အခန်း (၂၇၁၉-၂၇၂၀)
Vol. 272 Ch. 2719-2720
အခန်း (၂၇၁၉) - ငါတို့ အိမ်ပြန်ရောက်ကြပြီ
"ငါ ဒီ ဖမ်းဆီးရေးဌာနက တာဝန်ရှိသူနေရာမှာ ဆက်ထိုင်နိုင်၊ မနိုင်ဆိုတာကို မင်း အနေနဲ့ စိုးရိမ်ပေးစရာ မလိုပါဘူး။"
ရှူလုံ ကောင်းကင်အရှင်က အေးစက်စက် လေသံဖြင့် ပြန်ပြောသည်။
"ဒီကိစ္စနဲ့ မင်းနဲ့ ပတ်သက်နေတာကို ထောက်ထားပြီးတော့၊ မင်းကို ဖမ်းဆီးရေးဌာနမှာ ခဏတာ နေထိုင်ခိုင်းထားမယ်။"
"ဒါကိုတော့ ကျွန်တော် အလိုချင်ဆုံးပါပဲ။ ကျွန်တော့်အပေါ် သံသယတွေကို ဖမ်းဆီးရေးဌာနက အမြန်ဆုံး ရှင်းထုတ်ပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။"
"ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ပြောရရင် မတော်တဆမှုတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မျိုးနွယ်ထဲက ဖန့်ချန်ဆိုတဲ့ကောင်က အသက်အရမ်းမာတယ်၊ ဒီလောက်နဲ့တော့ မသေလောက်ပါဘူး၊ သူ ပြန်လာနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။"
"ကျန်တဲ့သူတွေကတော့... ပြောရခက်သားပဲ။"
ချင်ဟော်ဆွေ့က ပြုံးလျက် ခေါင်းညိတ်သည်။
သူ့ထံတွင် ကြောက်ရွံ့မှုအရိပ်အယောင် လုံးဝမရှိသည်ကို သတိပြုမိလိုက်ကြသည်။
နေရာတွင် ရှိနေကြသော တာဝန်ရှိသူများသည် ချင်ဟော်ဆွေ့အပေါ် မိမိတို့၏ အမြင်များ မှားယွင်းနေခဲ့သည်ကို ရုတ်တရက် သဘောပေါက်သွားကြသည်။
"ဒါနဲ့... ကျွန်တော် ကောင်းကင်အရှင်အဆင့် (၂) ကို တက်လှမ်းတော့မယ်။ ဒီဖမ်းဆီးရေးဌာနမှာပဲ တက်လှမ်းလိုက်ရင် ဘယ်လိုလဲ။ ဒီနေရာက လုံခြုံမှုလည်း ရှိတော့ အပြင်ကနေ ဘယ်လို အနှောင့်အယှက်မှ လာမထိခိုက်နိုင်ဘူးလေ။"
ချင်ဟော်ဆွေ့က ဆိုသည်။
"ဒီနေရာက မင်းရဲ့ ကျင့်ကြံရာ နေရာမဟုတ်ဘူး။"
ရှူလုံ ကောင်းကင်အရှင်က အေးဆေးစွာ ပြောသည်။
ချင်ဟော်ဆွေ့က ခေါင်းကို ညိတ်လိုက်သည်။
"ဒါဆိုရင်တော့ ကျွန်တော် နောက်တစ်ကြိမ်အထိ စောင့်လိုက်ပါ့မယ်။"
သူ့ကို တာဝန်ရှိသူတစ်ဦးက ခေါ်ဆောင်သွားပြီးနောက် ဖမ်းဆီးရေးဌာန၏ ခန်းမကြီးထဲတွင် တိတ်ဆိတ်ခြောက်ကပ်သွားသည်။
ဒွမ်ချင်ရှန်းက တစ်ခုခု ပြောချင်နေသော်လည်း မပြောဘဲ ပြန်မြိုသိပ်လိုက်သည်။
ရှူလုံ ကောင်းကင်အရှင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"မင်းတို့ ဘာကို သိချင်နေလဲဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ထိန်းမနိုင်တော့ဘူး။"
"အကြီးကဲ... ထိန်းမနိုင်တော့ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ။"
ဒွမ်ချင်ရှန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"(၂၄) ထပ်မြောက် ဟင်းလင်းပြင်ထဲမှာ တစ်စုံတစ်ယောက်က ဝိညာဉ်ပြန်ခေါ်နံ့သာတိုင်ကို လုံးဝ အမြစ်ဖြတ် ဖြတ်တောက်လိုက်ပြီ။"
ရှူလုံ ကောင်းကင်အရှင်၏ မျက်ဝန်းများထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ဒီလောက်အထိ လက်ရဲဇက်ရဲရှိတဲ့ နည်းလမ်းမျိုးကို ငါကိုယ်တိုင်တောင် တစ်ခါမှ မမြင်ဖူးခဲ့ဘူး။"
"ဟူး..."
