အခန်း (၂၇၁၇-၂၇၁၈)
Vol. 272 Ch. 2717-2718
အခန်း (၂၇၁၇) - ဖန့်ချန်ကို ငါးမျှားခြင်း
"ယင်ယန်ဝိညာဉ်မျက်လုံး ဆိုတာ ဒီလိုမျိုးကိုး..."
ဖန့်ပင်းအန်း၏ မျက်လုံးထဲမှ ထူးခြားသော အငွေ့အသက်များသည် တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း သူ၏မျက်နှာတွင်မူ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် စိတ်ကို စုစည်းလိုက်သည်နှင့် သူ၏မျက်လုံးထဲတွင် ထိုထူးခြားသော အငွေ့အသက်များ ပြန်လည် ပေါ်ထွက်လာသည်။
သူ၏ အကြည့်တို့သည် အလွှာပေါင်းများစွာရှိသော ဟင်းလင်းပြင်တို့ကို ဖောက်ထွင်းသွားပြီး တစ်ခဏချင်းတွင်ပင် (၃၆) ထပ်မြောက် ဟင်းလင်းပြင်နယ်မြေကို မြင်တွေ့လိုက်ရသည်။
ထိုနေရာတွင် ရေပြင်ကြီးတစ်ခု ရှိနေပြီး၊ ကျောက်ဆောင်တစ်ခုပေါ်၌ လူအိုကြီးတစ်ယောက် ငါးမျှားတံကို ကိုင်လျက် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ ငါးမျှားနေသည်ကို တွေ့လိုက်ရသည်။
"ယင်ယန်ဝိညာဉ်မျက်လုံးက ယင်လောက ကိုတောင် ဖောက်ထွင်းမြင်နိုင်တာပဲ။ ငါက (၂၄) ထပ်မြောက် ဟင်းလင်းပြင်မှာ ရှိနေတာကို (၃၆) ထပ်မြောက် ဟင်းလင်းပြင်ထဲက မြင်ကွင်းကိုပါ မြင်နေရပြီ။"
"တိုက်ခိုက်ရေးစွမ်းရည်မှာ ဘာမှထူးခြားမှု မရှိပေမဲ့လည်း တကယ်ကို အံ့ဩစရာ ကောင်းတဲ့ စွမ်းရည်ပဲ။"
"အင်း... ဒီလူအိုကြီးက ဘယ်သူများလဲ..."
ဖန့်ပင်းအန်း၏ အကြည့်တို့သည် ထိုလူအိုကြီးထံသို့ သက်ဆင်းသွားသည်။
ရုတ်တရက်ဆိုသလိုပင် ထိုလူအိုကြီးက ခေါင်းမော့လာပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ထိုလူအိုကြီး၏ မျက်လုံးထဲတွင်လည်း လှိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ ထူးခြားသည့် အငွေ့အသက်များ ပေါ်ပေါက်နေသည်။
ဖန့်ပင်းအန်းမှာ ရုတ်တရက် ကြက်သီးမွေးညင်းများ ထသွားပြီး စွမ်းရည်ကို ချက်ချင်း ရုပ်သိမ်းကာ လက်ရှိနေရာသို့ အကြည့်တို့ ပြန်လည်ရောက်ရှိသွားသည်။
"ယင်ယန်ဝိညာဉ်မျက်လုံး အဲဒီလူအိုကြီးလည်း ယင်ယန်ဝိညာဉ်မျက်လုံး ရှိနေတာပဲ။ သူက ငါ့ကို မြင်သွားပြီ၊ သူ ဘာတွေ လုပ်နေတာလဲ "
ဖန့်ပင်းအန်းမှာ တုန်လှုပ်ချောက်ချားသွားပြီးနောက် ဖန့်ချန်ထံသို့ အမြန်ကြည့်လိုက်သည်။ ထိုအခါမှသာ ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်နေသော ထူးခြားသည့် အခြေအနေကို သူ သတိထားမိလိုက်သည်။
စွမ်းအားအနှစ်သာရများဖြင့် ပြည့်နှက်နေသော ရေအိုင်ထဲတွင် ငါးကြီးတစ်ကောင်ပြီး တစ်ကောင် ရေမျက်နှာပြင်သို့ ခုန်တက်လာပြီး စွမ်းအားအနှစ်သာရများအဖြစ် ပြောင်းလဲကာ ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ တရစပ် ဝင်ရောက်နေသည်ကို တွေ့လိုက်ရသည်။
"အဖေကြီးက စွမ်းရည်ကို လေ့လာနေရုံနဲ့တင် ဒီလောက်တောင် ဖြစ်ပျက်နေတာလား ဒါက ငါ ယင်ယန် ဝိညာဉ်မျက်လုံးကို လေ့လာတုန်းကထက်တောင် ပိုပြီးတော့ အရှိန်အဟုန် ပြင်းနေသေးပါလား "
ဖန့်ပင်းအန်း၏ မျက်လုံးထဲတွင် လေးစားမှုများ ပေါ်လာပြီး ထိုလူအိုကြီးအကြောင်းကိုပင် ခဏတာ မေ့လျော့သွားတော့သည်။
"အဖေကြီး လေ့လာတာ အောင်မြင်သွားမှပဲ ပြန်မေးကြည့်တော့မယ်၊ သူ သိကောင်း သိနိုင်လိမ့်မယ်။"
ထိုသို့ဖြင့် အချိန်များမှာ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားခဲ့သည်။
ဆယ်နှစ် ပြည့်သောအခါမှ ဖန့်ပင်းအန်းသည် တစ်ခုခု လွဲချော်နေမှန်း တဖြည်းဖြည်း သတိထားမိလာသည်။
ဤ (၁၀) နှစ်အတွင်း သူ မြင်တွေ့ခဲ့ရသော စွမ်းအားအနှစ်သာရ အရေအတွက်သည် သူကိုယ်တိုင် လေ့လာခဲ့စဉ်ကထက် အဆပေါင်းရာနှင့်ချီ၍ ပိုမိုများပြားနေသည်။
ဒီလောက်များပြားလှသော အရေအတွက်မှာ အလွန်အမင်းလွန်ကဲနေသည်။
ထို ယင်ယန်တားမြစ်နယ်မြေထဲရှိ စွမ်းအားအနှစ်သာရများ အားလုံးသည် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသကဲ့သို့ ရှိနေသည်။
"မဖြစ်နိုင်တာ၊ ငါ စုပ်ယူခဲ့တဲ့ စွမ်းအားတွေက လုံလောက်နေပြီကို၊အဖေကြီးက ငါ့ထက် (၃) ဆ၊ (၅) ဆ ပိုများတာကို နားလည်ပေးလို့ရသေးတယ်၊ အခုဟာက အဆတစ်ရာတောင် ကျော်လွန်နေပြီ..."
