အခန်း ၁၈၇
Vol. 19 Ch. 187
အခန်း (၁၈၇) - သတ်ဖြတ်ခြင်းအမိန့်တော် ပြန်လည်ပေါ်လာခြင်း (၁)
သူတို့ရှေ့တွင် ကျယ်ပြောလှသော မြေကွက်လပ်တစ်ခုရှိနေပြီး နောက်ကွယ်တွင်မူ ထိုကျောက်တောအုပ်ကြီး ကျန်ရစ်ခဲ့လေသည်။
ရှေ့သို့ဆက်သွားလေရာ ပတ်ဝန်းကျင်မှာ မှောင်မိုက်မြဲမှောင်မိုက်နေဆဲ ဖြစ်ပေသည်။
စီယဲ့သည် လက်ထဲတွင် မီးတုတ်ကိုကိုင်ဆောင်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရှုရင်း ရှေ့မှဦးဆောင်လမ်းပြနေ၏။
ချူချင်းနှင့်အဖွဲ့သားများသည် ထိုသို့ခရီးဆက်လာခဲ့ကြရာ မကြာမီအချိန်အတွင်း သစ်ရိပ်များဖြင့် လုံးဝဖုံးကွယ်နေသောဂူပေါက်တစ်ခုကို တွေ့ရှိလိုက်ကြရသည်။
စီယဲ့သည် ရှေ့သို့ဆက်သွားရန် ပြင်လိုက်စဉ် ချူချင်းက ရုတ်တရက် သူ့ပခုံးကို လှမ်းဆွဲလိုက်၏။
"ခဏနေဦး... လူရှိတယ်..."
စီယဲ့၏နှလုံးသားမှာ တင်းကျပ်သွားရလေသည်။ ဤနေရာတွင် မည်သူရှိနေနိုင်ပါသနည်း။
လော့ချန်အိမ်တော်တစ်ခုလုံးတွင် ကြာမြင့်စွာနေထိုင်ခဲ့ကြသော သူတို့ပင်လျှင် တောင်အောက်၌ ဤကဲ့သို့သောနေရာမျိုး ရှိနေသည်ကို တစ်ခါမျှမသိရှိခဲ့ကြပေ။
သူတို့ထက်ဦးအောင် ဤနေရာသို့ မည်သူရောက်ရှိနေနိုင်ပါသနည်း။
ချူချင်းက ဝမ်ရိုနှင့်ထျယ်ချူချင်တို့ကို တစ်စုံတစ်ယောက်က ပြန်ပေးဆွဲသွားသောကြောင့် ဤနေရာကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်ကို စီယဲ့ ချက်ချင်းသတိရသွား၏။
ယခု ဤနေရာတွင်လူရှိနေသည်ဆိုပါက ထိုသူမှာ ပြန်ပေးဆွဲသွားသူပင် ဖြစ်ပေလိမ့်မည်။
ချူချင်းသည် စီယဲ့ကိုကျော်ကာ ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး သစ်ရွက်များကို ညင်သာစွာဖယ်ရှားလျက် အကဲခတ်ကြည့်လိုက်ရာ မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားရသည်။
ညအမှောင်ထုကို အမှီပြု၍ကြည့်လိုက်ရာ သူတို့ရောက်ရှိနေသောနေရာမှာ တောင်ကုန်းတစ်ဝက်ခန့်ရှိ ဂူတစ်ခုဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။
အောက်ဘက် နှစ်ကျန်း၊ သုံးကျန်းခန့်အကွာတွင်မူ ဘယ်ဘက်သို့ ဦးတည်နေသော ကွေ့ကောက်သည့်လမ်းကျဉ်းလေးတစ်ခု ရှိနေသည်။
သို့သော် ထိုလမ်းပေါ်တွင် မည်သူမျှရှိမနေပေ။
ချူချင်းသည် တစ်ခဏမျှစဉ်းစားပြီးနောက် နောက်ကွယ်မှလူများကို လှမ်းပြောလိုက်၏။
"ဒီမှာ ခဏစောင့်နေကြ... ငါသွားကြည့်လိုက်မယ်..."
