အခန်း ၇၀၆
Vol. 59 Ch. 706
အခန်း(၇၀၆)
ရွှေရောင်ဆံပင်နဲ့ မိန်းကလေးကိုယ်တိုင်က သူမ ဘယ်သူဘယ်ဝါမှန်း မသိတဲ့အတွက် သူမရဲ့ တကယ့်ဖြစ်တည်မှုကို ရှာဖွေနိုင်ဖို့ သူ့မှာ တကယ့်နည်းလမ်း မရှိခဲ့ဘူး။ ဒါပေမဲ့ အခုချိန်အထိ သူ စုဆောင်းရရှိထားတဲ့ သဲလွန်စတွေအရတော့ သူ သေချာစဉ်းစားပြီး ခန့်မှန်းကြည့်နိုင်တယ်။
ပထမအချက်အနေနဲ့ သူမက ဒီနေရာမှာ အနည်းဆုံး နှစ်ပေါင်းတစ်ထောင်လောက် ပိတ်လှောင်ခံထားရတဲ့ပုံပဲ။ သူမက အသက်တစ်ထောင်ကျော်နေပြီဖြစ်ပေမဲ့ ဒီလောက် ငယ်ရွယ်တဲ့ရုပ်ရည်မျိုး ရှိနေသေးတယ်ဆိုတော့ သူမဟာ သက်တမ်းအလွန်ရှည်လျားတဲ့ လူသားတစ်မျိုးမျိုး ဖြစ်ရမယ်လို့ ဆိုလိုတာပဲ။
နောက်တစ်ချက်က သွေး။ မီသရယ်လိုမျိုး မာကျောတဲ့ပုံပေါ်တဲ့ အဲဒီ လက်ထိတ်တွေက သွေးတွေနဲ့ ပြုလုပ်ထားပြီး သန္ဓေဝိညာဉ်နယ်ပယ်ကိုတောင် ကျော်လွန်တဲ့ တန်ခိုးစွမ်းရည်တွေ ရှိနေတယ်။
တကယ်လို့ သူမက အဲဒီလက်ထိတ်တွေကို သူမကိုယ်တိုင်အတွက် ဖန်တီးခဲ့တာဆိုရင် သူမက သွေးကို သူမရဲ့ ကိုယ်ပိုင်စွမ်းအားအဖြစ် အသုံးပြုနိုင်တယ်လို့ ဆိုလိုပြီး သူမရဲ့ အစစ်အမှန် စွမ်းအားက သူ အခုချိန်ထိ စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်တဲ့ အရာတစ်ခု ဖြစ်နေလိမ့်မယ်။
သွေးရယ်.. မသေနိုင်တဲ့အဖြစ်ရယ်.. ဒီသဲလွန်စ နှစ်ခုတည်းနဲ့တင်... သူမက ဗန်ပိုင်ယာ တစ်ယောက်များလား။
ပိုပြီး ရဲတင်းတဲ့ အတွေးတစ်ခု သူ့ခေါင်းထဲ ဝင်လာခဲ့တယ်။
မူလဗန်ပိုင်ယာလား။
ဒီအကြောင်းကို တွေးပြီးသွားတော့ ဂီလာမိုနဲ့ တခြား ဗန်ပိုင်ယာတွေက မူလဗန်ပိုင်ယာနဲ့ပတ်သက်ပြီး ပြောခဲ့တာတွေကို ပြန်အမှတ်ရရင်း ရွှေရောင်ဆံပင်နဲ့ မိန်းကလေးကို သူ ထပ်ပြီး လှမ်းကြည့်လိုက်တယ်။
အိုင်းရွန်းမေဒင် ဘုရားကျောင်းမှာ သူတို့ ထုဆစ်ထားတဲ့ ပုံဖော်ချက်တွေအရ မူလဗန်ပိုင်ယာက ကောင်းကင်တမန်တစ်ပါးနဲ့တောင် ယှဉ်နိုင်တဲ့ တည်ငြိမ်အေးချမ်းမှု၊ သန့်စင်မှုတွေနဲ့အတူ မသေနိုင်တဲ့ အလှတရားနဲ့ ဉာဏ်ပညာရှိတဲ့သူတစ်ယောက် ဖြစ်ပုံရတယ်။
ဒါပေမဲ့ ရွှေရောင်ဆံပင်နဲ့ မိန်းကလေးကို သူ ကြည့်လိုက်တဲ့အခါမှာတော့ သူမကို ကလေးဆိုးလေးတစ်ယောက်လိုပဲ မြင်နေမိတော့တယ်။ အထူးသဖြင့် နောက်ပြောင်ဖို့ စီစဉ်နေတဲ့ ဆော့ကစားတတ်တဲ့ ကလေးငယ်နှစ်ယောက်လို ဖတ်ချ်နဲ့ ပူးပေါင်းနေတဲ့အချိန်မျိုးမှာပေါ့။
