အခန်း ၆၈၇
Vol. 58 Ch. 687
အခန်း(၆၈၇)
ဒီ ပျူရစ်ဗန်ပိုင်ယာတွေက လူသားတွေနဲ့ ကမ္ဘာကြီးတစ်ခုလုံး ကောင်းကျိုးအတွက် သူတို့ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်နေတာလို့ တကယ် ထင်မှတ်နေကြမှန်း သူတို့ရဲ့ မျက်နှာပေးတွေကနေတစ်ဆင့် မြင်တွေ့နိုင်တယ်။
"ဒါက... ဒါက မင်းတို့လုပ်ရမယ့်ပုံစံ မဟုတ်ဘူးလေ" လို့ သူ့မျက်နှာပေါ်မှာ အရိပ်တစ်ခု ဖုံးလွှမ်းသွားပြီး ဖတ်ချ်က သူတို့ကို ပြောလိုက်တယ်။ အရပ်သားတွေ တစ်ယောက်ပြီးတစ်ယောက် သူတို့ခန္ဓာကိုယ်ထဲက သွေးတွေ စုပ်ယူခံရပြီး လဲကျသွားတာကို ကြည့်ရင်း သူ ဘာမှမတတ်နိုင်သလို ဖြစ်နေခဲ့တယ်။
"ဒီနည်းလမ်းပဲ ရှိတာ" လို့ ပျူရစ်ဗန်ပိုင်ယာက ကြေညာလိုက်တယ်။ "ဂိုင်ယာ ပြန်လည်ရှင်သန်လာဖို့ကလွဲရင် ဘာမှ အရေးမကြီးဘူး၊ ရည်ရွယ်ချက်ပေါက်မြောက်ဖို့က အဓိကပဲ"
"မဟုတ်ဘူး... မဟုတ်ဘူး..." လို့ ဖတ်ချ်က ခေါင်းယမ်းရင်း တီးတိုးရေရွတ်လိုက်တယ်။
"မဟုတ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ၊ မင်းက ဒီ အိုင်းရွန်းမေဒင် ဘာသာတရားကို ဖန်တီးခဲ့တဲ့သူ မဟုတ်လား၊ မင်းတို့တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ ငါ မြင်ဖူးတယ်၊ မင်းတို့က မင်းတို့ရဲ့ ယုံကြည်သူတွေကို ထိန်းချုပ်တယ်၊ သူတို့ကို လွှမ်းမိုးတယ်၊ ဒါတွေအားလုံးက မင်းပြောသလို မင်းတို့အားလုံး ယုံကြည်တဲ့ ဒီ အိုင်းရွန်းမေဒင်ကို ပြန်လည်ရှင်သန်လာစေဖို့ ရည်ရွယ်ချက်နဲ့ပဲလေ၊ ငါတို့နဲ့ ဘာကွာခြားလို့လဲ"
ဖတ်ချ်က ပျူရစ်ဗန်ပိုင်ယာရဲ့ စကားတွေကို ပြန်မချေပနိုင်ဘဲ တိတ်ဆိတ်နေခဲ့တယ်။
အိုင်းရွန်းမေဒင် ဘာသာတရားကို သူ စတင်တည်ထောင်ခဲ့တုန်းက သူ လုပ်ချင်ခဲ့တာ တစ်ခုတည်းက သူ့သခင်ရဲ့ သဘောတရားတွေကို ကမ္ဘာကြီးဆီ ပြန့်နှံ့သွားအောင် ကူညီပေးဖို့နဲ့ ရီနေးတားနိုင်ငံကို အခုလိုမျိုး တိုးတက်လာစေခဲ့တဲ့ တူညီတဲ့ ယုံကြည်ချက်မျိုးကို သူတို့တွေ ယုံကြည်လာအောင် လုပ်ဖို့ပဲ ဖြစ်တယ်။
