အခန်း ၁၈၄
Vol. 19 Ch. 184
အခန်း (၁၈၄) - သေတ္တာဖွင့်ခြင်း (၂)
တစ်ဦးတစ်ယောက်၏ အတွင်းအားပြောင်းလဲမှုကို အာရုံခံနိုင်ခြင်းမှာ... အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေ၏။
ပြင်ပသိုင်းပညာများသည် လှုပ်ရှားမှုမြောက်မြားစွာရှိပြီး အသုံးပြုချိန်တွင် ၎င်းတို့၏စွမ်းရည်အပြည့်ကို မြင်တွေ့ရန် ခက်ခဲလှပေသည်။ စူးစမ်းလိုသူများ သင်ယူလိုပါက ကျင့်စဉ်ကျင့်ကြံရာ၌ စနစ်တစ်ခုကိုအသုံးပြုသော်လည်း တိုက်ခိုက်ရာတွင် အခြားစနစ်တစ်ခုကို အသုံးပြုပေလိမ့်မည်။
ထို့ကြောင့် တိုက်ပွဲအတွင်းမှ ပြင်ပသိုင်းပညာလှုပ်ရှားမှုများကို သင်ယူရန်မှာ အလွန်ခက်ခဲလှပေသည်။
ထို့အပြင် သိုင်းပညာတိုင်း၌ ကိုယ်ပိုင်အတွင်းအားလည်ပတ်မှု လျှို့ဝှက်ချက်များ ရှိကြပေသည်။
အပြင်ပန်းကိုသာကြည့်ပြီး အတွင်းပိုင်းကိုမသိရှိပါက အပြင်ပန်းဟန်ပန်သာရရှိမည်ဖြစ်ပြီး ကြောင်ကိုကြည့်၍ ကျားပုံဆွဲသကဲ့သို့ ပုံသဏ္ဌာန်သာ တူပေလိမ့်မည်။
အတွင်းအားကျင့်စဉ်သည် ခန္ဓာကိုယ်အတွင်း၌ လည်ပတ်နေခြင်းဖြစ်ရာ မည်မျှပင် ဆန်းကြယ်သောကျင့်စဉ်ဖြစ်ပါစေ တစ်ဖက်လူ၏ခန္ဓာကိုယ်တွင်း အတွင်းအားပြောင်းလဲမှုကို သတိပြုမိရန် ခက်ခဲလှပေသည်။
မဟုတ်ပါက လျှို့ဝှက်ချက်များကို တစ်ဖက်လူကသိရှိသွားပါက သူတို့နောက်သို့လိုက်လံ၍ ထိပ်တန်းကျင့်စဉ်ကို ချက်ချင်းပင်တတ်မြောက်သွားနိုင်သည် မဟုတ်ပါလော။
ဝမ်ရို၏နှာခေါင်းက တစ်ဦးတစ်ယောက်၏အတွင်းအား လည်ပတ်မှုကိုအာရုံခံနိုင်ပါက သူမသည် တိတ်တဆိတ်ပင် တစ်ဖက်လူ၏ထိပ်တန်းပညာရပ်များကို နားလည်သဘောပေါက်သွားနိုင်မည် ဖြစ်ပေသည်။
ထို့ပြင် သိုင်းပညာကို တိတ်တဆိတ်ခိုးယူသင်ယူနိုင်ပြီး မည်သူမျှလည်း သတိပြုမိနိုင်မည်မဟုတ်ချေ။
၎င်းက ကျန်းဟူလောက၏အကြီးမားဆုံး တားမြစ်ချက်ပင်။
ဝမ်ရိုက ဤသို့သောစိတ်ကူးမျိုး မရှိစေကာမူ အခြားကြံစည်သူများသည် ဝမ်ရိုကဲ့သို့လူမျိုး လောကတွင်ရှင်သန်နေသည်ကို အလိုရှိကြမည်မဟုတ်ပေ။
သို့သော် ဤအစွမ်းမှာ မည်သို့သောနှာခေါင်းမျိုးဖြစ်၍ ဤမျှဆန်းကြယ်ရသနည်း။
ဗုဒ္ဓဘာသာ၏ဒဏ္ဍာရီလာ အဘိညာဉ်၆ပါးတွင်ပင် နှာခေါင်းနှင့် ပတ်သက်သောစွမ်းအားမျိုး မရှိချေ။
ဝမ်ရိုက ခေါင်းညိတ်လိုက်လေသည်။
"ကျွန်မ သိပါတယ်... တခြားလူတွေ မေးရင်လည်း မပြောပါဘူး..."
