အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း (၁၈၉) - ငါက ရွှမ်ဧကရာဇ်... ရှန်းချိုးယွီ (၁)
ချူချင်း၏ စကားသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးမှာ ချက်ချင်းပင် အေးခဲတိတ်ဆိတ်သွားလေသည်။
သူတောင်းစာအိုကြီးးက ရုတ်တရက် ခေါင်းမော့ကြည့်လာရာ နှစ်ဦးသားအကြည့်ချင်းဆုံမိသွားကြ၏။ သူတို့ထဲမှ မည်သူကမျှအလျှော့ပေးမည့် အရိပ်အယောင်မပြသကြချေ။
မမြင်ရသော အရှိန်အဝါတစ်ခုမှာ သူတို့နှစ်ဦးထံမှ ပျံ့လွင့်လာပြီး မည်သည့်လှုပ်ရှားမှုမျှ ထပ်မံမပြုလုပ်ကြသော်လည်း သူတို့၏ပတ်ပတ်လည်တွင် ပြင်းထန်သောလေဝဲတစ်ခုမှာ အလိုအလျောက်ဖြစ်ပေါ်လာလေသည်။ ထိုလေပြင်းကြောင့် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များနှင့်ကျောက်စရစ်ခဲများမှာ လွင့်စင်ပျံဝဲကုန်၏။
အခြေအနေမှာ အချိန်မရွေးပေါက်ကွဲထွက်သွားနိုင်သည့် အနေအထားသို့ ရောက်ရှိနေစဉ် သူတောင်းစားအိုကြီးက ရုတ်တရက် သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"ဒီနေ့ခေတ်လူငယ်တွေက လူကြီးသူမတွေကို ဘယ်လိုလေးစားရမလဲဆိုတာ မသိကြတာပဲ..."
"ငါ့လိုအဘိုးကြီးက ဒီကျန်းဟူလောကကြီးအတွက် အလုပ်တွေအရမ်းရှုပ်ပြီး ပင်ပန်းခံနေရတာ..."
"ငါက အမှန်တရားတွေကို အကုန်ဖွင့်ဟပြောပြခဲ့တာတောင်မှ ဘယ်သူကမှမယုံကြဘူး... တကယ်ကို စိတ်မကောင်းစရာပဲ..."
ချူချင်းမှာမူ ထိုစကားများကြောင့် စိတ်လှုပ်ရှားသွားခြင်းမရှိဘဲ သူ၏အကြည့်များမှာ ပိုမို၍သာအေးစက်လာလေသည်။
ဤသူတောင်းစားအိုကြီးမှာ မိမိအား ရင်ဖွင့်ပြနေသကဲ့သို့ရှိသော်လည်း အမှန်တကယ်တွင်မူ မိမိ၏ကိုယ်ပိုင်အကြောင်းအရာများကိုမူ တစ်လုံးမျှပင် ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။
ထို့ပြင် သူပြောပြခဲ့သော ထျန်းကျီးတောင်ကြားအတွင်းရှိ အခြေအနေများမှာလည်း နှုတ်ပြောသက်သက်သာဖြစ်သဖြင့် အမှန်အမှားခွဲခြားရန် ခက်ခဲလှပေသည်။
သို့သော် တစ်ခုတည်းသော သေချာသည့်အချက်မှာ အစောင့်နှစ်ဦးနှင့်မင်းသားနှစ်ပါးမှာ အမှန်တကယ်ပင်ဖြစ်၏။
မိမိ၏စနစ်မှာ ရိုးရှင်းလှသော်လည်း တာဝန်တစ်ခုကိုစတင်ရန်အတွက် အခြေခံအချက်သုံးချက်လိုအပ်သည်ကိုမူ ချူချင်းသဘောပေါက်ထားလေသည်။
ယင်းတို့မှာ အပ်နှံသူ၊ ပစ်မှတ်နှင့် ဆုလာဘ်တို့ဖြစ်ကြပြီး ဤသုံးခုလုံးမှာ မရှိမဖြစ်လိုအပ်လှပေသည်။
အကယ်၍ သူတောင်းစားပြောခဲ့သော အစောင့်နှစ်ဦးနှင့်မင်းသားနှစ်ပါးမှာ အမှန်တကယ်မတည်ရှိပါက စနစ်က ချက်ချင်းသိရှိသွားမည်ဖြစ်ပြီး တာဝန်စတင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။
သို့သော် ထိုသူသုံးဦးမှာ ယခုအချိန်တွင် ထျန်းကျီးတောင်ကြားအတွင်း၌ ရှိနေသည်ဟူသောအချက်ကို သက်သေပြရန် မည်သည့်အထောက်အထားမျှ မရှိသေးချေ။
အကယ်၍ ထိုသူသုံးဦးမှာ ကောင်းကင်မိစ္ဆာဂိုဏ်း၏ဌာနချုပ်တွင် ရောက်ရှိနေပါက မိမိအနေဖြင့် မည်သည့်နေရာသို့ သွားရောက်သတ်ဖြတ်ရမည်နည်း။