"သခင်လေး...ကျွန်တော်သွားပါရစေ..."
စီယဲ့က အလျင်အမြန်ပြောလိုက်သည်။
လမ်းတစ်လျှောက်လုံးတွင် သူသည် ချူချင်းအပေါ် ပိုမို၍ကြည်ညိုလေးစားလာခဲ့ပြီး အိမ်တော်သခင်က ချူချင်းကို ဤကဲ့သို့အရေးကြီးသော တာဝန်များပေးအပ်ခဲ့ခြင်းမှာ လုံးဝသင့်လျော်လှသည်ဟု ခံစားနေရ၏။
ဤနေရာ၏အခြေအနေမှာ မရေမရာဖြစ်နေသဖြင့် ချူချင်းကို အန္တရာယ်မဖြစ်စေလိုပေ။
ချူချင်းကခွင့်မပြုဘဲ ခေါင်းခါပြကာ ဤနေရာတွင်သာစောင့်ဆိုင်းရန် အချက်ပြလိုက်သည်။
ထို့နောက် သူသည် လျင်မြန်စွာလှုပ်ရှားလျက် ဂူထဲမှခုန်ထွက်လိုက်ပြီး ခြေဖွဖွနင်းကာ အသံတစ်ချက်မျှမထွက်စေဘဲ မြေပြင်ပေါ်သို့ဆင်းသက်လိုက်၏။
သူသည် ထိုမှောင်မိုက်သော လမ်းကျဉ်းလေး၏ ဘယ်၊ ညာကို အကဲခတ်ပြီးနောက် လမ်းအတိုင်း ရှေ့သို့ဆက်သွားလိုက်သည်။
လမ်းဟုဆိုသော်လည်း အမှန်တကယ်တွင်မူ ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော ကျောက်လမ်းလေးတစ်ခု ဖြစ်ပေသည်။
ကျောက်တုံးများပေါ်တွင် ပေါင်းပင်များကင်းစင်နေသဖြင့် လမ်းတစ်ခုကဲ့သို့ထင်ရှားနေခြင်း ဖြစ်၏။
ထိုလမ်းအတိုင်းလျှောက်လှမ်းလာပြီးနောက် ချူချင်း၏ရှေ့မှောက်တွင် လူရိပ်တစ်ခုပေါ်လာရလေသည်။
ဤမြင်ကွင်းကြောင့် ချူချင်း၏မျက်ဆန်များမှာ ရုတ်တရက် ကျုံ့ဝင်သွားရ၏။
ထိုလူကိုမတွေ့မီအချိန်အထိ သူသည် မည်သည့်အရိပ်အယောင်မျှ သတိမထားမိခဲ့ပေ။
ထိုသူမှာ လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသော ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်နေပြီး အချိန်မရွေးပျောက်ကွယ်သွားနိုင်သည့် အငွေ့အသက်မျိုး ရှိနေသည်။
ထိုလူသည် စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူအစောပိုင်းက တွေ့မြင်ခဲ့ရသော သူတောင်းစားအိုကြီးပင် ဖြစ်ပေသည်။
သူသည် လမ်းအဆုံးရှိ ချောက်ကမ်းပါးစွန်းတစ်ခုပေါ်တွင် ထိုင်နေ၏။
သို့သော် သူ၏ထိုင်ပုံမှာ ခြေထောက်တစ်ဖက်ကို မြှောက်ထားကာ ကျန်တစ်ဖက်ကိုမူ တွဲလောင်းချထားပြီး လက်ထဲတွင်ကြက်ပေါင်တစ်ခုကို ကိုင်ဆောင်ထားသည်။
ကြက်ပေါင်ပေါ်တွင် ကိုက်ရာနှစ်ခုရှိနေသဖြင့် သူကိုက်စားထားသည်မှာ ထင်ရှားလှ၏။
သို့သော် ယခုအချိန်တွင် သူသည် ထိုကြက်ပေါင်ကိုကိုင်ထားရင်း အဝေးသို့ တိတ်ဆိတ်စွာငေးကြည့်နေပြီး ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက်ရှိနေသည်။
ချူချင်းသည် သူတောင်းစားအိုကြီး၏ နောက်သို့ချဉ်းကပ်သွားပြီး သူငေးကြည့်နေသောဘက်သို့ လိုက်လံကြည့်ရှုလိုက်၏။
ထူထပ်လှသော သစ်တောကြီးနှင့် ညှိုးနွမ်းခြောက်သွေ့နေသော သစ်ရွက်များအကြား သစ်ရိပ်များဖုံးလွှမ်းနေသော ကျောက်ဆောင်နှစ်ခုကြားတွင် တံခါးပေါက်ကြီးတစ်ခုရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
အလွန်ကြီးမားလှသော တံခါးပေါက်ကြီးတစ်ခုပင် ဖြစ်၏။
"အဲဒါ ဘယ်နေရာလဲ..."