"ကျွန်မ... တစ်ယောက်ယောက်က ရှင့်အပေါ် တကယ်ကောင်းတာလား... ဒါမှမဟုတ် ဟန်ဆောင်နေတာလားဆိုတာကိုလည်း အာရုံခံလို့ရတယ်..."
"ဒါကြောင့်မလို့ မင်းက ငါ့အပေါ် ဒီလောက် ယုံကြည်နေတာလား..."
"သခင်ဝမ်ကလည်း မင်းရဲ့ယုံကြည်မှုကြောင့် ငါကို ဘာသံသယမှမရှိခဲ့တာပေါ့..."
ချူချင်းက ခေတ္တမျှမှင်တက်သွား၏။
"အင်း..."
ဝမ်ရိုက ခပ်ဖွဖွပြန်လည်ဖြေကြားလျက် အတည်ပြုလိုက်လေသည်။
"ဝမ်ရို... မင်းသိလား... မင်းရဲ့ဒီအခြေအနေက တကယ်ကို ကြောက်စရာကောင်းတယ်..."
ချူချင်းက ပြုံးလိုက်၏။
တစ်စုံတစ်ဦး၏အတွင်းအားစီးဆင်းမှု ပြောင်းလဲခြင်းကိုသိရှိနိုင်သလို တစ်ပါးသူ၏ရည်ရွယ်ချက် ကောင်းမကောင်းကိုလည်း အာရုံခံနိုင်ပေသည်။
အထူးသဖြင့် နောက်ဆုံးအချက်မှာ အမှန်တကယ်ပင် ဆန်းကြယ်လွန်းလှသော နတ်ဘုရားတစ်ပါး၏စွမ်းအားကဲ့သို့ပင်။
ဝမ်ရို၏မျက်နှာတွင် မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ တိုးညင်းစွာ ပြောလိုက်၏။
"ခဏခဏထိတွေ့မှုရှိမှ အတိအကျခံစားနိုင်တာပါ... မဟုတ်လို့ တစ်ကြိမ်ပဲဆုံရုံနဲ့တော့ သိဖို့ခက်တယ်..."
"ပြီးတော့ အဲ့ဒီလူက ကျွန်မအပေါ် ရိုးသားမှုရှိမရှိပဲ ဆုံးဖြတ်နိုင်တာပါ... လူတစ်ယောက်ရဲ့အကောင်းအဆိုးကိုတော့ တကယ်ခွဲခြားလို့ မရပါဘူး..."
"တကယ်လို့ ဒီအစွမ်းကို အပြည့်အဝအသုံးပြုချင်ရင်... အချိန်တွေအများကြီး ပိုပြီးလိုအပ်လိမ့်မယ်..."
"ဒီထူးခြားတဲ့အစွမ်းက... အသက်ကြီးလာတာနဲ့အမျှ ပိုပြီးအားကောင်းလာတာလား..."
"အင်း..."
"ဒါဆို မင်း အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်အထိ အသက်ရှင်ရင်... ဒီလောကထဲမှာ မင်းကို ဖုံးကွယ်ထားနိုင်မဲ့လျှို့ဝှက်ချက် ဘာရှိဦးမှာလဲ..."
