အခန်း ၇၀၄
Vol. 59 Ch. 704
အခန်း(၇၀၄)
"..."
မိုက်ကယ်တစ်ယောက် စကားပြောစရာတောင် ပျောက်ရှသွားတယ်။ သူက နောက်ထပ် ဂရီးဗ်တစ်ယောက်နဲ့ ဆက်ဆံနေရသလို ခံစားလိုက်ရတာပဲ။ ဟိုကျောက်တုံးစစ်သည်တော်အစား သူမကိုသာ ဂရီးဗ် ၂.၀ လို့ နာမည်ပေးသင့်တာ။
"မသိဘူးဆိုတာ ဘာသဘောလဲ"
ရွှေရောင်ဆံပင်နဲ့ ကောင်မလေးက သူမရဲ့ခေါင်းကို ကုတ်ဖို့ ကြိုးစားပေမဲ့ လက်ထိတ်တွေကြောင့် လက်က မမီဘူးဖြစ်နေတယ်။ "ငါ... ဘာမှ မမှတ်မိဘူး"
"ဒါဆို မင်းက ငါ့ကို ဒီနေရာဆီ ဘယ်လိုပို့လိုက်တာလဲ"
"ငါ... ငါ ဒီလိုပဲ ခံစားမိလိုက်တာ... နင် ငါ့ကို လာကယ်မယ်ဆိုတာ ငါ သိနေခဲ့တယ်..." လို့ သူမက မိုက်ကယ်ကို မျှော်လင့်တကြီး မော့ကြည့်ရင်း ပြောလိုက်တယ်။
"ဒါဆို ဒီလက်ထိတ်တွေကနေ ဘယ်လိုလွတ်အောင်လုပ်ရမလဲဆိုတဲ့ မှတ်ဉာဏ်လည်း မင်းမှာ မရှိဘူးပေါ့၊ မင်း ဒီကို ဘယ်လိုရောက်လာလဲ၊ မင်းကို ဘယ်သူ အကျဉ်းချထားလဲ၊ မင်း ဘယ်သူလဲဆိုတာကိုရော သိရဲ့လား"
ရွှေရောင်ဆံပင်နဲ့ ကောင်မလေးက ခေါင်းယမ်းလိုက်တယ်။ "ဟင့်အင်း... ငါ ဘာမှ မမှတ်မိဘူး"
မိုက်ကယ်တစ်ယောက် တော်တော်လေး စိတ်ပျက်သွားတယ်။ သူမကို လွှတ်ပေးရမယ့် တာဝန်ကြီးက သူ့အပေါ် ရုတ်တရက် ကျရောက်လာပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ သူ လုံးဝ မသိဘူးလေ။ သူမကို လွှတ်ပေးသင့်၊ မပေးသင့်တောင် သူ မသေချာဘူး။ သူမကို လွှတ်ပေးလိုက်တာက သူ့ကိုယ်သူရော တခြားလူတွေကိုပါ သတ်ပစ်မယ့် ကြီးမားတဲ့ မိစ္ဆာဆိုးကြီးတစ်ခုကို ကမ္ဘာကြီးထဲ လွှတ်ပေးလိုက်သလိုများ ဖြစ်သွားမလား။
ဒါပေမဲ့ သူမမျက်နှာပေါ်က ဘာမှနားမလည်တဲ့ အူကြောင်ကြောင် အမူအရာကို မြင်လိုက်ရချိန်မှာတော့ အဲဒီအတွေးကို သူ တော်တော်လေး သံသယဝင်သွားတယ်။
အဲဒီအချိန်မှာပဲ ဖတ်ချ်က သူ့ရဲ့အရိပ်ထဲကနေ ခုန်ထွက်လာပြီး ရွှေရောင်ဆံပင်နဲ့ ကောင်မလေးရဲ့ရှေ့ကို ဆင်းသက်လာခဲ့တယ်။ ဖတ်ချ်က ခရမ်းရောင်အလုံးလေးလိုဖြစ်နေတဲ့ သူ့ခေါင်းကိုစောင်းပြီး သူမကို စူးစမ်းလိုစိတ်နဲ့ ကြည့်လိုက်တော့ ကောင်မလေးကလည်း သူ့အမူအရာအတိုင်း အတုခိုးပြီး လိုက်လုပ်တယ်။
