အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း (၁၉၀) - ငါက ရွှမ်ဧကရာဇ်... ရှန်းချိုးယွီ (၂)
ဝမ်ခိုင်ယွမ်က ခေါင်းကို အကြိမ်ကြိမ်ခါယမ်းလိုက်၏။
"ငါ တစ်ခါမှ မကြားဖူးပါဘူး..."
သူ၏မျက်နှာအမူအရာမှာ ဟန်ဆောင်နေခြင်းမရှိသည်ကို မြင်ရသဖြင့် ချူချင်းသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"ဒီညတော့ တော်တော်လေးပင်ပန်းသွားကြပြီ... အားလုံးပြန်ပြီး အနားယူကြတာပေါ့... စကားမစပ် ဒုတိယသခင်... ဒါက သံမဏိသွေးဂိုဏ်းက ထျယ်ချူချင်ပါ..."
ချူချင်း၏မိတ်ဆက်စကားကို ကြားလိုက်ရသောအခါ ဝမ်ခိုင်ယွမ်၏အကြည့်မှာ ထျယ်ချူချင်ထံသို့ ကျရောက်သွားပြီး အနည်းငယ်ပြုံးလိုက်လေသည်။
"ဒါဆို သံမဏိသွေးဂိုဏ်းရဲ့သခင်မလေး ဖြစ်နေတာပဲ... မင်းရောက်ရှိလာတာက ငါတို့လော့ချန်အိမ်တော်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ..."
ထျယ်ချူချင်မှာမူ စကားမပြောနိုင်ဘဲ မျက်နှာပျက်လျက် ဦးညွှတ်လိုက်၏။
"နှုတ်ဆက်ပါတယ် ဒုတိယသခင်ဝမ်... ခွင့်ပြုပါဦး..."
သူမသည် လှည့်ထွက်သွားရန် ပြင်လိုက်လေသည်။
"ခဏနေဦး..."
ချူချင်းက သူမကိုလှမ်းခေါ်လိုက်၏။
ထျယ်ချူချင်က ချူချင်းကို မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။
"အခု ဘာကိစ္စရှိပြန်ပြီလဲ..."
"မင်းက ဒဏ်ရာရထားပြီး တစ်ညလုံးလည်း ပင်ပန်းထားတာ... ဘယ်လောက်အထိ ဆက်လျှောက်သွားနေဦးမလို့လဲ... ဒုတိယသခင်ဝမ်ကို မင်းအတွက် အခန်းတစ်ခန်းပြင်ဆင်ပေးဖို့ ငါပြောထားလိုက်မယ်... ဒီရက်ပိုင်း လော့ချန်အိမ်တော်မှာပဲ ခဏနားနေလိုက်ပါ... သိုင်းပြိုင်ပွဲပြီးမှ သံမဏိသွေးဂိုဏ်းကို ပြန်တာပေါ့..."
"ရှင် ငါ့ကို အကျယ်ချုပ်ချုပ်ထားမလို့လား..."
ထျယ်ချူချင်က ချူချင်းကို စိုက်ကြည့်လိုက်၏။
"မင်း ငါ့ကိုကတိပေးထားတာကို မေ့သွားပြီလား..."
"ဒါက မင်းကိုအကျယ်ချုပ်တာနဲ့ ဘာဆိုင်လို့လဲ..."
ချူချင်းက မျက်လုံးတစ်ချက်လှန်လိုက်ပြီး ဘေးရှိကြယ်တာရာအစောင့်နှစ်ဦးကို ပြောလိုက်လေသည်။
"သူ့ကိုခေါ်သွားကြစမ်း..."
ထျယ်ချူချင်မှာ ဒေါသတကြီးဖြင့်ခြေဆောင့်ကာ ကျိန်ဆဲရင်း ထွက်သွားတော့၏။
သူမ၏ပုံရိပ်မှာ တဖြည်းဖြည်း ဝေးကွာသွားပြီးနောက်မှသာ ဝမ်ခိုင်ယွမ်သည် နဖူးပေါ်ရှိချွေးစေးများကို သုတ်လိုက်လေသည်။
"ဒီထျယ်လင်ယွန်းရဲ့ အဖိုးတန်သမီးလေးက တကယ့်ကို... တက်ကြွလွန်းတာပဲ..."
