← Chapters

အခန်း ၆၈၅

Vol. 58 Ch. 685

အခန်း ၆၈၅

Vol. 58 Ch. 685

အခန်း(၆၈၅)

"ခင်ဗျားတို့နဲ့ ပူးပေါင်းရမယ်" မိုက်ကယ် က အဲဒီအကြံပြုချက်ကို ရယ်ချင်စိတ်ပေါက်သွားတဲ့ဟန်နဲ့ မေးလိုက်တယ်။

"ဟုတ်တယ်" လို့ ပျူရစ် ဗန်ပိုင်ယာက ခေါင်းညိတ်ပြလိုက်တယ်။ "မင်း အချိန်မနှောင်းခင် ကိုးကွယ်တဲ့ဘာသာ ပြောင်းဖို့ စဉ်းစားသင့်တယ်။ ဒီ အိုင်းရွန်းမေဒင် ဆိုတာ ငါတို့သိရသလောက် ဘာစွမ်းအားမှမရှိဘဲ မကြာသေးခင်ကမှ ပေါ်လာတဲ့ ကိုးကွယ်ရာအရှင်ပဲ။ ဒါပေမဲ့ ငါတို့ရဲ့ ကိုးကွယ်ရာအရှင် ဖြစ်တဲ့ ကြီးမြတ်ပြီး စွမ်းအားကြီးမားတဲ့ ဂိုင်ယာ ကတော့ တခြားနတ်ဘုရားတွေအားလုံး ပေါင်းထားတာထက်တောင် ပိုပြီးစွမ်းအားကြီးတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ"

သူတို့ရဲ့ ခေါင်းဆောင်က ဂိုင်ယာ နာမည်ကို ထုတ်ပြောလိုက်ချိန်မှာပဲ သူတို့အားလုံးရဲ့ မျက်လုံးတွေထဲမှာ ရူးသွပ်လောက်တဲ့ သက်ဝင်ယုံကြည်မှုတွေ အထင်းသားပေါ်လာခဲ့တယ်။

သူတို့ အထင်သေးနှိမ့်ချနေတဲ့ အိုင်းရွန်းမေဒင် ဆိုတာ တကယ်တော့ သူတို့ ချီးမွမ်းကိုးကွယ်နေတဲ့ ဂိုင်ယာ ဖြစ်နေဖို့ ရာခိုင်နှုန်းများတယ်ဆိုတာကို မိုက်ကယ် က သူတို့ကို ပြောပြချင်စိတ် တစ်ဝက်လောက် ဖြစ်သွားခဲ့တယ်။

"သူတို့ကို အမှန်တရားပြောပြလည်း အလကားပဲ" လို့ ဂီလာမို က တီးတိုးရေရွတ်လိုက်တယ်။ "သူတို့ ကိုးကွယ်နေတဲ့ ဂိုင်ယာ က ငါတို့ ဗန်ပိုင်ယာတွေ ကိုးကွယ်တဲ့ အရှင်နဲ့ လုံးဝကို ကွဲပြားတယ်၊ အဲဒါက မူရင်းကို အလွဲကြီးလွဲထားတဲ့ ပုံစံမျိုးဆိုတော့ အိုင်းရွန်းမေဒင် အကြောင်း ပြောပြရင်တောင် သူတို့ ယုံကြမှာမဟုတ်ဘူး"

ဒီလို ဗန်ပိုင်ယာတွေလို အစွန်းရောက်သမားတွေရဲ့ စိတ်ကို ပြောင်းလဲပစ်ဖို့ဆိုတာ အမြဲတမ်းလိုလို မဖြစ်နိုင်တာမို့ မိုက်ကယ် က ကြိုးစားဖို့တောင် မတွေးတော့ဘူး။

"ငါတို့နဲ့ ပူးပေါင်းပါ မိုက်ကယ်။ ပုံမှန်ဆိုရင် ငါတို့ကြားထဲမှာ လူသားတစ်ယောက် ပါဝင်လာမယ့်အတွေးကို ငါတို့က ရွံရှာကြပေမဲ့ မင်းကတော့ လူသားတွေထဲမှာတောင် ထူးခြားလွန်းနေတယ်၊ ငါတို့ မင်းကို လက်ခံပေးဖို့ ဆန္ဒရှိတယ်။ ဒါက ဘယ်လူသားမှ ရနိုင်မှာမဟုတ်တဲ့ အခွင့်ထူးတစ်ခုမို့ အခွင့်အရေးရှိတုန်း လက်ခံလိုက်ပါ"