သူတို့နှစ်ယောက်ကြားမှာ မိုက်ကယ် သိပ်ပြီးသဘောမကျလှတဲ့ မျက်မြင်မရတဲ့ ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်သွားခဲ့တယ်။ ဖတ်ချ် စိတ်ဝင်စားတဲ့ ဘယ်အရာမဆိုက မြင်ရသလောက် ဘယ်တော့မှ ရိုးရှင်းမနေတတ်ဘူးလေ။
"သခင်... ကျွန်တော် သူ့ကို သဘောကျတယ်" လို့ ဖတ်ချ်က ကြေညာလိုက်တယ်။
"ဟီးဟီး... ငါလည်း နင့်ကို သဘောကျတယ် စလိုင်းမ်လေး၊ ငါတို့နှစ်ယောက်တော့... တော်တော်လေး တည့်ကြမယ်ထင်တယ်... ဟီးဟီး"
ဒီကောင်မလေးကို လွှတ်ပေးတာက မကောင်းတဲ့ အကြံဉာဏ်တစ်ခု ဖြစ်နိုင်တယ်ဆိုတာကို အခုတော့ မိုက်ကယ် အရင်ကထက် ပိုပြီး သေချာသွားခဲ့ပြီ။ တကယ်လို့ သူမက ဖတ်ချ်နဲ့ အဆင်ပြေနေတယ်ဆိုရင် သူမကလည်း ဖတ်ချ်လိုပဲ ကလိန်ကကျစ်ကျတတ်တဲ့သူ ဖြစ်ဖို့များတယ်။ ဘာပဲဖြစ်ဖြစ် စရိုက်တူတဲ့သူတွေက အတူတူ စုမိတတ်ကြတာပဲလေ။
"သခင် မြန်မြန်လုပ်၊ သူ့ကို ဘယ်လို လွှတ်ပေးကြမလဲ" လို့ လက်ထိတ်တွေကို ကိုက်ဖြတ်နေပြီဖြစ်တဲ့ ဖတ်ချ်က မေးလိုက်တယ်။
မိုက်ကယ်က ခါးထောက်လိုက်တယ်။ "လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်တုန်းကတင် မင်း တစ်ကိုယ်လုံး ကြောက်လန့်တကြား တုန်ယင်နေခဲ့တာလေ၊ ဘာတွေ ပြောင်းလဲသွားတာလဲ"
ဖတ်ချ်က ကလိန်ကကျစ် အပြုံးလေး ပြုံးပြလိုက်တယ်။ "ဟီးဟီး... သူက လူဆိုးမဟုတ်မှန်း ကျွန်တော် မြင်လိုက်လို့လေ"
မိုက်ကယ် သက်ပြင်းချလိုက်တယ်။ ဖတ်ချ်က လူတစ်ယောက်မှာ ရည်ရွယ်ချက်ကောင်း ရှိ၊ မရှိဆိုတာကို ဖော်ပြပေးနိုင်တဲ့ ကောင်းမွန်တဲ့ ညွှန်တံတစ်ခုဖြစ်တာမို့ ဒီကိစ္စနဲ့ပတ်သက်ပြီး စလိုင်းမ်လေးကိုပဲ သူ ပိုယုံချင်နေမိတယ်။
"ကောင်းပြီ၊ မင်းရဲ့ လက်ထိတ်တွေမှာ သော့ခလောက်တွေ ပါလား" လို့ သူမရဲ့ လှုပ်ရှားမှုကို တားဆီးထားတဲ့ သံကြိုးတွေကို လှမ်းကြည့်ရင်း သူက မေးလိုက်တယ်။
"မပါဘူး" လို့ သူမက ပြန်ဖြေတယ်။ "နင် အဲဒါကို ရိုက်ချိုးရမှာ"
သူက လက်ထိတ်မှာရှိတဲ့ သံကြိုးတွေကို ကိုင်တွယ်ကြည့်ရင်း ဘာနဲ့လုပ်ထားသလဲဆိုတာကို ဆုံးဖြတ်ဖို့ ကြိုးစားလိုက်တယ်။
သူ သိထားသလောက်တော့ ဒီလက်ထိတ်တွေကို ရိုးရိုးသတ္တု ဒါမှမဟုတ် သာမန်ပစ္စည်းတစ်ခုခုနဲ့ ပြုလုပ်ထားတာ မဟုတ်ဘူး။
'နိုဗာ... ဒါက ဘာဖြစ်နိုင်လဲဆိုတာ အကြံဉာဏ်ရှိလား'
[....]