"ဒုတိယသခင်ဝမ်... ဒီဂူအကြောင်းကို လူဘယ်နှစ်ယောက်သိထားကြလဲ..."
ချူချင်းက အကြည့်ကိုပြန်လည်ရုပ်သိမ်းကာ မေးလိုက်၏။
ဝမ်ခိုင်ယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ဖြေလေသည်။
"မင်းက ဒီနေရာကိုလျှို့ဝှက်ထားရမယ်လို့ ပြောထားတာမို့ ငါလည်း ဘယ်သူ့ကိုမှမပြောရဲပါဘူး... ဒီနေ့ ဒီနေရာကို ရောက်လာတဲ့လူလောက်ပဲ သိတာပါ..."
"ကောင်းပါပြီ..."
ချူချင်းက ခေါင်းညိတ်လိုက်လေသည်။
"ဒီကိစ္စကို လုံးဝလျှို့ဝှက်ထားရမယ်... ဘယ်လိုသတင်းမျိုးမှ အပြင်ကို မပေါက်ကြားစေနဲ့..."
အားလုံးမှာ အချင်းချင်းကြည့်လိုက်ကြပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် ချူချင်းသည် အားလုံးကို ပြန်လည်ထွက်ခွာစေခဲ့၏။ ထျယ်ချူချင်မှာလည်း ဝမ်ခိုင်ယွမ်စီစဉ်ပေးထားသော အခန်းသို့ရောက်ရှိသွားသဖြင့် နောက်ဆုံးတွင် သူ၏နားမှာ အေးချမ်းသွားတော့သည်။
မိမိ၏အခန်းသို့ ပြန်လည်ရောက်ရှိသောအခါ ချူချင်းသည် သူတောင်းစားအိုကြီးပေးအပ်ခဲ့သော စာရွက်ကိုဖြန့်ကြည့်လိုက်လေသည်။
၎င်းမှာ အလျင်စလိုဆွဲထားသော မြေပုံကြမ်းတစ်ခုဖြစ်သော်လည်း အဓိကအချက်အလက်များမှာမူ ရှင်းလင်းလှပေသည်။
အလယ်တွင် စက်ဝိုင်းတစ်ခုရှိပြီး ဘေး၌ ထျန်းကျီးတောင်ကြားဟု ကောက်ကွေးသောစာလုံးများဖြင့် ရေးသားထား၏။
ထိုနေရာ၏ပတ်ပတ်လည်တွင် လမ်းကြောင်းဆယ့်သုံးခုကို မျဉ်းများဖြင့်ဆွဲသားထားလေသည်။
ချူချင်းသည် အစပိုင်းတွင် ဤပုံဆွဲကြမ်းမှာ ပိုးလောင်းကြီးတစ်ကောင်နှင့် တူနေသဖြင့် အနည်းငယ် ဇဝေဇဝါဖြစ်သွားရ၏။
သို့သော် သေချာကြည့်ရှုပြီးနောက် သူနားလည်သွားလေသည်။
သူ၏မျက်နှာအမူအရာမှာ ချက်ချင်းပင် အလွန်ထူးဆန်းသွားတော့၏။
"လော့ချန်အိမ်တော်က ဒီနှစ်တွေတစ်လျှောက်လုံး ဘာတွေလုပ်နေခဲ့ကြတာလဲ..."
"ဒီသူတောင်းစားအိုကြီးက ထျန်းကျီးတောင်ကြားကို သွားနိုင်တဲ့လမ်းကြောင်းဆယ့်သုံးခုအထိ ရှာဖွေတွေ့ရှိထားတာတောင်မှ... ထျန်းရှင်းတောင်တန်းကို ရာစုနှစ်ပေါင်းများစွာ စိုးမိုးလာခဲ့တဲ့လော့ချန်အိမ်တော်က ဒါကို လုံးဝမသိခဲ့ဘူးတဲ့လား... ဒါက တကယ်ဖြစ်နိုင်ပါ့မလား..."