တာဝန်ရှိသူများအားလုံးမှာ အံ့အားသင့်စွာဖြင့် အသက်ရှူသံပြင်းပြင်း ထွက်ပေါ်လာကြသည်။
ဝိညာဉ်ပြန်ခေါ်နံ့သာတိုင်မှာ နှစ်ပေါင်းများစွာတိုင်အောင် အသုံးပြုလာခဲ့သည့် ယုံကြည်စိတ်ချရဆုံး နည်းလမ်းဖြစ်သည်။
ဟင်းလင်းပြင် ကွပ်မျက်သူများအနေဖြင့် ဝိညာဉ်တားမြစ်ခြင်း စွမ်းရည်ကို သုံးကာ အနည်းငယ် ဟန့်တားနိုင်သည်မှလွဲ၍ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင်ကို အမြစ်ပြတ် ဖြတ်တောက်နိုင်သူ ရှိလိမ့်မည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပေ။
ထိုကိစ္စမှာ သူတို့၏ စစ်ဆေးရေးဌာန ဖမ်းဆီးရေးဌာနမှ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် မီးခိုးရောင် မြူခိုးများ ထွက်ပေါ်လာသည်။
ပိုင်ဇီယုရှန်းက ထိုမြူခိုးများထဲမှ ထွက်လာပြီး မျက်နှာမှာ အလွန်လေးနက်နေသည်။
"ယင်ယန်တားမြစ်နယ်မြေ ပျောက်သွားပြီ။"
"..."
ဒွမ်ချင်ရှန်းတို့ အားလုံးက ပိုင်ဇီယုရှန်း၏ နောက်ခံကို သိကြသည်။ သူသည် ချင်းမင်ယင်လောက၊ ဝိညာဥ်စစ်သည်ဌာနမှ စစ်သည်ခေါင်းဆောင်ဖြစ်ပြီး စွမ်းအားမှာ အလွန်ပင် ကြောက်ခမန်းလိလိ ဖြစ်သည်။
သူပြောသောစကားမှာ အမှန်တရားသာ ဖြစ်ပေမည်။
သို့သော်... ယင်ယန်တားမြစ်နယ်မြေကြီးက ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားနိုင်မှာလဲ။
ဒီလောက်ကြီးမားတဲ့ တားမြစ်နယ်မြေကို ရွှေ့ပြောင်းဖို့ဆိုတာ ကောင်းကင်အရှင်အဆင့်တွေတောင်မှ လုပ်ဆောင်ဖို့ ခက်ခဲလွန်းလှသည်။
ဒါဟာ သေးငယ်တဲ့ ကိစ္စမဟုတ်သလို၊ ဘာခြေရာလက်ရာမှ မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားဖို့ ဆိုတာလည်း မဖြစ်နိုင်ပေ။
"ချင်ဟော်ဆွေ့က ဒီနားမှာပဲ ရှိသေးတယ်။ မင်း သူ့ကို တွေ့ချင်သေးလား။"
ရှူလုံ ကောင်းကင်အရှင်က စဉ်းစားဟန်ဖြင့် မေးသည်။
"သူ့ကို တွေ့ပြီး ဘာလုပ်ရမှာလဲ။ သူ့မှာ ဒီလောက် စွမ်းရည် ရှိလို့လား။"
ပိုင်ဇီယုရှန်း၏ မျက်နှာမှာ မှောင်မိုက်နေသည်။
"ကျွန်တော် မလာခင်က ငရဲမင်းက ကျွန်တော့်ကို ခေါ်တွေ့တယ်။ ငရဲမင်းရဲ့ သဘောထားကတော့ ချင်းမင်အပြင်ဘက်က တည်ရှိမှုတစ်ခုခုက လှုပ်ရှားသွားတာ ဖြစ်နိုင်တယ်တဲ့။"
"ချင်းမင်အပြင်ဘက်က တည်ရှိမှုလား..."
ဖမ်းဆီးရေးဌာနမှာ ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
"သူတို့ရဲ့ ခန္ဓာကိုယ်တွေ ဘယ်လိုဖြစ်နေပြီလဲ။"
ရှူလုံ ကောင်းကင်အရှင်က မေးသည်။
"ခန္ဓာကိုယ်တွေက ပုံမှန်ပါပဲ။ လက်ရှိအချိန်ထိတော့ ထူးခြားတဲ့ လက္ခဏာ ဘာမှ မတွေ့သေးဘူး။"
ပိုင်ဇီယုရှန်းက ဖြေသည်။
ဒွမ်ချင်ရှန်းမှာ သက်ပြင်းချလိုက်မိသည်။
"ဒါဆိုလည်း တော်သေးတာပေါ့။ ဖြစ်နိုင်တာက တစ်ခုခု မတော်တဆ ဖြစ်သွားတာပဲ ဖြစ်မယ်၊ သူတို့သာ ဘာမှ မဖြစ်သေးရင် အခြေအနေကို ပြန်ဆယ်လို့ ရပါသေးတယ်။
အဆိုးဆုံးပြောရရင် ဖန့်ချန်တို့ သေသွားရင်တောင်၊အသက်စွမ်းအင် နဲ့ အစားထိုးပြီး သေပေးလို့ မရဘူးလား။"
နေရာရှိ တာဝန်ရှိသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
