အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂) - ထျန်းကျီးပိုက်ကွန်အင်းကွက် (၂)
မကြာမီပင် သူသည် ပေငါးဆယ်ခန့်ဆင်းသွားပြီးနောက် မော့ကြည့်လိုက်ရာ ကျောက်နံရံပေါ်တွင် အမှန်တကယ်ပင် ဂူပေါက်တစ်ခုရှိနေသည်ကို တွေ့လိုက်ရ၏။
ချူချင်းသည် ကိုယ်ကိုလှည့်ကာ ထိုဂူပေါက်အတွင်းသို့ ဆင်းသက်လိုက်ပြီး အပေါ်သို့မော့ကာ လှမ်းပြောလိုက်သည်။
"ဆင်းလာလို့ရပြီ..."
အပေါ်မှလူများသည် ချက်ချင်းပင် တစ်ယောက်ပြီးတစ်ယောက်ဆင်းလာကြပြီး နောက်ဆုံးမှဝင်လာသူမှာ စီယဲ့ဖြစ်၏။ သူသည် မီးတုတ်ကိုကိုင်ဆောင်ကာ ဂူအတွင်းကို လင်းထိန်စေပြီး ကျောက်နံရံတစ်ခုပေါ်သို့ အကြည့်ရောက်သွားသည်။
ထိုနေရာတွင် ကြယ်တာရာပုံစံ ထွင်းထုထားသော အမှတ်အသားတစ်ခုကို တွေ့ရှိလိုက်ရ၏။
"ဒါ သူတို့ ချန်ထားခဲ့တဲ့အမှတ်အသားပဲ... သူတို့ တကယ်ပဲ ဒီကိုရောက်ခဲ့တာပဲ..."
စီယဲ့သည် သက်ပြင်းချကာ စိတ်သက်သာရာရသွားတော့သည်။
ထို့နောက် ချူချင်းက ဝမ်ရိုကိုမေးလိုက်၏။
"အနံ့ကကော..."
"ဂူလမ်းအတိုင်း ရှေ့ကိုဆက်သွားရုံပဲ..."
ဝမ်ရိုက တည်ငြိမ်စွာ ပြောလိုက်သည်။
ထျယ်ချူချင်၏မျက်လုံးများ ပြူးကျယ်သွား၏။
"မင်းရဲ့နှာခေါင်းက တကယ်ကို အစွမ်းထက်တာပဲ..."
ချူချင်းက သူမ၏အံ့သြတကြီးအော်ဟစ်သံကို လျစ်လျူရှုလိုက်သည်။
"သွားကြစို့..."
လူစုသည် ချက်ချင်းပင် ရှေ့သို့ဆက်လက်လျှောက်လှမ်းခဲ့ကြရာ ခြေရာလက်ရာများ ပိုမိုများပြားလာခြင်းက အချက်တစ်ခုကိုသက်သေပြနေပေသည်။
ဤဂူအတွင်း၌ တစ်ချိန်က လူများနေထိုင်ခဲ့ဖူးကြောင်းပင်။
စီယဲ့သည် ကျောက်နံရံပေါ်ရှိချိုင့်ခွက်များကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"အရင်က တွေ့ခဲ့တာတွေကို တိုက်ဆိုင်မှုလို့ ပြောလို့ရပေမဲ့ ခြေကုပ်ယူနိုင်တဲ့နေရာတိုင်းမှာ ဒီလိုချိုင့်ခွက်တွေရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
"ဒါက တစ်ယောက်ယောက်က ဒီမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး အပေါ်အောက် သွားလာရလွယ်ကူအောင် ကျောက်နံရံပေါ်မှာ တမင်တကာထွင်းထုထားခဲ့တာ သိသာတယ်..."
"ဒါပေမဲ့ ငါတို့ လမ်းတစ်လျှောက်လုံး လျှောက်လာတာ လူတစ်ယောက်တောင် မတွေ့ရသေးဘူး... သရဲတောင်မမြင်ရဘူး..."
