အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃) - တိုက်ပွဲ၏ အဆုံးသတ်
လင်းဖန်သည် လျင်မြန်စွာတိုးဝင်သွားပြီး သံတူတစ်စုံဖြင့် ပေါအာစစ်ထီကို အဆုံးသတ် တိုက်ခိုက်လိုက်လေသည်။
ဖုန်း…
ပေါအာစစ်ထီ၏ဦးခေါင်းသည် ပေါက်ကွဲသွားပြီး နီနီဖြူဖြူ ဦးနှောက်အနှစ်များအဖြစ် ကြေမွပျက်စီးသွားချေသည်။
လင်းဖန်၏စိတ်အာရုံထဲတွင် ရင်းနှီးနေသောအသံတစ်သံ ထွက်ပေါ်လာလေသည်။
[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၅၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၃၂၀၀]
နောက်ဆုံးတွင် လင်းဖန် လက်စသတ်လိုက်သောအခါ ပေါအာစစ်ထီသည် မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းသွားတော့သည်။
ဟွမ်ယွမ်ခွန်းက ကျောက်ချင်းယင်ပေးသော ဆေးလုံးကို မျိုချရင်း ပြောလိုက်သည်။
“သိုင်းဦးလေးကြီး... နောက်တစ်ခါကျရင် နည်းနည်းလောက် စောစောလာပေးပါ...”
ကျောက်ချင်းယင်က ပြန်ဖြေလိုက်သည်။
“ဒါ ငါ့အပြစ်မဟုတ်ဘူး... မင်းရဲ့ ဆရာက ငါ့ကို နောက်ကျမှ လွှတ်လိုက်တာ...”
သူတို့နှစ်ဦး အပြန်အလှန်စကားမများမီ တောင်ပေါ်မှ လိမ္မော်ရောင်အလင်းစက်များ ဆင်းသက်လာသည်ကို လင်းဖန် မြင်လိုက်ရသဖြင့် ကြားဖြတ်ပြောလိုက်သည်။
“ကျွန်တော်တို့ အရင်ဆုံး ထွက်သွားကြရင် မကောင်းဘူးလား...”
ထိုအရာများသည် ဟူလူမျိုးနွယ်စု စစ်သည်များ ကိုင်ဆောင်ထားသော မီးတုတ်များ ဖြစ်နိုင်ချေရှိသည်။
သူတို့နှစ်ဦးလုံးသည် လင်းဖန်ညွှန်ပြရာအရပ်သို့ လှည့်၍ ကြည့်လိုက်ကြလေသည်။
ကျောက်ချင်းယင်က လင်းဖန်ကို ထူပေးရင်း ပြောလိုက်သည်။
“သွားကြစို့...”
လင်းဖန်သည် လက်ကိုဆွဲကိုင်ကာ ထရပ်လိုက်ပြီး သူ၏ နောက်ဆုံးကျန်ရှိသော သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများကို လျင်မြန်စွာ မျိုချလိုက်သည်။
သူ၏ ချီစွမ်းအင်နှင့်ခွန်အားများမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာလေသည်။
သူသည် ကျန်ရှိသော စွမ်းအင်အနည်းငယ်ကို အသုံးပြု၍ ကနဦးပွင့်အာခြင်းစွမ်းရည်ကို ထုတ်ဖော်လိုက်ရာ ဝမ်းဗိုက်ပေါ်ရှိဒဏ်ရာသည် စတင်ပိတ်သွားချေသည်။
ဟိုမင်သည်လည်း ကျောက်ချင်းယင်ထံမှ ဆေးလုံးကို သောက်သုံးပြီးနောက် မတ်တတ်ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။
လူတိုင်း လှုပ်ရှားနိုင်ပြီဖြစ်ကြောင်း သေချာစေပြီးနောက် သူတို့သည် လာကြိုမည့်နေရာသို့ ဦးတည်၍ စတင်ထွက်ခွာခဲ့ကြလေသည်။
လာကြိုမည့်နေရာသည် အလွန်မဝေးလှသော်လည်း သူတို့သည် အေးစက်သောလေပြင်းကို အံတုကာ နာရီဝက်ခန့် ပြေးလွှားခဲ့ရ၏သည်။
လာကြိုမည့်နေရာအနီးသို့ ရောက်ရှိသောအခါ အခြားသူများသည် သူတို့ကို စောင့်ဆိုင်းနေကြပြီဖြစ်ကြောင်း လင်းဖန် မြင်လိုက်ရသည်။
လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ ဒဏ်ရာအပြင်းအထန်ရရှိထားသည်ကို မြင်သောအခါ သူတို့အားလုံး အံ့ဩသွားကြလေသည်။
သူတို့အသုံးပြုခဲ့သော ထွက်ပြေးသည့် လမ်းကြောင်းများကြောင့် လင်းဖန် ရှိနေသည့်နေရာကို ပိတ်ဆို့နေခဲ့ခြင်းပင်။
သူတို့၏ဒဏ်ရာများကို မြင်သောအခါ အခြားသူများက စိုးရိမ်ပူပန်သော မျက်နှာထားများဖြင့် မေးလိုက်ကြသည်။
“မင်းတို့ သုံးယောက်လုံး အဆင်ပြေရဲ့လား...”
