက်လေ သည်...။
"အားလုံး စိတ်မပူကြပါနဲ့... တပ်ဖွဲ့က ခင်ဗျားတို့ကို ပစ်မထားပါဘူး... မျိုးစေ့တွေနဲ့ လယ်ယာသုံး ကိရိယာတွေအတွက် တပ်ဖွဲ့ကနေ ကူညီ ညှိနှိုင်းပေးမှာပါ... စိုက်ပျိုးရေးမှာ အခက်အခဲ တစ်ခုခု ကြုံလာရင် တပ်ဖွဲ့ကို လာခဲ့ကြပါ၊ ငါ ထျန်တာဟိုင် ဆီကိုပဲ လာခဲ့ကြပါ... ငါတို့ ကူညီနိုင်သမျှကို သေချာပေါက် ကူညီပေးသွားမှာပါ..."
"မူဝါဒကတော့ ဒီအတိုင်းပါပဲ... မြေကန်ထရိုက် ယူချင်တဲ့သူတွေ တပ်ဖွဲ့ ဌာနချုပ်မှာ လာပြီး စာရင်းပေး သွင်းနိုင်ပါတယ်... အရင်ဆုံး အိမ်ထောင်စု အရေအတွက်ကို တွက်ချက်မယ်၊ ပြီးရင်တော့ လူဦးရေနဲ့ မြေဆီလွှာ အခြေအနေအပေါ် မူတည်ပြီး မြေယာတွေကို ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်..."
သူသည် ထို့နောက် ကျေးရွာ စာရင်းကိုင် ရှုဘက်သို့ လှည့်ကြည့်ကာ... ၊
"စာရင်းကိုင် ရှု... ခဏနေရင် တပ်ဖွဲ့ဝင်တွေရဲ့ လုပ်အားရမှတ်တွေကို တွက်ချက်လိုက်ပါ၊ ပြီးရင်တော့ လူဦးရေအလိုက် ငွေနဲ့ ရိက္ခာတွေကို ခွဲဝေပေးလိုက်ပါ..."
ထိုစကားများမှာ ကောက်နယ်တလင်းရှိ လေထုကို လုံးဝ ပြောင်းလဲသွားစေခဲ့လေတော့သည်။
ကန်ထရိုက်စာချုပ် ချုပ်သည်ဖြစ်စေ၊ မချုပ်သည်ဖြစ်စေ၊ ယနေ့ ညနေခင်းတွင် ငွေနှင့် ရိက္ခာများ ခွဲဝေ ပေးမည်ဟူသော သတင်းမှာ တကယ့်ကို ဝမ်းသာစရာ အခါသမယပင် ဖြစ်လေရာ မည်သူကများ စိတ် မလှုပ်ရှားဘဲ နေပါမည်နည်း။
လူအုပ်ကြီးမှာ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်ဖွဲ့ စုရုံးကာ ငွေနှင့် ရိက္ခာများ ရရှိပြီးနောက် မြို့ထဲသို့ သွား၍ သူတို့၏ သမီးများအတွက် ပန်းပွင့်ပုံစံပါသော ပိတ်စများ ဝယ်ယူမည့်အကြောင်း၊ အချို့ကလည်း ထိုနေ့ ညနေခင်းတွင် မိသားစုလိုက် ကောင်းကောင်း စားသောက်ကြမည့်အကြောင်းများကို စိတ်အား ထက်သန်စွာ ပြောဆိုနေခဲ့ကြလေတော့သည်။
ရုတ်တရက်ဆိုသလို လူနေမှုဘဝမှာ ရည်မှန်းချက် တစ်ခု ရှိလာသကဲ့သို့ ခံစားလိုက်ကြရလေ၏။
အောက်ဘက်မှ စည်ကားနေသော မြင်ကွင်းကို ကြည့်လိုက်ပြီးနောက် ထျန်တာဟိုင်သည် နောက်ဆုံး တွင် စိတ်အေးသွားခဲ့ရလေတော့သည်။
————————————
"ဖေဖေ... ပြန်လာပြီလား..."