သို့သော် သူတို့အားလုံး သိရှိထားသည်မှာ အကယ်၍ တကယ်တမ်းသာ တစ်စုံတစ်ရာသော အင်အားစုက ဖန့်ချန်တို့ကို ပစ်မှတ်ထားနေခြင်း ဖြစ်ပါက၊ ဖန့်ချန်တို့မှာ သေချင်တိုင်းတောင် သေနိုင်ကြတော့မည် မဟုတ်ပေ။
ထိုအကြောင်းကို နားလည်ဖို့အတွက်ဆိုလျှင် စစ်ဆေးရေးဌာနမှာ ဖမ်းဆီးထားသည့် အပြစ်ရှိသူ သူတော်စင်များကို ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။
ရုတ်တရက် ရှူလုံ ကောင်းကင်အရှင်က ခေါင်းမော့ကြည့်လိုက်ပြီးနောက် မျက်နှာမှာ မှောင်ကျသွားကာ လက်ကို တချက် ဝှေ့ယမ်းလိုက်သည်။
မကြာမီပင် အရိပ်တစ်ခုက ဖမ်းဆီးရေးဌာနထဲသို့ လျှောက်လှမ်းဝင်ရောက်လာသည်။
"ချင်ထျန်းရှင်း ၊ မင်း ဒီကို ဘာလာလုပ်တာလဲ။"
ရှူလုံ ကောင်းကင်အရှင်က အေးစက်စွာ မေးသည်။
"အကြီးကဲ... မင်းတို့လူတွေက ချင်ဟော်ဆွေ့ကို ဖမ်းခေါ်လာတယ်ဆိုတာ ကြားလို့ပါ။"
"သူက သမာဓိခုံရုံးရဲ့ ဂုဏ်ထူးဆောင် ကောင်းကင်အရှင်တစ်ပါးလေ။ မင်းတို့ ဖမ်းဆီးရေးဌာနက ဘယ်တုန်းက ဒီလောက် အာဏာရှိသွားတာလဲ။"
ချင်ထျန်းရှင်း က ရယ်စရာလိုလို နောက်စရာလိုလိုဖြင့် -
"သူ့ကို အခုချက်ချင်း ထုတ်ပေးလိုက်ပါ။ ကျုုပ် သူ့ကို ခေါ်သွားမယ်။"
"ချင်ထျန်းရှင်း ၊ မင်းရဲ့ နောက်ကွယ်က လူတွေ ဘာတွေးနေလဲဆိုတာတော့ ငါမသိဘူး။"
"ဒီတစ်ခါကိစ္စက လူသားမျိုးနွယ်ထဲက ဖန့်ချန်နဲ့ သက်ဆိုင်နေတယ်။ သူက နိဗ္ဗာန်တားမြစ်နယ်မြေထဲကနေ ကျင့်စဥ် ကျောက်တိုင်ကို ယူထုတ်လာနိုင်ခဲ့တာကို မင်း သိပြီးသား ဖြစ်မှာပါ။"
"ချင်ဟော်ဆွေ့ ဒီတစ်ခါတော့ ပြန်လို့မရဘူး။ အနည်းဆုံး ဒီကိစ္စတွေ အကုန် ရှင်းလင်းသွားတဲ့အထိ သူ ထွက်သွားလို့ မရဘူး။"
ရှူလုံ ကောင်းကင်အရှင်က အေးစက်စက်ပင် ပြောသည်။
"မင်း ပြန်တော့တာ အကောင်းဆုံးပဲ။"
"ကျုုပ် ဒီကို မလာခင်ကတည်းက အတွင်းသတင်းတွေကို အတော်လေး သိနေခဲ့တာပါ။ ဒါပေမဲ့ ဒီကိစ္စ... တကယ်တမ်း တာဝန်ရှိတာက မင်းပဲလေ။"
ချင်ထျန်းရှင်း က သက်ပြင်းချလိုက်သည်။
"အကြီးကဲရာထူးမှာ ထိုင်တာ ကြာသွားတော့ ဒီနေရာကို ဘယ်သူက မင်းကို ထိုင်ခိုင်းခဲ့လဲဆိုတာတောင် မေ့သွားပြီလား။
အခုတော့ ရူးရူးမိုက်မိုက်နဲ့ အကြီးကဲငါးပါး နဲ့ ဖန့်ချန်ကို ခေါ်ပြီး ယင်ယန်တားမြစ်နယ်မြေကို သွားတယ်၊ အခု ပြဿနာတက်တော့မှ မင်းက တာဝန်ကို တွန်းချနေတာ၊ ဒါ မကောင်းဘူးနော်။"
"ဒီကိစ္စကို အကုန် ရှင်းလင်းပြီးတာနဲ့၊ ငါ ဖမ်းဆီးရေးဌာန အကြီးကဲရာထူးကနေ ကိုယ့်သဘောနဲ့ကိုယ် ဆင်းပေးမယ်။"
ရှူလုံ ကောင်းကင်အရှင်က ပြတ်သားစွာ ပြောလိုက်သည်။
"အကြီးကဲ မလုပ်ပါနဲ့ "
နေရာရှိ တာဝန်ရှိသူများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အားလုံး ထရပ်လိုက်ကြသည်။
"မင်းတို့ ဘာမှ ထပ်မပြောကြနဲ့တော့။"
ရှူလုံ ကောင်းကင်အရှင်က လက်ကို ဝှေ့ယမ်းကာ တားဆီးလိုက်သည်။
"ငါ့ဆုံးဖြတ်ချက်က ခိုင်မာတယ်။"
"ဪ... ဒါဆိုရင် အကြီးကဲက ဒီကိစ္စကို စေ့စေ့စပ်စပ် စစ်ဆေးဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီပေါ့လေ။