"ငါ့လူမျိုးတွေရဲ့ သွေးကိုသောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းရှိတဲ့ အဖွဲ့အစည်းတစ်ခုကို ငါက ဘာလို့ ဝင်ရမှာလဲ" လို့ မိုက်ကယ် က မေးလိုက်တယ်။

ပျူရစ် ခေါင်းဆောင်က သူ့ကိုယ်သူ သဘောထားကြီးပြီး ရက်ရောတဲ့သူတစ်ယောက်လို ဟန်ဆောင်ကာ လက်နှစ်ဖက်ကို ဖြန့်ကားလိုက်တယ်။

"မင်းသာ ငါတို့ရဲ့ လုပ်ရပ်တွေမှာ ကူညီပေးပြီး ငါတို့ရဲ့ ကိုးကွယ်ရာအရှင် ဂိုင်ယာ ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်မယ်ဆိုရင် ကမ္ဘာပေါ်က လူသားတွေအားလုံး ကြုံတွေ့ရမယ့် ကံကြမ္မာဆိုးကနေ သူမက မင်းကို ကယ်တင်ပေးလိမ့်မယ်။ လူတိုင်းက ငါတို့ကို အာဟာရဖြည့်တင်းပေးမယ့် သွေးရင်းမြစ်တွေသက်သက် ဖြစ်သွားကြချိန်မှာ မင်းကတော့ ငါတို့ထဲက တစ်ယောက်ဖြစ်တဲ့ ကြီးမြတ်တဲ့ ဗန်ပိုင်ယာတစ်ပါး ဖြစ်လာနိုင်တယ်။ သူမက မင်းကို ငါတို့ထဲက တစ်ယောက်အဖြစ် ပြောင်းလဲပေးလိမ့်မယ်ဆိုတာကို ယုံကြည်လိုက်စမ်းပါ"

သူတို့ရဲ့ ကမ်းလှမ်းမှုကို မိုက်ကယ် က ရယ်ချလိုက်တယ်။ ဒါက သူ့ကို သူတို့ထဲက တစ်ယောက်ဖြစ်လာအောင် စည်းရုံးနေတာများလား။ ကိုယ့်ကိုယ်ကိုယ်သာ ကယ်တင်ပြီး တစ်ကမ္ဘာလုံးကို ပျက်စီးဖို့ တွန်းပို့သလို ဖြစ်သွားမှာပေါ့။ အဲဒါက သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတယ်လေ။

"ရပါတယ်၊ ကျေးဇူးပဲ။ အဲဒီအစား ငါက မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်။ မင်းတို့ဘာသာ အဖမ်းခံလိုက်ရင် ငါ မင်းတို့အားလုံးကို သတ်ပစ်စရာ မလိုတော့ဘူးပေါ့" လို့ သူက ပြောလိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ ပျူရစ် ဗန်ပိုင်ယာတွေက သူ့ကို လှောင်ရယ်ကြတော့တာပဲ။

နှစ်ဖက်စလုံးက ကိုယ့်ယုံကြည်ချက်ကို ပြောင်းလဲဖို့ ဆန္ဒမရှိကြတာ သေချာနေတော့ သူတို့တွေ ရှေ့ဆက်မတိုးနိုင်ဘဲ တစ်ဆို့နေခဲ့ကြတယ်။

"နှမြောစရာပဲ၊ မင်းရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ငါတို့က မက်ထရိုပိုလစ် ကို မျှော်လင့်ထားတာထက် အများကြီးစောပြီး ထိန်းချုပ်နိုင်မှာကိုး။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊ မင်းက အရည်အချင်းရှိလွန်းတော့ ငါတို့အတွက် အရသာရှိတဲ့ သွေးရင်းမြစ်တစ်ခုအနေနဲ့ပဲ အသုံးတော်ခံရတော့မှာပေါ့။

ပြီးတော့ အိုင်းရွန်းမေဒင် ဘာသာရေးနဲ့ပတ်သက်လို့ကတော့ ငါတို့က သူတို့ကို ငါတို့ရဲ့ အကျိုးအမြတ်အတွက် အသုံးချရုံပဲ"

မိုက်ကယ် က ခေါင်းစောင်းလိုက်ပြီး "ဘယ်လိုမျိုးလဲ" လို့ မေးလိုက်တယ်။

"မက်ထရိုပိုလစ် က ဘာသာရေး သိပ်မရှိတဲ့ လောကီဆန်ဆန် နိုင်ငံတစ်ခု ဖြစ်နေတာက ငါတို့ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ တော်တော်လေး ခက်ခဲစေခဲ့တယ်။ ဒါပေမဲ့ အချိန်ကိုက်ဆိုသလို အိုင်းရွန်းမေဒင် နဲ့ ကြုံလိုက်ရတော့ ကြီးမြတ်တဲ့ ဂိုင်ယာ က ငါတို့ကို စောင့်ရှောက်ကြည့်ရှုနေတာ သေချာသွားပြီ။