ဤသို့ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသော်လည်း ကြိုတင်ကာကွယ်ထားရန် လိုအပ်ပေသည်။
ဤကိစ္စရပ်များကို ရှင်းလင်းစွာသိရှိနိုင်ရန်အတွက် ပထမဆုံးခြေလှမ်းမှာ ဤသူတောင်းစား၏ဟန်ဆောင်မှုကို ခွာချရန်သာ ဖြစ်၏။
ချူချင်း၏အမူအရာကို မြင်လိုက်ရသောအခါ သူတောင်းစားသည် ဆက်လက်၍လှည့်စားရန် မဖြစ်နိုင်တော့ကြောင်း သိရှိသွားလေသည်။
သူက နှုတ်ခမ်းကိုတစ်ချက်မဲ့လိုက်၏။
"ကောင်းပြီ... ငါ့ရဲ့သရုပ်မှန်ကို မင်းကို ပြောပြရတာပေါ့..."
"ပြောပါ..."
ချူချင်း၏အကြည့်များမှာမူ မပြောင်းလဲဘဲ တည်ငြိမ်နေဆဲပင်။
ရုတ်တရက် သူတောင်းစားသည် မတ်တတ်ရပ်လိုက်ရာ သူ၏ပေရေစုတ်ပြတ်နေသော ပုံစံနောက်ကွယ်မှ နက်ရှိုင်းလှသော ဆရာသခင်ကြီးတစ်ဦး၏အရှိန်အဝါတစ်ခုမှာ ရုတ်ချည်းထွက်ပေါ်လာလေသည်။
လေပြေညင်းညင်းတစ်ချက်တိုက်ခတ်သွားရာ သူ၏ဆရာသခင်အရှိန်အဝါမှာ အထင်းသားပေါ်လွင်နေတော့၏။
ချူချင်းက မျက်ခုံးတစ်ဖက်ကိုပင့်လိုက်စဉ် အဘိုးကြီးသူတောင်းစားက အေးစက်စွာ ပြောလိုက်လေသည်။
"ငါက ရွှမ်ဧကရာဇ်... ရှန်းချိုးယွီ..."
ထိုစကားကိုကြားလိုက်ရသောအခါ ချူချင်း၏နှလုံးသားမှာ ပြင်းထန်စွာတုန်လှုပ်သွားရ၏။ ရွှမ်ဧကရာဇ်ရှန်းချိုးယွီ ဖြစ်နေသည်လော။
ဧကရာဇ်သုံးပါးနှင့် အရှင်သခင်သုံးပါးများထဲမှ တစ်ဦးဖြစ်သော သိုင်းလောက၏ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးမှာ မိမိ၏မျက်စိရှေ့တွင် အမှန်တကယ်ရှိနေခဲ့သည်လော။
ချူချင်းပင်လျှင် ထိုအခိုက်အတန့်တွင် အံ့အားသင့်သွားရပြီး သူ၏အသက်ရှူသံမှာ အနည်းငယ်တုံ့ဆိုင်းသွားကာ အားနည်းချက်တစ်ခု ဖြစ်ပေါ်သွားလေသည်။
ထိုစဉ် သူ၏ရှေ့မှောက်သို့ တစ်စုံတစ်ခုပျံဝဲလာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
ချူချင်းက ဘေးသို့ရှောင်တိမ်းလိုက်သော်လည်း သူ၏မျက်စိတစ်မှိတ်အတွင်းမှာပင် သူတောင်းစားအိုကြီး၏ခန္ဓာကိုယ်မှာ လှည့်ပတ်သွားပြီး ခုနစ်ခု၊ရှစ်ခုခန့်ရှိသော ပုံရိပ်ယောင်များမှာ အရပ်မျက်နှာအသီးသီးသို့ ပြေးထွက်သွားကြလေသည်။
ဤပုံရိပ်များမှာ တစ်ထပ်တည်းကျနေပြီး သူတို့၏အရှိန်အဝါများမှာလည်း တူညီလွန်းသဖြင့် အစစ်နှင့်အတုကိုခွဲခြားရန် လုံးဝမဖြစ်နိုင်ချေ။
ချူချင်းက ၎င်းတို့ထဲမှပုံရိပ်တစ်ခုကို လှမ်း၍ဖမ်းဆွဲလိုက်သော်လည်း သူ၏လက်ချောင်းထိပ်များနှင့် ထိမိသွားသည်နှင့်တစ်ပြိုင်နက် ထိုပုံရိပ်မှာ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။
ကျန်ရှိနေသော ပုံရိပ်များမှာလည်း ချူချင်း၏မျက်စိရှေ့တွင် ရေပူဖောင်းများကဲ့သို့ တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားကြတော့၏။
သူတောင်းစားအိုကြီး၏ အရိပ်အယောင်ကိုပင် ရှာဖွေ၍မရနိုင်တော့ချေ။
ချူချင်း၏မျက်နှာမှာ ချက်ချင်းပင် မှောင်မိုက်သွားလေသည်။
"သူက ရှန်းချိုးယွီမဟုတ်ဘူး..."