သူသည် ဝမ်ခိုင်ယွမ်နှင့်ဝမ်ဖျင်ချဲ့တို့အကြောင်းကို စဉ်းစားမိသွား၏။
မိမိတို့၏မျက်စိအောက်တွင် ဤမျှကြီးမားသောကိစ္စရပ်ကြီး ဖြစ်ပျက်နေသည်ကို အတွင်းလူနှင့်အပြင်လူ ပူးပေါင်းကြံစည်မှု သို့မဟုတ် လှည့်စားမှုမရှိဘဲ မည်သို့ဖြစ်နိုင်ပါအံ့နည်း။
"ဒါမှမဟုတ် ထျန်းကျီးတောင်ကြားက တကယ်ပဲ အံ့သြစရာကောင်းလွန်းလို့လား..."
"ရာသီလေးခုက ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားပြီး ပြောင်းလဲမှုတွေက လေဟာနယ်ချိုင့်ဝှမ်းကို လွှမ်းခြုံထားတယ်..."
"အရာအားလုံးက... သူတို့အောက်မှာပဲ ရှိနေတာလား..."
ချူချင်းသည် ခေါင်းကိုခါယမ်းလိုက်ပြီး ဆက်လက်မတွေးတောတော့ရန် ဆုံးဖြတ်လိုက်၏။ မနက်ဖြန်တွင် သူသည် ဝမ်ဖူစန်းနှင့်ဆွေးနွေးရန်ကိစ္စအချို့ ရှိနေသေးပေသည်။
ထို့နောက် သူသည် တိုက်ရိုက်အိပ်ရာဝင်ကာ အိပ်ပျော်သွားတော့၏။
ဤအတောအတွင်း လှည့်လည်သွားလာနေခဲ့ရသဖြင့် သူသည် ကောင်းမွန်စွာမအိပ်စက်ရသည်မှာ ကြာမြင့်လှပြီဖြစ်ပေသည်။
သူမျက်လုံးမှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သည့်အခါ မည်သည့်အရာကိုမျှ သတိမထားမိလိုက်ဘဲ မိုးလင်းသွားခဲ့ပြီဖြစ်၏။
ချူချင်းသည် သူ၏လက်မောင်းများကို ဆန့်ထုတ်ကာ ကြွက်သားများနှင့်အရိုးများကို ဆန့်လိုက်ရာ အဆစ်များဆီမှ ဂျောက်ခနဲအသံများ ထွက်ပေါ်လာလေသည်။
အပြင်ဘက်တွင် စောသေးသည်ကိုမြင်သဖြင့် သူသည် ဓားကိုကောက်ကိုင်ကာ ခြံဝင်းအတွင်း၌ လေ့ကျင့်ရန်ထွက်လာခဲ့၏။
မနေ့ညက ယွီလုံသူခိုးအိုကြီးနှင့်တိုက်ခိုက်ခဲ့ခြင်းမှာ သူ၏ဓားသွားကို ပိုမိုထက်မြက်အောင် သွေးပေးလိုက်သကဲ့သို့ဖြစ်ပြီး ရွှေကျီးကန်းဓားသိုင်းနှင့်သွေးဓားမသိုင်းတို့ကို ပိုမို၍ချောမွေ့စွာ ပေါင်းစပ်နိုင်စေခဲ့သည်။
ယခု သူလေ့ကျင့်နေသည်မှာ ထိုဓားသိုင်းနှစ်ခုလုံးမှ ဆင်းသက်လာသော ကိုယ်ပိုင်ဓားသိုင်းအသစ်တစ်ရပ်ပင် ဖြစ်၏။