ဒါဆိုလည်း ကျွန်တော် ချင်ထျန်းရှင်း က မတားတော့ပါဘူး။
ချင်ဟော်ဆွေ့ကို ဒီမှာပဲ ခဏ နေခိုင်းထားလိုက်ပါ။
ကိစ္စတွေ အကုန်ပြီးသွားရင် အကြီးကဲ ပြောတဲ့စကားအတိုင်း ရာထူးကနေ ဆင်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ချင်ထျန်းရှင်း က ရယ်ပြုံးပြုံးဖြင့် လက်ယှက်ကာ နှုတ်ဆက်သည်။ ထို့နောက် တာဝန်ရှိသူများကို တစ်ချက်ပြုံးပြပြီး ပိုင်ဇီယုရှန်းကို ခေါင်းညိတ် နှုတ်ဆက်ကာ လှည့်ထွက်သွားတော့သည်။
"ရှူလုံ... မင်း သူတို့ရဲ့ ပိုက်ကွန်ထဲကို တန်းတိုးဝင်သွားတာပဲ။"
ပိုင်ဇီယုရှန်းက မျက်လုံးကို ကျဉ်းမြောင်းစွာဖြင့် ပြောသည်။
"ငါ အခုဆိုရင် အဲဒီ ကလေးငယ်တွေရဲ့ အသက်အန္တရာယ်ကို မစိုးရိမ်တော့ဘူး။"
ဒွမ်ချင်ရှန်းနှင့် အခြားသူများမှာ စဉ်းစားခန်းဖွင့်လိုက်ပြီးနောက် ပိုင်ဇီယုရှန်းကို ကြည့်လိုက်ကြသည်။
ပိုင်ဇီယုရှန်းက အေးစက်စက်ပင် -
"ဖန့်ချန်သာ တကယ်တမ်း တစ်ခုခု ဖြစ်သွားရင် သူတို့က စိုးရိမ်မှာ မဟုတ်ဘူးလား။ ဒါပေမဲ့ သူတို့မှာ စိုးရိမ်တဲ့ အရိပ်အယောင်တောင် မရှိဘူး။ ဖန့်ချန်က အချိန်တန်ရင် ပြန်လာတော့မယ့်အတိုင်းပဲ။
ဒါဟာ မင်းတို့ ဖမ်းဆီးရေးဌာနအတွက် ကပြပေးနေတဲ့ ဇာတ်လမ်းကြီးတစ်ခုပဲ။"
ပြောပြီးနောက် သူက ရှူလုံ ကောင်းကင်အရှင်ကို ကြည့်လိုက်သည်။
"မင်း ခုနက ချင်ထျန်းရှင်း ကို အဲဒီလို ကတိမျိုး မပေးခဲ့သင့်ဘူး။"
" ငါ့မှာ အစီအစဉ် ရှိပါတယ်။"
ရှူလုံ ကောင်းကင်အရှင်က ခပ်အုပ်အုပ် ပြောသည်။
"အခု ပြန်တွေးကြည့်ရင် ဝိညာဉ်ပြန်ခေါ်နံ့သာတိုင် ပြတ်တောက်သွားတာက ယင်ယန်တားမြစ်နယ်မြေ ပျောက်ကွယ်သွားလို့ ဖြစ်ရမယ်။
ပိုင်ဇီယုရှန်းပြောတာ မှန်တယ်၊ ဒီကိစ္စက ချင်းမင်အပြင်ဘက်က တည်ရှိမှုတွေနဲ့ ဆိုင်နေတာ။
ယင်ယန်တားမြစ်နယ်မြေက ချင်းမင်ယင်လောကနဲ့ ဝေးကွာသွားလို့ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင်က အလုပ်မလုပ်တော့တာပဲ။
သူက အခြေအနေကို ပိုမြင်တတ်တယ်၊ ငါကတော့ ဒီကိစ္စကြောင့် မျက်စိကန်းပြီး တွေဝေနေခဲ့မိတာ။"
"ဒီနှစ်တွေအတွင်းမှာ ကောင်းကင် ငါးပါးစခန်းတွေက အပြင်ဘက်ကို တိုက်ခိုက်နေကြတာ၊ ပုရွက်ဆိတ်အိမ်ရာနယ်မြေတွေကို အကြိမ်ကြိမ် သွားခဲ့ကြတာပဲ။ သူတို့နဲ့ ဆိုင်တဲ့ ယင်လောကတွေ၊ (၁၈) ထပ်မြောက် ဟင်းလင်းပြင်တွေကိုလည်း အကြိမ်ကြိမ် ရှာဖွေခဲ့ကြပြီးသားပဲ။"
"နောက်ကျောမှာ အကွက်ချထားတာ ဒါမှမဟုတ် တည်ရှိမှု တစ်ခုခုကို သိကျွမ်းထားတာကလည်း ပုံမှန်ပါပဲ။"
ပိုင်ဇီယုရှန်းက ပြောသည်။
"ငရဲမင်းက ဒီကိစ္စကို သူမကိုယ်တိုင်ပဲ ကြားဝင်မေးမြန်းပေးမယ်တဲ့။ မင်းနဲ့ငါ့ကိုလည်း လှုပ်ရှားမှုတွေ မကြီးမားစေဖို့ မှာထားတယ်။ ကိစ္စက အရိပ်အယောင် ပေါ်လာပြီဆိုမှ ဆုံးဖြတ်ကြတာပေါ့။"
"ငါ နားလည်ပြီ။"
ရှူလုံ ကောင်းကင်အရှင်က ခေါင်းညိတ်သည်။
ပိုင်ဇီယုရှန်းက ပြုံးလျက် လက်ယှက်နှုတ်ဆက်သည်။
"ဒါဆိုရင် ငါ အရင် ပြန်လိုက်ဦးမယ်။"
...
...