အကယ်၍ ရွှမ်ဧကရာဇ်ရှန်းချိုးယွီသာ မိမိ၏ရှေ့တွင်ရှိနေပါက ဤကဲ့သို့ အလျင်စလိုထွက်ပြေးသွားစရာ အကြောင်းမရှိချေ။ ထို့ပြင် ဖိအားများကြောင့် မိမိ၏သရုပ်မှန်ကို ထုတ်ဖော်ပြောဆိုလိမ့်မည်လည်း မဟုတ်ပေ။
ဒါ့အပြင် သူသာ အမှန်တကယ်ရှန်းချိုးယွီဖြစ်ပါက ထျန်းကျီးတောင်ကြားမှာ မည်သို့လျှင် ပြဿနာဖြစ်နေနိုင်ပါအံ့နည်း။
အမှန်အတိုင်းပြောရလျှင် ရှန်းချိုးယွီသာ ဤနေရာ၌ရှိနေပါက ထျန်းကျီးအမိန့်တော်ပြားနှင့် ထျန်းကျီးတောင်ကြားမှာ သူ၏ပိုင်ဆိုင်မှုဖြစ်ပြီး မည်သူမဆိုဝင်ရောက်ဝံ့ပါက မိမိနှင့်ရန်သူဖြစ်ရမည်ဟု ကြေညာလိုက်ရုံသာ ရှိပေသည်။
ထိုသို့သာဆိုလျှင် ယနေ့လော့ချန်အိမ်တော်တွင် စုဝေးနေကြသော လူအုပ်ကြီးမှာ ချက်ချင်းပင် ဖရိုဖရဲပြန့်ကျဲသွားကြပေလိမ့်မည်။
တစ်ဦးတစ်ယောက်မျှပင် ကျန်ရှိနေလိမ့်မည် မဟုတ်ချေ။
မိဘများက မိမိတို့အား ခြေထောက်နှစ်ဖက်ပိုမပေးခဲ့သဖြင့် လျင်မြန်စွာ မပြေးနိုင်ခြင်းကိုသာ နောင်တရနေကြပေလိမ့်မည်။
ဤသူတောင်းစားအိုကြီး၏ ကိုယ်ဖော့သိုင်းပညာမှာ အလွန်ဆန်းကြယ်ပြီး မြင့်မားလှပေသည်။ ချူချင်းကခြေရာခံရန် ကြိုးစားကြည့်သော်လည်း ယနေ့မွန်းလွဲပိုင်းကကဲ့သို့ပင် မည်သည့်ခြေရာမျှကျန်ရစ်ခဲ့ခြင်း မရှိချေ။
သူသည် ဤနေရာနှင့်မရင်းနှီးသေးသဖြင့် အလွန်အမင်းလိုက်လံစုံစမ်းခြင်း မပြုတော့ဘဲ နောက်ဆုံးတွင် အံကြိတ်ကာ ပြုံးလိုက်လေသည်။
"ကောင်းပြီ... ကောင်းပြီ... အဘိုးကြီး...တော်တော်လေး လှည့်စားတတ်ပြီး တော်တော်လည်း အပြေးမြန်တာပဲ..."
"မင်းနဲ့ ကျုပ်နောက်တစ်ခါထပ်မတွေ့စေနဲ့... မဟုတ်ရင် မင်းရဲ့ခြေထောက်တွေကို အရိုးချိုးပစ်မယ်..."
