← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း (၁၈၅) - ထျန်းကျီးရသေ့ကိုသတ်သူမှာ ဝမ်ထျန်းဟန်ပင် (၁)

လူတိုင်း ဇဝေဇဝါဖြစ်နေကြစဉ် ချူချင်းက ရှေ့သို့တစ်လှမ်းတိုးလိုက်လေသည်။

သူသည် လက်ဖဝါးတစ်ဖက်ဖြင့် စက်ဝိုင်းပုံစံဆွဲလိုက်ပြီးနောက် နောက်ထပ်လက်ဝါးတစ်ချက်ကို ချက်ချင်းရိုက်ထုတ်လိုက်၏။

နဂါးဟိန်းသံတစ်ချက်က လူတိုင်း၏နားစည်ကို ရုတ်တရက်တုန်ဟည်းသွားစေတော့သည်။

ဖြူစင်အေးစိမ့်လှသော နဂါးရိပ်တစ်ခုသည် ချူချင်း၏လက်ဖဝါးဆီမှ တိုးထွက်လာချေသည်။

နဂါးဟိန်းသံက လူတို့၏စိတ်ဝိညာဉ်ကို တုန်လှုပ်စေပြီး ၎င်းဖြတ်သန်းသွားရာ မြေပြင်တစ်လျှောက်တွင် ဆီးနှင်းများဖုံးလွှမ်းသွားကာ လေချွန်သံနှင့်အတူ ပြင်းထန်လှသောအားလှိုင်းသည် ထျန်းကျီးပိုက်ကွန်အင်းကွက်၏ ကျောက်တောထဲသို့ တိုက်ရိုက်တိုးဝင်သွားလေသည်။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ချက် ထွက်ပေါ်လာ၏။

ရှေ့ဆုံးမှကျောက်တုံးကြီးတစ်တုံးမှာ ချူချင်း၏လက်ဝါးချက်ကြောင့် တစ်စစီကြေမွပျက်စီးသွားရချေသည်။

ကျန်ရှိနေသူများအားလုံးမှာ ဆွံ့အသွားကြတော့သည်။

ဤသည်မှာ အင်အားသုံး၍ အတင်းအဓမ္မဖြိုခွင်းခြင်းပေလော။

အင်းကွက်ကိုမဖြေရှင်းနိုင်လျှင် တိုက်ရိုက်ရိုက်ခွဲပစ်လိုက်ရုံသာလော။

ဝမ်ဖျင်ချဲ့နှင့် ဦးလေးကျိုး၊ ဦးလေးချန်နှစ်ဦးမှာ ချူချင်းကိုကြည့်ရင်း လူကိုအပြင်ပန်းနှင့် ဆုံးဖြတ်၍မရနိုင်ကြောင်း ခံစားလိုက်ရ၏။

ဤသခင်လေးသုံးမှာ အလွန်ချောမောခန့်ညားပြီး အသားအရေမှာလည်း ဖြူဖွေးနုနယ်ကာ ကြည့်ရသည်မှာ အပြစ်ကင်းစင်သောသခင်လေးတစ်ဦးနှင့် တူလှပေသည်။

သို့သော် အဘယ်ကြောင့် စကားတစ်ခွန်းမှမဆိုဘဲ တိုက်ရိုက်ဖျက်ဆီးပစ်ရသနည်း။

စီယဲ့သည် နှုတ်ခမ်းများလှုပ်ရှားသွားပြီး ချူချင်းအား အားအင်အလဟဿမဖြုန်းတီးရန် တားဆီးလို၏။

ဤကျောက်တောမှာ ကျယ်ပြန့်၍ ကျောက်တုံးကြီးများမှာလည်း အလွန်ကြီးမားလှပေသည်။

လက်ဝါးတစ်ချက်ချင်းစီရိုက်နေမည်ဆိုလျှင် လက်ဝါးအား မည်မျှပင်ပြင်းထန်ပါစေ ဤကျောက်တောကြီးကို မည်သည့်အချိန်မှဖြိုဖျက်နိုင်မည်နည်း။

အကယ်၍ ထိုသို့သောစွမ်းရည် တကယ်ရှိလျှင်ပင် ၎င်းကို ထောက်ပံ့ပေးနိုင်မည့်အတွင်းအား လုံလောက်ပါသလော။