ယင်ယန်တားမြစ်နယ်မြေ။
ဖန့်ပင်းအန်း၏ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်နေသည်။
"ယင်ယန်တားမြစ်နယ်မြေက ဘယ်ကို ရောက်သွားတာလဲ။"
အနက်ရောင်နှင့် အဖြူရောင် စက္ကူရုပ်တို့၏ အမူအရာမှာမူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သေးငယ်သော အပြုံးတစ်ခုပင် ပေါ်လာသေးသည်။
"အနက်ရောင်အရှင် ၊ အဖြူရောင်အရှင်... ခင်ဗျားတို့ ဘာလို့ ရယ်နေကြတာလဲ။ ခင်ဗျားတို့ သူနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာ မဟုတ်ဘူးလား။"
ဖန့်ပင်းအန်းမှာ အံ့အားသင့်စွာဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။
အဖြူရောင် စက္ကူရုပ်က နှုတ်ခမ်းကို ဆွဲဆန့်လိုက်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ။ ငါတို့ အိမ်ပြန်ရောက်ကြပြီ၊ ဒီနေရာက မိစ္ဆာအိုင် သုံးထောင် ပဲ။
မင်းရဲ့ အဖေက ဘာမှ မဖြစ်တော့ဘူး။"
အခန်း (၂၇၂၀) - ဒီနေရာမှာပဲ ရပ်တန့်လိုက်ကြရအောင်လား
"အဖေကြီး ဘာမှမဖြစ်တော့ဘူးလား။"
ဖန့်ပင်းအန်းက အသိစိတ်ထဲမှပင် ဖန့်ချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
သို့သော် ဖန့်ချန်၏ အခြေအနေမှာမူ ယခင်အတိုင်းပင် ဖြစ်နေသည်။
နေရာတွင်ပင် လှုပ်ရှားမှုမရှိဘဲ ရပ်တန့်နေဆဲ။
နတ်ဘုရားစွမ်းအား အနှစ်သာရများက ငါးကြီးများအဖြစ် ပြောင်းလဲကာ ရေမျက်နှာပြင်သို့ ခုန်တက်လာပြီး ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ တသွင်သွင် စီးဝင်နေဆဲပင်။
"အဖြူရောင်အရှင် ...အဖေကြီးရဲ့ အခြေအနေက ခုနကနဲ့ ဘာမှမထူးခြားပါလား။"
"ဒီအတိုင်းသာ ဆက်သွားရင် အဲဒီလူအိုကြီးက အဖေကြီးရဲ့ ဝိညာဉ်ကို လုယူသွားမှာ မဟုတ်ဘူးလား။"
ဖန့်ပင်းအန်းက စိုးရိမ်တကြီး မေးလိုက်သည်။
အနက်ရောင်နှင့် အဖြူရောင် စက္ကူရုပ်တို့က ခပ်အုပ်အုပ် ချောင်းဟန့်လိုက်သည်။
"ပင်းအန်း... မင်း အသေအချာလေး ပြန်ကြည့်စမ်း။"
ဖန့်ပင်းအန်း၏ မျက်ခုံးများမှာ တွန့်ချိုးသွားသည်။
ထိုအခါမှ သူသည် မလှမ်းမကမ်းရှိ ရေကမ်းပါးတွင် လူရိပ်များစွာ ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။
သူတို့သည် ငါးမျှားတံများကို ကိုင်ထားပြီး ငါးမျှားနေကြခြင်း ဖြစ်သည်။
"ဒီနေရာမှာ ငါးသိပ်မရှိဘူး။"
"ဒါပေမဲ့ ငါးမျှားရတဲ့ အရသာကလည်း မဆိုးပါဘူး။"
"ငါတို့ ငါးမမျှားတာ ဘယ်လောက်ကြာသွားပြီလဲ။"
"တော်တော်ကြာပြီ... ဟိုငါးကိုကြည့်၊ မျက်နှာတောင် ပြာနှမ်းနေပြီ၊ ကျဲကျဲကျဲ"
ထိုသူများသည် စကားစမြည် ပြောဆိုရင်းနှင့်ပင် ငါးမျှားတံများကို အဆက်မပြတ် ဆွဲတင်နေကြသည်။
တစ်ချက်ဆွဲလိုက်တိုင်း ငါးတစ်ကောင်စီက အမြဲတမ်း ပါလာသည်။
သူတို့ကိုယ်တိုင် ရေပြင်ပေါ် ခုန်တက်လာတာထက်တောင် ပိုမြန်နေသေးသည်။
အဲဒီလို ငါးမျှားမိလိုက်တဲ့ ငါးတွေက ချက်ချင်းဆိုသလို နတ်ဘုရားစွမ်းအား အနှစ်သာရတွေအဖြစ် ပြောင်းလဲသွားပြီး ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားကြတယ်။
ဖန့်ပင်းအန်းမှာ ခဏတာ အံ့ဩမှင်သက်သွားပြီး အသိစိတ်မရှိဘဲ -