ချူချင်းသည် ထိုတံခါးပေါက်ကြီးကိုစိုက်ကြည့်ရင်း ဖြည်းညင်းစွာမေးလိုက်သည်။
သူတောင်းစားအိုကြီး၏မျက်နှာအမူအရာမှာ အနည်းငယ်လှုပ်ရှားသွားပြီး ခပ်ဖွဖွရယ်မောလိုက်၏။
"ရာသီဥတုလေးမျိုးက ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားပြီး အသွင်ပြောင်းလဲမှုတွေက လေဟာနယ်ချိုင့်ဝှမ်းကို ဝန်းရံထားတယ်..."
"အဲဒီနေရာက ဝမ်မိသားစုရဲ့နှာခေါင်းအောက်မှာ အမြဲတမ်းပုန်းကွယ်နေခဲ့တာ... သူတို့ ရာစုနှစ်ပေါင်းများစွာရှာဖွေခဲ့ပေမဲ့ ဘယ်တုန်းကမှ ရှာမတွေ့ခဲ့တဲ့ ထျန်းကျီးတောင်ကြားပဲ..."
"ထျန်းကျီးရသေ့က သဘာဝတရားရဲ့ဖန်ဆင်းမှု အသွင်ပြောင်းလဲမှုတွေကို အစွမ်းကုန်အသုံးချပြီး ဖန်တီးခဲ့တဲ့ ဆန်းကြယ်တဲ့အတတ်ပညာက တကယ်ကို အံ့ဩစရာကောင်းလှတယ်..."
"အရမ်းနီးကပ်နေပေမဲ့ ကမ္ဘာတစ်ခုစာလောက် ဝေးကွာနေသလိုခံစားရစေတယ်... ငါတောင် ချီးကျူးဂုဏ်ပြုရင်း လက်ခုပ်တီးချင်စိတ်ပေါက်မိတယ်..."
"ဆရာကြီးက ဘယ်သူလဲ..."
ချူချင်းက ထပ်မေးလိုက်၏။
"မပြောဘူး..."
သူတောင်းစားအိုကြီးက နှာခေါင်းရှုံ့ကာ ကြက်ပေါင်ကို တစ်ချက်ကိုက်လိုက်သည်။
ချူချင်းသည် သူတောင်းစားအိုကြီးဘက်သို့ အကြည့်လွှဲလိုက်ပြီး တည်ငြိမ်စွာပြောလိုက်၏။
"ဆရာကြီးက ကျွန်တော့်ကို မပြောဘူးဆိုတဲ့ စကားတစ်ခွန်းတည်းအတွက်နဲ့ ဒီနေရာကိုခေါ်လာတာလား..."
"ငယ်ရွယ်တာက တကယ်ကောင်းတာပဲ..."
ချူချင်း၏စကားကို ကြားသောအခါ သူတောင်းစားအိုကြီးက ရုတ်တရက် သက်ပြင်းချလိုက်သည်။
"ငယ်ရွယ်တဲ့သူတွေက ရဲရင့်ပြီး စိတ်အလိုကျ ပြုမူတတ်ကြတယ်..."
"လူက အသက်ကြီးလာတာနဲ့အမျှ စိုးရိမ်ပူပန်မှုတွေများလာပြီး တချို့အရာတွေကို ပေါ့ပေါ့ပါးပါးမလုပ်ရဲတော့ဘူး..."