ပြီးတော့ ဒီအချိန်တွေတစ်လျှောက်လုံးမှာ ဖတ်ချ်က တတိယလူရဲ့ အမြင်ကနေကြည့်ရင် ကိုယ်ကျင့်တရားနဲ့ မညီဘူးလို့ ယူဆရမယ့် လှုပ်ရှားမှုတွေကို အသုံးပြုခဲ့တယ်။ သူက သူ့ရဲ့ လုပ်ငန်းစဉ်မှာ ကူညီပေးလာအောင် လူတွေကို ဦးနှောက်ဆေးတာ၊ ခြယ်လှယ်တာနဲ့ ခြိမ်းခြောက်တာတွေတောင် လုပ်ခဲ့တာမို့ တစ်စုံတစ်ယောက်က သူ့ကို လူဆိုးလို့တောင် ခေါ်ဆိုနိုင်တယ်။
တစ်နည်းအားဖြင့် ပြောရရင် ဖတ်ချ်ကလည်း ရည်ရွယ်ချက်ပေါက်မြောက်ဖို့က အဓိကပဲဆိုတဲ့ ယူဆချက်ကို ယုံကြည်ခဲ့သူပဲ။ ဟက်စတုနဲ့ ဗိုင်ပါရီယွန်တို့က ဒီအတွက် အကောင်းဆုံး ဥပမာတွေဖြစ်ပြီး သူတို့ကို ကြီးမြတ်တဲ့ စလိုင်းမ် နတ်ဘုရားလို့ ခေါ်တဲ့အရာကို ယုံကြည်လာစေဖို့ လှည့်စားတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ရတာလေ။
သူက ဒီဗန်ပိုင်ယာတွေနဲ့ အတူတူပဲလား၊ သူတို့ကြားမှာ ကွာခြားချက် မရှိဘူးလားလို့ သူ တွေးနေမိတယ်။
"အို... ကြီးမြတ်တဲ့ စလိုင်းမ်... အို... အိုင်းရွန်းမေဒင်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ထပ်ကယ်တင်လှည့်ပါ"
ပျူရစ်ဗန်ပိုင်ယာတစ်ယောက်က သူ့ရဲ့ အစွယ်တွေကို ဟက်စတုရဲ့ လည်ပင်းထဲ စိုက်သွင်းထားပြီး သူ့မျက်လုံးတွေထဲက အသက်ငွေ့တွေကို ဖြည်းဖြည်းချင်း စုပ်ယူနေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ခွန်အားတွေ ပျောက်ကွယ်သွားတဲ့တိုင်အောင် ဟက်စတုက ဖတ်ချ်ကို၊ သူ့ရဲ့ ကြီးမြတ်တဲ့ စလိုင်းမ် နတ်ဘုရားကို ကြည့်နေစဉ်မှာပဲ သူ့မျက်နှာပေါ်မှာ မခံချင်စိတ်နဲ့ မျှော်လင့်ချက်တွေ ရှိနေဆဲပဲ။ သူက ယုံကြည်ထားခဲ့တာလေ။
ပျူရစ်ဗန်ပိုင်ယာတွေက ဟက်စတုဆီကနေ ပြင်းထန်တဲ့ ယုံကြည်မှုတစ်ခု ထွက်ပေါ်လာတာကို ခံစားလိုက်ရပြီး သူ့ဘက်ကို လှည့်ကြည့်လိုက်ကြတယ်။ သူတို့က အံ့ဩသွားခဲ့တယ်။ ခဏတာမျှတော့ သူ့ရဲ့ ဆည်းကပ်မှုက ဂိုင်ယာအပေါ်ထားရှိတဲ့ သူတို့ရဲ့ ဆည်းကပ်မှုထက်တောင် ပိုကြီးမားနေခဲ့တာကိုး။
သူတို့ ချီးမွမ်းနေကြတဲ့ အိုင်းရွန်းမေဒင်ဆိုတာ စလိုင်းမ်က သူ့ရဲ့ ယုံကြည်သူတွေကို ခြယ်လှယ်ဖို့ အသုံးပြုခဲ့တဲ့ စိတ်ကူးယဉ်ဖန်တီးမှုတစ်ခုမျှသာဖြစ်တယ်လို့ သူတို့ ထင်ထားခဲ့တာမို့ ဒါကို နားမလည်နိုင် ဖြစ်နေကြတယ်။
ဒါက မဖြစ်နိုင်ဘူး... တကယ်လို့များ...