"ဟီးဟီးဟီး... အိမ်ရောက်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို ငါ သင်ပေးမယ်" လို့ ဖတ်ချ်က သူ့ကိုယ်သူ စီနီယာတစ်ယောက်လို သဘောထားပြီး ပြောလိုက်တယ်။
"ငါ မစောင့်နိုင်တော့ဘူး" လို့ သူမက ပြန်ဖြေလိုက်တယ်။ "ဒီ နင်ဂျာ အကြောင်းတွေကို ငါ့ကို ထပ်သင်ပေးရမယ်နော်၊ ကြားရတာ တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ"
မိုက်ကယ်က ခေါင်းကို အမြန်ယမ်းလိုက်တယ်။ 'မဟုတ်ဘူး.. မဟုတ်ဘူး.. သူမက မူလဗန်ပိုင်ယာ မဖြစ်နိုင်ဘူး'
သူ မယုံနိုင်ခဲ့ဘူး။ သူ မယုံချင်ခဲ့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားကို သိနိုင်ဖို့ သူ့အတွက် နည်းလမ်းမရှိတာမို့ သူ တတ်နိုင်တာ ဘာမှမရှိခဲ့ဘူး။ သူမ လုပ်လာနိုင်တဲ့ နောက်ပြောင်မှုတွေအတွက် အနီးကပ် စောင့်ကြည့်ရမယ့် နောက်ထပ် မဟာမိတ်တစ်ယောက်အနေနဲ့ပဲ သူမကို သဘောထားလိုက်တော့တယ်။
"အာ.. ဟေး... မူလဗန်ပိုင်ယာ ဆိုတဲ့ စကားလုံးက မင်းအတွက် တစ်ခုခု အဓိပ္ပာယ်ရှိလား၊ မင်း တစ်ခုခု မှတ်မိတာမျိုး ရှိလား" လို့ သေချာသွားအောင် သူက သူမကို မေးလိုက်တယ်။
ကံကောင်းစွာနဲ့ပဲ သူမက ခေါင်းယမ်းပြခဲ့တယ်။ ဒါက သူမ ဒီလို စကားလုံးမျိုးကို ပထမဆုံးအကြိမ် ကြားဖူးတဲ့ပုံစံပဲ။ "ဟင့်အင်း... အဲဒီအကြောင်း ငါ ဘာမှမသိဘူး၊ ဗန်ပိုင်ယာ ဆိုတာ ဘာကြီးလဲ"
"သူတို့က နင်ဂျာ တွေထက် အဆင့်နိမ့်တဲ့ သူတွေလေ" လို့ ဖတ်ချ်က ပြောလိုက်တယ်။ "သူတို့အကြောင်း ပူမနေပါနဲ့၊ တော်တဲ့ အမျိုးသမီး နင်ဂျာ သို့မဟုတ် ကူနိုအီချီ တစ်ယောက်ဖြစ်ဖို့ကိုပဲ အာရုံစိုက်ထား၊ နေဦး... မင်းမှာ နာမည်မရှိသေးဘူးမလား၊ မင်းကို ကူနို လို့ ခေါ်ရင် ဘယ်လိုလဲ"
(TR Note: ကူနိုအီချီ ဆိုတာ အမျိုးသမီးနင်ဂျာ)
ရွှေရောင်ဆံပင်နဲ့ မိန်းကလေးက ခဏလောက် စဉ်းစားလိုက်ပြီးမှ အပြစ်ကင်းစင်စွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ "ကူနို... ငါ သဘောကျတယ်၊ ကူနို က ငါ့နာမည်ပဲ"
သူမက မေ့သွားမှာစိုးလို့ သူမကိုယ်သူမ အကြိမ်များစွာ ထပ်ခါတလဲလဲ ရေရွတ်နေတာမို့ ကူနို က သူမရဲ့ နာမည်ကို တကယ် သဘောကျနေတဲ့ပုံပဲ။
"အခု မင်းမှာ ကိုယ်ပိုင်နာမည် ရှိသွားတာ ကောင်းပါတယ်၊ ဒါပေမဲ့ မင်းရဲ့ တကယ့် ဖြစ်တည်မှုကို မမေ့ရင်တော့ ပိုကောင်းမယ်" လို့ သူက သူမကို သတိပေးလိုက်တယ်။