သို့သော် မိမိကိုယ်တိုင် အင်းကွက်ကိုမဖြေရှင်းနိုင်ခဲ့ဘဲ ယခုအခါ ချူချင်းက သူ၏နည်းလမ်းဖြင့်ကြိုးစားနေခြင်း ဖြစ်သဖြင့် သူသည် ထိုစကားများကိုပြောရန် နှုတ်မဟဝံ့ချေ။

ချူချင်းက ပထမလက်ဝါးချက် အလုပ်ဖြစ်သည်ကိုမြင်သောအခါ ပြုံးလိုက်ရင်း…

"ဒါကပဲ အင်းကွက်ကိုဖြေရှင်းတဲ့ နည်းလမ်းဖြစ်ပုံရတယ်..."

အမှန်တကယ်ပင် သူ၏သိုင်းပညာစွမ်းရည်ဖြင့်ဆိုလျှင် ချင်းရှီးရွာကဲ့သို့ မြူထူများဖုံးလွှမ်းနေပြီး အလွန်ကျယ်ဝန်းလှသောအင်းကွက်မျိုးနှင့် မတွေ့ဆုံဘဲ ကျောက်တုံးအနည်းငယ်ဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့်အင်းကွက်မျိုးမှာ သူ့ကို လုံးဝတားဆီးနိုင်မည် မဟုတ်ပေ။

သူလှုပ်ရှား၍မရဘဲ တိတ်တဆိတ်ခိုးဝင်ရန် လိုအပ်သောနေရာမျိုး မဟုတ်လျှင်မူ သူ၏မင်ယွိကျမ်းစာမှ ရရှိသောမကုန်ခမ်းနိုင်သည့် အတွင်းအားဖြင့်ဆိုပါက တောင်တစ်လုံးကိုပင် အပေါက်ဖြစ်အောင် ရိုက်ခွဲပစ်နိုင်စွမ်းရှိပေသည်။

အသာစီးရလာခြင်းက ချူချင်း၏စိတ်ကို ပျော်ရွှင်ကျေနပ်သွားစေ၏။

သူသည် ဤလက်ဝါးသိုင်းကိုရရှိထားသည်မှာ မကြာသေးသဖြင့် စမ်းသပ်လိုစိတ်ပြင်းပြနေရာ ယခုအခါ သင့်တော်သောအကြောင်းပြချက် ရှိနေပြီဖြစ်သဖြင့် အဘယ်ကြောင့် ဖုံးကွယ်ထားရဦးမည်နည်း။

သူသည် ချက်ချင်းပင် လက်ဝါးနှစ်ချက်ကို ဆက်တိုက်ရိုက်ထုတ်လိုက်ရာ လက်ဝါးချက်တိုင်းတွင် နဂါးဟိန်းသံများ ပဲ့တင်ထပ်သွားတော့သည်။

တစ်ခဏချင်းတွင်ပင် မြေအောက်အက်ကွဲကြောင်းအတွင်း ကျောက်တုံးကြီးများ၏ကွဲအက်သွားသံများ ဆက်တိုက်ထွက်ပေါ်လာလေသည်။

ဖုန်မှုန့်များမှာလည်း လေထဲတွင် တဖြည်းဖြည်းဖုံးလွှမ်းသွားချေပြီ။

ဝမ်ရိုသည် အလိုလို နှာခေါင်းကိုပိတ်လိုက်ပြီး အင်္ကျီလက်ထဲမှ မျက်နှာဖုံးပုဝါကိုထုတ်ယူကာ ကာကွယ်ရန်ဝတ်ဆင်လိုက်၏။

ချူချင်းကမူ ရှေ့သို့ဆက်တိုက်တိုးသွားပြီး တစ်ခဏချင်းအတွင်း ကျောက်တုံးကြီးဆယ်ခုကျော်ကို တစ်စစီရိုက်ခွဲပစ်လိုက်လေသည်။

"အဲဒါ ဘာလဲ..."

