အခန်း ၆၈၆
Vol. 58 Ch. 686
အခန်း(၆၈၆)
ဟက်စတုနဲ့ ဗိုင်ပါရီယွန်က သူတို့ပတ်ဝန်းကျင်က ဗန်ပိုင်ယာတွေကို ကြည့်လိုက်ပြီး သူတို့ လုံးဝယှဉ်နိုင်မှာမဟုတ်မှန်း ချက်ချင်း သိလိုက်ကြတယ်။ သူတို့တွေ ရောက်လာတာကိုတောင် လုံးဝ အာရုံမခံမိလိုက်ကြဘူးလေ။
သူတို့ အချင်းချင်း အကဲခတ်ကြည့်လိုက်ကြတယ်။ အဆိုးဆုံးအခြေအနေ ရောက်လာခဲ့ရင် တခြားအရပ်သားတွေ အန္တရာယ်ကင်းကင်း လွတ်မြောက်သွားနိုင်ဖို့ သူတို့ကိုယ်သူတို့ ဗန်ပိုင်ယာတွေဆီ ဝမ်းမြောက်ဝမ်းသာ ပုံအပ်လိုက်ကြမှာပဲ။
ဒီလုပ်ငန်းစဉ်မှာ သူတို့ အသတ်ခံလိုက်ရရင်တောင် ကိစ္စမရှိဘူး။ အိုင်းရွန်းမေဒင်ရဲ့ ယုံကြည်သူတွေကို ကာကွယ်နိုင်သရွေ့ သူတို့ လုပ်ရမယ့်တာဝန် အကုန်လုံးကို ပြီးမြောက်သွားပြီလို့ မှတ်ယူနိုင်တယ်လေ။
ဒါပေမဲ့ သူတို့ လှုပ်ရှားတော့မယ့်ဆဲဆဲမှာပဲ သူတို့ရဲ့ အရိပ်တွေ ဆွဲငင်ခံလိုက်ရသလို ရုတ်တရက် ခံစားလိုက်ရတယ်။
ဖတ်ချ်က မြေပြင်အောက်ကနေ ခုန်ထွက်လာပြီး နှစ်ခါသုံးခါလောက် ခုန်ဆွခုန်ဆွလုပ်ပြီးနောက် မြက်ခင်းပြင်ပေါ်ကို ဆင်းသက်လာခဲ့တယ်။
"ဟေး လူတွေ ကစားချင်ကြလား"
နင်ဂျာ စလိုင်းမ်လေးက သူတို့ပတ်ဝန်းကျင်က တင်းမာနေတဲ့ အခြေအနေကိုတောင် သတိမထားမိတဲ့ပုံစံနဲ့ ဟက်စတုရဲ့ ခေါင်းပေါ်ကို ခုန်တက်သွားခဲ့တယ်။
"ကြီးမြတ်တဲ့ စလိုင်းမ်" ဟက်စတုက တီးတိုးရေရွတ်လိုက်တယ်။ "ဗန်ပိုင်ယာတွေက"
"ဗန်ပိုင်ယာတွေ" ဖတ်ချ်က မေးခွန်းထုတ်လိုက်ပြီး နောက်ဆုံးတော့ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ဗန်ပိုင်ယာတွေက သူ့ကို ရှုပ်ထွေးနေတဲ့ မျက်နှာပေးနဲ့ ကြည့်နေတာကို မြင်လိုက်ရတယ်။
"စကားပြောတတ်တဲ့ စလိုင်းမ်တစ်ကောင်" ပျူရစ် ဗန်ပိုင်ယာတစ်ယောက်က မေးလိုက်တယ်။ "မင်း မျက်နှာကို ငါ မမှတ်မိပါလား။ မိစ္ဆာတိုက်ကြီးကနေ ဒီကို ဘယ်လို ရောက်လာတာလဲ"
ဖတ်ချ်က သူ့ခေါင်းကို စောင်းလိုက်ရာကနေ သူ့ရဲ့ စလိုင်းမ်ခန္ဓာကိုယ်အထက်မှာ မေးခွန်းသင်္ကေတတစ်ခု တကယ်ကြီး ပေါ်လာခဲ့တယ်။ "ဟာ မင်းတို့ ဘာတွေပြောနေမှန်း ငါ နားမလည်ဘူး"