ထိုသို့တွေးတောရင်း မြေပြင်ပေါ်သို့ ကျန်ရစ်ခဲ့သော အရာဝတ္ထုကိုငုံ့ကြည့်ကာ မစစ်ဆေးတော့ဘဲ ကောက်ယူ၍ ရင်ခွင်ထဲသို့ထည့်လိုက်ပြီးနောက် အဝေးရှိ ထျန်းကျီးတောင်ကြား၏တံခါးမကြီးကို လှမ်းကြည့်လိုက်လေသည်။
တစ်ခဏမျှစဉ်းစားပြီးနောက် ချူချင်းသည် လှည့်ထွက်သွားတော့၏။
ထျန်းကျီးတောင်ကြားအတွင်းရှိ အခြေအနေများကို ထပ်မံစုံစမ်းရန် လိုအပ်ပေသည်။ ဤသူတောင်းစားအိုကြီး၏နောက်ခံမှာ မခန့်မှန်းနိုင်သော်လည်း သူသည် ရှန်းချိုးယွီ၏အမည်ကို အသုံးပြု၍လှုပ်ရှားဝံ့သဖြင့် ရှန်းချိုးယွီနှင့် တစ်စုံတစ်ရာပတ်သက်မှု ရှိနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သောဘွဲ့အမည်မှာ မည်သူမဆို အလွယ်တကူ အသုံးပြုနိုင်သောအရာမဟုတ်ချေ။
သာမန်လူများကို ပြဿနာရှာခြင်းမှာ ကိစ္စမရှိသော်လည်း ရွှမ်ဧကရာဇ်ရှန်းချိုးယွီမှာ မည်သို့လျှင် ပေါ့ပေါ့တန်တန်ဆက်ဆံ၍ ရနိုင်ပါအံ့နည်း။
သို့သော် ယနေ့ညတွင် ရရှိခဲ့သော သတင်းအချက်အလက်များမှာ များပြားလွန်းသဖြင့် မည်သည့်အရာကိုမဆို မလုပ်ဆောင်မီ သေချာစဉ်းစားသုံးသပ်ရန် လိုအပ်ပေသည်။ ထို့ပြင် ဝမ်ဖူစန်းကိုလည်း သွားရောက်ရှာဖွေရဦးမည် ဖြစ်၏။
ထို့ပြင် ပျန်းချန်နှင့်အခြားသူများမှာ ရောက်ရှိလာကတည်းက အနားယူနေကြသဖြင့် သူတို့ကို အေးဆေးစွာနေခွင့်ပြုလိမ့်မည် မဟုတ်ချေ။ သူတို့အားလုံးကို အလုပ်သမားများအဖြစ် ခေါ်ယူအသုံးပြုရပေလိမ့်မည်။
ဤတာဝန်နှင့်ပတ်သက်၍မူ လက်ခံရန် အလျင်စလိုမပြုလုပ်သေးချေ။
မည်သို့ပင်ဖြစ်စေ မိမိကငြင်းပယ်ခြင်းမပြုသရွေ့ တာဝန်လက်ခံရန် အကြောင်းကြားချက်မှာ အမြဲတည်ရှိနေမည် ဖြစ်၏။
ဤမျှအန္တရာယ်ကြီးမားလှသောတာဝန်ကို လက်ခံရန်မဆုံးဖြတ်မီ ထျန်းကျီးတောင်ကြားအတွင်းရှိ အခြေအနေများကို အကြမ်းဖျင်းစုံစမ်းစစ်ဆေးရန် လိုအပ်ပေသည်။
အတွေးများထဲတွင်နစ်မြုပ်နေရင်း ချူချင်းသည် ထိုဂူဆီသို့ ပြန်လည်လျှောက်လှမ်းလာခဲ့လေသည်။
စီယဲ့နှင့်အခြားသူများမှာ ထိုနေရာ၌စောင့်ဆိုင်းနေကြဆဲဖြစ်ပြီး ချူချင်း၏ လေးလံနေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ အချင်းချင်းအံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
ထျယ်ချူချင်က ပထမဆုံးစကားပြောကာ ပျာယာခတ်သွားလေသည်။
"ရှင် ဘာဖြစ်လာတာလဲ... စွန့်ပစ်ခံလိုက်ရတဲ့ခွေးလေးလိုပဲ..."
ချူချင်းက သူမကို မှင်တက်စွာမော့ကြည့်လိုက်ပြီး ဝမ်ရိုအား ပြောလိုက်လေသည်။
"သူ့ပါးစပ်ကို ပိတ်ထားလိုက်စမ်း..."