စီယဲ့သည် မျက်စိလျင်သဖြင့် မြေပြင်ပေါ်တွင် ဝှက်ထားသောအရာတစ်ခုကို ချက်ချင်းသတိပြုမိသွား၏။

ချူချင်းက လှုပ်ရှားမှုကိုရပ်လိုက်ပြီး လက်ငါးချောင်းမြှောက်ကာ ဆွဲယူရန်ကြိုးစားသော်လည်း မြေပြင်ပေါ်မှ အရာဝတ္ထုမှာ တက်မလာချေ။

၎င်းမှာ မြေပြင်နှင့် တစ်သားတည်းဖြစ်နေပုံရသဖြင့် သူသည် ချက်ချင်းပင် လက်ဝါးတစ်ချက်ကို မြေပြင်ပေါ်သို့ရိုက်ချလိုက်ရာ မြေပြင်မှာ ကွဲအက်သွားတော့သည်။

ထိုအရာမှာ အပေါ်သို့လွင့်တက်လာပြီး ချူချင်းက အတွင်းအားကိုထပ်မံအသုံးပြုကာ ၎င်းကို လက်ဖဝါးထဲသို့ ဖမ်းယူလိုက်၏။

သူကြည့်လိုက်သောအခါ ၎င်းမှာ သေနတ်ပြောင်းတစ်ခုနှင့် တူနေသည်ကို တွေ့လိုက်ရသဖြင့် စီယဲ့ထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်လေသည်။

စီယဲ့သည် စစ်ဆေးပြီးနောက် ဦးလေးကျိုးနှင့် ဦးလေးချန်နှစ်ဦးထံသို့ ထပ်ဆင့်ပေးလိုက်၏။

အဘိုးကြီးနှစ်ဦးမှာ တစ်ခဏမျှလေ့လာပြီးနောက် မြေပြင်ကိုကြည့်ကာ ရုတ်တရက် သဘောပေါက်သွားကြရင်း…

"ဒါဆို ပင့်ကူအိမ်လို့ခေါ်တဲ့အရာက ဒီလိုမျိုးဖြစ်လာတာပဲ..."

သူတို့သည် ချူချင်းကိုခေါ်ယူပြီး တွေ့ရှိချက်ကိုဆွေးနွေးချင်သော်လည်း မော့ကြည့်လိုက်သောအခါ ချူချင်းက ရှေ့သို့အဝေးကြီးရောက်အောင် ရိုက်ခွဲသွားပြီးဖြစ်ချေပြီ။

ရှိနေသူအားလုံးမှာ ဆွံ့အလျက် ငေးကြည့်နေကြရတော့သည်။

သူ၏လက်ဝါးချက်တိုင်းတွင် အတိုင်းအဆမဲ့စွမ်းအားများ ပါဝင်နေပြီး နဂါးရိပ်များမှာ လေထဲတွင်ပျံဝဲနေကာ ၎င်းဖြတ်သန်းသွားရာလမ်းကြောင်းရှိ ကျောက်တုံးများအားလုံး တစ်စစီကြေမွသွားရလေသည်။

သူရိုက်ခွဲနေသည်မှာ ကျောက်တုံးများမဟုတ်ဘဲ တို့ဟူးများကဲ့သို့ပင် ဖြစ်နေချေသည်။

သို့သော် အမှန်တကယ်ကြောက်စရာကောင်းသည်မှာ တောင်များကိုဖြိုခွဲနိုင်သော သူ၏လက်ဝါးစွမ်းအားဖြင့် ဤမျှကြာအောင် ဆက်တိုက်တိုက်ခိုက်နေသော်လည်း မောပန်းနွမ်းနယ်သည့် အရိပ်အယောင် လုံးဝမပြသခြင်းပင် ဖြစ်၏။

ကြည့်ရင်းနှင့် ဦးလေးကျိုး၊ ဦးလေးချန်တို့နှစ်ဦးမှာ ဦးရေပြားများတုန်လှုပ်လာကာ ဝမ်ဖျင်ချဲ့ကို မေးလိုက်ကြတော့သည်။

"ဒီ... ဒီသူရဲကောင်း... မဟုတ်ဘူး... ဒီသခင်လေးက ဘယ်လိုနောက်ခံမျိုးရှိတာလဲ..."

ဝမ်ဖျင်ချဲ့က ခေါင်းကိုကုတ်လိုက်ပြီး ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။

"ငါ့ညီလေးလေ..."