"မင်းက ငါတို့ရဲ့ မွေးရပ်မြေက မဟုတ်ဘူးလား။ ထူးဆန်းတာပဲ။ မင်းလို ဉာဏ်ရည်မြင့်တဲ့ မိစ္ဆာတစ်ကောင်က ဒီတိုက်ကြီးမှာ ရှိနေတာ သဘာဝမကျဘူး"
ဗန်ပိုင်ယာတွေက လူသားတွေကို ကြည့်တာထက် ဖတ်ချ်ကို အများကြီး ပိုပြီး ချစ်ခင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တိုက်ကြီးမှာ ဖတ်ချ်လို စလိုင်းမ်တွေကို ခွေးလေးတွေလို ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေးတွေအဖြစ် သဘောထားကြလို့ပဲလေ။
"မင်း နာမည် ဘယ်လိုခေါ်လဲ"
"ဖတ်ချ်" ဖတ်ချ်က မြက်ခင်းပေါ်မှာ ချစ်စရာကောင်းကောင်း ခုန်ဆွခုန်ဆွလုပ်ရင်း ပြန်ဖြေလိုက်တယ်။ "ပြီးတော့ ငါက အိုင်းရွန်းမေဒင်ကို တစ်ကမ္ဘာလုံးမှာ အကြီးကျယ်ဆုံး ဘာသာတရားဖြစ်လာအောင် ဦးဆောင်ပေးမယ့်သူပဲ"
သူတို့ သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ဘာသာတရားက စလိုင်းမ်တစ်ကောင် ဖန်တီးထားတဲ့အရာ ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ ဗန်ပိုင်ယာတွေ အံ့ဩမှင်တက်သွားခဲ့ကြတယ်။
သူတို့ မယုံနိုင်အောင် ဖြစ်သွားကြတယ်။ ဘာလို့လဲဆိုတော့ အိုင်းရွန်းမေဒင်က ယုံကြည်သူတွေ ရလာအောင် သုံးတဲ့ နည်းပညာတွေနဲ့ နည်းလမ်းတွေက ပျူရစ် ဗန်ပိုင်ယာတွေတောင် အထင်ကြီး လေးစားရတဲ့အရာတွေ ဖြစ်နေလို့ပဲလေ။
"မင်း မင်းက အိုင်းရွန်းမေဒင် ဘာသာတရားကို တည်ထောင်ခဲ့တာလား"
ဖတ်ချ်က ပခုံးတွန့်လိုက်တယ်။ "ဒါပေါ့"
အဲဒီနောက် ပျူရစ် ဗန်ပိုင်ယာတွေက ဖတ်ချ်ကို စိုက်ကြည့်လိုက်ပြီး တခြားသူတွေကို ကမ်းလှမ်းခဲ့တဲ့အတိုင်းပဲ သူ့ကိုလည်း ကမ်းလှမ်းလိုက်ကြတယ်။
"ဖတ်ချ် ငါတို့က မင်းဘဝကို ပြောင်းလဲပေးမယ့် တစ်သက်မှာ တစ်ခါသာ ရနိုင်မယ့် အခွင့်အရေးကို ပေးမယ်။ ငါတို့ ဗန်ပိုင်ယာတွေနဲ့ ပူးပေါင်းပြီး"
"ဗန်ပိုင်ယာတွေ မင်းတို့က ဗန်ပိုင်ယာတွေလား အက်ဝါ့ဒ် လိုမျိုးလား"