"တကယ်လို့ ဒါက ကျွန်တော်တို့ရဲ့ နိဂုံးဆိုရင်လည်း အရှင် ကြီးမြတ်တဲ့ စလိုင်းမ်ရဲ့ ဘေးမှာ ရှိခွင့်ရတာကို ကျွန်တော် ဂုဏ်ယူပါတယ်... အိုင်းရွန်းမေဒင်နဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ မျက်လုံးတွေကို ဖွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဗိုင်ပါရီယွန်ရဲ့ မျက်နှာက မြေဖြူခဲလို ဖြူဖျော့နေပြီး သူ့သွေးတွေက အန္တရာယ်ရှိလောက်အောင် နည်းပါးသွားတာမို့ သူ့နှုတ်ခမ်းတွေမှာ အရောင်အဆင်း လုံးဝ မရှိတော့ဘူး။ ပျူရစ်ဗန်ပိုင်ယာတွေ သူတို့ပတ်လည်မှာ ရှိနေတာမို့ လွတ်မြောက်ဖို့ အခွင့်အရေး လုံးဝမရှိမှန်း သူ သိနေတယ်။ ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချိန်တွေမှာ သူ ရရှိခဲ့တဲ့ ကယ်တင်ခြင်းအတွက် သူ့ရဲ့ ကျေးဇူးတင်မှုကိုသာ ပြသနိုင်ခဲ့တော့တယ်။
သူတို့ နှစ်ယောက်လုံးဟာ ဆင်းရဲဒုက္ခရောက်နေတဲ့ ဘဝကနေ ကယ်တင်ခံခဲ့ရတာလေ။
တကယ်လို့ ဖတ်ချ်ကသာ ဟက်စတုကို မကယ်တင်ခဲ့ဘူးဆိုရင် သူက ဖလဲယားကော့ပ် ကုမ္ပဏီအပေါ် သစ္စာရှိနေဆဲဖြစ်ပြီး သူတို့ကြုံတွေ့ခဲ့ရသလို တူညီတဲ့ ကံကြမ္မာဆိုးကို ခံစားရမှာပဲ။
ဗိုင်ပါရီယွန်အတွက်လည်း အတူတူပါပဲ။ ဖတ်ချ်သာ မရှိခဲ့ရင် သူလည်း ဦးလေးဂျက်ရဲ့ စကားတွေကို နားထောင်ရင်းနဲ့ပဲ ကွပ်မျက်ခံရမယ့် လမ်းကြောင်းနောက်ကို ပါသွားမှာ အသေအချာပဲ။
အခုတော့ သူတို့က ဂုဏ်သိက္ခာရှိတဲ့ အိုင်းရွန်းမေဒင်ရဲ့ ယုံကြည်သူတွေ ဖြစ်လာခဲ့ပြီး ဘဝမှာ ရည်ရွယ်ချက်အသစ်တစ်ခု ပေးအပ်ခံခဲ့ရသလို ဖတ်ချ်က သူတို့ဘဝကို ပြောင်းလဲပေးခဲ့သလိုမျိုး တခြားသူတွေရဲ့ ဘဝတွေကို ပြောင်းလဲပေးဖို့ အခွင့်အရေးတစ်ခုလည်း ရရှိခဲ့တယ်။
"ကျွန်တော်လည်း အတူတူပဲ... တကယ်လို့ ဒါက နိဂုံးဆိုရင်တောင် ကျွန်တော်က အိုင်းရွန်းမေဒင်နဲ့ တစ်သားတည်း ဖြစ်သွားမယ်ဆိုတာ သိနေရလို့ ကျေနပ်ပါတယ်"
"ကျွန်တော် အားလုံးနဲ့အတူ ရပ်တည်ပါတယ်... အိုင်းရွန်းမေဒင်ကို ချီးမွမ်းကြ... ကြီးမြတ်တဲ့ စလိုင်းမ်ကို ချီးမွမ်းကြ"
ကျန်ရှိနေတဲ့ အရပ်သားတွေကလည်း သူတို့ရဲ့ နောက်ဆုံးခွန်အားတွေကို စုစည်းပြီး သူတို့ရဲ့ ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်ကြတယ်။