ဦးလေးကျိုးနှင့် ဦးလေးချန်နှစ်ဦးမှာ စကားမပြောနိုင်ဖြစ်သွားပြီး စီယဲ့ကိုကြည့်လိုက်ကြ၏။

စီယဲ့ကမူ ဝမ်ရိုကိုခိုးကြည့်လိုက်ပြီး သူတို့နှစ်ဦးကို လက်ဟန်ပြလိုက်လေသည်။

သူတို့နှစ်ဦးမှာ ဝမ်ရိုကို ထပ်မံမေးမြန်းရန်သာရှိတော့သဖြင့်

"သခင်မလေး... ဒီသူရဲကောင်းသခင်လေးက ဘယ်သူလဲ..."

ဝမ်ရိုက တစ်ခဏမျှစဉ်းစားပြီးနောက် လေးလေးနက်နက် ပြန်ဖြေလိုက်၏။

"ကျွန်မ အစ်ကိုသုံးလေ..."

"..."

ဤသည်မှာ လူများပြောလေ့ရှိသော အိမ်သူအိမ်သားချင်းတူကြသည့် သဘောပေလော။

တတိယသခင်ကလည်း ဤသို့ဖြစ်ပြီး ယခုသခင်မလေးကလည်း ဤသို့ပင်ဖြစ်နေချေသည်။

ဝမ်မိသားစုဝင်များက လူကောင်းကဲ့သို့ စကားမပြောတတ်ကြတော့သည်လော။

ဝမ်ရို၏စကားကို ကြားသောအခါ ဝမ်ဖျင်ချဲ့က မကျေမနပ်ဖြစ်သွားပြီး ပြောဆိုလိုက်သည်။

"ရိုအာ... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... ငါက သခင်လေးသုံးနဲ့ ညီအစ်ကိုတွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မှာ... အဆင့်အတန်းအရဆိုရင် မင်းက သူ့ကို စတုတ္ထဦးလေးလို့ခေါ်ရမယ်..."

ဝမ်ရိုသည် အကြောင်းပြချက်မရှိဘဲ မျိုးဆက်တစ်ခုနိမ့်ကျသွားခြင်းကို မလိုလားသလို ဝမ်ဖျင်ချဲ့နှင့်လည်းငြင်းခုံရန် ပျင်းရိနေသဖြင့် ခံစားချက်မဲ့စွာပြောလိုက်၏။

"ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ခေါ်ကြရအောင်..."

ဝမ်ဖျင်ချဲ့က တစ်ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ရတယ်လေ..."

ဦးလေးကျိုးနှင့် ဦး‌လေးချန်နှစ်ဦးမှာ အံ့အားသင့်သွားကြရတော့သည်။ အဘယ်ကြောင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခေါ်ရသနည်း။ ရတယ်လေဆိုသည်မှာ အဘယ်သဘောနည်း။

ဤမျှပေါ့ပေါ့တန်တန် သဘောထား၍ ဖြစ်ပါ၏လော။

"ဟော... တစ်ခုခုရှိတယ်..."

ချူချင်း၏အသံက လူတိုင်း၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာချေသည်။

ထိုအသံက စိတ်လွင့်နေသောလူများကို လက်တွေ့ဘဝထဲသို့ ပြန်လည်ဆွဲခေါ်သွားပြီးနောက် ချူချင်းသည် ကျောက်တောအင်းကွက်၏အလယ်ဗဟိုတွင် ရပ်နေပြီး ဖုန်မှုန့်များကြားတွင် သူ၏ပုံရိပ်မှာ ဝေဝါးနေသည်ကို မြင်လိုက်ရ၏။

သူ့ရှေ့တွင် တစ်ခုခုရှိနေပုံရသော်လည်း ဖုန်မှုန့်များကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရချေ။

လူအနည်းငယ်မှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ချက်ချင်းပင် ရှေ့သို့ အမြန်လျှောက်သွားကြတော့သည်။

သူ့ရှေ့တွင် လက်ရာမြောက်စွာ ထွင်းထုထားသော ကျောက်စင်မြင့်ငယ်လေးတစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။

ကျောက်စင်မြင့်ပေါ်တွင် သေတ္တာတစ်လုံးတင်ထားပေသည်။

မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို ခွဲခြား၍မရနိုင်ချေ။

သို့သော် ဤအရာများမှာ လူတိုင်းကို ဆွဲဆောင်နိုင်သောအရာများ မဟုတ်ပေ။

ရှိနေသူအားလုံး၏အာရုံကို အရှိဆုံးဆွဲဆောင်နေသည်မှာ ဘေးနားရှိ အလောင်းတစ်လောင်းဖြစ်၏။