ပျူရစ် ဗန်ပိုင်ယာက ခေါင်းညိတ်လိုက်တယ်။ "အဲဒါ ဘယ်သူမှန်း ငါ မသိဘူး။ ဒါပေမဲ့ ဟုတ်တယ် ငါတို့က ဗန်ပိုင်ယာတွေပဲ။ ငါတို့ ပျူရစ် ဗန်ပိုင်ယာတွေက ငါတို့ရဲ့ ယုံကြည်မှုတွေကို ပြန့်နှံ့အောင် ကူညီဖို့ မင်းကို ဖိတ်ခေါ်ပါတယ်"
သူ စကားတောင် ဆုံးအောင် မပြောလိုက်ရခင်မှာပဲ ဖတ်ချ်က သူ့လက်မောင်းတွေထဲ ခုန်ဝင်သွားခဲ့တယ်။
"ကောင်းပြီလေ ငါ ပါဝင်မယ်" ဖတ်ချ်က ပြောလိုက်တယ်။
စလိုင်းမ်လေးက ဒီလောက် မြန်မြန်ဆန်ဆန် သဘောတူလိမ့်မယ်လို့ မျှော်လင့်မထားတာမို့ ပျူရစ် ဗန်ပိုင်ယာတွေက ခဏလောက် ငြိမ်သက်သွားကြတယ်။ ဖတ်ချ်က ဒါကို သေသေချာချာ စဉ်းစားပုံတောင် မပေါ်ဘဲ စိတ်ကူးပေါက်ရာ ဆုံးဖြတ်ချက်ချလိုက်တာ အထင်းသားပဲ။
"မင်း ငါတို့နဲ့ ပူးပေါင်းမယ်ပေါ့"
ဖတ်ချ်က ခေါင်းညိတ်လိုက်တယ်။ "အင်း ဗန်ပိုင်ယာတွေက မိုက်တယ်။ သူတို့က နင်ဂျာတွေရဲ့ အောက်မှာပဲ ရှိတာလေ"
ဖတ်ချ် ဘာအကြောင်းပြောနေမှန်း ဘယ်သူမှ နားမလည်ကြပေမဲ့ ပျူရစ် ဗန်ပိုင်ယာတွေကတော့ ထပ်ပြီး စဉ်းစားမနေကြတော့ဘူး။ သူတို့ရဲ့ အတွေးအခေါ်နဲ့ ကိုက်ညီတဲ့လူကို နောက်ဆုံးတော့ ရှာတွေ့သွားလို့ သူတို့ အလွန် ဝမ်းသာနေကြတာပဲ။
"ဖတ်ချ် ဒီအိုင်းရွန်းမေဒင် ဘာသာတရားရဲ့ ခေါင်းဆောင်အနေနဲ့ မင်းက သူတို့အားလုံးကို စက်ဝိုင်းပုံစံ စုရုံးပေးသင့်တယ်" ပျူရစ် ဗန်ပိုင်ယာက အမိန့်ပေးလိုက်တယ်။
"အိုကေ" ဖတ်ချ်က ပြန်ဖြေလိုက်တယ်။
အဲဒီနောက် ဖတ်ချ်က ဘာမှန်းမသိ နားမလည်ဖြစ်နေတဲ့ နိုင်ငံသားတွေကို တစ်စုတစ်ဝေးတည်းဖြစ်အောင် စတင် လမ်းညွှန်ပေးလိုက်တယ်။ အိုင်းရွန်းမေဒင်ရဲ့ ယုံကြည်သူအများစုက ဖတ်ချ်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို သိနေကြတာမို့ သူ့ရဲ့ ညွှန်ကြားချက်တွေကို နာခံစွာနဲ့ လိုက်နာကြတယ်။
အခုလို သပ်သပ်ရပ်ရပ် စုရုံးပြီးသွားပြီဆိုတော့ သူတို့အတွက် သွေးတွေကို ရိတ်သိမ်းရတာ အများကြီး ပိုလွယ်ကူသွားပြီလို့ ဗန်ပိုင်ယာတွေက တွေးလိုက်ကြတယ်။