ဝင်းခြံတံခါး အပြင်ဘက်မှ ခြေသံများကို ကြားရသည်နှင့် မရီးအကြီးဆုံး လျူရှာသည် ချက်ချင်းပင် ထရပ်လိုက်လေသည်။ သူ၏ ခါးစည်းပေါ်တွင်လည်း ဟင်းရွက်စလေးများမှာ ကပ်ပါနေခဲ့လေ၏။
ထျန်တာဟိုင်သည် ရှေ့ဆုံးမှ လျှောက်လာခဲ့ပြီး သူ၏ နောက်မှ အစ်ကိုအကြီးဆုံး ထျန်ချင်းမုသည် ပခုံး ပေါ်၌ ပေါက်တူးတစ်ချောင်းကို ထမ်းကာ လျှောက်လာခဲ့လေသည်။ ပေါက်တူးလက်ကိုင်တွင်လည်း ဟောင်းနွမ်းနေသော အပြာရောင် ပိတ်စ အကျီတစ်ထည်ကို ချိတ်ဆွဲထားလျက်ရှိလေ၏။
သူတို့ ပြန်လည် မထူးနိုင်သေးမီမှာပင် ဆယ်ကျော်သက်အရွယ် ကလေးတစ်စုမှာ အိမ်ထဲမှ ပြေးထွက် လာခဲ့ကြပြီး သူတို့နှစ်ဦးကို ဝိုင်းအုံကာ အော်ဟစ် နှုတ်ဆက်လိုက်ကြလေသည်...။
"ဘိုးဘိုး... ဦးဦး... ဖေဖေ..."
"အေး... မြေးတို့... မြေးတို့..."
ထျန်တာဟိုင်၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ အပြုံးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ မြေးကြီးဖြစ်သူ၏ ခေါင်းကို ပုတ်ပေးလိုက်လေသည်...။
"တာ့ဝါ... မင်းရဲ့ မောင်လေး၊ ညီမလေးတွေကို ဝင်းခြံထဲမှာပဲ ခေါ်ကစားနော်... အပြင်ကို လျှောက်မ သွားကြနဲ့ဦး..."
ထိုစကားကို ကြားသောအခါ ကလေးများမှာ လေပြင်းမုန်တိုင်းကဲ့သို့ ဝင်းခြံထောင့်ဆီသို့ အပြေးအလွှား သွားကြပြီး ဖန်ဂေါ်လီများဖြင့် ကစားနေကြရာ ဝင်းခြံအတွင်း၌ ချက်ချင်းပင် သက်ဝင် လှုပ်ရှားသွားခဲ့ လေတော့သည်။
ကလေးများ ကစားရန် ထွက်သွားသည်ကို မြင်သောအခါ ထျန်တာဟိုင်သည် လက်နှစ်ဖက်ကို နောက် ပစ်လျက် အိမ်ထဲသို့ လှမ်းဝင်သွားပြီး နောက်သို့ လှည့်မကြည့်ဘဲ မှာလိုက်လေသည်...။
"သမီးကြီး... ဒီနေ့ ညနေ ထမင်းကို များများချက်ထားလိုက်... ငါ တတိယသားကို သတင်းပို့ထားတယ်၊ သူနဲ့ သူ့ဇနီး ဒီနေ့ အိမ်ကို လာကြလိမ့်မယ်..."
စကားအဆုံးတွင် သူသည် အိမ်မကြီးအတွင်းသို့ ဝင်သွားခဲ့ပြီ ဖြစ်ရာ မရီးအကြီးဆုံး လျူရှာမှာမူ ထို နေရာ၌ပင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့လေတော့သည်။
"ဟုတ်ကဲ့ပါ ဖေဖေ..."
မရီးအကြီးဆုံးက အမြန်ပင် ပြန်လည် ထူးလိုက်ပြီးနောက် ထျန်ချင်းမု၏ လက်မောင်းကို ဆွဲကာ အသံ ကို နှိမ့်၍ မေးလိုက်လေသည်...။
"ရှင်... ဘာတွေ ဖြစ်နေတာလဲ... ဖေဖေက ဘာလို့ တတိယမောင်လေးကို ပြန်ခေါ်ရတာလဲ... တစ်ခုခု ဖြစ်လို့လား..."