ဤဓားသိုင်းမှာ အကောင်းအဆိုးနှစ်မျိုးလုံး လွှမ်းခြုံထားပြီး တိုက်ကွက်များမှာ ဆန်းကြယ်လှကာ မခန့်မှန်းနိုင်သော သဘောသဘာဝရှိပေသည်။
ယခုအခါ ၎င်းမှာ စနစ်တကျဖြစ်တည်လာခဲ့ပြီး ဆက်လက်၍လည်း တိုးချဲ့ဖန်တီးနိုင်ပေသည်။
ချူချင်းသည် မူလက ရွှေကျီးကန်းဓားသိုင်းနှင့် သွေးဓားမသိုင်းတို့မှ စာလုံးတစ်လုံးစီကိုထုတ်ယူကာ နာမည်အသစ်တစ်ခုပေးရန် စဉ်းစားခဲ့၏။
သို့သော် မည်သို့ပင်စဉ်းစားစေကာမူ နာမည်မှာ နားဝင်မချိုလှချေ။
ထို့ကြောင့် သူသည် ၎င်းကို ဆယ့်ခြောက်လမ်းစဥ် မိစ္ဆာနှင်ဓားသိုင်းဟု အမည်ပေးလိုက်လေသည်။
"တစ်ဆယ့်ခြောက်လမ်းစဉ်" ဟူသည်မှာ လှည့်စားမှုသက်သက်သာ ဖြစ်၏။ ချူချင်းသည် မိမိ၏ဓားသိုင်းတွင် လှုပ်ရှားမှုမည်မျှရှိသည်ကို တိုက်ရိုက်ဖော်ပြသောဝူကန်ချီကဲ့သို့ မဖြစ်လိုပေ။
ဤအမည်မှာ ပြိုင်ဘက်ကိုလှည့်စားရန်အတွက်သာ ဖြစ်ပေသည်။
ဤဓားသိုင်းတွင် အမှန်တကယ်မည်မျှရှိသည်ကိုမူ ချူချင်းကိုယ်တိုင်သာ သိရှိပေသည်။
ပြိုင်ဘက်က သူ၏တိုက်ကွက်များ ကုန်ဆုံးသွားပြီဟု ထင်မှတ်လိုက်သည့်အခါမှသာ နောက်ထပ်အံ့အားသင့်စရာတိုက်ကွက်သစ်များကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
သူသည် ဓားသိုင်းကို နှစ်ကြိမ်ခန့်လေ့ကျင့်ပြီးနောက် ခြံဝင်းတံခါးမှာ တွန်းဖွင့်ခြင်းခံလိုက်ရလေသည်။
လော့ချန်အိမ်တော်မှတပည့်တစ်ဦးက အစားအစာများကို ယူဆောင်လာခြင်းဖြစ်၏။ ချူချင်းသည် နှာခေါင်းကိုတစ်ချက်ရှုံ့လိုက်ရာ သူ၏အနံ့ခံအာရုံမှာ ဝမ်ရိုကဲ့သို့မထက်မြက်သော်လည်း အလွန်မွှေးကြိုင်လှသောရနံ့ကို ရရှိလိုက်လေသည်။
သေချာကြည့်ရှုလိုက်သောအခါ ၎င်းမှာ ထူးခြားဆန်းပြားသောအရာမဟုတ်ဘဲ ရိုးရှင်းလှသောငါးဆန်ပြုတ်တစ်ခွက်သာ ဖြစ်ပေသည်။
သို့သော် ရနံ့မှာ အလွန်မွှေးကြိုင်လှသဖြင့် သူ၏ပါးစပ်ထဲတွင် သွားရည်များပင်ယိုလာရ၏။
ချူချင်းသည် တစ်ဇွန်းခန့်မြည်းစမ်းကြည့်ပြီးနောက် ချက်ချင်းပင် ချီးကျူးလိုက်လေသည်။
"တကယ့်ကို အရသာရှိလှတာပဲ... ဒီဆန်ပြုတ်မှာနာမည်ရှိလား..."