ပစ္စည်းကို ခွဲခြမ်းစိတ်ဖြာဖို့ နိုဗာအတွက် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရတယ်။ နိုဗာက တစ်ခုခုကို ခွဲခြားသတ်မှတ်ဖို့ တစ်စက္ကန့်ထက်ပိုပြီး အချိန်မယူဖူးတာမို့ ဒါက တော်တော်လေး ထူးဆန်းနေခဲ့တယ်။ ဒီအချိန်ဆို သူမက အပ်ဒိတ် ငါးကြိမ်တောင် လုပ်ထားပြီးပြီဖြစ်ပြီး အပ်ဒိတ်တစ်ခုစီက သူမရဲ့ လုပ်ဆောင်နိုင်စွမ်းကို အများကြီး ပိုအားကောင်းလာစေခဲ့တာလေ။
ဒါပေမဲ့ ဒီလက်ထိတ်တွေကို ခွဲခြားသတ်မှတ်ဖို့ ကြိုးစားရာမှာ သူမအတွက် ဆယ်စက္ကန့်ထက်မက အချိန်ယူလိုက်ရတယ်။
[ဒီလက်ထိတ်တွေကို ဖန်တီးရာမှာ သုံးထားတဲ့ ပစ္စည်းက ကျွန်မရဲ့ ဒေတာဘေ့စ်ထဲမှာ မရှိပါဘူး၊ ဒါပေမဲ့ ၎င်းရဲ့ မော်လီကျူးဖွဲ့စည်းပုံကို ကြည့်ရှုပြီး ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားတဲ့ တခြားသော ဖွဲ့စည်းပုံတွေအားလုံးနဲ့ အပြန်အလှန် စစ်ဆေးကြည့်ရသလောက်တော့ ဒီလက်ထိတ်တွေကို သွေးနဲ့ ပြုလုပ်ထားတယ်ဆိုတာ ကျွန်မ ရာခိုင်နှုန်း ကိုးဆယ့်ကိုး သေချာပါတယ်]
'သွေး ဟုတ်လား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'
သူက ခိုင်မာတဲ့ ကြယ်ခြောက်လုံးအဆင့် မြေဒြပ်စင်ဘောလုံးမန္တန်ကို အမြန်ရွတ်ဆိုလိုက်ပြီး နံရံမှာ ရိုက်နှက်ထားတဲ့ သံကြိုးတွေဆီ ပစ်ပေါက်လိုက်တယ်။
နံရံပေါ်က ဖုန်မှုန့်အနည်းငယ် လွင့်စင်သွားတာကလွဲရင် သံကြိုးတွေက ခြစ်ရာတစ်ခုလေးတောင် မရှိဘဲ နဂိုအတိုင်း အကောင်းပကတိ ရှိနေခဲ့တယ်။
[ဒီသံကြိုးတွေက မီသရယ်လိုမျိုး ခိုင်ခံ့ပုံရတယ်] လို့ နိုဗာက ကောက်ချက်ချလိုက်တယ်။
ဒီလောက် ခိုင်ခံ့တဲ့ ပစ္စည်းတစ်ခုကို သွေးနဲ့ ပြုလုပ်ထားတယ်ဆိုတာ ယုံကြည်ဖို့ ခက်ခဲလှတယ်။
| အဲဒီမှာ တန်ခိုးစွမ်းရည်တွေ ရှိနေတယ်... အများကြီးပဲ | လို့ ဟာဘင်ဂျာက ပြောလိုက်တယ်။
| အဲဒါက တန်ခိုးစွမ်းရည်နဲ့ အားဖြည့်ထားတာ မဟုတ်ဘူး၊ သူ့အလိုလိုကိုက တန်ခိုးစွမ်းရည် ဖြစ်နေတာ |
ဒီလက်ထိတ်တွေရဲ့ ခိုင်ခံ့မှုကို သိလိုက်ရပြီးတဲ့နောက် ရွှေရောင်ဆံပင်နဲ့ ကောင်မလေးရဲ့ တကယ့်မည်သူမည်ဝါဖြစ်ကြောင်းကို သူ စတင် စဉ်းစားမိလာတယ်။
သူမက ဘယ်သူလဲ၊ ပြီးတော့ သန္ဓေဝိညာဉ်နယ်ပယ်အထက်က လူတစ်ယောက်မှသာ ဖျက်ဆီးနိုင်မယ့် လက်ထိတ်တွေနဲ့ သူမ ဘာလို့ အကျဉ်းချခံထားရတာလဲ။
ဒါမှမဟုတ် ပိုအရေးကြီးတာက သူမကို ဒီမှာ ဘယ်သူက အကျဉ်းချထားနိုင်တာလဲ။