ရုတ်တရက်ဆိုသလို ပျူရစ်ဗန်ပိုင်ယာတွေက လေထုထဲမှာ ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရတယ်။ ဒီလူသားတွေရဲ့ ယုံကြည်မှုက ဗန်ပိုင်ယာတွေကို ဖိနှိပ်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိအားတစ်ခုအဖြစ် ပုံပေါ်လာနေခဲ့တယ်။
"ဘာတွေ ဖြစ်နေတာလဲ"
ဗန်ပိုင်ယာတွေက သူတို့ရဲ့ ဆံပင်မွေးညင်းတွေ ထောင်ထသွားသလို ခံစားလိုက်ရတယ်။
"အားလုံးပဲ..." လို့ ဖတ်ချ်က တီးတိုးရေရွတ်လိုက်တယ်။ သူတို့ရဲ့ စကားတွေကို ကြားရတဲ့အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာသလို ခံစားလိုက်ရတယ်။
ဒီအချိန်လေးမှာပဲ သူ့ခန္ဓာကိုယ်ထဲမှာ သွေးခုန်သံတစ်ခုကို သူ ခံစားလိုက်ရတယ်။ အဲဒါက ဟိန်းဟောက်ဖို့ ဟန်ပြင်နေတဲ့ အင်ဂျင်တစ်ခုလို ပြင်းထန်အားကောင်းလာခဲ့တယ်။
တကယ်လို့ မိုက်ကယ်ကသာ ဒါကို မြင်နိုင်မယ်ဆိုရင် ဖတ်ချ်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဘုရားပန်းပဲဖိုက ပိုပိုပြီး တောက်ပလာတာကို သူ မြင်တွေ့ရမှာပဲ။ သူ့ရဲ့ အူတိုင်ထဲက တန်ခိုးစွမ်းရည်က စတင်ပုံပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲကနေ ဖြာထွက်လာတဲ့ ကြိုးမျှင်လေးတွေကို ဖန်တီးလိုက်ကာ သူ့ရဲ့ ပုံစံအတိအကျမရှိတဲ့ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို စိမ့်ဝင်သွားခဲ့တယ်။
ပျူရစ်ဗန်ပိုင်ယာက မြေပြင်ကို ခြေထောက်နဲ့ ဆောင့်နင်းလိုက်တယ်။ "ဒါ လုံးဝမဖြစ်နိုင်ဘူး... မင်းရဲ့ နတ်ဘုရားက ငါတို့ရဲ့ ကြီးမြတ်တဲ့ ဂိုင်ယာရှေ့မှာ လိမ်လည်လှည့်စားသူ သက်သက်ပဲ" လို့ သူက ရှုတ်ချလိုက်တယ်။ "မင်းရဲ့ အလိမ်အညာတွေကို သူတို့က ဘယ်လိုလုပ်ပြီး ယုံကြည်နေရတာလဲ... မင်းတို့က ငါတို့ ဗန်ပိုင်ယာတွေထက် စလိုင်းမ်တစ်ကောင်ကို ပိုယုံကြည်တယ်ပေါ့လေ"
ဖတ်ချ်က ခေါင်းမော့လိုက်တယ်။ "ကျွန်တော့်သခင်က လူတိုင်း သူတို့ဘဝမှာ သက်တောင့်သက်သာရှိစေဖို့ ကျွန်တော်တို့ ကြိုးစားကူညီသင့်တယ်လို့ ပြောခဲ့တယ်၊ သူက ရီနေးတားနိုင်ငံကနေတစ်ဆင့် အဲဒီလို လုပ်ဆောင်နေပြီး လူသားတွေ၊ လူတစ်ပိုင်းသတ္တဝါတွေနဲ့ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေကို တန်းတူညီမျှ ကူညီပေးနေတာပဲ၊ သူက လူတိုင်းကို အလင်းရောင်ပေးတဲ့ ကောင်းကင်ပေါ်က နေမင်းကြီးပဲ။
ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မလုပ်နိုင်ဘူး၊ အဲဒါ ကျွန်တော်မှ မဟုတ်တာ၊ ကျွန်တော်က လိမ်ညာတယ်၊ ခြယ်လှယ်တယ်၊ ပြီးတော့ လွှမ်းမိုးတယ်၊ သူ မလုပ်နိုင်တဲ့အရာတွေ၊ သူ မလုပ်သင့်တဲ့အရာတွေကို ကျွန်တော် လုပ်တယ်။
ကျွန်တော်က သူ့ရဲ့ အလင်းရောင်ကို ပိုပြီး တောက်ပလာစေဖို့ သူ့ခြေအောက်မှာရှိနေတဲ့ အရိပ်တစ်ခုပါ"
ဖတ်ချ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ခုန်လှုပ်နေတဲ့ စွမ်းအားတွေက အထွတ်အထိပ်ကို ရောက်ရှိသွားပြီး သူ့ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်လာကာ သူ့ပတ်ဝန်းကျင်မှာ ပြန့်နှံ့သွားတဲ့ ခရမ်းရောင် အလင်းရောင်တစ်ခုအဖြစ် ပုံပေါ်လာခဲ့တယ်။
သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ ဗန်ပိုင်ယာတွေရဲ့ အရိပ်တွေက အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရပြီး သူတို့ရဲ့ ကန့်သတ်ချုပ်ချယ်မှုကနေ သူ့ကို လွတ်မြောက်သွားစေတယ်။
"အား... ဘာဖြစ်တာလဲ"
သူတို့က တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး ဖတ်ချ်ကို ကြည့်လိုက်ကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ အရိပ်အချုပ်အနှောင်တွေ ပျက်စီးသွားနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ဖတ်ချ်အနေနဲ့ ဒါကို တန်ပြန်ဖို့ တန်ခိုးစွမ်းရည်ကို အသုံးပြုလိုက်လို့ပဲလေ။
ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလို့ ယူဆရတာလေ။ သူက စလိုင်းမ်တစ်ကောင်ပဲ ရှိသေးတာ။ သူက လူသား မက်ဂ်နက်တစ်တစ်ယောက် မဟုတ်ဘူး။ သူက တာအိုနှလုံးသားကို ပိုင်ဆိုင်ထားတဲ့ မှော်သားရဲ တစ်ပိုင်းသတ္တဝါတစ်ယောက်တောင် မဟုတ်ဘူး။ သူက စကားပြောနိုင်လောက်တဲ့ အသိဉာဏ်ရှိရုံလေးဖြစ်တဲ့ မိစ္ဆာတစ်ကောင်သာ ဖြစ်တယ်။
သူက ဒီစွမ်းအားကို မပိုင်ဆိုင်သင့်ဘူးလေ။
"ခိ ခိ ခိ..." လို့ ဖတ်ချ်က ရယ်မောလိုက်တယ်။ သူ့သွေးကြောတွေထဲမှာ စွမ်းအားသစ်တစ်ခု စီးဆင်းနေတာကို သူ ခံစားလိုက်ရတယ်။ 'သခင် ခံစားရတာ ဒါမျိုးကိုး'