ဘေးတွင် စောင့်ကြပ်နေသောအစေခံမလေးက လျင်မြန်စွာပြန်လည်ဖြေကြားလိုက်၏။
"သခင်လေး... ဒီဆန်ပြုတ်ကို မန်ဒရင်းဘဲကျောက်စိမ်းဆန်ပြုတ်လို့ ခေါ်ပါတယ်... ကြယ်ဆွတ်ကန်ထဲက မန်ဒရင်းဘဲငါးနဲ့ အိမ်တော်က ကိုယ်တိုင်စိုက်ပျိုးတဲ့ ကျောက်စိမ်းမွှေးဆန်ကိုသုံးပြီး ချက်ထားတာပါ..."
"မန်ဒရင်းဘဲငါးက အရမ်းကိုအရသာရှိပြီး ကျွန်မတို့ကြယ်ဆွတ်ကန်ထဲမှာပဲ ရနိုင်တာပါ..."
"ကျောက်စိမ်းမွှေးဆန်နဲ့ချက်ထားတဲ့ ဒီမန်ဒရင်းဘဲကျောက်စိမ်းဆန်ပြုတ်က သိုင်းကျင့်ကြံသူတွေအတွက် အရမ်းအကျိုးရှိပါတယ်..."
"ရေရှည်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေနဲ့ရောဂါဟောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်..."
"တကယ့်ကို ကောင်းတဲ့အရာပဲ..."
ချူချင်းသည် အံ့အားသင့်စွာဖြင့် ချီးကျူးလိုက်မိ၏။ ဤကျန်းဟူလောကကြီးမှာ သိုင်းကျင့်ကြံသူများအတွက် အလွန်ပင် ကောင်းမွန်လှပေသည်။
လူတစ်ဦး၏ကျင့်ကြံမှုကို တိုက်ရိုက်တိုးတက်စေနိုင်သော အဖိုးတန်ရတနာများနှင့် ဆေးဖက်ဝင်အပင်များစွာ ရှိပေသည်။
ဤမန်ဒရင်းဘဲငါးမှာ ကျင့်ကြံမှုကို တိုက်ရိုက်မမြှင့်တင်ပေးနိုင်သော်လည်း ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို ဖယ်ရှားပေးနိုင်စွမ်းရှိသဖြင့် ကြီးမားသောအကျိုးကျေးဇူးတစ်ခုပင် ဖြစ်၏။
ထိုစဉ် လော့ချန်အိမ်တော်မှတပည့်တစ်ဦးက ချဉ်းကပ်လာပြီး ပြောလိုက်လေသည်။
"သခင်လေး... သခင်မလေးထျယ်က သခင်လေးဆီကို ပစ္စည်းတစ်ခုပေးခိုင်းလိုက်လို့ပါ..."
သူက ပြောပြောဆိုဆိုဖြင့် စာအိတ်တစ်အိတ်ကို ကမ်းပေးလိုက်၏။
လက်ထဲတွင် လေးလံသောခံစားချက်ကို ရရှိလိုက်သဖြင့် စာတစ်စောင်တည်းမဟုတ်ဘဲ အထဲ၌ တံဆိပ်ပြားတစ်ခုပါဝင်နေသည်ကို သိလိုက်ရလေသည်။
ရှေ့မျက်နှာစာတွင် 'သံမဏိသွေး'ဟု ပေါ်လွင်စွာထွင်းထုထားပြီး နောက်ကျောဘက်တွင် '晴' (ချင်း) ဟူသော စာလုံးကို ထွင်းထုထား၏။
၎င်းမှာ ထျယ်ချူချင်၏ကိုယ်ပိုင်အမှတ်အသား တံဆိပ်ပြားဖြစ်သည်မှာ ထင်ရှားလှပေသည်။
ချူချင်းက စာကိုဖွင့်ဖတ်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပြုံးလိုက်မိ၏။
၎င်းမှာ မနေ့ညက သူမနှင့်မိမိတို့အကြား ထားရှိခဲ့သော ကတိကဝတ်ပင် ဖြစ်ပေသည်။
ဤမိန်းကလေးမှာ တကယ်ပင် ကတိကဝတ်စာချုပ်ကို ရေးသားခဲ့ပြီး မိမိထံသို့ အလျင်စလိုပေးပို့လာခဲ့ပေသည်။