ကောင်းကင်အရှင် တစ်ယောက်ဖြစ်သည့် ဖန့်ပင်းအန်းအတွက် ထိုကိစ္စသည် အလွန်ပင် ပုံမှန်မဟုတ်ဟု ခံစားရသည်။
ဤမျှ များပြားသော စွမ်းအားအနှစ်သာရတို့မှာ သူတော်စင် ရာပေါင်းများစွာပင် တစ်ပြိုင်နက် လေ့လာလျှင်တောင် လုံလောက်သည့် ပမာဏဖြစ်သည်။
၎င်းသည် ကောင်းသောကိစ္စ ဟုတ်မဟုတ် သူ မသေချာပေ။
သူ၏ စိတ်၏ အောက်ခြေတွင် (၁၀) နှစ်ကျော်က သူ မြင်တွေ့ခဲ့ရသော လူအိုကြီး၏ ပုံရိပ်ကို အမြဲတမ်း မှတ်မိနေသည်။
"ယင်ယန်ဝိညာဉ်မျက်လုံးက ယင်လောကကို ဖောက်ထွင်းမြင်နိုင်တယ်ဆိုတော့ ငါ သူ့ကို မြင်သလို သူလည်း ငါ့ကို မြင်ခဲ့မှာပဲ၊ ဆိုတော့ သူက ဒီနေရာမှာ ဖြစ်ပျက်နေတာတွေကို သိနေတာပေါ့။"
"အဲဒီလူအိုကြီးက ဒီယင်ယန်တားမြစ်နယ်မြေနဲ့ ဘာများ ပတ်သက်နေတာလဲ "
"..."
ဖန့်ပင်းအန်းသည် ဦးနှောက်ကို အစွမ်းကုန်သုံးကာ ကောက်ချက်တစ်ခု ရရန် ကြိုးစားနေသည်။ မည်သို့ပင်ဖြစ်စေ ဖန့်ချန်၏ လေ့လာမှုကို အနှောင့်အယှက်ပေးရန် သူ မဝံ့ရဲပေ။ သို့သော် ထိုကိစ္စမှာ တစ်စုံတစ်ခု လွဲမှားနေသည်ဟု သူ ခံစားနေရသည်။
"နေပါဦး၊ အဲဒီလူအိုကြီးက ငါးမျှားနေတာ "
ဖန့်ပင်းအန်းသည် ရုတ်တရက် သက်ပြင်းကြီးတစ်ခုကို ရှိုက်သွင်းလိုက်မိသည်။
...
ယင်ယန်တားမြစ်နယ်မြေ အပြင်ဘက်။
"အနက်ရောင်အရှင်၊ အဖြူရောင်အရှင်... (၃၆) ထပ်မြောက် ဟင်းလင်းပြင်မှာ လူအိုကြီးတစ်ယောက် ငါးမျှားနေတယ်။ သူလည်း ယင်ယန်ဝိညာဉ်မျက်လုံးကို နားလည်ထားပုံပဲ၊ သူက ဘယ်သူလဲ။"
ဖန့်ပင်းအန်း၏ ပင်မခန္ဓာကိုယ်က အလေးအနက် မေးမြန်းလိုက်သည်။
"(၃၆) ထပ်မြောက် ဟင်းလင်းပြင်မှာ ယင်ယန်ဝိညာဉ်မျက်လုံးကို နားလည်ထားတဲ့ လူအိုကြီးက ငါးမျှားနေတယ်"
အနက်ရောင်စက္ကူရုပ်၏ မျက်လုံးထဲတွင် အံ့ဩမှုများ ပေါ်လာပြီး အလိုအလျောက် အဖြူရောင်စက္ကူရုပ်ဘက်သို့ ကြည့်လိုက်သည်။
အဖြူရောင်စက္ကူရုပ်မှာ စဉ်းစားခန်းဝင်သွားပြီး ခဏအကြာမှသာ မျက်နှာအမူအရာ ပြောင်းလဲသွားကာ သူ၏ ပါးပြင်ပေါ်ရှိ အနီရောင်အမှတ်အသားများပင် မှေးမှိန်သွားသည်။
"ပင်းအန်း... မင်းပြောတဲ့ လူအိုကြီးက 'ယင်ယန်ဝိညာဉ်မျိုးနွယ်စု' ဖြစ်ဖို့ များတယ်။"
"ယင်ယန်ဝိညာဉ်မျိုးနွယ်စု"
ဖန့်ပင်းအန်း အနည်းငယ် တုန်လှုပ်သွားသည်။
"ဒါက ဘာမျိုးနွယ်စုလဲ ဒီအောက်မှာ စစ်မှန်သောဝိညာဉ်မျိုးနွယ်စု ကလွဲလို့ ယင်ယန်ဝိညာဉ်မျိုးနွယ်စု ဆိုတာ ရှိသေးလို့လား "
"စစ်မှန်သောဝိညာဉ်မျိုးနွယ်စု ဆိုတာ အခုခေါ်နေတဲ့ အခေါ်အဝေါ်ပဲ။ အရင် အချိန်အတော်ကြာကတည်းက ယင်လောကအောက်မှာ နေထိုင်ကြတဲ့ ဝိညာဉ်တွေက သူတို့ကို သူတို့ ယင်ယန်ဝိညာဉ်မျိုးနွယ်စုလို့ပဲ ခေါ်ကြတယ်။"