အစ်ကိုအကြီးဆုံး ထျန်ချင်းမုမှာ ခေါင်းကို ကုတ်လျက် ဇဝေဇဝါ ဖြစ်နေသော ပုံစံဖြင့်...၊
"ငါ... ငါလည်း သေသေချာချာ မသိဘူးလေ... ဖြစ်နိုင်တာကတော့... ယနေ့ ကွန်မြူနစ်က ထုတ်ပြန် လိုက်တဲ့ အကြောင်းကြားစာကြောင့် ထင်တာပဲ..."
မရီးအကြီးဆုံးက သူ၏ ခင်ပွန်းကို အလိုမကျသလို ကြည့်လိုက်လေသည်...။ သူ့အပေါ်မှာ မျှော်လင့် ချက် ထားမိတာကကို မှားတာဟု သူ တွေးမိနေခဲ့လေ၏။
————————————
နေဝင်ရီတရော အချိန်သို့ ရောက်သောအခါ ဝင်းခြံတံခါး အပြင်ဘက်မှ စက်ဘီး ဘဲလ်သံ ထွက်ပေါ် လာခဲ့လေသည်။ တတိယအစ်ကို ထျန်အော်မိုရီသည် စက်ဘီးကို တွန်း၍ ဝင်လာခဲ့လေ၏။ သူ၏ နောက်မှ ဝမ်ကျင်းရိသည် ကြက်ဥအိတ် တစ်အိတ်ကို ကိုင်ဆောင်လျက် လိုက်ပါလာခဲ့လေသည်။
"ဖေဖေ... အစ်ကိုကြီး... မမ..."
စက်ဘီး မရပ်သေးမီမှာပင် ထျန်အော်မိုရီ၏ ကျယ်လောင်သော အသံမှာ ထွက်ပေါ်လာခဲ့လေ၏။
ထျန်တာဟိုင်သည် တည်ငြိမ်သော မျက်နှာထားဖြင့် အိမ်ထဲမှ ထွက်လာကာ ခေါင်းညိတ်ပြလိုက်လေ သည်...။
"ရောက်လာပြီလား... အထဲဝင်ပြီး ထိုင်ကြဦး..."
မိသားစုဝင် အားလုံးမှာ စားပွဲတွင် ဝိုင်းဖွဲ့ ထိုင်လိုက်ကြပြီး မရီးနှစ်ဦးက အသစ်တည်ထားသော လက် ဖက်ရည်ကို တည်ခင်းပေးလိုက်ကြကာ ကလေးများကိုမူ အရှေ့ဘက် အခန်းသို့ သွားကစားရန် စေ လွှတ်လိုက်ကြလေသည်။ ဝင်းခြံအတွင်းရှိ ဆူညံသံများမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့လေ ၏။
ထျန်တာဟိုင်သည် သူ၏ ဆေးလိပ်ကို တစ်ချက် ရှိုက်လိုက်ပြီး ဖြည်းညင်းစွာ စကားစလိုက်လေသည်...။
"ယနေ့ မင်းတို့ကို ပြန်ခေါ်လိုက်ရတာက ကွန်မြူနစ်ရဲ့ ကန်ထရိုက်စနစ် အစီအစဉ်အကြောင်း တိုင်ပင်ချင် လို့ပါ..."
ထျန်ချင်းမုက မျက်မှောင်ကြုတ်လိုက်ကာ...၊
"ဖေဖေ... ကျွန်တော် ကွန်မြူနစ်က ကြားရတာတော့ အိမ်ထောင်စု တစ်ခုချင်းစီက ကိုယ့်ဘာသာ လုပ် ဆောင်ရမယ် ဆိုတာပဲ..."
"တကယ်လို့များ အထွက်နှုန်း မကောင်းရင်၊ ကျွန်တော်တို့က မိသားစုဝင်လည်း များတာဆိုတော့ ရိက္ခာ အခွန် ပေးဆောင်ပြီးရင် စားဖို့တောင် လောက်ပါ့မလားလို့ ကျွန်တော် တကယ် စိုးရိမ်မိတယ်..."