ထျယ်ချူချင်သည် ခေါင်းကိုက်နေမိ၏။
အစောပိုင်းက သူမသည် အမှောင်ထဲတွင် ရှေ့သို့လျှောက်လှမ်းရင်း ကျောက်စက်ပန်းဆွဲတစ်ခုနှင့် မတော်တဆတိုက်မိသွားသဖြင့် နာကျင်လွန်း၍ မျက်ရည်ပင်ဝဲလာခဲ့ရသည်။
သို့သော် ချူချင်းသည် သူမကိုဂရုမစိုက်သည့်အပြင် ထိုကျောက်စက်ပန်းဆွဲပျက်စီးသွားခြင်း ရှိမရှိကိုသာ သွားရောက်ကြည့်ရှုခဲ့သဖြင့် သူမ၏ဦးခေါင်းမှာ ထိုကျောက်တုံးလောက်ပင် တန်ဖိုးမရှိသကဲ့သို့ ခံစားလိုက်ရ၏။
တကယ်ကို အဓိပ္ပာယ်မရှိလှပေ။
လူတိုင်းသည် ဤမေးခွန်းကို ဆက်လက်မဆွေးနွေးတော့ဘဲ ပိုမို၍သတိထားလိုက်ကြသည်။
လမ်းတစ်လျှောက်လုံး အောက်သို့ဆင်းလာခဲ့ကြရာ အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး မည်မျှအထိ နက်ရှိုင်းစွာ ရောက်ရှိသွားသည်ကို မသိရှိကြတော့ပေ။ တောင်တွင်းဂူများမှာ ရှုပ်ထွေးလှသော်လည်း စနစ်တကျရှိနေပြီး တောင်တွင်းအက်ကွဲကြောင်းများအတိုင်း အောက်သို့ဆက်ဆင်းလာခဲ့ကြ၏။
ထျန်းရှင်းတောင်၏အောက်ခြေသို့ ရောက်ရှိခြင်းရှိမရှိကိုမူ အတိအကျမပြောနိုင်သော်လည်း အတော်အတန်နက်ရှိုင်းသော နေရာသို့ရောက်ရှိနေပြီ ဖြစ်သည်မှာ သေချာပေသည်။
ထိုအချိန်တွင် ချူချင်းက ရုတ်တရက် ပြောလိုက်၏။
"ရှေ့မှာ လှုပ်ရှားသံတွေ ကြားနေရတယ်..."
စီယဲ့သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး မီးတုတ်ကိုကိုင်ဆောင်ကာ ရှေ့မှဦးဆောင်လမ်းပြလေသည်။
ချူချင်းတို့အဖွဲ့သည် နောက်မှလိုက်ပါလာခဲ့ကြရာ ပေတစ်ရာခန့်ဆက်ဆင်းသွားပြီးနောက် လမ်းနှစ်ခွကွေ့ကောက်နေသော လမ်းကြောင်းတစ်ခုသို့ ရောက်ရှိသွား၏။
ဤလမ်းကြောင်းမှာလည်း သဘာအတိုင်းဖြစ်ပေါ်နေပြီး လူတို့ပြုပြင်ထားခြင်း မရှိပေ။
ဝမ်ရိုသည် နှာခေါင်းကိုရှူရှိုက်လိုက်ပြီး လမ်းကြောင်းတစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။
သူမသည် လမ်းပြမီးအိမ်ကဲ့သို့ပင် ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးတွင် အလွန်ပင်ကျွမ်းကျင်လှပေသည်။
တစ်ခဏအကြာတွင် မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြန့်သွားတော့၏။
ဤနေရာမှာလည်း တောင်တွင်းဂူကြီးတစ်ခုဖြစ်သော်လည်း သူတို့ရှေ့တွင် ထူထပ်လှသော ကျောက်တုံးတောအုပ်ကြီးတစ်ခု ရှိနေပေသည်။
ကျောက်တုံးတောအုပ်၏ပတ်ပတ်လည်တွင် ပင့်ကူအိမ်များစွာပုန်းကွယ်နေပြီး ကျောက်တုံးတောအုပ်၏ရှေ့တွင်မူ ကျောက်ပြားတစ်ချပ်ရှိနေ၏။
ထိုကျောက်ပြားပေါ်တွင် စာလုံးကြီးငါးလုံးရေးထွင်းထားသည်မှာ ထျန်းကျီးပိုက်ကွန်အင်းကွက်ဟူ၍ ဖြစ်ပေသည်။
မော့ကြည့်လိုက်သောအခါ ဂူနံရံထက်တွင် လူသုံးဦးချိတ်ဆွဲခံထားရသည်ကို တွေ့ရှိလိုက်ရ၏။
ထိုလူသုံးဦး၏ခန္ဓာကိုယ်ပေါ်တွင် ပင့်ကူအိမ်များဖုံးလွှမ်းနေပြီး ခြေလက်များလှုပ်ရှား၍မရဘဲ တွဲလောင်းကျနေသော ပင့်ကူဥများကဲ့သို့ဖြစ်နေကာ ချူချင်းတို့အဖွဲ့ကို တိတ်တဆိတ်စိုက်ကြည့်နေကြသည်။
"မင်းတို့..."