"သူတို့ထဲက အတော်ဆုံးလူတွေက အလွန်အားကောင်းတဲ့ နတ်ဘုရားစွမ်းရည်တစ်ခုကို လေ့လာနိုင်ကြတယ်၊ အဲဒါက မင်း အခုလေ့လာနေတဲ့ ယင်ယန်ဝိညာဉ်မျက်လုံး ပဲ။"
"ယင်လောကကို ဖောက်ထွင်းမြင်နိုင်တာက ဒီစွမ်းရည်ရဲ့ စွမ်းဆောင်ရည်တစ်ခုပဲရှိသေးတယ်။ အဲဒီအချိန်က ယင်ယန်ဝိညာဉ်မျိုးနွယ်စု တစ်ချို့ဆိုရင် ဒီစွမ်းရည်ကိုသုံးပြီး သူတို့ရဲ့ အစွမ်းတွေကို ဘယ်ဟင်းလင်းပြင်အလွှာမှာမဆို အတားအဆီးမရှိ ထုတ်ဖော်နိုင်ကြတယ်။"
အဖြူရောင်စက္ကူရုပ်က လေးနက်စွာဖြင့် -
"အဲဒီအချိန်တုန်းက ယင်လောကဆိုတာ သူတို့အမြင်မှာ လက်ဝါးမြှောက်လိုက်ရုံနဲ့ ပျက်စီးသွားနိုင်တဲ့ နေရာသေးသေးလေးပဲ။ သူတို့ရဲ့ တကယ့် ရည်မှန်းချက်က လူသားလောကပဲ၊ နောက်ဆုံးမှာလည်း သူတို့ အောင်မြင်ခဲ့ကြတယ်။ အစွမ်းအစ အလွန်မြင့်မားတဲ့ ဝိညာဉ်မျိုးနွယ်စု တစ်ချို့က သူတို့ရဲ့လက်တံတွေကို လူသားလောကအထိ ဆန့်တန်းနိုင်ခဲ့ကြတယ်။"
"အဖြူရောင်အရှင်၊ အဲဒီတော့ သူတို့ရဲ့အစွမ်းက ဟင်းလင်းပြင်ကို ဖောက်ပြီး လူသားလောကအထိ တိုက်ရိုက် သက်ရောက်မှု ရှိနိုင်တယ်ပေါ့ "
ဖန့်ပင်းအန်းမှာ အံ့ဩလွန်း၍ မျက်လုံးများပင် ပြူးကျယ်သွားသည်။
"အဲဒီထဲက အတော်ဆုံးပုဂ္ဂိုလ်တွေပဲ လုပ်နိုင်တာ။"
အဖြူရောင်စက္ကူရုပ်က ခေါင်းညိတ်သည်။
ဖန့်ပင်းအန်းက အမြန်မေးသည်။
"အဲဒီအချိန်တုန်းက..."
"သူတို့လက်တံတွေ လူသားလောကဆီ ရောက်သွားတဲ့အခါ ဂိုဏ်းတစ်ခုက သူတော်စင်တွေက 'ယန်' စွမ်းအားအပြည့်ရှိတဲ့ စစ်သည်သန်းပေါင်းများစွာကို ဦးဆောင်ပြီး (၃၆) ထပ်မြောက် ဟင်းလင်းပြင်ဆီ ချီတက်ခဲ့ကြတယ်။"
"စစ်သည်သန်းပေါင်းများစွာနဲ့တင် ယင်ယန်ဝိညာဉ်မျိုးနွယ်စုတွေကို အမြစ်ပြတ် သတ်ဖြတ်နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ယင်ယန်ဝိညာဉ်မျိုးနွယ်စုတွေကို မတွေ့ရတော့ဘူး။ ဒါတင်မကသေးဘူး၊ ယင်ယန်ဝိညာဉ်မျက်လုံး စွမ်းရည်ကပါ ပျံ့နှံ့သွားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းလူတွေက လေ့လာပြီးတဲ့အခါ သူတို့ရဲ့ အဆင့်အတန်း ဘယ်လောက်မြင့်ပါစေ ယင်လောကကို မြင်နိုင်တဲ့ စွမ်းရည်လောက်ပဲ ရတော့တယ်။ ဟင်းလင်းပြင်ကို ဖောက်ပြီး တိုက်ရိုက် ထိခိုက်မှု မလုပ်နိုင်ကြတော့ဘူး။"
"နောက်ပိုင်းမှာတော့ ယင်ယန်ဝိညာဉ်မျက်လုံးကို နားလည်တဲ့သူတွေလည်း တဖြည်းဖြည်း သေဆုံးကုန်ပြီး ဒီစွမ်းရည်က ပျောက်ကွယ်သွားခဲ့တာပဲ။"
"စစ်သည်သန်းပေါင်းများစွာ..."