အိုင်းရွန်းမေဒင် ဘာသာတရားက မက်ထရိုပိုလစ် မှာ အခြေခံအုတ်မြစ် ချထားပြီးပြီဆိုတော့ အချိန်တိုအတွင်းမှာပဲ နောက်လိုက်တွေ အများကြီး ရလာခဲ့တယ်။ အခု ငါတို့လုပ်ရမှာက သူတို့ရဲ့ ဘာသာတရားကို သိမ်းပိုက်ပြီး နိုင်ငံသားတွေရဲ့ ယုံကြည်မှုကို ငါတို့ရဲ့ အကျိုးအမြတ်အတွက် အသုံးချဖို့ပဲ။

ငါတို့က သူတို့ကို သူတို့ရဲ့ သွေးတွေကို ငါတို့ဆီ ဆန္ဒအလျောက် ပူဇော်လာအောင် လုပ်ပစ်မယ်"

သူတို့ရဲ့ အစီအစဉ်တွေကို ကြားပြီးတဲ့နောက် မိုက်ကယ် ပြုံးမိမလိုတောင် ဖြစ်သွားခဲ့တယ်။

"မင်းတို့က အိုင်းရွန်းမေဒင် ဘာသာတရားကို ဘယ်လိုများ သိမ်းပိုက်မှာလဲ" လို့ သူက သူတို့ကို မေးလိုက်တယ်။

"လွယ်ပါတယ်။ ဂိုဏ်းအုပ် နဲ့ ဘုန်းတော်ကြီး လို့ခေါ်တဲ့ ခေါင်းဆောင်နှစ်ယောက် နေတဲ့နေရာကို ငါတို့ ရှာတွေ့ထားပြီးပြီ၊ ငါတို့ မင်းကို ကမ်းလှမ်းခဲ့သလိုပဲ သူတို့ကိုလည်း ကမ်းလှမ်းမယ်။ တကယ်လို့ သူတို့က ငြင်းဆန်ခဲ့ရင်တော့ ငါတို့က သူတို့ရဲ့ ခေါင်းတွေကို ဖြတ်ယူရုံပဲ" လို့ ပျူရစ် ခေါင်းဆောင်က ကြေညာလိုက်တယ်။

မိုက်ကယ် က စိတ်ထဲကနေ တိတ်တိတ်လေး ရယ်မောလိုက်တယ်။ ကြည့်ရတာ သူတို့က အရေးကြီးတဲ့ အချက်တစ်ခုကို လုံးဝ လျစ်လျူရှုထားမိပုံပဲ၊ စေးပျစ်ပျစ် အချက်တစ်ခုပေါ့။

တကယ်လို့ သူတို့က အဲဒီ နင်ဂျာလေးကို အကြံအစည်နဲ့ ဒုက္ခပေးဖို့ စီစဉ်နေတာဆိုရင်တော့ သူတို့ဆီ ဘာတွေ ကျရောက်လာမလဲဆိုတာ သူတို့ကိုယ်တိုင်တောင် သိကြမှာမဟုတ်ဘူး။

ဟားဟားဟား ဒါဆိုရင် ပရောဖက် အိုမကြီးက သူမရဲ့ ဟောကိန်းနဲ့ ဆိုလိုချင်တာက ဒါကိုး။

'မိစ္ဆာတွေကို အနိုင်ယူဖို့ဆိုတာ ကိုယ်တိုင် မိစ္ဆာတစ်ကောင် ဖြစ်သွားဖို့ မဟုတ်ဘဲ အဲဒီလိုဖြစ်လာမှာကို ငြင်းဆန်ဖို့ပဲ။'

* * * * * * * *

အဲဒီအချိန် မက်ထရိုပိုလစ် ရဲ့ မြို့စွန်တစ်နေရာမှာတော့ လရောင်သာနေတဲ့ ညနက်နက်အောက်မှာ လူတစ်စု စုဝေးနေကြတယ်။

သူတို့က မြက်ခင်းပေါ်မှာ ဒူးထောက်ထားကြပြီး သူတို့လက်ထဲက သတ္တုပြားတွေဆီကို အာရုံစူးစိုက်ကြည့်နေကြတယ်။