စီယဲ့သည် သူတို့ကိုမြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားတော့၏။
ကြယ်တာရာအစောင့်များကိုပျိုးထောင်ရန် မလွယ်ကူလှပေ။ စောစောက ထိုသုံးယောက်သေဆုံးသွားပြီဟု ထင်မှတ်ခဲ့သော်လည်း ကံကောင်းထောက်မစွာပင် အင်းကွက်အတွင်း ပိတ်မိနေရုံသာဖြစ်ပြီး အသက်ရှင်လျက်ရှိနေသေးပေသည်။
ချက်ချင်းပင် သူသည် ခြေဦးလှည့်ကာ ကျောက်တုံးကြီးတစ်တုံးကိုနင်းလျက် ထိုသုံးဦးကိုကယ်တင်ရန် ခုန်တက်လိုက်၏။
သို့သော် မမျှော်လင့်ဘဲ လေထဲသို့ခုန်တက်လိုက်စဉ်မှာပင် ပင့်ကူမျှင်များစွာသည် ရုတ်တရက် ပျံသန်းရောက်ရှိလာသည်။
၎င်းတို့မှာ အရပ်မျက်နှာအနှံ့မှဝိုင်းရံကာ သူ့ကိုဖမ်းဆီးရန် ပြင်ဆင်လာ၏။
စီယဲ့၏မျက်နှာအမူအရာသည် ချက်ချင်းပင် ပျာယာခတ်သွားပြီး လက်ဝါးချက်ကိုရိုက်ထုတ်ကာ ထိုပင့်ကူအိမ်များကိုဖယ်ရှားရန် ကြိုးစားလိုက်သည်။
သို့သော် ပင့်ကူအိမ်မှာ အလွန်နူးညံ့လှသဖြင့် လက်ဝါးလေလှိုင်းဖြင့် ဖယ်ရှား၍မရနိုင်ပေ။ ပင့်ကူအိမ်အတွင်းသို့ ပိတ်မိတော့မည့်အချိန်တွင် အေးစိမ့်သော စွမ်းအားတစ်ခုက ရုတ်တရက်ဆွဲယူလိုက်၏။
ပင့်ကူအိမ်က စီယဲ့ကို မဖမ်းမိမီမှာပင် အနောက်သို့ပြန်လည်ဆွဲယူလိုက်ခြင်း ဖြစ်ပေသည်။
"ပုံမှန်ဆိုရင်တော့ တော်တော်လေး တည်ငြိမ်တဲ့သူလို့ ထင်ရပေမဲ့..."
ချူချင်းက စီယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"အခုကျတော့ ဘာလို့ ဒီလောက် စိတ်လိုက်မာန်ပါလုပ်ရတာလဲ... ဟိုဘက်မှာ 'ထျန်းကျီးပိုက်ကွန်အင်းကွက်'လို့ ရေးထားတာ မမြင်ဘူးလား..."
"သူတို့သုံးယောက်က အင်းကွက်ကိုထိမိပြီးမှ အပေါ်မှာချိတ်ဆွဲခံထားရတာ သိသာနေတာကို..."
"မင်းက ဘာမှမစဉ်းစားဘဲ အတင်းတိုးဝင်သွားတာလား..."
စီယဲ့သည် ချူချင်း၏စကားများကြောင့် စကားမပြောနိုင်တော့ဘဲ ရှက်ရွံ့စွာဖြင့်ခေါင်းငုံ့ထားရုံသာ တတ်နိုင်တော့သည်။
ချူချင်းကမျက်ခုံးပင့်ကာ အပေါ်တွင်ချိတ်ဆွဲခံထားရသော သုံးဦးကိုကြည့်ရင်း မေးလိုက်၏။
"အင်းကွက်... မင်းတို့ထဲက ဘယ်သူနားလည်လဲ..."
ဤစကားထွက်ပေါ်လာသည်နှင့် ဝမ်ရိုသည် ပထမဆုံးခြေတစ်လှမ်း နောက်ဆုတ်သွားလေသည်။
သူမသာ အင်းကွက်ကိုနားလည်ပါက ချင်းရှီးရွာတွင် ပိတ်မိနေမည်မဟုတ်ပေ။
စီယဲ့က ပြောလိုက်၏။
"ငါ နည်းနည်းတော့ နားလည်ပါတယ်..."