ဟွမ်ယွမ်ခွန်းက ပုလွေတစ်လက်ကိုထုတ်ယူကာ သံစဉ်တစ်ခုကိုမှုတ်လိုက်ရင်း ပြောလိုက်သည်။
“အဆင်ပြေပါတယ်... ဒါပေမဲ့ စိုးရိမ်တာတွေကို နောက်မှပဲ ပြောကြတာပေါ့...”
ခဏအကြာတွင် အစောင့်အရှောက်သားရဲသည် အတောင်ပံများကိုခတ်ကာ ဆင်းသက်လာသဖြင့် ပြင်းထန်သည့် အေးစက်စက်လေပြင်းများ တိုက်ခတ်လာချေသည်။
ယခုအခါ ထိုအစောင့်အရှောက်သားရဲသည် သူတို့အတွက် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင်မဟုတ်တော့ဘဲ ဘေးကင်းရာသို့ ပြန်လည်ပို့ဆောင်ပေးမည့် လမ်းပြတစ်ခုဖြစ်လာခဲ့ပြီ။
သူတို့သည် အချိန်ဆွဲမနေဘဲ အစောင့်အရှောက်သားရဲ၏ ကျောပေါ်သို့ တက်လိုက်ကြသည်။
သူတို့အားလုံး ကျောပေါ်သို့ရောက်ရှိသွားချိန်တွင် ဟူလူမျိုးနွယ်စုစစ်သည်များသည် မီတာ ၂၀၀ အကွာသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
သူတို့သည် အစောင့်အရှောက်သားရဲထံသို့ မြားများဖြင့် စတင်ပစ်ခတ်ကြလေသည်။
ဝှစ်…
မြားများသည် မြောက်လေကိုဆန့်ကျင်၍ ပျံသန်းနေရသဖြင့် ပစ်မှတ်ကို တည့်တည့်မထိနိုင်ကြချေ။
ပို၍ဆိုးသည်မှာ အစောင့်အရှောက်သားရဲသည် ၎င်း၏ဧရာမအတောင်ပံများကို ခတ်လိုက်ရာ ပြင်းထန်သော လေလှိုင်းများကြောင့် မြားများ၏လမ်းကြောင်းများ လွင့်စင်သွားခဲ့ရသည်။
အစောင့်အရှောက်သားရဲသည် ဖြည်းညှင်းစွာပျံတက်သွားသောအခါ ဟူလူမျိုးနွယ်စုစစ်သည်များသည် ဒေါသတကြီးဆဲဆိုရင်း အောက်မှ ပြေးလိုက်လာကြရုံသာ တတ်နိုင်တော့သည်။
သူတို့သည် ၎င်း၏ခြေသည်းများကို လှမ်းကိုင်ရန် ကြိုးစားခဲ့ကြသေးသည်။
လင်းဖန်သည် အောက်သို့ငုံ့ကြည့်လိုက်ရာ ညဉ့်နက်ပိုင်းကို လင်းထိန်စေသော မီးတုတ်များကိုင်ဆောင်ထားသည့် စစ်သည်များသည် သေးငယ်သော လိမ္မော်ရောင်အလင်းစက်များအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
လိုင်မင်က လက်သီးကို လေထဲသို့မြှောက်ကာ အော်ဟစ်လိုက်သည်။
“ငါတို့ အောင်မြင်သွားပြီ...”