"ယန်စွမ်းအားလမ်းစဉ်ကိုလည်း ကျွန်တော် သိပေမဲ့ သူတို့က ဒီလောက်ထိတောင် အစွမ်းထက်လို့လား..."
ဖန့်ပင်းအန်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"တကယ့် အစစ်အမှန် စစ်သည်တွေက အလွန်ကို အစွမ်းထက်ကြတယ်။"
အဖြူရောင်စက္ကူရုပ်က တိုးညှင်းစွာ ပြောသည်။
"အဖြူရောင်အရှင်၊ အဲဒီတော့ ကျွန်တော် မြင်ခဲ့တဲ့ လူအိုကြီးက ယင်ယန်ဝိညာဉ်မျိုးနွယ်စု ဖြစ်ဖို့ များနေပြီပေါ့။ သူက ယင်ယန်ဝိညာဉ်မျက်လုံးကို သုံးပြီး ဟင်းလင်းပြင်ကိုဖောက်ပြီး လူကို ဒဏ်ရာရအောင် လုပ်နေတာလား ဒါဆိုရင် အခု အဖေကြီးဆီမှာ ဖြစ်ပျက်နေတာတွေက သူနဲ့ သက်ဆိုင်နေတာလား "
ဖန့်ပင်းအန်း၏ အသံမှာ အရေးပေါ် ဖြစ်လာသည်။
အနက်ရောင်နှင့် အဖြူရောင်စက္ကူရုပ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် အဖြူရောင်စက္ကူရုပ်က အေးစက်စက် ပြောလိုက်သည်။
"သူတို့က စွမ်းအားအနှစ်သာရကို ငါးမျှားသလို မျှားနေကြတာ၊ အဲဒီလူအိုကြီးက ဖန့်ချန်ကို ငါးမျှားသလို မျှားနေတာ ဖြစ်နိုင်တယ်။"
"ဒီလူအိုကြီးတော့..."
ဖန့်ပင်းအန်း ဒေါသအကြီးအကျယ် ထွက်သွားသည်။
"ပင်းအန်း... ဒေါသမထွက်ပါနဲ့ဦး၊ ငါတို့နဲ့ အနက်ရောင်အရှင် အခုချက်ချင်း လာခဲ့မယ်၊ ဘာလုပ်လို့ရမလဲ ကြည့်ကြတာပေါ့။"
အဖြူရောင်စက္ကူရုပ်က တည်ငြိမ်စွာ ဆိုသည်။
"ကျေးဇူးတင်ပါတယ် အနက်ရောင်အရှင်၊ အဖြူရောင်အရှင် "
...
...
ယင်ယန်တားမြစ်နယ်မြေအတွင်း။
ဖန့်ပင်းအန်း စိုးရိမ်တကြီး စောင့်ဆိုင်းနေပြီးနောက် အနက်ရောင်နှင့် အဖြူရောင်စက္ကူရုပ်များ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။
သူတို့သည် ဖန့်ချန်၏ အခြေအနေကို မြင်လိုက်သည်နှင့် ချက်ချင်းပင် အနားသို့ တိုးကပ်လာပြီး ဘယ်ဘက်နှင့် ညာဘက်မှ အသီးသီး ဆွဲကိုင်ကာ ကမ်းစပ်မှ ဆွဲခေါ်ရန် ကြိုးစားလိုက်ကြသည်။
ပြင်ပအစွမ်းအစတစ်ခု ဝင်ရောက်လာသည်နှင့်တပြိုင်နက် ရေအိုင်ထဲတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်လာပြီး အလွန်ကြီးမားသော လူအိုကြီးတစ်ယောက်၏ မျက်နှာပုံစံတစ်ခု ပေါ်ထွက်လာသည်။
" မိစ္ဆာအိုင် သုံးထောင် က ခွေးကောင်တွေ...... မင်းတို့က ဒီကိစ္စကို ဝင်ပါချင်တာလား "
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
အနက်ရောင်နှင့် အဖြူရောင်စက္ကူရုပ်တို့က ဂရုမစိုက်ဘဲ ဖန့်ချန်ကို ကမ်းစပ်မှ ဆွဲခေါ်ရန် ဆက်လက် ကြိုးစားနေသည်။
သို့သော် ဖန့်ချန်၏ ခြေထောက်တို့သည် မြေကြီးထဲတွင် အမြစ်တွယ်ထားသကဲ့သို့ မည်သို့မျှ ရွေ့လျား၍ မရနိုင်ပေ။
ထိုအချိန်တွင်ပင် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲမှ ယင်ယန်စွမ်းအားများ တရစပ် ထွက်ပေါ်လာသည်။
အနက်ရောင်နှင့် အဖြူရောင်စက္ကူရုပ်တို့၏ လက်ဝါးများမှာ ချက်ချင်းပင် အေးခဲသွားသည်။
သူတို့သည် လက်ဝါးများကို ချက်ချင်း စွန့်လွှတ်လိုက်ပြီး နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြသည်။
အဖြူရောင်စက္ကူရုပ်က ရေအိုင်ထဲမှ ပေါ်ထွက်နေသော ကြီးမားသည့် မျက်နှာပုံစံကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"အိမ်မှားရောက်နေတဲ့ ခွေးကောင်... ဒီနေရာမှာတောင် နောက်ထပ် လာပြီး ရဲရဲတင်းတင်း လုပ်နေရဲသေးတာလား "
အခန်း (၂၇၁၈) - အခြေအနေ ထိန်းမနိုင်တော့ခြင်း
ရေအိုင်ထဲမှ အေးစက်ပြီး ခပ်သဲ့သဲ့ ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီးနောက်တွင်မူ ထိုလူအိုကြီးသည် အနက်ရောင်နှင့် အဖြူရောင်စက္ကူရုပ်တို့ကို လုံးဝ ဂရုစိုက်တော့ခြင်း မရှိတော့ပေ။