"ငါ့ရဲ့ တကယ့် ဖြစ်တည်မှု..." လို့ ကူနို က တီးတိုးရေရွတ်လိုက်တယ်။ "ငါ ထင်တာ... အဲဒီ သွေးတွေကို ငါ ထပ်ပြီး စုပ်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့ အတိတ်အကြောင်းတွေကို ပိုမှတ်မိလာနိုင်မယ် ထင်တယ်"
သွေးလက်ထိတ်တွေ အရည်ပျော်ပြီး သူမရဲ့ အရေပြားထဲ စိမ့်ဝင်သွားချိန်မှာမှ သူမရဲ့ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို ပြန်ရခဲ့တာလေ။
အဲဒီသွေးတွေကို သူမ ပိုရခဲ့မယ်ဆိုရင် အတိတ်မေ့ရောဂါ မဖြစ်ခင်က သူမရဲ့ ဘဝအကြောင်းကို ပိုပြီး မှတ်မိလာနိုင်တယ်လို့ ကောက်ချက်ချတာက မှန်ကန်လိမ့်မယ်။
ကံမကောင်းစွာနဲ့ပဲ အနီးနား ပတ်ဝန်းကျင်မှာ တခြား သွေးလက်ထိတ်တွေ ရှိနေတဲ့ပုံ မပေါ်ဘူး။
"အများကြီး ရှိသေးတယ်" လို့ ကူနို က အခိုင်အမာ ပြောလိုက်တယ်။ "ဒါပေမဲ့... အဲဒါတွေ ဘယ်မှာရှိလဲဆိုတာကို ငါ မေ့သွားပြီ၊ အပြင်ဘက်မှာ အဲဒီသွေးတွေ အများကြီး ရှိသေးတယ်ဆိုတာကိုပဲ ငါ သိတယ်၊ ငါ ရှာတွေ့ဖို့အတွက် နေရာအနှံ့မှာ ငါ ထားခဲ့တာ ဖြစ်မယ်လို့ ထင်တယ်"
သူမ အကျဉ်းမကျခင်က ကူနို တစ်ယောက် ဘယ်လို ဘဝမျိုးကို ဖြတ်သန်းခဲ့ရမလဲဆိုတာကို မိုက်ကယ် တွေးတောနေမိတယ်။ တကယ်လို့ သူမက သူမရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပြီး နှစ်တစ်ထောင်ကြာ အကျဉ်းချထားဖို့အတွက် သူမရဲ့ ကိုယ်ပိုင် သွေးလက်ထိတ်တွေထဲမှာ သိမ်းဆည်းခဲ့ရတယ်ဆိုရင် ဒီလို ပြင်းထန်တဲ့ နည်းလမ်းတွေကို သုံးရတဲ့အထိ သူမမှာ ဘာတွေများ ဖြစ်ခဲ့တာလဲ။
အဲဒီ မေးခွန်းတွေ အားလုံးကို ကူနို ကပဲ ဖြေဆိုနိုင်မှာဖြစ်ပြီး ကူနို တစ်ယောက်တည်းကပဲ သိမှာလေ။ သူမက ဘယ်မှာထားခဲ့လဲဆိုတာကို မမှတ်မိတာ သေချာတဲ့အတွက် ကမ္ဘာတစ်ဝန်းက တစ်နေရာရာမှာရှိတဲ့ ခဲနေတဲ့ သွေးလက်ထိတ်တွေကို သူ ရှာဖွေရတော့မယ်။
'နိုဗာ... တကယ်လို့ ငါသာ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့ရင် ငါ ပြန်ယူလို့ရမှန်း သိတဲ့ နေရာတစ်ခုမှာ အဲဒါတွေကို သေချာပေါက် ထားပေးပါ'
[နားလည်ပါပြီ၊ အဲဒီ စိတ်ကြိုက်ရွေးချယ်မှုကို မှတ်ဉာဏ်ဖျက်ပရိုတိုကော အတွက် သိမ်းဆည်းနေပါတယ်]
'ဝိုး... ငါက နောက်ပြောင်ပြီး ပြောလိုက်တာပါ၊ ဒါပေမဲ့ မင်းမှာ အဲဒီ ဆက်တင် တကယ် ရှိတာလား'