သူသည် လှည့်၍ အခြားသူများကို ကြည့်လိုက်သည်။
တိတ်ဆိတ်သွားချေသည်။
အခြားသူများသည် လွန်စွာ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။
သူတို့သည်လည်း ထပ်တူထပ်မျှ ဝမ်းသာနေကြသော်လည်း မျက်လုံးများကိုမှိတ်ကာ ကျန်ရှိသောစွမ်းအင်များကိုသာ ထိန်းသိမ်းရန် ရွေးချယ်လိုက်ကြလေသည်။
…
ဟွိုင်တောင်တန်း…
စစ်တပ်ကင်းစခန်း…
အစောင့်အရှောက်သားရဲဆင်းသက်လာပြီး လင်းဖန်နှင့်အခြားသူများ ဆင်းလိုက်ကြသောအခါ လူအုပ်ကြီးသည် ဝမ်းသာအားရ ကြွေးကြော်လိုက်ကြသည်။
လင်းဖန်နှင့် သူ၏အဖွဲ့သည် မည်သည့်အရာအား လုပ်ဆောင်ခဲ့သည်ကို သူတို့ အတိအကျမသိကြသော်လည်း ယခုအချိန်တွင် မည်သည့်အရာမဆို ဂုဏ်ပြုထိုက်သည်ဟု ယူဆနေကြသည်။
သူတို့အတွက်မူ ထန်ရှောင်ယောင် ကွယ်လွန်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်လည်ရှင်သန်နိုင်တော့မည် ဖြစ်သည်။
အချို့ကမူ မတူညီသောဂိုဏ်းများ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပုံကိုကြည့်၍ ခေတ်သစ်တစ်ခု၏ အစပျိုးမှုကိုပင် မြင်တွေ့နေကြချေသည်။
လင်းဖန်ကမူ ထိုမျှလောက်အထိ အကောင်းမမြင်မိပေ။
အခြေအနေများသည် ပိုမိုကောင်းမွန်လာမည့်အစား ပိုမိုဆိုးရွားလာလိမ့်မည်ဟု သူ စိတ်ထဲမှ ခံစားနေရသည်။
လင်းဖန်နှင့် သူ၏အဖွဲ့သည် ချင်းယန်ဇီနှင့်မတွေ့ဆုံမီ တစ်ရက်ခန့် အနားယူခွင့် ရရှိခဲ့ကြလေသည်။
နောက်တစ်နေ့တွင်…
လင်းဖန်သည် အပြည့်အဝအနားယူပြီးနောက် ကနဦးပွင့်အာခြင်း စွမ်းရည်ကြောင့် သူ၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။
ဟိုမင်၏ဒဏ်ရာအချို့မှာ ပွင့်နေဆဲဖြစ်ပြီး သွေးထွက်နေသေးသဖြင့် သူသည် လင်းဖန်ကို အားကျနေမိသော်လည်း ယမန်နေ့ကထက်စာလျှင် အခြေအနေများစွာ ပိုမိုကောင်းမွန်လာခဲ့သည်။
အခြားသူများသည်လည်း လင်းဖန်ထံသို့ လာရောက်ရှာဖွေကြသောအခါ ပိုမိုကျန်းမာရွှင်လန်းနေကြသည်ကို တွေ့ရသည်။
လိုင်မင်နှင့် လိုင်ချင်းတို့သည် ထုံးစံအတိုင်း အချင်းချင်းစကားများနေကြစဉ် လိုင်မင်က ပြောလိုက်သည်။
“မင်းသာ ငါ့ကိုဆွဲမထားရင် ငါ ရန်သူတွေကို ဒီထက်မက သတ်နိုင်ခဲ့မှာ သေချာတယ်...”
ကျောက်ကျားရွေ့သည် ခေါင်းကို ခါယမ်းလိုက်ပြီး လင်းဖန်ကို လှမ်းကြည့်လိုက်သည်။
သူမသည် ယခုအခါ လင်းဖန်ကို သူမဖြစ်ချင်သော စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ကြည့်ရှုနေခဲ့ပြီ ဖြစ်သည်။
ထောင့်စွန်းတစ်နေရာတွင်မူ ဟူထော်သည် ထုံးစံအတိုင်း တိတ်ဆိတ်စွာ ရှိနေချေသည်။
လင်းဖန်က ပြောလိုက်သည်။
“လူတိုင်း စုံပြီဆိုတော့ သွားကြစို့...”
ထိုနေရာသည် သိပ်မဝေးလှသဖြင့် မိနစ်အနည်းငယ်ခန့် လမ်းလျှောက်ပြီးနောက် ရောက်ရှိသွားကြသည်။
ချင်းယန်ဇီသည် သူတို့အဖွဲ့ အစည်းအဝေးခန်းမထဲသို့ ဝင်လာသည်ကို မြင်သောအခါ ပြောလိုက်သည်။
“ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့ကြတယ်... မင်းတို့အဖွဲ့ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ရမယ်...”