ချူချင်းကပြုံးလိုက်သော်လည်း နောင်တွင် ဤမိန်းကလေးနှင့်ဝေးဝေးနေရန် စိတ်ပိုင်းဖြတ်လိုက်လေသည်။
သူမသည်အသက်ကြီးလာလေ ပို၍ကြောက်စရာကောင်းလာလေပင်။ နောင်တွင် သူမ နှာခေါင်းရှုံ့၍ တစ်ချက်အာရုံခံလိုက်ရုံဖြင့် တစ်ဖက်လူ၏ဘိုးဘွားစဉ်ဆက် လျှို့ဝှက်ချက်များကို အကုန်သိရှိသွားပေလိမ့်မည်။
ဤကဲ့သို့သောအဖွားအိုမျိုးကို မည်သူကမကြောက်ဘဲ နေနိုင်ပါမည်နည်း။
"အဲ့ဒီအသက်အရွယ်အထိ အသက်မရှင်နိုင်ပါဘူး..."
ဝမ်ရိုက ခေါင်းငုံ့လိုက်၏။
"ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစမ်းပါ..."
ချူချင်းက ဝမ်ရို၏ပခုံးကိုပုတ်ပေးလိုက်ရာ ဝမ်ရိုကမော့ကြည့်လာပြီး တစ်ခုခုပြောရန် ပြင်လိုက်လေသည်။
ထိုစဉ် အဝေးမှခြေသံအချို့ ထွက်ပေါ်လာ၏။
"ဦးလေးကျိုးနဲ့ဦးလေးချန်တို့ လာနေကြပြီ..."
ဝမ်ရိုက နှာခေါင်းကိုရှုံ့၍ အာရုံခံလိုက်လေသည်။
"မင်း သိလို့လား..."
"အိမ်တော်ရဲ့ဧည့်သည်တော်တွေပါ... ကျွန်မ ငယ်ငယ်တုန်းက အင်းကွက်ပညာရပ်ကို သင်ကြားပေးခဲ့ကြတာ... ဒါပေမဲ့... ကျွန်မ ဒီပညာရပ်မှာ လုံးဝထူးချွန်မှုမရှိလို့... ကျမ်းစာတွေကိုဖတ်တိုင်း အမြဲတမ်းအိပ်ပျော်သွားတတ်တယ်..."
ဝမ်ရိုက ခံစားချက်ကင်းမဲ့စွာဖြင့် ဖြည်းညင်းစွာ ပြောလိုက်၏။
ချူချင်းမှာမူ ရယ်ချင်စိတ်ကို ထိန်းထားရလေသည်။
သို့သော် ခြေသံအရရောက်ရှိလာသူမှာ ဝမ်ရိုပြောသော ဦးလေးကျိုးနှင့် ဦးလေးချန်သာမကပေ။
သူတို့နှစ်ဦး၏နောက်တွင် ဝမ်ဖျင်ချဲ့လည်းပါဝင်နေလေသည်။
ချူချင်းနှင့်ဝမ်ရိုတို့က ထရပ်၍ကြိုဆိုလိုက်ရာ ထိုလူသုံးဦးသည်လည်း ခြေလှမ်းများကိုရပ်တန့်လိုက်ကြ၏။
"ညီလေး... မင်းလည်း ဒီမှာရှိနေတာကိုး..."
ဦးလေးကျိုးနှင့်ဦးလေးချန်တို့ စကားမပြောရသေးမီ ဝမ်ဖျင်ချဲ့က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
ဤစကားကိုကြားရသောအခါ ချူချင်းသည် စိတ်ထဲမှ ချက်ချင်းပင် ထွက်ပြေးချင်စိတ်ပေါက်သွား၏။
'ငါ့ကို ဘာကြောင့် ညီလေးလို့ခေါ်နေရတာလဲ... ငါက သွေးသောက်ညီအစ်ကိုဖွဲ့ဖို့ သဘောမတူရသေးတာတောင်...'