"အနက်ရောင်အရှင် ၊ အဖြူရောင်အရှင်... သူတို့က..." ဟု မေးလိုက်မိသည်။
"ပင်းအန်းလေး၊ ဒီကောင်က ဖန့်ပင်းအန်းပေါ့ဟုတ်လား။ ဒီနှစ်တွေအတွင်းမှာ တွမ်မူလက်အောက်မှာပဲ ကျင့်ကြံခဲ့တာလား။"
ငါးမျှားနေသူများထဲမှ တစ်ဦးက သာမန်အတိုင်းပင် မေးလိုက်သည်။
အဖြူရောင်စက္ကူရုပ်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။
"ပင်းအန်း... ရှေ့ကို တိုးပြီး ငါ့ရဲ့ ဒီ စီနီယာအစ်ကိုအစ်မတွေကို နှုတ်မဆက်တော့ဘူးလား။"
"...ဖန့်ပင်းအန်းက ရှေ့က အကြီးအကဲများအားလုံးကို ဂါရဝပြုပါတယ်။"
ဖန့်ပင်းအန်းမှာ အလျင်အမြန်ပင် ရှေ့သို့တိုးကာ ဂါရဝပြုလိုက်သည်။
ပုံရိပ်များက တစ်ပြိုင်နက်တည်း သူရှိရာဘက်သို့ လှည့်ကြည့်လာကြသည်။
ဖန့်ပင်းအန်း၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပေါ်လာသည်။
ဘာကြောင့်လဲဆိုတော့ ဒီအကြီးအကဲတွေအားလုံးမှာ ပြီးပြည့်စုံတဲ့ မျက်နှာဆိုတာ မရှိကြလို့ပါ။
မျက်နှာတိုင်းမှာ မီးခိုးရောင် မြူခိုးတွေ လွှမ်းခြုံထားသည်။
မျက်နှာသွင်ပြင်ကို ခပ်ရေးရေး မြင်နေရသော်လည်း အနည်းငယ် ဝါးတားတား ဖြစ်နေသည်။
သူတို့က တကယ်တမ်း ဘယ်လိုပုံစံမျိုးလဲဆိုတာကို ခွဲခြားလို့ မရနိုင်ပေ။
"ဒါတွေက မိစ္ဆာအိုင် သုံးထောင်က အကြီးအကဲတွေလား။"
ဖန့်ပင်းအန်း စိတ်ထဲတွင် တွေးတောနေမိသော်လည်း အလျင်အမြန်ပင် -
"အကြီးအကဲတို့... ကျွန်တော့်အဖေ သူက..." ဟု မေးလိုက်သည်။
"မင်းအဖေလား။ မင်းအဖေက ဘာမှမဖြစ်တော့ဘူး။ မိစ္ဆာအိုင် သုံးထောင်ဆီ ရောက်လာပြီးပြီပဲ၊ ဒီလို သေးငယ်တဲ့ ကိစ္စလေးက ဘာများ အရေးကြီးလို့လဲ။"
သူတို့ထဲမှ တစ်ယောက်က အေးဆေးစွာ ရယ်မောလိုက်ပြီးနောက် ရုတ်တရက် လက်ကို မြှောက်လိုက်သည်။
"ငါ့ဆီ တက်လာခဲ့စမ်း"
ဗုန်း
ရေအိုင်ထဲမှ အနက်ရောင် နဂါးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး ငါးအမျှားခံလိုက်ရသကဲ့သို့ ဖန့်ချန်ဘက်သို့ အလိုက်သင့် တိုးဝင်သွားသည်။
ချက်ချင်းဆိုသလိုပင် နတ်ဘုရားစွမ်းအား အနှစ်သာရများအဖြစ် ပြောင်းလဲကာ ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။
ဖန့်ချန်၏ မျက်လုံးထဲတွင် ပေါ်နေသော ထူးခြားသည့် အမူအရာများမှာ လှိုင်းကြီးများကဲ့သို့ ရိုက်ခတ်နေသည်။
ရင်ဘတ်မှာ အဆက်မပြတ် တက်လိုက်ကျလိုက် ဖြစ်နေပြီး အသက်ရှူသံများပင် မြန်ဆန်လာသည်။
တကယ်တမ်းတွင် အစကတည်းက သူသည် ခန္ဓာကိုယ်၏ ပြောင်းလဲမှုအားလုံးကို အာရုံခံနေနိုင်သည်။
သို့သော် သူသည် မိစ္ဆာအိုင်၏ နတ်ဘုရားစွမ်းအား အနှစ်သာရကြောင့် အေးခဲနေခဲ့ရသည်။
တွေးတောနိုင်စွမ်းမှလွဲ၍ ကျန်သည့်အစိတ်အပိုင်းများမှာ လှုပ်ရှားရန် ခက်ခဲနေသည်။
"ဒီနေရာက မိစ္ဆာအိုင် သုံးထောင်ဆိုတော့ မိစ္ဆာအိုင်သုံးထောင်ထဲက ထိပ်သီးပုဂ္ဂိုလ်တွေ လှုပ်ရှားလိုက်တာပဲ။"
"သူတို့ ဘာရည်ရွယ်ချက်ရှိရှိ အဲဒီလူအိုကြီးကို ခဏတာတော့ ဖိနှိပ်ထားနိုင်မှာပါ။"
"ဒါပေမဲ့... ဘာလို့ ကျွန်တော့်ဆီကို နတ်ဘုရားစွမ်းအား အနှစ်သာရတွေကို ဆက်ပြီး သွတ်သွင်းနေရတာလဲ။"
ဖန့်ချန်၏ စိတ်ထဲတွင် ခါးသီးစွာ ပြုံးမိသည်။