"ဒါပေမဲ့ အင်းကွက်ကို ဖျက်ဆီးနိုင်မလားဆိုတာကတော့ မသေချာဘူး..."
"ဟွန်း... မင်းတို့ မလုပ်နိုင်ဘူးမလား..."
ထျယ်ချူချင်က ခါးထောက်လျက် ပြောလိုက်သည်။
"မင်းတို့အားလုံး ဘေးဖယ်လိုက်ကြ... ငါကမှ အင်းကွက်ပညာရှင်အစစ်..."
ချူချင်းသည် သူမကို လေးစားစွာကြည့်လိုက်၏။
"တကယ်ပဲ လူကို အပြင်ပန်းနဲ့ဆုံးဖြတ်လို့မရဘူးပဲ... မင်းက တကယ်ပဲ အင်းကွက်ပညာရှင်လား..."
ထျယ်ချူချင်က နှာခေါင်းရှုံ့လိုက်သည်။
"ဘာဖြစ်လဲ... ငါ့ပုံစံက အင်းကွက်ပညာရှင်မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ... အာ..."
"ငါက ဘယ်လိုပုံစံမို့လို့လဲ... ဘာလို့ လူကိုအပြင်ပန်းနဲ့ ဆုံးဖြတ်လို့မရဘူးလို့ ပြောရတာလဲ..."
သူမ၏နဖူးပေါ်တွင် သွေးကြောများဖောင်းတက်လာပြီး ချူချင်းကိုခုန်အုပ်ကာ အသေအလဲတိုက်ခိုက်ရန် ပြင်ဆင်တော့သည်။
ဝမ်ရိုက သူမ၏ခါးကို အလျင်အမြန်ဖက်ထားလိုက်သဖြင့် သူမသည် ဝမ်ရို၏ရင်ခွင်ထဲတွင်သာ ရုန်းကန်လှုပ်ရှားနိုင်ပြီး ချူချင်းနှင့်ပိုမိုဝေးကွာသွားတော့၏။
"သခင်မလေးထျယ်က အင်းကွက်ကို နားလည်တယ်ဆိုရင်တော့ စီယဲ့နဲ့တိုင်ပင်ပြီး ဒီအင်းကွက်ကို ဖျက်ဆီးနိုင်မလားဆိုတာ ကြည့်လိုက်ကြ..."
သူက အပေါ်တွင်ချိတ်ဆွဲခံထားရသော ကြယ်တာရာအစောင့်သုံးဦးကို မော့ကြည့်ရင်း ပြောလိုက်၏။
"ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ သူတို့ကို အရင်ဆုံးအောက်ချပေးဖို့ လိုတယ်..."
သူ့စိတ်ထဲမှ လှုပ်ရှားလိုက်သည်နှင့် လက်ထဲတွင် ဓားမြှောင်သုံးစင်း ပေါ်လာချေသည်။
လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်သောအခါ ဓားမြှောင်သုံးစင်းသည် လေဟာနယ်ကိုဖြတ်သန်းကာ ၎င်းတို့ကိုချိတ်ဆွဲထားသော ပင့်ကူမျှင်များကို တိုက်ရိုက်ဖြတ်တောက်လိုက်၏။
သူအသုံးပြုလိုက်သော ဤနည်းစနစ်မှာ ရှောင်လီ၏ပျံလွှားဓားမြှောင် မဟုတ်ပေ။
သာမန်လျှို့ဝှက်လက်နက် ပစ်ခတ်သည့်နည်းစနစ်သာ ဖြစ်သော်လည်း ရှောင်လီ၏ပျံလွှားဓားမြှောင်အစွမ်းကို ပိုင်ဆိုင်ထားသဖြင့် သာမန်လက်နက်ပစ်ခတ်မှုပင် ဖြစ်စေကာမူ တိကျမှုမှာ အမှားအယွင်းမရှိပေ။
ဝှစ်ဝှစ်ဝှစ်...