"ညီအစ်ကိုတို့၊ ဒီနေ့မှာတော့ အိုင်းရွန်းမေဒင် က ဒီကမ္ဘာကြီးကို ပထမဆုံးအကြိမ် ကိုယ်ထင်ပြခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်အကြောင်းကို ငါတို့ ပြောပြကြမယ်။ အဲဒါတွေအားလုံးက မိုက်ကယ် လို့ခေါ်တဲ့ ဒီကောင်လေးကြောင့်ပဲ"

အိုင်းရွန်းမေဒင် ကို ယုံကြည်သူတွေရဲ့ မျက်နှာချင်းဆိုင်မှာတော့ ဟက်စတု နဲ့ ဗိုင်ပါရီယွန် ၊ တခြားလိုခေါ်ရရင် ဘုန်းတော်ကြီး နဲ့ ဂိုဏ်းအုပ် ဆိုတဲ့ လူနှစ်ယောက် ရှိနေခဲ့တယ်။

ကြီးမြတ်တဲ့ စလိုင်းမ် ရဲ့ အဆိုအရ အိုင်းရွန်းမေဒင် ရဲ့ အဆုံးအမတွေကို မက်ထရိုပိုလစ် အနှံ့ ဖြန့်ဝေပေးပြီးတော့ သူတို့ရဲ့ ကိုးကွယ်ရာအရှင် အကြောင်း သိခွင့်ရတဲ့ ပီတိကို ခံစားခွင့်ပေးဖို့က သူတို့ရဲ့ တာဝန်ပဲလေ။

ဒီနေ့ကလည်း တခြားနေ့တွေလိုပါပဲ၊ ပြန်လာတဲ့ ယုံကြည်သူတချို့နဲ့ ပထမဆုံးအကြိမ် ပါဝင်လာသူတချို့ ပါဝင်ပြီး စုစုပေါင်း အယောက်သုံးဆယ်လောက် ရှိတယ်။

ဒါပေမဲ့ သူတို့ မသိလိုက်တာက သူတို့အပေါ်မှာ လင်းနို့တချို့ ဝဲပျံနေပြီး အချိန်ကောင်းကို စောင့်ဆိုင်းကြည့်ရှုနေတယ်ဆိုတာကိုပဲ။ သူတို့ရဲ့ မျက်လုံးတွေထဲက ရူးသွပ်နေတဲ့ အနီရောင် အရောင်အဝါကို ကြည့်ရုံနဲ့တင် သူတို့က ဒီလူသားတွေအပေါ် စေတနာမရှိဘူးဆိုတာကို မြင်နိုင်တယ်။

နောက်ဆုံးမှာတော့ လင်းနို့တွေက လူအုပ်ကြီးဆီ အုံခဲဆင်းလာကြပြီး လူတိုင်းကို အံ့အားသင့်သွားစေသလို ဟက်စတု နဲ့ ဗိုင်ပါရီယွန် တို့ကိုလည်း စကားပြောရပ်သွားစေခဲ့တယ်။

လူတိုင်း မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ဝတ်ရုံနက်တွေ ဝတ်ဆင်ထားတဲ့ ဖြူဖျော့ဖျော့ အမျိုးသား၊ အမျိုးသမီးတွေက သူတို့ကို အရပ်လေးမျက်နှာကနေ ဝန်းရံထားတာကို မြင်လိုက်ကြရတယ်။

"ဗန်ပိုင်ယာတွေလား" လို့ အပြစ်ကင်းတဲ့ အရပ်သားတစ်ယောက်က သတိပြုမိသွားတယ်။

သူတို့တွေ ရှောင်ဖယ်သွားဖို့ စတင်လှုပ်ရှားလိုက်ပေမဲ့ ပျူရစ် ဗန်ပိုင်ယာတွေက သူတို့ကို မာန်မဲလိုက်ကြတယ်။

"ဘယ်သူမှ မလှုပ်နဲ့" လို့ ဗန်ပိုင်ယာတစ်ယောက်က သူ့အထက်နှုတ်ခမ်းက အစွယ်နှစ်ချောင်းကို ထုတ်ပြရင်း သတိပေးလိုက်တယ်။

သူတို့ရဲ့ လေသံကို နားထောင်ကြည့်တာနဲ့တင် ဒါက ဗန်ပိုင်ယာတွေနဲ့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံခြင်းမျိုး မဟုတ်ဘူးဆိုတာ ရှင်းနေခဲ့တယ်။

ကြောက်လန့်နေတဲ့ အရပ်သားတစ်ယောက်က အမြန်ဆုံးပြေးထွက်သွားခဲ့ပေမဲ့ ဗန်ပိုင်ယာတစ်ယောက်က ရုတ်တရက် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းပဲ သူ့နောက်ကို မှီသွားခဲ့တယ်။