နတ်ဘုရားစွမ်းအား အနှစ်သာရတွေက လုံလောက်နေပါပြီ။
သာမန်သာဆိုပါက သူသည် အခုလောက်ဆို ယင်ယန်ရေအိုင် ၏ နတ်ဘုရားစွမ်းအားကို နားလည်သဘောပေါက်ပြီး ဖြစ်နေမှာပါ။
"အဲဒါက နတ်ဘုရားစွမ်းအား အနှစ်သာရတွေက ပြောင်းလဲသွားတဲ့ အနက်ရောင်နဂါးလား။ ခုနကတော့ တစ်ကောင်မှ မမြင်မိပါဘူး။"
ဖန့်ပင်းအန်း အံ့ဩသွားပြီး ဖန့်ချန်၏ အခြေအနေကို အမြန်ကြည့်လိုက်သည်။ ဖန့်ချန်၏ အသက်ရှူသံ မြန်ဆန်နေသည်ကို မြင်တော့ မိစ္ဆာအိုင် သုံးထောင်က အကြီးအကဲများဘက်သို့ စိုးရိမ်တကြီး ကြည့်လိုက်သည်။
သူ မေးခွန်းမထုတ်ခင်မှာပင် ရေအိုင်ထဲမှ အိုမင်းရင့်ရော်နေသည့် မျက်နှာတစ်ခု ထပ်မံ ပေါ်လာသည်။
ထူးခြားသည်မှာ ထိုမျက်နှာတွင် ဒေါသနှင့်အတူ ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်နေခြင်းပင်။
"မင်းတို့ မိစ္ဆာအိုင် သုံးထောင်က ဘာလုပ်မလို့လဲ။ ငါတို့မျိုးနွယ်နဲ့ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဘာလို့ ငါ့ကို ဒုက္ခပေးနေရတာလဲ။"
"ကြည့်ရတာ အဖေကြီး တကယ် ဘာမှမဖြစ်တော့တာပဲ။"
တစ်ဖက်လူ ထိတ်လန့်နေသည်ကို မြင်တော့ ဖန့်ပင်းအန်း စိတ်သက်သာရာ ရသွားသည်။
"ငါတို့ ဘာလုပ်မလို့လဲ။ မင်းကိုယ်ထဲက နတ်ဘုရားစွမ်းအား အနှစ်သာရတွေကို အကုန် ငါးမျှားပြီး ထုတ်ပစ်မလို့လေ၊ ဒီလောက် သိသာနေတာကို မေးနေသေးတယ်၊ မိုက်မဲတဲ့ ဝက်ကောင်။"
စကားပြောနေရင်းနှင့်ပင် အခြား အနက်ရောင်နဂါးတစ်ကောင် ထပ်မံ ထွက်ပေါ်လာပြီး နတ်ဘုရားစွမ်းအား အနှစ်သာရအဖြစ် ပြောင်းလဲကာ ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြန်သည်။
လူအိုကြီး၏ မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားသည်။
အဲဒီကျမှပဲ ဖန့်ပင်းအန်း နားလည်သွားသည်။ အဲဒီနဂါးတွေက ရေအိုင်ထဲက လာတာမဟုတ်ဘဲ၊ အဲဒီလူအိုကြီးရဲ့ ခန္ဓာကိုယ်ထဲကနေ အဓမ္မ ဆွဲထုတ်လာတာ ဖြစ်သည်။
အဖြူရောင်စက္ကူရုပ်က လှောင်ပြောင်သလိုလိုဖြင့် -
"ပင်းအန်း၊ အဲဒီ နဂါးနှစ်ကောင်လုံးက အဲဒီအိုကြီးရဲ့ နတ်ဘုရားစွမ်းအား အနှစ်သာရတွေပဲ။
သူ့ရဲ့ ကျင့်ကြံခြင်းက မြင့်တော့ နတ်ဘုရားစွမ်းအား အနှစ်သာရတွေက အလွန်သိပ်သည်းတယ်၊ ဒါကြောင့် အနက်ရောင်နဂါးပုံစံနဲ့ ပေါ်လာတာပေါ့။
ငါတွက်ကြည့်သလောက်ဆိုရင် နဂါးတစ်ကောင်က သူ့ရဲ့ စွမ်းအား (၁၀) ရာခိုင်နှုန်းနဲ့ ညီမျှတယ်။
နောက်ထပ် (၈) ကောင် ထပ်ဆွဲတင်လိုက်ရင်၊ အဲဒီလူအိုကြီးနဲ့ စွမ်းအားက ဘာမှ မသက်ဆိုင်တော့ဘူးပေါ့။"
"ဒါဆိုရင်တော့လည်း..."
ဖန့်ပင်းအန်း ဝမ်းသာသွားသော်လည်း ဖန့်ချန်၏ လက်ရှိ အခြေအနေကိုမူ စိုးရိမ်နေဆဲပင်။
"အဖြူရောင်အရှင် အဖေက အခုမှ အခြေခံအဆင့်ပဲ ရှိသေးတာ၊ ဒီလောက် များပြားလှတဲ့ စွမ်းအားတွေသာ ဝင်လာရင် ခန္ဓာကိုယ်က အံမဝင်ဘဲ ဖြစ်သွားမှာ မဟုတ်ဘူးလား။"
"မင်း မေ့သွားပြီလား၊ သူက အတွင်းနယ်မြေကိုတောင် ပိုင်ဆိုင်ထားပြီးသားပဲ၊ နတ်ဘုရားစွမ်းအား အနှစ်သာရတွေကြောင့် အလွယ်တကူတော့ ထိခိုက်မှာ မဟုတ်ဘူး။"
အဖြူရောင်စက္ကူရုပ်က ပြောသည်။
"ဒါဆိုလည်း တော်သေးတာပေါ့..."