"သူတို့က သိုင်းလောကမှာ လွတ်လပ်ပေါ့ပါးတယ်လို့ ပြောကြတယ်... လွတ်လပ်ပေါ့ပါးတာ ငါ့ခြေထောက်ပဲ..."
"သိုင်းလောကထဲမှာ အသက်ကြီးလာလေ သတ္တိကပိုနည်းလာလေပဲ..."
"လူငယ်လေး... ငါသာ မင်းကို ထျန်းကျီးတောင်ကြားထဲက ပစ္စည်းတွေ အကုန်လုံးအခိုးခံရတာကြာပြီဖြစ်ပြီး အထဲမှာ ထောင်ချောက်တွေနဲ့လုပ်ကြံမှုတွေပဲ ကျန်တော့တယ်လို့ ပြောရင်..."
"တစ်ယောက်ယောက်က ဒါကို သွေးစတေးမှုအဖြစ်အသုံးပြုပြီး သိုင်းလောကမှာ ရာစုနှစ်ပေါင်းများစွာအတွင်း ရှားရှားပါးပါးဖြစ်ရပ်ဆိုးကြီးတစ်ခုကို ဖန်တီးချင်နေတာ..."
"မင်း ဘာလုပ်မလဲ..."
"ဓားကိုကိုင်၊ ချိုင့်ဝှမ်းထဲဝင်သွားပြီး သွေးချောင်းစီးတဲ့အထိ သတ်ပစ်ရမှာပေါ့..."
"ကောင်းတယ်... ပြတ်သားတယ်..."
သူတောင်းစားအိုကြီးက ထိုစကားကိုကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း ရယ်မောပြီးနောက် သက်ပြင်းပြန်ချလိုက်၏။
"ဒါပေမဲ့... ခက်တယ်... အရမ်းခက်တယ်..."
"မင်းရဲ့သိုင်းပညာက မြင့်မားပေမဲ့ မင်းနဲ့ရွယ်တူချင်းတွေထဲမှာ မင်းကို ယှဉ်နိုင်တဲ့သူနည်းနည်းပဲ ရှိလိမ့်မယ်..."
"ဒါပေမဲ့ မင်းက ဒီအချက်ကြောင့် လောကကြီးကိုလျှော့တွက်ပြီး လောကက ထိပ်တန်းပညာရှင်တွေကို ပေါ့ပေါ့ဆဆဆက်ဆံရင်တော့... အကြီးအကျယ်ဒုက္ခရောက်လိမ့်မယ်..."
"ကျွန်တော် တစ်ယောက်တည်းမလုပ်နိုင်ရင် ဒီကိစ္စကို သိုင်းလောကတစ်ခုလုံးကို သတင်းဖြန့်ပြီး သူရဲကောင်းတွေကို ချိုင့်ဝှမ်းထဲဆွဲဆောင်လိုက်မယ်။ ပြီးမှ လူယုတ်မာတွေကို သတ်ပစ်တာက ပိုမကောင်းဘူးလား..."
"ဒါပေမဲ့ လောကလူသားတွေက မိုက်မဲကြတယ်... သူတို့ရဲ့စိတ်ရင်းကို ထိန်းသိမ်းဖို့က အခက်ခဲဆုံးပဲ..."
"သဲပွင့်တွေလိုပဲ... မင်း တင်းတင်းဆုပ်ကိုင်လေ ပိုပြီးယိုစိမ့်လေပဲ..."
သူတောင်းစားအိုကြီးက သက်ပြင်းချလိုက်၏။
"ဒါ့အပြင် ထျန်းကျီးအမိန့်တော်ပြားနဲ့ ပြဿနာရှာဖို့ကြံစည်နေတာတွေလည်း ရှိနှင့်ပြီးသားပဲ... သိုင်းလောကပညာရှင်တွေ ဒီနေရာကိုမဝင်ရောက်ရင် သူတို့က ဘယ်လိုလုပ်ပြီး အဲဒီထိတ်လန့်စရာ သွေးချောင်းစီးမှုကို ကြံစည်နိုင်မှာလဲ..."