တတိယအစ်ကို ထျန်အော်မိုရီမှာမူ စကားမပြောဘဲ စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေခဲ့လေ၏။ ထို့နောက် သူသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး မေးလိုက်လေသည်...။
"ဖေဖေ... မေမေက ပြန်လာတော့မှာလား..."
ထိုစကားကို သူ ပြောလိုက်သည်နှင့် အခန်းအတွင်း၌ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့လေသည်။
ထျန်ချင်းမုမှာ အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ တတိယသားက အဘယ်ကြောင့် ဤမေးခွန်း ကို ရုတ်တရက် မေးရသည်ကို နားမလည်နိုင်သဖြင့် ရိုးရိုးသားသားပင် ဖြေလိုက်လေသည်...။
"မေမေက စာရေးလာတယ်လေ... ကျိုးချန်ယဲ့က ကျင်းရှီကို နှီးနှောဖလှယ်ပွဲ သွားတက်ရမှာဆိုတော့ သူ ကိစ္စတွေ ပြီးတဲ့အထိ ပီကင်းမှာ ခေတ္တ ထပ်နေဦးမယ်တဲ့... အဲ့ဒါတွေ ပြီးမှပဲ ပြန်လာမယ်လို့ ပြောတာ ပဲ..."
ထျန်တာဟိုင်မှာ ခေတ္တမျှ တန့်သွားခဲ့ပြီးနောက် သူ၏ မျက်လုံးများမှာ တောက်ပသွားခဲ့ကာ သူ့ဘာသာ တွေးမိလိုက်လေသည်...။
*ဟုတ်သားပဲ... ဒီကိစ္စကို ငါ ဘယ်လိုများ မေ့သွားရတာလဲ…*
ကျိုးချန်ယဲ့သည် တစ်တပ်ဖွဲ့လုံးတွင် တစ်ဦးတည်းသော တက္ကသိုလ်ကျောင်းသား ဖြစ်သလို သူက ပီကင်းကလည်း ဖြစ်နေတာပဲ မဟုတ်လား။ ပီကင်းဆိုသည်မှာ နိုင်ငံရေး ဗဟိုချက်မ ဖြစ်သဖြင့် သူသည် သတင်းအချက်အလက်များကို အများကြီး ပိုသိနိုင်မည် ဖြစ်ပေသည်။
ဤအိမ်ထောင်စုအလိုက် ကန်ထရိုက် တာဝန်ခံစနစ် ဆိုသည်မှာ နိုင်ငံတော်၏ မူဝါဒ တစ်ခု ဖြစ်သဖြင့် သူသည် ဤကိစ္စ၏ အနက်အဓိပ္ပာယ်ကို သေချာပေါက် နားလည်နေလိမ့်မည် ဖြစ်၏။
ထိုသို့ တွေးတောနေရင်း သူသည် ဆေးတံကို ချလိုက်ကာ မော့ကြည့်၍ သူ၏ တတိယသားနှင့် အကြည့် ချင်း ဆုံလိုက်လေသည်...။
"တတိယသား... မင်း မနက်ဖြန်ကျရင် သူ့ဆီ စာတစ်စောင် ရေးပြီး မေးကြည့်လိုက်ဦး... မင်းရဲ့ မေမေ ပြန်လာပြီးမှပဲ ငါတို့ ဆုံးဖြတ်ချက် တစ်ခုခု ချတာကလဲ မနှောင်းသေးပါဘူး..."
တတိယအစ်ကို ထျန်အော်မိုရီသည် မော့ကြည့်လိုက်ပြီး ထျန်တာဟိုင်၏ အကြည့်ကို ဆုံလိုက်ရာ သူတို့ နှစ်ဦး၏ မျက်လုံးများအတွင်း၌ အခြားသူများ နားမလည်နိုင်သော နားလည်မှု တစ်ခု ရှိနေခဲ့လေတော့ သည်။