"ဖတ်ချ် သွေးစတေးပွဲအတွက် စတင် ပြင်ဆင်တော့" ပျူရစ် ဗန်ပိုင်ယာက တောင်းဆိုလိုက်တယ်။
လိမ္မာတဲ့ ခွေးပေါက်လေးတစ်ကောင်လိုပဲ ဖတ်ချ်က ခေါင်းညိတ်လိုက်ပြီး ဗန်ပိုင်ယာက သူ့ကို လုပ်ခိုင်းတဲ့အတိုင်း လုပ်ဆောင်လိုက်တယ်။
"အား နာလိုက်တာ" ပျူရစ် ဗန်ပိုင်ယာတစ်ယောက်က သူ့ရဲ့ လက်မောင်းနားမှာ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရပြီး ပြောလိုက်တယ်။
သူ ငုံ့ကြည့်လိုက်တဲ့အခါမှာ ဖတ်ချ်က ကြမ်းပြင်ပေါ်မှာ သတိလစ်နေတဲ့ လူသားအမျိုးသားနဲ့ သူ့ရဲ့ သွေးကြောကို ဆက်သွယ်ထားတဲ့ ပြွန်အပါးလေးတစ်ခုကို သူ့လက်မောင်းထဲ စိုက်သွင်းထားတာကို မြင်လိုက်ရတယ်။ သူ့သွေးတွေက ပြွန်ကတစ်ဆင့် လူသားအမျိုးသားဆီ စီးဆင်းသွားပြီး သွေးဆုတ်နေတဲ့ အမျိုးသားရဲ့ မျက်နှာကို အရောင်အသွေး နည်းနည်း ပြန်ရလာစေတယ်။
"မင်း ဘာလုပ်နေတာလဲ" ပျူရစ် ဗန်ပိုင်ယာက အော်ဟစ်လိုက်တယ်။
ဖတ်ချ်က သူ့ခေါင်းကို ထပ်စောင်းလိုက်ပြန်တယ်။ "မင်းက ငါ့ကို သွေးစတေးပွဲ စတင်သင့်တယ်လို့ ပြောတယ်မလား။ မင်းရဲ့ သွေးတွေကို ဒီလူကို လှူချင်တာ မှတ်လား"
ဗန်ပိုင်ယာရဲ့ ခေါင်းက ဆတ်ခနဲ ဖြစ်သွားတယ်။ "ငါ ဆိုလိုတာက အဲဒါ မဟုတ်ဘူးလေ။ ကျစ် ထားလိုက်တော့။ ငါထင်သလောက် မင်းက မထက်မြက်ဘူးပဲ။ ဒီလူသားတွေ သေတာထက်ဆိုးတဲ့ နာကျင်မှုကို ခံစားရအောင်သာ သေချာလုပ်ပေး။ သူတို့ကို ငရဲကျသလို ခံစားရအောင် လုပ်ပစ်"
ဗန်ပိုင်ယာရဲ့ စိတ်ထဲမှာတော့ လူသားတွေရဲ့ စိတ်ဓာတ်တွေ ကျိုးပဲ့သွားခဲ့ရင် ကိုယ်တိုင်ဆန္ဒအလျောက် သွေးဘဏ်တွေဖြစ်လာအောင် ဦးနှောက်ဆေးဖို့ အများကြီး ပိုလွယ်ကူသွားလိမ့်မယ်လို့ တွေးထားတာလေ။
"သူတို့ကို ငရဲကျသလို ခံစားရအောင်လုပ်ဖို့ စိတ်ချလိုက်ပါ ဆရာ" ဖတ်ချ်က ပြန်ဖြေလိုက်တယ်။
ဖတ်ချ်အနေနဲ့ ဒီကိစ္စကို ဖျက်ဆီးပစ်နိုင်မယ့် အကြောင်းပြချက် မရှိဘူးလို့ သေချာနေတာမို့ ပျူရစ် ဗန်ပိုင်ယာက ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။