[ဟုတ်ပါတယ်၊ မဖြစ်နိုင်လောက်တဲ့ အခြေအနေပေါင်းများစွာအတွက် ပရိုတိုကော တွေ အများကြီးကို ကျွန်မ သတ်မှတ်ထားပါတယ်၊ ဆရာ သေဆုံးသွားတဲ့အခါအတွက် ပရိုတိုကော တစ်ခု ရှိသလို ဆရာ ရုတ်တရက် လူဆိုးကြီးဖြစ်သွားပြီး ကမ္ဘာကြီးကို သိမ်းပိုက်လိုက်တဲ့အခါအတွက် တစ်ခု၊ ပြီးတော့ အမျိုးသမီး အများကြီးပါတဲ့ ဟာရမ်တစ်ခုကနေ ကလေးတွေ ယူဖို့ ရှင် ဆုံးဖြတ်လိုက်တဲ့အခါအတွက်လည်း တစ်ခု ရှိပါတယ်]
'ဘာ'
[အို... ဟာရမ်တဲ့လား၊ အဲဒီအသံလေးကို ငါ နည်းနည်း သဘောကျသွားပြီ]
အဲဒါကို ကြားလိုက်ရတဲ့အခါ မိုက်ကယ်တစ်ယောက် လည်ပင်းလိမ်သွားသလို ခံစားလိုက်ရတယ်။ 'ငါက အဲဒီအရာတွေထဲက ဘယ်ဟာကိုမှ လုပ်မှာ မဟုတ်ဘူးကွ'
[အဲလိုဖြစ်နေရင်တောင် ဖြစ်လာနိုင်တဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို လုပ်ဆောင်ဖို့ ပရိုတိုကော တွေ အများကြီးကို ကျွန်မ ဖန်တီးထားပါတယ်၊ ဒါပေမဲ့ ဆရာ သိထားဖို့က ဆရာနောက်ဆုံးမှာ ရွေးချယ်နိုင်တဲ့ ဒါမှမဟုတ် မရွေးချယ်နိုင်တဲ့ ဆုံးဖြတ်ချက်တွေအားလုံးမှာ ကျွန်မက ဆရာ့ကို အမြဲတမ်း ကူညီပေးသွားမှာပါ]
| ချီး... ဖားနေတာပဲ |
[ငတုံးလေး]
မိုက်ကယ်က သူ့စိတ်ထဲမှာရှိတဲ့ ကွက်လပ်ကြီးထဲကနေ ချက်ချင်း ထွက်လာခဲ့တယ်။ ကူနို ရဲ့ တကယ့် ဖြစ်တည်မှုအကြောင်းကို သူ ပြောနေတာကနေ ဘယ်လိုဖြစ်ပြီး ဟာရမ်အကြောင်းကို စကားရာရောက်သွားလဲ မသိဘူး။
"ဒီကနေ ထွက်သွားကြစို့" လို့ သူက သူတို့ကို ပြောလိုက်တယ်။
အခု ကူနို လွတ်မြောက်သွားပြီဆိုတော့ သူတို့အနေနဲ့ ဒီ ခြောက်ကပ်ကပ် ရဲတိုက်ကြီးထဲမှာ ဆက်နေစရာ အကြောင်းမရှိတော့ဘူး။
"အိုကေ... ငါ အဆင်သင့်ပဲ" လို့ ကူနို က စိတ်လှုပ်ရှားစွာနဲ့ သူမရဲ့ လက်တွေကို ဆုပ်ထားရင်း ပြောလိုက်တယ်။
"ငါတို့ကို နေရာရွှေ့ပေးတော့"
"ငါတို့ကို နေရာရွှေ့ပေးတော့"
မိုက်ကယ်နဲ့ ကူနို တို့ နှစ်ယောက်လုံးက အချင်းချင်း ကြည့်လိုက်ကြတယ်။
"အာ... အဲဒါ ငါ ပြောရမယ့်စကားလေ" လို့ သူက သူမကို ပြောလိုက်တယ်။
"ဟင်" လို့ သူမက ခေါင်းလေးစောင်းပြီး မေးလိုက်တယ်။
မိုက်ကယ်က ခေါင်းငိုက်စိုက်ကျသွားပြီး သက်ပြင်းချလိုက်တယ်။
"ဒီနေရာကနေ ငါ ထွက်သွားလို့ မရဘူးဆိုတာ မင်း သိတယ်မလား"
ကူနို က ပခုံးတွန့်ပြလိုက်တယ်။ "ငါ မသိဘူးလေ"
"မင်းပဲ ငါ့ကို ဒီကို နေရာရွှေ့ပေးခဲ့တာလေ" လို့ သူက သူမကို ပြောလိုက်တယ်။ "ငါ့ကို ပြန်ပြီး နေရာရွှေ့ပေးလို့ မရဘူးလား"