ဖန့်ပင်းအန်း စိတ်သက်သာရာ ရသွားသည်။
"ဟေး... မင်းမှာလည်း နည်းလမ်းတော့ ရှိသားပဲ။"
ရုတ်တရက် မိစ္ဆာအိုင် သုံးထောင်မှ အကြီးအကဲတစ်ဦးက အံ့ဩသံပြုလိုက်သည်။
ရေအိုင်ထဲတွင် လူအိုကြီးက သွားများကို တင်းတင်းစေ့ထားပြီး မျက်လုံးများကို မှိတ်ထားသည်။ တစ်စုံတစ်ခုသော နည်းလမ်းကို သုံးကာ သူ့ကိုယ်ထဲရှိ စွမ်းအားများကို အပြင်သို့ မထွက်အောင် ပိတ်ပင်ထားပုံ ရသည်။
မှိုင်းပြပြ မျက်စိဖြင့် ကြည့်လိုက်လျှင် သူ့ကိုယ်ပေါ်တွင် ငါးမျှားချိတ်များစွာ ချိတ်ဆွဲထားသည်ကို မြင်နိုင်သည်။
"အဖြူရောင်အရှင်... မိစ္ဆာအိုင် သုံးထောင်က အကြီးအကဲတွေမှာလည်း အဲဒီစွမ်းအား ရှိတာလား။ ဒါကြောင့် အဝေးကနေပဲ ဒုက္ခလှမ်းပေးနိုင်တာလား။"
ဖန့်ပင်းအန်းက သိချင်စိတ်ဖြင့် မေးသည်။
"အဲဒီလိုတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ ဒီလူတွေက အဲဒီနည်းလမ်းကို မကျွမ်းကျင်ကြဘူး။"
အဖြူရောင်စက္ကူရုပ်က ခေါင်းခါရင်း -
"ဒါပေမဲ့ အပြန်အလှန်ပဲလေ။
အဲဒီလူအိုကြီးက အဲဒီနည်းလမ်းကို သုံးပြီး အဝေးကနေပဲ တိုက်ခိုက်လို့ရတာဆိုရင်၊ ငါတို့လည်း ပြန်တိုက်ခိုက်လို့ ရတာပေါ့။"
ဖန့်ပင်းအန်း သဘောပေါက်သွားသည်။
"အကြီးအကဲတို့... ဒီတစ်ခါတော့ ကျွန်တော် ရှုံးသွားပါပြီ၊ လူသားလောကက ကောင်လေးတစ်ယောက်ကို ကာကွယ်ပေးဖို့ ဒီလောက်အထိ လုပ်မယ်လို့ မထင်ခဲ့မိဘူး။"
"ခုနက နတ်ဘုရားစွမ်းအား အနှစ်သာရတွေက ကျွန်တော့်ဘက်က တောင်းပန်ခြင်းပဲ။"
"ငါတို့ ဒီနေရာမှာပဲ ရပ်တန့်လိုက်ကြရအောင်လား။"
လူအိုကြီးက ရုတ်တရက် ပြောလိုက်သည်။
"မင်းက ဒီ တားမြစ်နယ်မြေက ဘာလို့ ဒီနေရာကို ရောက်လာတာလို့ ထင်နေတာလဲ။"
"ငါတို့က မင်းနဲ့ လာကစားတာ။ မင်းမှာ နည်းလမ်းရှိရင်လည်း ငါတို့နယ်မြေကို လာခဲ့၊ နောက်ထပ် အစ်ကိုကြီးတွေက မင်းနဲ့ လာကစားပေးလိမ့်မယ်။"
သူတို့က အေးဆေးစွာ ရယ်မောလိုက်ကြသည်။
ထိုအခါ တားမြစ်နယ်မြေကြီးမှာ မျက်စိဖြင့် မြင်နိုင်သည့်အမြန်နှုန်းဖြင့် အရည်ပျော်သွားသည်။
ဟုတ်ကဲ့၊ အရည်ပျော်သွားခြင်း ဖြစ်သည်။
ဖန့်ချန်၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားသည်။
ထိုနေရာရှိ အရာအားလုံးက အရည်ပျော်နေကြသည်၊ အဲဒီ ရေအိုင်မှလွဲ၍ပေါ့။
အချိန်တိုလေးအတွင်းမှာပင် သူတို့သည် မည်မျှကြီးမားမှန်း မသိနိုင်သော ခန်းမဆောင်ကြီးတစ်ခုထဲသို့ ရောက်သွားကြသည်။
ဘေးပတ်ပတ်လည်တွင် ထောင်ပေါင်းများစွာသော ပုဂ္ဂိုလ်များက အသီးသီး ထိုင်နေကြသည်။
သူတို့၏ မျက်နှာတိုင်းတွင် မီးခိုးရောင် မြူခိုးများ လွှမ်းခြုံထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား၍ မရပေ။
"မိစ္ဆာအိုင် သုံးထောင်ဆိုတာ ရိုးရိုးနာမည်တစ်ခု မဟုတ်ဘူးပေါ့၊ ဒီမှာ တကယ်ပဲ ထိပ်သီးပုဂ္ဂိုလ် သုံးထောင် ရှိနေတာလား။"
ဖန့်ချန် စိတ်ထဲတွင် တုန်လှုပ်နေမိသည်။
"ဒါ... ဒါက ဘာဖြစ်တာလဲ။"
ဆွေ့ဟွမ်ရွှီတို့ လေးဦးမှာလည်း အခြေအနေကို နားမလည်ဘဲ ပတ်ဝန်းကျင်ကို ငေးကြည့်နေကြသည်။
ပတ်ဝန်းကျင် အရာအားလုံးက ပြောင်းလဲသွားပြီဖြစ်သည်။
သူတို့ရှေ့က ရေအိုင်တောင်မှ အဆပေါင်းများစွာ သေးငယ်သွားပြီ...