အဲဒီအချိန်မှာပဲ ဖတ်ချ်ရဲ့ ခြေထောက်အောက်မှာ ကြီးမားတဲ့ အရိပ်တစ်ခု ပေါ်လာပြီး အရပ်သားလူသားတွေကို တစ်ယောက်ပြီးတစ်ယောက် ဖုံးလွှမ်းသွားတော့တယ်။
ပြီးတော့ သူ့ရဲ့ စွမ်းရည်ကို အသုံးပြုပြီး သူတို့ကို မက်ထရိုပိုလစ်အပြင်ဘက်ဆီ တယ်လီပို့တ်သုံးကာ စတင်ပို့ဆောင်လိုက်တယ်။
"မင်း ဘာလုပ်နေတာလဲ သူတို့ကို ဘာလို့ လွှတ်ပေးနေတာလဲ"
ဖတ်ချ်က သူ့ခေါင်းကို ထပ်စောင်းလိုက်ပြန်တယ်။ "မင်းက သူတို့ကို ငရဲကျသလို ခံစားရအောင်လုပ်လို့ ပြောတယ်လေ။ မစ် ရှီနာရဲ့ ဟင်းလျာတွေကို သူတို့ကို စားခိုင်းတာက လုံလောက်တဲ့ ငရဲကျခြင်းပဲလို့ ငါ ထင်တယ်" ဖတ်ချ်က ပြန်ဖြေရင်း အဲဒီအတွေးကြောင့် တုန်လှုပ်သွားခဲ့တယ်။
ဒါကို မြင်လိုက်တော့ ကျန်တဲ့ ဓားစာခံတွေက သူတို့ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ ဖတ်ချ်ကို ကြည့်လိုက်ကြတယ်။ ဖတ်ချ်က တစ်ချိန်လုံး ဗန်ပိုင်ယာတွေရဲ့ စကားကို နားထောင်သယောင် ဟန်ဆောင်နေခဲ့တာ ဖြစ်ရမယ်လို့ သူတို့ တွေးလိုက်ကြတယ်။ ဖတ်ချ်က သူတို့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တာ ကြားပြီးနောက် သူတို့ ခဏလောက် စိုးရိမ်သွားခဲ့ကြပေမဲ့ ဒါတွေအားလုံးက သူ့ရဲ့ အစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပုံရပါတယ်။
ဒါပေမဲ့ ဖတ်ချ်ရဲ့ စိတ်ထဲမှာ တကယ်တမ်း ဘာရှိနေသလဲဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ခဲ့ဘူး။
"တော်လောက်ပြီ" ပျူရစ် ဗန်ပိုင်ယာက ဒေါသတကြီး အော်ဟစ်လိုက်တယ်။ "ငါ ကိုယ်တိုင်ပဲ လုပ်ရတော့မယ်။ သူတို့ ထွက်မပြေးသွားခင် ဖမ်းထားကြ"
တခြား ဗန်ပိုင်ယာတွေက အရပ်သားတွေကို စတင်ဖမ်းဆုပ်ရင်း အရိပ်တွေအဖြစ် ချက်ချင်း ပြောင်းလဲသွားကြတယ်။ ပြီးတော့ သူတို့ရဲ့ အရိပ်တွေထဲမှာ တန်ခိုးစွမ်းရည်တွေ ပေါင်းစပ်ပါဝင်နေတာမို့ ဖတ်ချ်ရဲ့ အရိပ်က အသုံးမဝင်တော့ဘူး။ ဗန်ပိုင်ယာတွေက အရပ်သားတွေကို သူတို့ရဲ့ ထိန်းချုပ်မှုအောက် ပြန်လည် ဆွဲယူသွားကြတော့တယ်။