ဝမ်ရိုက ချူချင်းအား တိတ်ဆိတ်စွာကြည့်လိုက်ရာ သူမ၏မျက်လုံးတစ်စုံ၌ သံသယများပြည့်နှက်နေလေသည်။
'သူမ၏ တတိယအစ်ကိုဖြစ်ရန် မလိုလားဘဲ... စတုတ္ထဦးလေးဖြစ်ချင်နေသည်လော...'
ဦးလေးကျိုးနှင့်ဦးလေးချန်တို့လည်း ခေတ္တမျှမှင်တက်သွားသော်လည်း သူတို့၏တတိယသခင်သည် အမြဲတမ်း သူတစ်ပါးနှင့် ညီအစ်ကိုဖွဲ့လိုစိတ် ပြင်းပြနေတတ်သည်ကို သတိရသဖြင့် အထူးအဆန်းမဖြစ်တော့ပေ။
သူတို့သည် ချူချင်းအား လက်သီးဆုပ်နှုတ်ဆက်ပြီးနောက် စီယဲ့နှင့်ထျယ်ချူချင်တို့၏အနားသို့ သွားရောက်ကာ ထျန်းကျီးပိုက်ကွန်အင်းကွက်ကို လေ့လာကြတော့၏။
အင်းကွက်ပညာကို နားမလည်သူများအတွက်မူ ဤနေရာရှိဆန်းကြယ်မှုကို လုံးဝခန့်မှန်းနိုင်မည် မဟုတ်ချေ။
ယခုအခါ သေတ္တာကိုဖွင့်ပြီးဖြစ်၍ ချူချင်းသည် လုပ်စရာမရှိသဖြင့် လက်ပိုက်လျက် ဝမ်ဖျင်ချဲ့နှင့် စကားစမြည်ပြောဆိုနေလိုက်လေသည်။
ဝမ်ဖျင်ချဲ့သည် အလွန်ရိုးသားဖြောင့်မတ်သူ ဖြစ်ပေသည်။
ချူချင်းကဲ့သို့ အနည်းငယ်ပါးနပ်သူအတွက်မူ စကားအနည်းငယ်ဖြင့်ပင် ဝမ်ဖျင်ချဲ့အား မရပ်မနားပြောဆိုလာစေရန် လုပ်ဆောင်နိုင်၏။
ပြောသင့်သည်များကိုရော မပြောသင့်သည်များကိုပါ အကုန်ပြောပြလိုက်တော့၏။
၎င်းက ချူချင်းအား လော့ချန်အိမ်တော်၏အခြေအနေများကို ပိုမိုသိရှိစေလေသည်။
ဝမ်ဖျင်ချဲ့၏စကားအရ ထျန်းကျီးအမိန့်တော်ပြားအား လော့ချန်အိမ်တော်၌ ဝှက်ထားသည့်ကိစ္စကို အပြင်လူများမသိရှိကြသော်လည်း ဝမ်ညီအစ်ကိုသုံးဦးလုံးမှာမူ ကောင်းစွာသိရှိကြပေသည်။
၎င်းသည် အိမ်တော်သခင်တစ်ဦးတည်းသာ သိရှိရမည့်လျှို့ဝှက်ချက် မဟုတ်ပေ။
ထို့ပြင် ဝမ်ဖူစန်း၏ ထျန်းကျီးတောင်ကြားအပေါ်တပ်မက်မှုသည် သူပြသထားသကဲ့သို့ တည်ငြိမ်အေးဆေးခြင်းမရှိချေ။
ဝမ်ဖျင်ချဲ့၏အဆိုအရ တစ်ချိန်က ဝမ်ဖူစန်းသည် လော့ချန်အိမ်တော်၌ အချိန်အတော်ကြာမရှိခဲ့ဖူးပေ။
သူသည် နာမည်ဝှက်ကိုအသုံးပြုကာ ကျန်းဟူလောကသို့သွားရောက်ခဲ့ခြင်း ဖြစ်၏။