"မင်း ဒါကို ဘယ်လိုလုပ်လိုက်နိုင်လဲဆိုတာ ငါ မသိပေမဲ့ ဒါက တိုက်ဆိုင်မှုသက်သက်ပဲ ဖြစ်ရမယ်" လို့ ပျူရစ်ဗန်ပိုင်ယာက သူ့ကိုယ်သူ ယုံကြည်အောင် ကြိုးစားရင်း ပြောလိုက်တယ်။ "မင်းမှာ အဲဒီစွမ်းအား မရှိဘူး၊ မင်းမှာ တာအိုနှလုံးသား မရှိသလို အဲဒီလူသားတွေ ပိုင်ဆိုင်ထားတဲ့ ဒီဗာလည်း မရှိဘူး"
သူ့စကားတွေကလည်း အဓိပ္ပာယ်ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ဖတ်ချ်ရဲ့ နှလုံးသားထဲမှာရှိတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကြောင့် သူ့ကို မက်ဂ်နက်တစ်တစ်ယောက်လို့ သတ်မှတ်နိုင်ရင်တောင် အဲဒါကို သက်သေပြဖို့ သူ့ခေါင်းအပေါ်မှာ ဒီဗာတစ်ခုမှ မရှိခဲ့ဘူးလေ။
"ဟီးဟီးဟီး... အို... မင်းတို့က အဲဒါကို မြင်ချင်လို့လား" လို့ ဖတ်ချ်က မေးလိုက်တယ်။
အဲဒီအချိန်လေးမှာပဲ သူ့ခန္ဓာကိုယ်ဆီကနေ ဧရာမလေပြင်းကြီးတစ်ခု တိုက်ခတ်လာပြီး ဗန်ပိုင်ယာတွေကို ခဏတာမျှ တွန့်ဆုတ်သွားစေတယ်။
ပြီးတော့ သူတို့ မျက်လုံးတွေ ပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ဖတ်ချ်က သူတို့ရဲ့ အမြင်အာရုံကနေ ပျောက်ကွယ်သွားခဲ့ပြီ။
သူတို့ အလွန်အံ့ဩသွားခဲ့တယ်။ သူတို့က သူ့ကို အပြည့်အဝ အာရုံစိုက်နေတဲ့အချိန်မှာ စလိုင်းမ်တစ်ကောင်က ကိုယ်ဖျောက်သွားတယ်ပေါ့လေ။
နောက်ဆုံးတော့ ပျူရစ်ဗန်ပိုင်ယာတွေထဲက တစ်ယောက်က သူ့မျက်လုံးထောင့်ကနေ အမည်းရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရတယ်။
သူက အမြန်လှည့်ကြည့်လိုက်တဲ့အခါ အမှောင်ထုထဲ မရောနှောသွားခင်မှာ သူ့ဆီကနေ လိမ့်ဆင်းသွားတဲ့ ဖတ်ချ်ရဲ့ ပုံရိပ်ကို မြင်လိုက်ရတယ်။
"သူ ဟိုမှာ" လို့ ဗန်ပိုင်ယာက ပြောလိုက်ရင်း မှောင်မည်းနေတဲ့ လမ်းကြားလေးဆီ အားလုံးရဲ့ အာရုံကို ဆွဲဆောင်လိုက်တယ်။
ဒါပေမဲ့ ဗန်ပိုင်ယာ မသိလိုက်တာက သူ့ရဲ့ အရိပ်ပုံစံက ချွန်ထက်တဲ့ ကတော့ပုံစံ နားရွက်တွေ၊ အဖြူရောင်မျက်လုံးတွေနဲ့ ပြုံးနေတဲ့ ပါးစပ်အပြည့်ပါရှိတဲ့ လုံးဝန်းတဲ့ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာကိုပဲ။
ဒါက ဒီဗာတစ်ခုပဲလေ။
* * * * * * * *
စာစဉ်(၅၈)