ထျယ်ချူချင်ထားရစ်ခဲ့သော ကိုယ်ပိုင်တံဆိပ်ပြားနှင့် စာချုပ်ကိုကြည့်ကာ ချူချင်းသည် ခေါင်းကိုခါယမ်းလိုက်ပြီး ထိုပစ္စည်းနှစ်ခုလုံးကို ရင်ခွင်ထဲသို့ ထည့်လိုက်လေသည်။
ဆန်ပြုတ်ကိုကုန်အောင် သောက်ပြီးနောက် သူသည် ဝမ်ဖူစန်းကိုရှာဖွေရန် ထရပ်လိုက်၏။
မနေ့ညက သတင်းအချက်အလက်များစွာ ရရှိခဲ့သဖြင့် သိုင်းပြိုင်ပွဲကြီးမစတင်မီ ဝမ်ဖူစန်းနှင့် အရင်ဆုံးဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်ပေသည်။
သူ ခြံဝင်းအတွင်းမှထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မြင်းခွာသံများကိုကြားလိုက်ရ၏။
မော့ကြည့်လိုက်သည့်အခါ သူအံ့အားသင့်သွားပြီး မျက်လုံးများပြူးကျယ်သွားရလေသည်။
"ဒီမြင်းက ပျံတော့မလို့လား..."
လော့ချန်အိမ်တော်၏နံရံများနှင့် အမိုးများပေါ်တွင် မြင်းဖြူတစ်ကောင်မှာ ကြမ်းတမ်းစွာဒုန်းစိုင်းပြေးလွှားနေသည်ကို တွေ့လိုက်ရ၏။
လော့ချန်အိမ်တော်မှတပည့်များစွာမှာလည်း သူ၏နောက်မှ လိုက်လံဖမ်းဆီးနေကြရလေသည်။
ပို၍ဆိုးဝါးသည်မှာ ထိုမြင်းဖြူ၏ပါးစပ်ထဲတွင် အဖြူရောင်အဝတ်တစ်ခုကို ကိုက်ချီထားခြင်းပင် ဖြစ်၏။
ချူချင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာမှာ ချက်ချင်းပင် မှောင်မိုက်သွားတော့သည်။
ဤမြင်းမှာ တကယ်ပင် သေချင်နေပုံရပေသည်။
လော့ချန်အိမ်တော်တွင်ပင် ရင်စည်းအင်္ကျီကို လာရောက်ခိုးယူဝံ့သည်လော။
ထိုစဉ် မြင်းဖြူသည် ချူချင်း၏ပုံရိပ်ကို မြင်တွေ့သွားခဲ့၏။
၎င်းသည် ချက်ချင်းပင် အမိုးများပေါ်မှ ဒုန်းစိုင်းပြေးဆင်းလာပြီး ချူချင်း၏ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။
ချူချင်း၏နှလုံးသားထဲတွင် မကောင်းသောနိမိတ်လက္ခဏာတစ်ခုမှာ ရုတ်ချည်းဖြစ်ပေါ်လာ၏။
မျှော်လင့်ထားသည့်အတိုင်းပင် မြင်းဖြူသည် ချူချင်း၏ရှေ့တွင် ရပ်တန့်လိုက်ပြီး ပါးစပ်ထဲမှ ကိုက်ချီလာသောအရာကို ချူချင်း၏ခြေရင်းသို့ ချပေးလိုက်လေသည်။
ချူချင်းမှာ ဒေါသကြောင့် ပါးစပ်ပင် ထုံသွားရတော့၏။ ကောင်းပြီ... ကောင်းပြီ... ဒီတစ်ခါတော့ ဤပြဿနာမှာ မိမိ၏ခေါင်းပေါ်သို့ တိုက်ရိုက်ကျရောက်လာခဲ့ပြီ ဖြစ်ပေသည်။
ဤသည်မှာ မိမိအားလက်စားချေရန်အတွက် ချောင်ချိုးဖူကြံစည်ထားသော အစီအစဉ်ဖြစ်နိုင်ပါသလော။