ငါးကြီးတစ်ကောင်ပြီး တစ်ကောင် ရေမျက်နှာပြင်သို့ တရစပ် ခုန်တက်လာပြီး နတ်ဘုရားစွမ်းအား အနှစ်သာရ များအဖြစ် ပြောင်းလဲကာ ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ တသွင်သွင် စီးဝင်နေတော့သည်။
"အဖြူရောင်အရှင်... ဒီလူအိုကြီးရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒီလောက်များပြားလှတဲ့ နတ်ဘုရားစွမ်းအား အနှစ်သာရတွေနဲ့ သူ ဘာလုပ်ဖို့ ကြံစည်နေတာလဲ။"
ဖန့်ပင်းအန်း၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေသည်။
"ဒီနတ်ဘုရားစွမ်းအား အနှစ်သာရတွေဟာ အစကတည်းက သူ ချန်ထားခဲ့တာ ဖြစ်ဖို့ များတယ်။"
"သူက အခု ဒီအနှစ်သာရတွေအားလုံးကို ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကို အတင်းအကျပ် သွတ်သွင်းနေတာ။ သူ့ရည်ရွယ်ချက်က ဝိညာဉ်ကို လုယူဖို့ ဖြစ်မယ်လို့ ငါ ထင်တယ်"
ဟု အဖြူရောင်စက္ကူရုပ်က လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
"နည်းနည်းတော့ သိနားလည်သားပဲ။"
"ဒီဖန့်ချန်ဟာ အရည်အချင်း အလွန်ထက်မြက်ပြီး အခုဆိုရင် လူသားလောကမှာ ရေပန်းအစားဆုံး ဖြစ်နေတယ်။ ငါသာ သူ့ဝိညာဉ်ကို လုယူလိုက်နိုင်ရင် ငါတို့ရဲ့ ဒီဘက်အခြမ်းအတွက်လည်း အကျိုးရှိမှာပဲ။ မင်းတို့ ငါ့ကို မတားဆီးကြနဲ့။"
ထိုလူအိုကြီး၏ အသံမှာ ထပ်မံ ထွက်ပေါ်လာပြီး စိတ်ကျေနပ်မှုအနည်းငယ်နှင့် မောက်မာသည့် လေသံမျိုး ပါဝင်နေသည်။
ဖန့်ပင်းအန်းမှာ ကြောက်ရွံ့ခြင်းနှင့် ဒေါသတို့ ပေါင်းစပ်သွားသည်။
"ယင်ယန်တားမြစ်နယ်မြေ ဒီတစ်ခါ ပေါ်လာတာက ဖန့်ချန်ကို ငါးမျှားဖို့အတွက်ပဲလား။"
အဖြူရောင်စက္ကူရုပ်က အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
တစ်ဖက်လူမှာ ပြန်လည် တုံ့ပြန်ခြင်း မရှိတော့ပေ။
အနက်ရောင်စက္ကူရုပ်က အဖြူရောင်စက္ကူရုပ်ကို တစ်ချက်ကြည့်လိုက်ပြီး -
"ဘယ်လိုလုပ်ကြမလဲ။" ဟု မေးသည်။
"အနက်ရောင်အရှင်၊ အဖြူရောင်အရှင်... ခင်ဗျားတို့ ဘယ်လိုနည်းနဲ့မဆို ကျွန်တော့်အဖေကို ကယ်ပေးကြပါ။ ဒီလူအိုကြီး သူ့ဝိညာဉ်ကို လုယူသွားအောင် လုံးဝ ခွင့်မပြုနိုင်ဘူး "
ဖန့်ပင်းအန်းက တိုးတိုးလေး အော်ဟစ်လိုက်သည်။
ရုပ်ခန္ဓာကိုယ်ကို အသိမ်းခံရတာက တစ်မျိုးဆိုပေမဲ့၊ အခု ဖန့်ချန်က ဝိညာဉ်အခြေအနေ ဖြစ်နေသည်။ အကယ်၍သာ ဝိညာဉ်အပြီးတိုင် အလုခံလိုက်ရပါက သာမန်သူတော်စင်များ သိထားသည့် ဝိညာဉ်ခန္ဓာကိုယ်ကို လုယူခြင်း နှင့် လုံးဝ ကွဲပြားသွားမည် ဖြစ်သည်။
ထိုအခြေအနေသို့ ရောက်သည်အထိ သူ မတွေးထားခဲ့ပေ။ ထိုသို့သော နည်းလမ်းကို သုံးနိုင်သည့် တည်ရှိမှုမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့။
"ငါတို့ရဲ့ မူလခန္ဓာကိုယ် သာ ဒီနေရာမှာ ရှိနေရင် တစ်ခုခု လုပ်လို့ရကောင်းရနိုင်မယ်၊ ဒါပေမဲ့ အခုတော့..."
အဖြူရောင်စက္ကူရုပ်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
ထိုအချိန်တွင်ပင် အနက်ရောင်စက္ကူရုပ်၊ အဖြူရောင်စက္ကူရုပ်နှင့် ဖန့်ပင်းအန်းတို့၏ မျက်လုံးများထဲတွင် အံ့ဩမှုများ တစ်ပြိုင်နက် ပေါ်လာသည်။
ဒီနေရာမှာ တစ်စုံတစ်ရာ ပြောင်းလဲသွား၍ မဟုတ်ပေ။
၎င်းတို့၏ မူလခန္ဓာကိုယ်များက မျက်ဝါးထင်ထင် မြင်လိုက်ရခြင်းဖြစ်သည်။ ယင်ယန်တားမြစ်နယ်မြေကို မမြင်နိုင်သော လက်ကြီးတစ်စုံက ဟင်းလင်းပြင်ထဲသို့ ဆွဲဆတ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။
...