"ဒီမှာ မင်းတစ်ယောက်တည်းလား" လို့ အခန်းထဲကို သတိနဲ့ ဝေ့ကြည့်ရင်း သူက မေးလိုက်တယ်။ သူမကို ဒီမှာ အကျဉ်းချထားတဲ့သူက လက်ထိတ်တွေကနေ လွတ်အောင် ကြိုးစားပေးနေတဲ့သူကို တွေ့ရင် သိပ်ပြီး သဘောကျနေမှာ မဟုတ်ဘူးလေ။
"ဒီလိုပဲ ထင်တယ်... ငါ နိုးလာတော့ တခြားဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူး" လို့ သူမက ပြောတယ်။
"မင်း နိုးလာတဲ့အချိန် ဟုတ်လား၊ အဲဒါ ဘယ်တုန်းကလဲ"
သူမ ပခုံးတွန့်ပြလိုက်တယ်။ "ငါ... မသိဘူး၊ အချိန်တော်တော် ကြာနေပြီလို့တော့ ငါ ထင်တယ်"
သာမန်လူသားတစ်ယောက်အနေနဲ့ အစာရေစာမရှိဘဲ ငါးရက်ထက်ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်မလေးက သူမကိုယ်သူမ လွတ်မြောက်အောင် ကြိုးစားရင်း နံရံတွေမှာ အက်ကွဲရာတွေနဲ့ ဟောင်းနွမ်းပျက်စီးနေတာတွေကို ကြည့်ရသလောက်တော့ သူမ ဒီကို ရောက်နေတာ အနည်းဆုံး တစ်လလောက်တော့ ရှိနေပြီလို့ ထင်ရတယ်။
ဒါကြောင့် သူမက ကျင့်ကြံသူ ဒါမှမဟုတ် မှော်ဆရာတစ်ယောက် ဖြစ်ဖို့များတယ်။ လေထုထဲမှာရှိတဲ့ သဘာဝ မှော်စွမ်းအင်ကနေတစ်ဆင့် သူမကိုယ်သူမ အသက်ဆက်နိုင်တာမျိုး ဖြစ်နိုင်တယ်။
[အချိန်ကို ခန့်မှန်းဖို့ ပိုကောင်းတဲ့နည်းလမ်း ကျွန်မမှာ ရှိတယ် မိုက်ကယ်]
'ဘယ်လိုလုပ်မလို့လဲ'
[လှေကားကနေ အောက်ဆင်းသွားပြီး အခန်းထဲက ဖယောင်းတိုင်တွေအားလုံးကို ကျွန်မကို ခွဲခြမ်းစိတ်ဖြာခွင့်ပြုပါ]
ဒါက နိုဗာဆီကနေ ထွက်ပေါ်လာတဲ့ ထက်မြက်တဲ့ အကြံဉာဏ်တစ်ခုပဲ။ ဖယောင်းတိုင် ဘယ်လောက် အရည်ပျော်သွားပြီလဲဆိုတာကို ကြည့်ပြီး အချိန်ဘယ်လောက် ကြာသွားပြီလဲဆိုတာကို သူ သိနိုင်မှာလေ။
သူ လှေကားကနေ ဆင်းသွားလိုက်တော့ သာမန်လူတစ်ယောက်ရဲ့ တစ်ဝက်လောက် အရွယ်အစားရှိတဲ့ ဖယောင်းတိုင်ခုံရှည်တွေပေါ်မှာ တင်ထားတဲ့ ဖယောင်းတိုင်တွေကို တွေ့လိုက်ရတယ်။
အဲဒီဖယောင်းတိုင်တွေ ရာနဲ့ချီ ရှိနေမှာ အသေအချာပဲ။
သူ အနားရောက်သွားတာနဲ့ နိုဗာက သူမရဲ့ တွက်ချက်မှုတွေကို ပြသပေးလိုက်တယ်။
[ဖယောင်းတိုင်ရဲ့ ဖယောင်းကို နှစ်ထောင်ပေါင်းများစွာ ခံတယ်လို့ လူသိများတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုနဲ့ ပြုလုပ်ထားတာပါ]
'နေပါဦး... ထောင်ပေါင်းများစွာ ဟုတ်လား'