ထျယ်ချူချင်၏မျက်လုံးများမှာ ပြူးကျယ်သွားသော်လည်း ဝမ်ရိုက သူမ၏ပါးစပ်ကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားလိုက်ပြီ ဖြစ်၏။
ထျယ်ချူချင်မှာ ဒေါသကြောင့် ပေါက်ကွဲလုနီးပါးဖြစ်သွားရသည်။
လော့ချန်အိမ်တော်၏ ဂုဏ်သရေရှိလှသော သမီးပျိုတစ်ဦးမှာ အဘယ်ကြောင့် လက်ပါးစေတစ်ဦးကဲ့သို့ပြုမူနေနိုင်ပါအံ့နည်း။
ချူချင်းကလူသတ်မည်ဆိုလျှင် သူမက ဓားကိုကမ်းပေးမည်လော။ သူကမီးရှို့မည်ဆိုလျှင် သူမကမီးညှိဘူးကို ပေးအပ်မည်လော။
သူမတွင် ကိုယ်ပိုင်အတွေးအခေါ်ဟူ၍ မရှိတော့ပြီလော။
တကယ်ကို အဓိပ္ပာယ်မရှိလှပေ။
စီယဲ့နှင့်အခြားသူများမှာလည်း မေးမြန်းရန်ပြင်ဆင်ခဲ့ကြသော်လည်း ထျယ်ချူချင်၏ သနားစရာကောင်းသော အခြေအနေကို မြင်တွေ့လိုက်ရသဖြင့် စကားတစ်ခွန်းမျှ မဟရဲကြတော့ချေ။
ဝမ်ဖျင်ချဲ့ပင်လျှင် ဒေါသထွက်နေသောချူချင်းက ဝမ်ရိုအား မိမိ၏ပါးစပ်ကိုလည်း ပိတ်ခိုင်းလိုက်မည်ကို စိုးရိမ်သဖြင့် စကားတစ်ခွန်းမျှမပြောဝံ့ပေ။
ကံကောင်းထောက်မစွာဖြင့် ချူချင်းက ထပ်မံ၍ပြောလိုက်လေသည်။
"အရင်ပြန်ကြရအောင်... ငါ့မှာ သခင်ဝမ်နဲ့ ဆွေးနွေးစရာကိစ္စရှိသေးတယ်..."
"ဟုတ်ကဲ့..."
စီယဲ့က ခေါင်းညိတ်လိုက်ပြီးနောက် အားလုံးမှာ ချက်ချင်းပင်ပြန်လှည့်လာခဲ့ကြ၏။
ထျန်းကျီးပိုက်ကွန်အင်းကွက်ကို ဖြတ်ကျော်သွားစဉ် ချူချင်းက ဦးလေးကျိုးနှင့် ဦးလေးချန်တို့ကိုကြည့်ကာ ပြန်ရောက်လျှင် ဤအင်းကွက်ကိုဖြတ်ကျော်နိုင်မည့် နည်းလမ်းကို မှတ်တမ်းတင်ထားရန် ညွှန်ကြားလိုက်လေသည်။
ထိုသူနှစ်ဦးမှာလည်း ရိုသေစွာဦးညွှတ်၍ သဘောတူလိုက်ကြ၏။
ထို့နောက် အချိန်ဆွဲခြင်းမပြုတော့ဘဲ အားလုံးမှာ လာရာလမ်းအတိုင်း တိုက်ရိုက်ပြန်လာခဲ့ကြလေသည်။
တစ်ခဏအကြာတွင် ကြိုးများကိုအသုံးပြု၍ တားမြစ်ဂူအတွင်းမှ တစ်ဦးပြီးတစ်ဦးတက်လာခဲ့ကြ၏။
အပေါ်သို့ရောက်ရှိသွားသောအခါ ဝမ်ခိုင်ယွမ်မှာ စိုးရိမ်တကြီးစောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။
ချူချင်းနှင့်အခြားသူများ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ ဝမ်ခိုင်ယွမ်သည် အလျင်အမြန်ချဉ်းကပ်လာပြီး မေးလိုက်၏။
"နောက်ဆုံးတော့ မင်းတို့ပြန်တက်လာကြပြီပဲ... အဆင်ပြေရဲ့လား... ဒီတားမြစ်နယ်မြေအောက်မှာ ဘာလို့ဂူတစ်ခုရှိနေရတာလဲ..."
"ဒုတိယသခင်လည်း ဒါကိုမသိဘူးလား..."
ချူချင်း၏အကြည့်မှာ ဝမ်ခိုင်ယွမ်၏မျက်နှာပေါ်သို့ ကျရောက်သွားလေသည်။