တစ်ချိန်တည်းမှာပင်။
(၁၈) ထပ်မြောက် ယင်လောက၊ ယင်စစ်သည်ဌာန
ရှူးလုံ နှင့် ပိုင်ဇီယုရှန်း တို့သည် တစ်ပြိုင်နက် ထရပ်လိုက်ကြပြီး ဖန့်ချန်တို့၏ နောက်ကျောတွင် ရှိနေသော ဝိညာဉ်ပြန်ခေါ်နံ့သာတိုင် ကို ကြောက်ရွံ့ဒေါသထွက်စွာဖြင့် ကြည့်လိုက်ကြသည်။
နံ့သာတိုင်မှာ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သော်လည်း တစ်ဖက်နှင့် ချိတ်ဆက်မှုမှာ လုံးဝ ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။
"ဒါ ဝိညာဉ်ချုပ်နှောင်ခြင်း မဟုတ်ဘူး"
ပိုင်ဇီယုရှန်း ၏ မျက်နှာမှာ အလွန်ပင် လေးနက်သွားသည်။
"ငါတို့ရှေ့မှာတင် ဘယ်သူမှ မသိလိုက်ဘဲနဲ့ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင်ရဲ့ ချိတ်ဆက်မှုကို ဖြတ်တောက်နိုင်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး "
"ကမ္ဘာပေါ်မှာ ဒီလိုနည်းလမ်းမျိုး တကယ်ရှိရင်တောင် အလွန်ကြီးမားတဲ့ ပေးဆပ်မှုမျိုး လုပ်ရမှာပဲ။ သူတို့က နောက်မျိုးဆက်လေးတွေအတွက်နဲ့ ငါတို့တောင် မတွေးဝံ့လောက်တဲ့ ပေးဆပ်မှုမျိုးကို ဘာကြောင့် လုပ်မှာလဲ "
"ဒီတစ်ခါ ကိစ္စက ပုံမှန်မဟုတ်ဘူး။"
ရှူလုံ ကောင်းကင်အရှင် ၏ မျက်လုံးများမှာ မှောင်မိုက်နေသည်။
ရွှေရောင်ဝိညာဉ်တားမြစ်ခြင်း ဖြစ်စေ၊ ယင်စစ်သည်ဌာနကို ချုံခိုတိုက်ဖို့ ကြံစည်နေတဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေ ဖြစ်စေ၊ အားလုံးက သူတို့ တွက်ချက်ထားတဲ့အတိုင်းပဲ ဖြစ်သည်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝိညာဉ်တားမြစ်ခြင်း စွမ်းရည် ပျက်ပြားသွားတာတောင် သူတို့ မျှော်လင့်ထားတဲ့အတိုင်းပဲ ဖြစ်သည်။
ဒီအချိန်ထိဆိုရင် ကိစ္စက ပြီးဆုံးသင့်ပြီ။
ဒါပေမဲ့ အခု ဝိညာဉ်ပြန်ခေါ်နံ့သာတိုင်ရဲ့ ချိတ်ဆက်မှုက ရုတ်တရက် ပြတ်တောက်သွားခဲ့ပြီ။
ဒါက ဘာကို ဆိုလိုတာလဲ
ရှူလုံ ကောင်းကင်အရှင် နှင့် ပိုင်ဇီယုရှန်း တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ဖန့်ချန် "
" သူတို့ရဲ့ ရည်ရွယ်ချက်က ဖန့်ချန်ပဲလား "
ပိုင်ဇီယုရှန်း ၏ မျက်နှာမှာ မည်းမှောင်သွားသည်။
"ယင်ယန်တားမြစ်နယ်မြေ ပေါ်လာတဲ့ သတင်း ပေါက်ကြားသွားပြီးတဲ့နောက်မှာ ဖန့်ချန်တို့ နားလည်သဘောပေါက်ဖို့ လာတာကို တားဆီးဖို့အတွက်ပဲ ထင်ခဲ့တာ။ ခြေလှမ်းတွေ အားလုံးကလည်း ထင်ရှားနေတာပဲ။ ဒါပေမဲ့ သူတို့ရဲ့ နောက်ဆုံး ရည်ရွယ်ချက်က ဖန့်ချန် ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။"
"ရှူလုံ... ငါတို့ သူတို့ရဲ့ လှည့်ကွက်ထဲမှာ အမိခံလိုက်ရပြီ။"
ပိုင်ဇီယုရှန်းက ရှူလုံ ကောင်းကင်အရှင်ကို ကြည့်ကာ မျက်နှာပျက်လျက် ဆိုသည်။
"မင်း ဒီတစ်ခါ ဖန့်ချန်ကို ခေါ်လာခဲ့သင့်တာ မဟုတ်ဘူး။ အခြေအနေက ထိန်းမနိုင်တော့ဘူး။"
"ငါ ခဏ ထွက်သွားလိုက်ဦးမယ်၊ ဒီက အခြေအနေကို မင်း ဂရုစိုက်ပေးထားပါ။ ပြီးတော့ လူတစ်ချို့ကို (၂၄) ထပ်မြောက် အလွှာကို သွားကြည့်ခိုင်းလိုက်။ တစ်စုံတစ်ရာ ဆုံးရှုံးမှု ရှိရင်တောင် ဂရုမစိုက်နဲ့တော့။"
ရှူလုံ ကောင်းကင်အရှင်က နန်းဆောင်အပြင်ဘက်သို့ လျှောက်ထွက်သွားသည်။
"မင်း ဘယ်သွားမလို့လဲ"
"ငါ ချင်ဟော်ဆွေ့ ကို သွားရှာမလို့။"
ရှူလုံ ၏ အရိပ်မှာ အတွင်းနယ်မြေ တံခါး ထဲသို့ ချက်ချင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
"အခုမှ ချင်ဟော်ဆွေ့ကို သွားရှာတာ နောက်ကျမနေဘူးလား ဒါပေမဲ့ လူသားမျိုးနွယ်ထဲက သေးငယ်တဲ့ ကောင်းကင်အရှင် တစ်ပါးက ဒီလောက်ကြီးမားတဲ့ ကွက်ကို ချနိုင်ပါ့မလား "
ပိုင်ဇီယုရှန်း က တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီကွက်က ကြည့်ရတာ ရိုးရှင်းပေမဲ့ ငါတို့ရဲ့ အတွေးတွေကို အဆုံးစွန်အထိ တွက်ချက်ထားတာပဲ။ အကယ်၍ ယင်ယန်တားမြစ်နယ်မြေ သတင်း မပေါက်ကြားခဲ့ရင်တောင် ငါတို့က ပိုပြီး ကာကွယ်မှုတွေ လုပ်ထားမှာပဲ..."