[ဖယောင်းတိုင်တွေက တစ်ဝက်ကျော် အရည်ပျော်သွားပြီဖြစ်လို့ ဖယောင်းတိုင်တွေကို စတင်ထွန်းညှိခဲ့တဲ့ အချိန်ကနေစပြီး နှစ်ပေါင်းတစ်ထောင် ကြာသွားပြီလို့ ကောက်ချက်ချရင် မှန်ကန်နိုင်ပါတယ်]
သူ စကားဆွံ့အသွားခဲ့တယ်။ နှစ်တစ်ထောင် ဟုတ်လား။ ရွှေရောင်ဆံပင်နဲ့ ကောင်မလေးက ဒီအကျဉ်းထောင်ထဲမှာ နှစ်တစ်ထောင်လောက် တကယ်ကြီး အသက်ရှင်နေနိုင်ခဲ့တာလား။
တကယ်လို့သာ အဲဒီလိုဆိုရင် သူမက တကယ် ဘယ်သူလဲ။ သူမက သာမန်လူသားတစ်ယောက် မဟုတ်တာတော့ သေချာတယ်။ ထောင်ဂဏန်းအထိ ရှည်လျားတဲ့ သက်တမ်းရှိတာဆိုလို့ သူတို့ပဲ ရှိတာမို့ သူမက မှော်သားရဲ တစ်ပိုင်းသတ္တဝါမျိုးနွယ်ဝင်ပဲ ဖြစ်ရမယ်။
'ငါ ကောက်ချက်ချတာ မြန်လွန်းနေပြီ၊ ဖယောင်းတိုင်တွေက နှစ်တစ်ထောင် ခံပေမဲ့ သူမကလည်း ဒီထဲမှာ အဲဒီလောက် ကြာအောင် ရှိနေခဲ့တယ်လို့ ဆိုလိုတာမှ မဟုတ်တာ'
ဒါပေမဲ့လည်း သူမက သေမျိုးတစ်ပိုင်းလို သတ္တဝါမျိုးဖြစ်မယ်လို့ ယုံကြည်နေတဲ့ သူ့ရဲ့ စိတ်တစ်စိတ်တစ်ပိုင်းလည်း ရှိနေသေးတယ်။ ဘာပဲဖြစ်ဖြစ် သန္ဓေဝိညာဉ်နယ်ပယ်အထက် သတ္တဝါတွေအတွက် ပြုလုပ်ထားတဲ့ လက်ထိတ်တွေနဲ့ ဒီမှာ အကျဉ်းချခံထားရလောက်အောင် သူမက ထူးခြားနေတယ်လေ။
တွေ့ရှိချက်ကြောင့် သူ တွေဝေသွားဆဲနဲ့ပဲ လှေကားပေါ် ပြန်တက်လာခဲ့တယ်။
အဲဒီအခါမှာတော့ တော်တော်လေး ပျော်ရွှင်နေပုံရတဲ့ ဖတ်ချ်နဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်မလေးတို့ တခစ်ခစ် ရယ်မောနေကြတာကို သူ တွေ့လိုက်ရတယ်။
"ဟီးဟီး... တကယ်လား"
"အင်း... နောက်မှ ငါ ပြမယ်" လို့ ဖတ်ချ်က ကတိပေးလိုက်တယ်။
သူတို့ ဘာတွေ ပြောနေကြလဲဆိုတာကို သူ မသိပေမဲ့ ကောင်းတဲ့ကိစ္စ မဟုတ်တာတော့ သေချာတယ်။
"သခင်... သူ့ကို အခု လွှတ်ပေးလို့ရမလားဟင်၊ ကျေးဇူးပြုပြီးတော့လေ"
ဒီလက်ထိတ်တွေက သူ့လို အဆင့်နိမ့်သတ္တဝါတွေအတွက် ဖျက်ဆီးလို့မရနိုင်တာမို့ မဖြစ်နိုင်ဘူးလို့ သူ ပြောမလို့ပဲ။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဟာဘင်ဂျာက သူ့ကို အကြံတစ်ခု ပေးလာခဲ့တယ်။
| အဲဒါကို ပျက်စီးစေနိုင်တဲ့အရာ မင်းဆီမှာ ရှိတယ်... မင်းရဲ့ သဟဇာတလက်နက်တွေလေ |
သူ ချက်ချင်း တက်ကြွသွားတယ်။ တကယ်လို့ တန်ခိုးစွမ်းရည်ကို ပျက်စီးစေနိုင်တဲ့အရာ တစ်ခုခု ရှိတယ်ဆိုရင် အဲဒါက သူ့ရဲ့ သဟဇာတအလင်းတန်းတွေ ဖြစ်မှာ သေချာတယ်လေ။
* * * * * * * *
စာစဉ်(၅၉)