ဒါပေမဲ့ ထုံးစံအတိုင်းပဲ သူမကို သူ စကားပြောဖို့ ကြိုးစားနေချိန်မှာ ရွှေရောင်ဆံပင်နဲ့ မိန်းကလေးက ဘာမှမရှိတဲ့ နေရာကို ငေးကြောင်ကြောင်နဲ့ စိုက်ကြည့်နေခဲ့တယ်။
သူက နံရံတွေဆီ လျှောက်သွားပြီး ရဲတိုက်တစ်ခုလုံးကို တည်ဆောက်ထားတဲ့ အနက်ရောင် အုတ်ခဲတွေကို ကိုင်ကြည့်လိုက်တယ်။
သူ့ရဲ့ စွမ်းရည်အမြင်ကို အသုံးမပြုဘဲနဲ့တောင် နံရံတွေတစ်လျှောက် စီးဆင်းနေတဲ့ တန်ခိုးစွမ်းရည်ရဲ့ ခုန်လှုပ်မှုကို သူ ခံစားသိရှိနိုင်တယ်။ အဲဒါက သူ့ကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မလုပ်နိုင်အောင်နဲ့ သူ့ရဲ့ အရိပ်ကိုယ်ပွားတွေနဲ့ နေရာရွှေ့ပြောင်းတာမျိုး မလုပ်နိုင်အောင် တက်ကြွစွာ တားဆီးနေခဲ့တယ်။
အဆိုးဆုံးကတော့ နံရံတွေပေါ်က စွမ်းအားက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ထက် အများကြီး သာလွန်နေတာပဲ။ သူ့ရဲ့ စွမ်းရည်တွေ ဒါမှမဟုတ် မှော်မန္တန်တွေ တစ်ခုကမှ သူတို့ကို ဒီကနေ ထွက်သွားနိုင်အောင် မလုပ်ပေးနိုင်ဘူး။
'နိုဗာ... ဟာဘင်ဂျာ... အကြံဉာဏ် တစ်ခုခုများ ရှိလား'
| နံရံကို ထပ်ကိုင်ကြည့်လိုက် | လို့ ဟာဘင်ဂျာက ပြောလိုက်တယ်။ | ငါ တစ်ခုခုကို စစ်ဆေးချင်လို့ |
ဟာဘင်ဂျာ ပြောတဲ့အတိုင်း သူ လုပ်လိုက်ပြီး သူ့ရဲ့ လက်ဖဝါးကို အေးစက်ပြီး မှောင်မည်းနေတဲ့ အုတ်ခဲတွေပေါ် တင်လိုက်တယ်။
| ဟင်း... ကံကောင်းတာက နံရံတွေက သိပ်မထူဘူး၊ အဲဒီအလွန်မှာက မြေအောက်က သာမန် ကျောက်တုံးတွေကလွဲပြီး ဘာမှမရှိဘူး။ တကယ်လို့ မင်းက အဲဒါကို ဖြတ်သန်းသွားဖို့အတွက် မင်းရဲ့ ကွမ်တမ်ခြေလှမ်း ကို သုံးနိုင်မယ်ဆိုရင် မင်းရဲ့ ဒရုန်းမှာပါတဲ့ ဖြတ်သန်းနိုင်တဲ့ စွမ်းရည်ကို သုံးပြီး နေရာတိုင်းက မာကျောတဲ့ ကျောက်တုံးတွေကို ဖြတ်ကျော်ကာ ပြင်ပကမ္ဘာကို ထွက်သွားလို့ရပြီလေ၊ လွယ်လွယ်လေးပဲ]
အဲဒီလောက် ရိုးရှင်းတဲ့ ဖြေရှင်းနည်း ရှိနေပေမဲ့ အဲဒါကို အကောင်အထည်ဖော်ဖို့ကတော့ လုံးဝကို တခြားကိစ္စတစ်ခု ဖြစ်နေတယ်။
ဘာပဲဖြစ်ဖြစ် သူက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ စတုတ္ထအဆင့်မှာပဲ ရှိနေသေးတာလေ။ သူ့ရဲ့ တန်ခိုးစွမ်းရည် အားလုံးကို အသုံးပြုရင်တောင် သူ့ရဲ့ ကွမ်တမ်ခြေလှမ်း အတွက် စွမ်းအင်တစ်ကြိမ်စာတောင် သူ မရနိုင်သေးဘူးလေ။
* * * * * * * *
စာစဉ်(၅၉)