မေးမြန်းကြည့်မှသာ သူသည် ထျန်းကျီးတောင်ကြားကို လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်ကြောင်း သိရလေသည်။
ဤသို့ဖြင့် သုံးနှစ်တိုင်အောင်ကြာမြင့်ခဲ့ပြီး ဝမ်ရိုကို ထိုက်ရိဂိုဏ်းသို့ပို့ဆောင်ပြီးနောက်မှသာ ဤလှုပ်ရှားမှုများရပ်တန့်သွားခဲ့ခြင်း ဖြစ်ပေသည်။
ချူချင်းသည် ဤအကြောင်းများကို ကြားသောအခါ ဝမ်ရိုကိုမကြည့်ဘဲ မနေနိုင်တော့ချေ။
ယခင်ကလည်း လော့ချန်အိမ်တော်၏သမီးသည် မိသားစု၏ထိပ်တန်းကျင့်စဉ်ကို ကောင်းစွာမလေ့ကျင့်ဘဲ အဘယ်ကြောင့် ထိုက်ရိဂိုဏ်းသို့ သွားရောက်ဂိုဏ်းဝင်ရသနည်းဟူ၍ သူသံသယဖြစ်မိဖူး၏။
ဝမ်ရိုကလည်း ဤအကြောင်းကိုပြောပြဖူးပြီး ချူချင်းက စူးစမ်းလိုသော်လည်း အသေးစိတ်ကိုလိုက်လံမမေးမြန်းခဲ့ချေ။
သို့သော် ယခုကြည့်ရသည်မှာ ထိုက်ရိဂိုဏ်းသို့ ဂိုဏ်းဝင်ခဲ့သည့်ကိစ္စသည် အမှန်တကယ်ပင် ထင်သလောက် မရိုးရှင်းလှပေ။
သူစဉ်းစားနေစဉ်အတွင်း အလန့်တကြားအော်ဟစ်သံအချို့ကို ကြားလိုက်ရ၏။
သူမော့ကြည့်လိုက်ရာ ဦးလေးကျိုး၊ဦးလေးချန်နှင့်အတူ စီယဲ့နှင့်ထျယ်ချူချင်တို့သည် ထျန်းကျီးပိုက်ကွန်အင်းကွက်ထဲမှ အလုအယက်ထွက်ပြေးလာကြသည်ကို တွေ့လိုက်ရလေသည်။
သူတို့သည် ပင့်ကူအိမ်ကဲ့သို့ ပိုက်ကွန်ထဲသို့ နစ်ဝင်တော့မည့်ဆဲဆဲတွင် ချူချင်းက လက်ကိုချက်ချင်းဆန့်ထုတ်ကာ အတွင်းအားဖြင့်ဆွဲယူပြီး ထိုလူလေးဦးကို လှမ်း၍ဆွဲထုတ်လိုက်၏။
"ခင်များတို့ ဘာဖြစ်ကြတာလဲ..."
ချူချင်းကလက်ပိုက်လျက် ထိုလူလေးဦးကို ထူးဆန်းသောအမူအရာဖြင့်ကြည့်ကာ မေးလိုက်လေသည်။
ဦးလေးကျိုးနှင့်ဦးလေးချန်တို့သည် နဖူးကြောများတွန့်နေပြီး ရှက်ရွံ့နေကြ၏။
"ဒီအင်းကွက်က အရမ်းထူးဆန်းလွန်းတယ်... အပြင်ပန်းကတော့ ဝူရှင်းပါးကွား ဓာတ်ကြီးငါးပါးနှင့် အဋ္ဌဂံပုံစံကို အခြေခံထားပုံရပေမဲ့ အမှန်တကယ်က အဲ့လိုမဟုတ်ဘူး..."
"အဲ့ဒီအထဲက ပင့်ကူအိမ်အင်းကွက်က ပိုပြီးတော့ဆန်းကြယ်တယ်... ဒါကို သာမန်အင်းကွက်တစ်ခုလို့ပြောဖို့ ခက်တယ်..."