"အဲဒီ စလိုင်းမ်ကို ဖမ်းချုပ်ထားလိုက်" လို့ ဗန်ပိုင်ယာက ပြောလိုက်တယ်။
ပြီးတော့ ရုတ်တရက်ဆိုသလိုပဲ ဖတ်ချ်က သူ့ရဲ့ စေးကပ်နေတဲ့ ခန္ဓာကိုယ်ကို အရိပ်တစ်ခုက ရစ်ပတ်ထားတာကြောင့် ဘယ်ကိုမှ ရွေ့လျားလို့မရဘဲ နေရာတင် အေးခဲသွားခဲ့တယ်။
"သွေးစတေးပွဲကို စလိုက်တော့။ ဒီလူသားတွေဆီကနေ သွေးတွေကို တတ်နိုင်သမျှ အများဆုံး ရိတ်သိမ်းချင်တယ်။ သူတို့ သေလုမျောပါး ဖြစ်သွားတဲ့အထိ မရပ်လိုက်နဲ့" ပျူရစ် ဗန်ပိုင်ယာက အမိန့်ပေးလိုက်တယ်။
ကျန်တဲ့ ဗန်ပိုင်ယာငါးယောက်က လက်တစ်ဖက်ကို လူတစ်ယောက်စီ ဖမ်းဆုပ်လိုက်ကြတယ်။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ လည်ပင်းတွေကို အစွယ်တွေနဲ့ စိုက်ချလိုက်ပြီး သူတို့ရဲ့ သွေးတွေကို စုပ်ယူလိုက်ကြတယ်။
ဗန်ပိုင်ယာတွေက သွေးတွေကို အတင်းအဓမ္မ စုပ်ယူနေတာကြောင့် အရပ်သားလူသားတွေဟာ နာကျင်စွာ ညည်းတွားလိုက်ကြတယ်။ အဲဒီနောက် သူတို့ရဲ့ ခန္ဓာကိုယ်တွေ မပျော့ခွေသွားခင်မှာပဲ ဖြည်းဖြည်းချင်း ခေါင်းမူးဝေလာသလို ခံစားလိုက်ကြရတယ်။
ဖတ်ချ်က ဒါတွေအားလုံးကို လန့်ဖျပ်နေတဲ့ မျက်နှာပေးနဲ့ စောင့်ကြည့်နေခဲ့တယ်။
"ဘာ ဘာတွေ လုပ်နေကြတာလဲ။ မင်းတို့ သူတို့ကို နာကျင်အောင် လုပ်နေတာပဲ။ ဒါက နင်ဂျာတွေရဲ့ အပြုအမူမျိုး လုံးဝ မဟုတ်ဘူး။ ရပ်လိုက်ကြ"
ဖတ်ချ် လန့်ဖျပ်သွားတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီးနောက် ပျူရစ် ဗန်ပိုင်ယာက ရယ်မောလိုက်တယ်။ "ဒါဆို ဘာဖြစ်လဲ။ ငါတို့ လုပ်သမျှ အရာအားလုံးက ဂိုင်ယာအတွက်ပဲ။ သူ့ကို ပြန်ခေါ်လာဖို့အတွက်ဆိုရင် လူသားသန်းပေါင်းများစွာကို စတေးရမယ်ဆိုရင်တောင်မှ ငါတို့ လိုချင်တာ မှန်သမျှ လုပ်မှာပဲ"
"ပြီးတော့ နောက်ဆုံးမှာ ငါတို့က ကမ္ဘာကြီးရဲ့ ခွန်အားကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့မှာမို့လို့ လူသားတွေက ငါတို့ရဲ့ လုပ်ရပ်အတွက် ကျေးဇူးတင်ကြလိမ့်မယ်"
* * * * * * * *
စာစဉ်(၅၈)