သူတို့အဖွဲ့သည်ဦးညွှတ်ကာ ချင်းယန်ဇီကို ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်...”
ချင်းယန်ဇီသည် မတူညီသောဂိုဏ်းများမှ ဘေးချင်းယှဉ်ရပ်နေကြသည့် လူငယ်တပည့်များကို သဘောကျသောမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
သူ စိတ်ထဲမှ တွေးလိုက်မိသည်။
‘ဒီတပည့်တွေက ရှေ့ဆက်ရမယ့် လမ်းကို ဦးဆောင်သွားနိုင်မလား...’
မိုးကြိုးမုန်တိုင်းဂိုဏ်းနှင့် ရိမေဂိုဏ်းတို့တွင် ယခုအခါ ဂိုဏ်းချုပ်များ မရှိတော့ချေ။
အနာဂတ်တွင် လိုင်ညီအစ်ကိုထဲမှ တစ်ဦးနှင့် ကျောက်ကျားရွေ့တို့သည် သူတို့၏ သက်ဆိုင်ရာဂိုဏ်းများတွင် ဂိုဏ်းချုပ်များဖြစ်လာကြလျှင် အလွန်ကောင်းပေလိမ့်မည်။
မတူညီသောဂိုဏ်းများမှ အခြားသောဂိုဏ်းချုပ်များနှင့် အကြီးအကဲများ အခန်းထဲသို့ဝင်လာကြသဖြင့် သူ၏ အတွေးများ ပြတ်တောက်သွားခဲ့ရသည်။
သူတို့သည် တပည့်များကိုကြည့်ကာ သူတို့ ရှိသင့်သည့်နေရာတွင်ရပ်ရန် အချက်ပြလိုက်ကြသည်။
သူတို့၏ ကိုယ်ပိုင်ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ၏ နောက်ကွယ်တွင်ပင်။
ယာယီအားဖြင့် ပျောက်ကွယ်သွားခဲ့သော စည်းခြားနားမှုများကို ပြန်လည်ရေးဆွဲရတော့မည်။
အခြားတပည့်များက သူ့ကို လှမ်းကြည့်လိုက်ကြစဉ် လင်းဖန်သည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူ စိတ်ထဲမှ တွေးလိုက်သည်။
‘ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘောပဲလေ...’
အစည်းအဝေးသည် သူတို့၏ သက်ဆိုင်ရာဂိုဏ်းများသို့ ပြန်လည်ထွက်ခွာရန် စီစဉ်မှုများအကြောင်း ဖြစ်သည်။
သူတို့သည် ဧကရာဇ်မင်းမြတ်၏စစ်တပ်များ လာရောက်လွှဲပြောင်းယူနိုင်ရန် ဤစစ်တပ်ကင်းစခန်းကို ဖယ်ရှားပေးရမည် ဖြစ်သည်။
ဧကရာဇ်မင်းမြတ်ထံမှ မည်သည့်သတင်းစကားမျှ မကြားရသဖြင့် သူ့ထံမှ မည်သည့်အရာအား မျှော်လင့်ရမည်ကို မည်သူမျှမသိကြချေ။
လင်းဖန်၏ စိတ်ထဲတွင်မူ ဧကရာဇ်မင်းမြတ်နှင့် မည်သည့်ပတ်သက်မှုမျှမရှိခြင်းက အကောင်းဆုံးဖြစ်သည်။
သို့သော် ၎င်းမှာ သူ ဆုံးဖြတ်ရမည့်အရာမဟုတ်ပေ။
အစည်းအဝေး ပြီးဆုံးသွားသောအခါ အခြားတပည့်များသည် သူတို့၏ဂိုဏ်းချုပ်များနှင့် အကြီးအကဲများနောက်သို့ လိုက်ပါသွားကြလေသည်။
သူတို့ထဲမှ တစ်ဦးချင်းစီသည် လင်းဖန်၏ဘေးမှ ဖြတ်သွားသည့်အချိန်တိုင်း သူ့ကိုကြည့်ကာ ပြောလိုက်ကြသည်။
“မင်း ငါတို့ကို ဟော့ပေါ့တစ်နပ်ကြွေးဖို့ ကျန်သေးတယ်နော်... လွတ်အောင်ပြေးဖို့ မကြိုးစားနဲ့...”
“ဘယ်အချိန်မဆို ကြိုဆိုလျက်ပါ...”
လင်းဖန်က ပြန်ဖြေလိုက်ရုံသာ တတ်နိုင်တော့သည်။