"မဟုတ်ဘူး၊ သူက ငါတို့ကို တွက်ချက်နေတာ မဟုတ်ဘူး၊ ဖန့်ချန်က ယင်ယန်တားမြစ်နယ်မြေကို ရောက်လာလိမ့်မယ်လို့ သူ အသေအချာ ယုံကြည်နေတာပဲ "
"ဒါပေမဲ့ နောက်ဆုံးမှာ သုံးသွားတဲ့ အဲဒီနည်းလမ်းက ဘာလဲ ဘယ်လို တည်ရှိမှုမျိုးကများ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင်ကို ချက်ချင်း ဖြတ်တောက်နိုင်မှာလဲ ဝိညာဉ်တားမြစ်ခြင်း စွမ်းရည်နဲ့တောင် မလုပ်နိုင်ဘူးလေ..."
ထိုသို့ တွေးတောမိပြီးနောက် ပိုင်ဇီယုရှန်း က မျက်နှာကို မှောင်ပိန်းစွာဖြင့် -
"ငါ့အမိန့်ကို လက်ခံကြ၊ စစ်တပ်ကို (၂၄) ထပ်မြောက် ဟင်းလင်းပြင်ဆီ စေလွှတ်ပြီး ယင်ယန်တားမြစ်နယ်မြေရဲ့ အခြေအနေကို သွားကြည့်ကြ "
"ဟုတ်ကဲ့ "
...
...
စစ်သည်အင်အား အမြောက်အမြားဖြင့် ယင်စစ်သည်တို့ (၂၄) ထပ်မြောက် ဟင်းလင်းပြင်သို့ ရောက်ရှိသွားသည်။
ထိုကြားထဲတွင် သူတို့သည် မည်သည့် အတားအဆီးနှင့်မျှ မတွေ့ကြုံခဲ့ရပေ။
လွမ်မိုဟိုင်ပင်လယ် နှင့် ကျိုကျူတောင် မှ မကောင်းဆိုးဝါး ဝိညာဉ်များကိုလည်း မတွေ့ရပေ။
လမ်းတစ်လျှောက် ချောမွေ့စွာပင် ရောက်ရှိသွားပြီး ယင်ယန်တားမြစ်နယ်မြေ ပျောက်ကွယ်သွားသည်ကို မြင်တွေ့ရသောအခါ သူတို့၏ လမ်းကြောင်းအတိုင်း ပြန်လှည့်လာခဲ့ကြသည်။
...
...
ချင်းမင် အဆင့်မြင့်ဆုံးမဟာမိတ်အဖွဲ့။
စစ်ဆေးရေးဌာန ၊ ဖမ်းဆီးရေးဌာန ။
မှောင်မိုက်နေသော မျက်လုံးအစုံစုံတို့က ဖမ်းဆီးရေးဌာန ခန်းမရှေ့တွင် ရပ်နေသည့် ပုဂ္ဂိုလ်တစ်ယောက်ကို အေးစက်စက် စိုက်ကြည့်နေကြသည်။
ရှူလုံ ကောင်းကင်အရှင် စကားမစခင်မှာပင် ဒွမ်ချင်ရှန်း က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ချင်ဟော်ဆွေ့၊ မင်း လွန်လွန်းနေပြီ၊ ငါ မင်းအမေကို..."
ချင်ဟော်ဆွေ့က ဒွမ်ချင်ရှန်းကို တစ်ချက်ကြည့်ပြီးနောက် ရှူလုံ ဘက်သို့ လှည့်လိုက်သည်။
"ဖမ်းဆီးရေးဌာနရဲ့ တာဝန်ရှိသူဆိုတာ ဒီလိုမျိုးပဲလား ပါးစပ်ဖွင့်လိုက်ရင် အညစ်အကြေးတွေနဲ့ပဲ ပြောနေရအောင်..."