"မင်းရဲ့နည်းလမ်းက ဒီနေရာမှာ သွေးထွက်သံယိုဖြစ်တာ မလုံလောက်မှာကို စိုးရိမ်နေလို့လား..."
ချူချင်းက ပြုံးလိုက်၏။
"ဒါကလည်း အဆင်မပြေ... ဟိုဟာလည်း အဆင်မပြေရင် ဧကရာဇ်သုံးပါးနှင့် အရှင်သခင်ငါးပါးကိုသာ ဝင်ရောက်စွက်ဖက်ခိုင်းပြီး ဒီနေရာကို ဖျက်ဆီးပစ်ဖို့ ဘာလို့မတောင်းဆိုတာလဲ..."
သူတောင်းစားအိုကြီးက တစ်ခဏမျှဆွံ့အသွားပြီးနောက် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။
"ဒါက တကယ်ပဲ နည်းလမ်းကောင်းတစ်ခု လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်တယ်..."
"ဒါပေမဲ့ ဒီနည်းလမ်းကိုသုံးလိုက်ရင် သိုင်းလောကမှာ ဘယ်လောက်တောင် သွေးထွက်သံယိုတွေဖြစ်လာမလဲ... လူဘယ်နှယောက်သေဆုံးမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး..."
"ဒါက ဘာကိုဆိုလိုတာလဲ..."
ချူချင်းက ဤတစ်ကြိမ်တွင် စိတ်ရင်းဖြင့်မေးမြန်းလိုက်ခြင်း ဖြစ်၏။ အဘယ်ကြောင့် ဧကရာဇ်သုံးပါးနှင့် အရှင်သခင်ငါးပါးများ ဝင်ရောက်စွက်ဖက်ပါက သွေးထွက်သံယိုမှုများနှင့် သေဆုံးမှုများ ဖြစ်ပေါ်လာရသနည်း။
သူတောင်းစားအိုကြီးက ဘာမှမပြောဘဲ ပုစ္ဆာတစ်ပုဒ်ကိုတွက်ချက်နေသကဲ့သို့ ထျန်းကျီးတောင်ကြားကို တိတ်ဆိတ်စွာစိုက်ကြည့်နေခဲ့သည်။
ချူချင်းသည်လည်း တစ်ခဏမျှတိတ်ဆိတ်သွား၏။
ရုတ်တရက် သူက မေးလိုက်သည်။
"ထျန်းကျီးတောင်ကြားထဲမှာ ဘာတွေဝှက်ထားတာလဲ... ဆရာကြီးပြောတဲ့ သူတို့ဆိုတာ ဘယ်သူတွေလဲ..."
"ဒီလောက် ထိတ်လန့်စရာကောင်းတဲ့သွေးချောင်းစီးမှုကို ကြံစည်နေတာဆိုတော့ ရည်ရွယ်ချက်တစ်ခုရှိရမယ်... အဲဒီရည်ရွယ်ချက်က ဘာလဲ..."
သူတောင်းစားအိုကြီးက သူ့နှုတ်ခမ်းကိုသပ်လိုက်ပြီး လက်ထဲမှကြက်ပေါင်ကို အားရပါးရကိုက်စားလိုက်၏။
"မင်း ကောင်းကင်နဲ့မြေကမ္ဘာရဲ့ အဖိုးတန်ရတနာကိုးပါးအကြောင်း ကြားဖူးလား..."
ချူချင်း၏မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ကောင်းကင်နဲ့မြေကမ္ဘာရဲ့ အဖိုးတန်ရတနာကိုးပါးထဲကတစ်ခုကို ဒီမှာဝှက်ထားတယ်လို့ ကျွန်တော့်ကိုပြောပြမလို့လား..."
"ကောင်းကင်နဲ့မြေကမ္ဘာရဲ့ အဖိုးတန်ရတနာကိုးပါးက ဘယ်တုန်းက ဒီလောက်တန်ဖိုးမရှိဖြစ်သွားတာလဲ..."
နန်လင်ဒေသတစ်ခုတည်းမှာတင် နှစ်ခုရှိနေပြီဖြစ်သည်။
ယခုတစ်လောကလုံးတွင် ထိုရတနာများဖြင့် ပြည့်နှက်နေပြီလော။