၎င်းကို အလောင်းတစ်လောင်းအဖြစ်သတ်မှတ်ရန်ပင် လျှော့တွက်ရာကျလှပေသည်။

ဤအလောင်းမှာ ဤနေရာတွင် နှစ်ပေါင်းမည်မျှကြာမြင့်စွာ ရှိနေခဲ့သည်ကို မသိရဘဲ အရိုးများပင် အချိန်ကာလ၏တိုက်စားမှုကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သော်လည်း ဤနေရာတွင် လူတစ်ဦးသေဆုံးခဲ့ဖူးကြောင်း ခပ်ရေးရေးခန့်မှန်းနိုင်ပေသည်။

ချူချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အင်္ကျီလက်ကိုဝှေ့ယမ်းကာ လေပြင်းတစ်ချက်ကို ထုတ်လွှတ်လိုက်ရာ မြေပြင်ပေါ်ရှိ ဖုန်မှုန့်များနှင့် အကြွင်းအကျန်များအားလုံး လွင့်စင်သွားတော့သည်။

ထို့နောက် လူတိုင်း၏မျက်စိရှေ့တွင် စာသားတစ်ကြောင်းပေါ်လာချေသည်။

သို့သော် ဤစာသားကိုမြင်လိုက်ရသောအခါ လော့ချန်အိမ်တော်နှင့် မည်သည့်ပတ်သက်မှုမျှမရှိသော ချူချင်းတို့ပင် ဆွံ့အသွားကြရတော့သည်။

မြေပြင်ပေါ်ရှိစာသားမှာ တစ်စုံတစ်ဦးက လက်ညှိုးအားဖြင့်ရေးထွင်းထားခြင်း ဖြစ်ပြီး မရှည်လျားဘဲ စုစုပေါင်းကိုးလုံးသာ ရှိပေသည်။

[ထျန်းကျီးရသေ့ကိုသတ်သူမှာ ဝမ်ထျန်းဟန်ဖြစ်ပေသည်]

ဤစာလုံးများကြောင့် ရှိနေသူအားလုံးမှာ အံ့အားသင့်စွာဖြင့် အကြည့်ချင်းဖလှယ်မိကြတော့သည်။

"ထျန်းကျီးကို သတ်သူ..."

ထျယ်ချူချင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"ထျန်းကျီး... ဒီလူက ထျန်းကျီးရသေ့ဖြစ်နေမလား..."

"ကျန်းဟူလောက ကောလာဟလတွေအရ ထျန်းကျီးရသေ့က သူ့ရဲ့နောက်ပိုင်းနှစ်တွေမှာ သိုင်းပညာကျင့်ကြံရင်း သွေဖည်သွားပြီးရူးသွပ်သွားခဲ့တယ်... နောက်ပိုင်းမှာ ဝမ်ထျန်းဟန်က သူ့ကို မတော်တဆကယ်တင်ခဲ့ပြီး ဂရုတစိုက်ပြုစုပေးခဲ့တယ်..."

"သူမကွယ်လွန်ခင်မှာ စိတ်ပြန်လည်ကြည်လင်လာပြီး ထျန်းကျီးအမိန့်ပြားကို ဝမ်ထျန်းဟန်ကို ပေးအပ်ခဲ့တယ်..."

"ဒါပေမဲ့ အခုကြည့်ရတာ... အဲဒီတုန်းက ဝမ်ထျန်းဟန်က ထျန်းကျီးရသေ့ကို ကယ်တင်ခဲ့တာမဟုတ်ဘူး ထင်တယ်..."

"ဆန့်ကျင်ဘက်အနေနဲ့ ဝမ်ထျန်းဟန်က ထျန်းကျီးရသေ့ကို သတ်ခဲ့တာပဲ..."

"ပြီးတော့ ထျန်းကျီးအမိန့်ပြားကို လုယူခဲ့တာလား..."

ဤစကားထွက်ပေါ်လာသောအခါ မည်သူမျှ စကားမဆိုဝံ့ကြတော့ချေ။

ဤနေရာတွင် ရှိနေသူများအနက် ချူချင်းမှလွဲ၍ ကျန်ရှိသူအားလုံးမှာ လော့ချန်အိမ်တော်မှလူများ ဖြစ်ကြပေသည်။

All Chapters