ရှူလုံ က ဒွမ်ချင်ရှန်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
ဒွမ်ချင်ရှန်းလည်း ပါးစပ်ကို ပိတ်လိုက်ရသည်။
"ငါ မင်းကို ဖမ်းခေါ်လာတာ ဘာကြောင့်လဲဆိုတာ မင်း သိသင့်ပါတယ်။"
ရှူလုံ ကောင်းကင်အရှင်က အေးဆေးစွာ ပြောသည်။
"ယင်ယန်တားမြစ်နယ်မြေက ဒီလောက်ကြာတဲ့အထိ မင်းလက်ထဲမှာပဲ ရှိနေခဲ့တာ၊ အခု မင်းက ဒါကို စစ်ဆေးရေးဌာနကို လှူလိုက်တယ်။ ဒါပေမဲ့ ငါ ပထမဆုံး စေလွှတ်လိုက်တဲ့ သူတော်စင်တွေ အဲဒီထဲမှာတင် အန္တရာယ် ဖြစ်သွားခဲ့တယ်။"
ချင်ဟော်ဆွေ့က နားလည်သယောင်ဖြင့် -
"ဪ... ယင်ယန်တားမြစ်နယ်မြေက ကိစ္စလား။ အဲဒီတုန်းက စစ်ဆေးရေးဌာနကို လွှဲပေးတုန်းကလည်း ရှင်းရှင်းလင်းလင်း ပြောခဲ့သားပဲ။"
"ယင်ယန်တားမြစ်နယ်မြေက အလွန်အန္တရာယ်များတယ်။ ကျွန်တော့်လက်ထဲမှာ နှစ်ပေါင်းများစွာ ရှိခဲ့ပေမဲ့ ကျွန်တော့်လူသားမျိုးနွယ်ထဲက တစ်ယောက်မှ အဲဒီကို မသွားခဲ့ဘူး။ ပထမအချက်က သူတို့ (၂၄) ထပ်မြောက် ဟင်းလင်းပြင်ကို ရောက်ဖို့ ခက်ခဲလို့ပါ။ ဒုတိယအချက်က သူတို့ အသက်ရှင်ပြီး ပြန်ထွက်လာနိုင်မယ်လို့ ကျွန်တော်လည်း အာမမခံနိုင်ဘူး။ တားမြစ်နယ်မြေဆိုတာ အန္တရာယ်ရှိတာပဲလေ။ အကြီးကဲက ဒါကို အပြစ်တင်ဖို့အတွက် ကျွန်တော့်ဆီ လာရှာတာတော့ မဟုတ်လောက်ဘူးနော်။ စစ်ဆေးရေးဌာနကို လွှဲပေးလိုက်တဲ့ အချိန်ကစပြီး ဒါဟာ စစ်ဆေးရေးဌာနရဲ့ နယ်မြေပဲ၊ ကျွန်တော့်ပိုင်ပစ္စည်း မဟုတ်တော့ဘူး။"
"မင်းသာ လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင် မလုပ်ခဲ့ရင်၊ ဟင်းလင်းပြင် ကွပ်မျက်သူ တွေ ယင်ယန်တားမြစ်နယ်မြေ ပေါ်လာတာကို မသိခဲ့ရင် အခုလို ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး။"
ရှူလုံ က အေးဆေးစွာ ပြောသည်။
"ကျွန်တော် ဘာသတင်းအချက်အလက်ကိုမှ ပေါက်ကြားအောင် မလုပ်ခဲ့ပါဘူး။"
"ဒီလိုဆိုရင်လည်း အခြေအနေက အန္တရာယ်များတာပဲ။ ဟင်းလင်းပြင် ကွပ်မျက်သူတွေက ယင်ယန်တားမြစ်နယ်မြေကို မျက်စိကျနေမှန်း သိရက်နဲ့၊ သူတို့ ချုံခိုတိုက်ဖို့ ကြံစည်နေမှန်း သိရက်နဲ့ အကြီးကဲ က ဘာလို့ သူတော်စင်တွေကို အဲဒီကို ခေါ်သွားရတာလဲ "
ချင်ဟော်ဆွေ့၏ မျက်လုံးများမှာ တဖြည်းဖြည်း လေးနက်လာသည်။
"ဖန့်ချန်ရော အဲဒီကို ပါသွားသလား"
"ပါသွားတယ်။"
"ဒါဆိုရင်တော့ အကြီးကဲက တကယ်ကို တာဝန်မဲ့တာပဲ။ ဒီရာထူးကို ဆက်ထိန်းထားနိုင်ပါ့မလားတောင် မသိဘူး။"
ချင်ဟော်ဆွေ့က သက်ပြင်းချလိုက်သည်။
ဖမ်းဆီးရေးဌာနမှ တာဝန်ရှိသူများသည် ချင်ဟော်ဆွေ့ကို အမူအရာမဲ့စွာ ကြည့်နေကြသော်လည်း စိတ်ထဲတွင်မူ ဒေါသကို မြိုသိပ်ထားကြသည်။
သူက ကိစ္စအားလုံးကို သူနဲ့ မသက်ဆိုင်သလိုမျိုး အစကတည်းက ခွဲထုတ်ပစ်လိုက်ပြီ။ သူတို့တောင် သူ့ဆီကနေ အပြစ်ရှာဖို့ ခက်ခဲနေသည်။
ချင်းမင် ဥပဒေအရဆိုရင်လည်း သူ့ကို အပြစ်တင်ဖို့ ခက်ခဲသည်။
သို့သော် သူပြောလိုက်သော နောက်ဆုံးစကားမှာ အရေးကြီးသော သတင်းစကား တစ်ခုကို ပေးလိုက်ခြင်း ဖြစ်သည်။
'ဒီကောင်က အကြီးကဲကို ရာထူးကနေ ဖြုတ်ချဖို့ ကြံစည်နေတာလား'
ဒွမ်ချင်ရှန်း၏ စိတ်ထဲတွင် အေးစက်စက် ဖြစ်သွားရသည်။