စီယဲ့က သက်ပြင်းချလိုက်၏။
"ဒီလောက်ပြောနေတာ... အနှစ်ချုပ်လိုက်ရင်တော့ မဖြိုခွဲနိုင်ဘူးပေါ့... မဟုတ်ဘူးလား..."
ချူချင်းက လိုရင်းကိုထောက်ပြလိုက်၏။
စီယဲ့သည်လည်း ရှက်ရွံ့သွားတော့၏။
"ဒီနေ့တော့ ငါ တကယ်မယုံနိုင်ဘူး... ငါ့သွားတွေနဲ့ကိုက်ဖဲ့ရမယ်ဆိုရင်တောင်... ဒီစုတ်ပြတ်သတ်နေတဲ့အင်းကွက်ကို အပေါက်ဖြစ်အောင် လုပ်ပြမယ်..."
ထျယ်ချူချင်ကမူ ဒေါသတကြီးဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။
သူမက ပြောပြောဆိုဆိုဖြင့် လက်မောင်းများကိုပင့်တင်ကာ ဤကျောက်တုံးတောအုပ်သို့ သွားရောက်တိုက်ခိုက်ရန် ပြင်ဆင်၏။
သို့သော် စကားသာ ကျယ်ကျယ်လောင်လောင်ပြောဆိုနေသော်လည်း တကယ်တမ်း အနားသို့ရောက်သွားသောအခါ ပြန်လည်တွန့်ဆုတ်သွားပြန်လေသည်။
အင်းကွက်၏ပိုက်ကွန်မှာ အလွန်ကြောက်စရာကောင်းလှပေသည်။ ၎င်းက လူကိုမထိခိုက်စေသော်လည်း အဖမ်းခံရ၍ ကောင်းကင်တွင်တွဲလောင်းဆွဲခံရပါက ပိုအရှက်ရစရာကောင်းပေလိမ့်မည်။
"တော်ပြီ... တော်ပြီ... ဒီလိုဆိုရင်တော့ ငါတို့ အရင်ထွက်သွားကြတာ ပိုကောင်းမယ်..."
"အင်းကွက်ကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်ကို ရှာပြီးမှပဲ... ဒီအင်းကွက်ကို လာဖြိုခွဲကြတာပေါ့..."
ဝမ်ဖျင်ချဲ့က ဤအခြေအနေကိုမြင်သောအခါ ပြောလိုက်၏။
"ဒီကိစ္စက မြန်မြန်လုပ်မှဖြစ်မယ်... နောက်ကျလို့မဖြစ်ဘူး..."
"ခင်များတို့ မဖြိုခွဲနိုင်မှတော့... ကျုပ်ပဲ လုပ်ရတော့မှာပေါ့..."
ချူချင်း၏မျက်လုံးများက အနည်းငယ်မှေးစင်းသွားလေသည်။
"သခင်လေးသုံးကလည်း အင်းကွက်ပညာကို ကျွမ်းကျင်တာလား..."
ဦးလေးကျိုးနှင့်ဦးလေးချန်တို့က အံ့အားသင့်သွားပြီး ချူချင်းကို အပြေးအလွှားလှမ်းကြည့်လိုက်ကြ၏။
"အင်းကွက်ပညာကို ကျုပ် တစ်ခါမှမလေ့လာဖူးဘူး... ဘယ်လိုလုပ်ကျွမ်းကျင်မှာလဲ..."
"ဒါပေမဲ့ ကျုပ် အင်းကွက်ပညာကို မကျွမ်းကျင်ပေမဲ့... အင်အားအလုံးအရင်းနဲ့ အားလုံးကိုရိုက်ခွဲပစ်တာကိုတော့ နားလည်တယ်..."
ချူချင်းက လက်ကိုဝှေ့ယမ်းလိုက်၏။
"အင်အားအလုံးအရင်းနဲ့ရိုက်ခွဲပစ်တာ ဟုတ်လား..."
လူအချို့မှာမူ ဇဝေဇဝါဖြစ်သွားကြလေသည်။
'သူ ဘာလုပ်ချင်နေတာလဲ…’