ဗန်ပိုင်ယာက အရပ်သားရဲ့ လည်ပင်းကို သူ့အစွယ်နဲ့ ကိုက်ဖောက်လိုက်တော့ အရပ်သားရဲ့ မျက်နှာက ပိုပိုပြီး ဖြူရော်လာခဲ့တယ်။

"သူတို့ကို မသတ်နဲ့" လို့ တခြားဗန်ပိုင်ယာတစ်ယောက်က သတိပေးလိုက်တယ်။ "သူတို့က ငါတို့ရဲ့ နွားတွေလေ၊ သူတို့မရှိဘဲ နို့ရမှာမဟုတ်ဘူး"

အဲဒီနောက် ဗန်ပိုင်ယာက သူ့လက်ထဲက လူသားကို လွှတ်ပေးလိုက်ပြီး နှုတ်ခမ်းထောင့်ကနေ စီးကျနေတဲ့ သွေးတွေကို လျှာနဲ့လျက်လိုက်တယ်။

နောက်ဆုံးမှာတော့ အရပ်သားတွေက သူတို့ ကျရောက်နေတဲ့ အန္တရာယ်ကို သဘောပေါက်သွားကြတယ်။

"အား"

"ကယ်ကြပါဦး"

"သူတို့ ငါတို့ကို သတ်တော့မယ်၊ အား"

သူတို့ ပါးစပ်တွေထဲကနေ ထိတ်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ်။ ထွက်ပြေးဖို့ ကြိုးစားလို့ ခန္ဓာကိုယ်ထဲက သွေးတွေ စုပ်ယူခံလိုက်ရတဲ့လူကိုသာ မမြင်ခဲ့ရရင် သူတို့အားလုံး အခုလောက်ဆို ထွက်ပြေးသွားကြလောက်ပြီ။

"မင်းတို့ ဘယ်လိုလုပ် ဒီလိုလုပ်ရဲရတာလဲ" ဟက်စတု က ဒေါသကြောင့် မျက်နှာကြီး နီရဲလာရင်း အော်ပြောလိုက်တယ်။

"အိုင်းရွန်းမေဒင် ဘာသာတရားကို ယုံကြည်သူတွေကို နာကျင်အောင်လုပ်တာက သေဒဏ်ပေးရမယ့် ပြစ်မှုပဲ" လို့ ဗိုင်ပါရီယွန် က ဖြည့်ပြောလိုက်တယ်။

ဒါပေမဲ့ ပျူရစ် ဗန်ပိုင်ယာတွေကတော့ ဒါကို လုံးဝ ဂရုစိုက်ပုံ မရဘူး။

"အော်နေလည်း အလကားပဲ" လို့ ဗန်ပိုင်ယာက အရပ်သားတွေကို သတိပေးလိုက်တယ်။ "ငါတို့က ဒီနေရာတစ်ခုလုံးကို သွေးစက်ဝန်းနဲ့ ဝန်းရံထားပြီးပြီ၊ ဘယ်သူမှ မင်းတို့ကို မြင်မှာ ကြားမှာ မဟုတ်ဘူး"

သူပြောသလိုပါပဲ၊ လမ်းတစ်ဖက်ကနေ ဖြတ်လျှောက်သွားတဲ့သူတွေက အရပ်သားတွေရဲ့ အော်ဟစ်သံတွေကို သတိမထားမိကြဘူး။ သူတို့က လမ်းဘေးက လွတ်နေတဲ့ နေရာမှာ စိတ်ဝင်စားစရာ ဘာမှမရှိသလိုပဲ ဆက်ပြီး လျှောက်သွားနေကြတယ်။

"မင်းတို့နှစ်ယောက်က ဂိုဏ်းအုပ် နဲ့ ဘုန်းတော်ကြီး ဖြစ်ရမယ်" လို့ ဗန်ပိုင်ယာက သူတို့နှစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။ "ငါတို့ရဲ့ သဘောတူညီချက်ကို လက်ခံဖို့ မင်းတို့ကို အခွင့်အရေး တစ်ကြိမ်ပဲပေးမယ်။ ငါတို့ကို အရှုံးပေးမလား ဒါမှမဟုတ် သွေးမရှိဘဲ သေဆုံးရတဲ့ အဖြစ်ကို ရင်ဆိုင်မလား၊ ရွေးချယ်လိုက်"

* * * * * * * *

စာစဉ်(၅၈)

All Chapters