ပင့်ကူမျှင်များပြတ်တောက်သွားပြီးနောက် ပုံရိပ်သုံးခုသည် ကျောက်တုံးတောအုပ်အတွင်းသို့ ကြောက်လန့်တကြားပြုတ်ကျလာတော့၏။
ထိုအချိန်တွင် ချူချင်းသည် လက်ကိုဆန့်ထုတ်ကာ မင်ယွိကျင့်စဉ်၏အတွင်းအားကို လှုပ်ရှားစေပြီး ထိုသုံးဦးကို အတင်းအကျပ် ဆွဲယူလိုက်လေသည်။
သူတို့ မြေပြင်ပေါ်သို့ဆင်းသက်လာသည်နှင့် စီယဲ့သည် အလျင်အမြန်ပင် သူတို့ကိုယ်ပေါ်ရှိ ပင့်ကူမျှင်များကို ဖယ်ရှားပေးလိုက်၏။
ထိုသုံးဦးသည် ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီးနောက် ချူချင်းကိုကျေးဇူးတင်စွာဖြင့် လက်အုပ်ချီကာ နှုတ်ဆက်ကြသည်။
"သခင်လေးကို ကျေးဇူးတင်ပါတယ်..."
ချူချင်းက လက်ကိုဝှေ့ယမ်းလိုက်၏။
"ကျေးဇူးတင်စရာမလိုပါဘူး... မင်းတို့သုံးယောက် ဘေးကင်းသွားပြီဆိုတော့ အပေါ်ကိုပြန်တက်ပြီး ဘေးကင်းကြောင်း သတင်းပို့လိုက်ကြ..."
သူက ခဏမျှရပ်တန့်လိုက်ပြီး စီယဲ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"စီယဲ့ အောက်ဆင်းလာကတည်းက ဒုတိယသခင်ဆီ သတင်းပို့ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ထားပြီးလောက်ပြီ..."
"မင်းတို့အပေါ်ရောက်ရင် ဒုတိယသခင်ကို ဒီနေရာကအကြောင်းအရာတွေကို လျှို့ဝှက်ထားဖို့ပြောလိုက်... ပြီးတော့ အင်းကွက်ကျွမ်းကျင်တဲ့သူ နှစ်ယောက်လောက်ကို အောက်ဆင်းလာဖို့ ရှာခိုင်းလိုက်ဦး..."
"ဒီသခင်မလေးထျယ်က ယုံကြည်ရပါ့မလား မသေချာဘူး... ငါတို့အတွက် အရန်အစီအစဉ်တစ်ခု ချန်ထားရမယ်..."
ကြယ်တာရာအစောင့်သုံးဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး အလျင်အမြန်ပင် သဘောတူလိုက်ကြ၏။
သူတို့၏ခြေလက်များ ထုံကျင်ကိုက်ခဲနေမှုကိုဂရုမစိုက်နိုင်ဘဲ လာခဲ့သောလမ်းကြောင်းအတိုင်း အပြင်သို့ အလျင်အမြန် လျှောက်လှမ်းသွားကြတော့သည်။
ထျယ်ချူချင်သည် ချူချင်းကို ဒေါသထွက်လွန်းသဖြင့် နှုတ်ခမ်းများပင် တုန်ရီနေတော့၏။
သူမက အင်းကွက်များကိုကျွမ်းကျင်သည်ဟု ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သော်လည်း ဤလူက သူမကို အဘယ်ကြောင့် မယုံကြည်ရသနည်း။
အရန်အစီအစဉ်ချန်ထားရန် အခြားလူကိုပင် ရှာဖွေခိုင်းနေသေးသည်။ တကယ်ကို ဒေါသထွက်စရာကောင်းလှပေသည်။
စီယဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"သခင်လေး... ဒီနေရာမှာ ဘယ်လို လျှို့ဝှက်ချက်မျိုးရှိနေတာလဲ..."
ချူချင်းက ကျောက်ပြားကို လက်ညှိုးညွှန်ပြလိုက်သည်။
"အဲဒီမှာ ဘာရေးထားလဲ..."
စီယဲ့က ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်၏။
"ထျန်းကျီးပိုက်ကွန်အင်းကွက်..."
"အခု လော့ချန်အိမ်တော်မှာ ဘာလို့ ဒီလောက်အထိ ရှုပ်ထွေးပရမ်းပတာဖြစ်နေရတာလဲ... ဒီအချိန်မှာ 'ထျန်းကျီး'ဆိုတဲ့စကားလုံး ဒီနေရာမှာပေါ်လာတာ တိုက်ဆိုင်မှုတစ်ခုလို့ ငါမထင်ဘူး..."
"စီယဲ့... ထျန်းကျီးတောင်ကြားက ထျန်းရှင်းတောင်အောက်ခြေမှာ ရှိနေနိုင်တယ်လို့ မင်းထင်လား…”