← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆) - ဆေးပင်မြို့တော်မှ စုဝေးမှု

လင်းဖန်သည် ထို ‘အကြီးအကဲ’ ကြောင့် အံ့အားသင့်သွားပြီး မိမိကိုယ်ကိုယ် လျင်မြန်စွာ မိတ်ဆက်လိုက်သည်။

“ကျွန်တော်က ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်က လင်းဖန်ပါ... အကြီးအကဲကောနဲ့ တွေ့ရတာ ဝမ်းသာပါတယ်...”

အကယ်၍ ကောဟယ်ရုသည် သူပြောသကဲ့သို့ပင် ပါရမီထူးချွန်သူဖြစ်ပါက သူ့ဘက်တော်သားအဖြစ် ဆွဲဆောင်နိုင်လျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။

သူ၏ခရီးစဉ်တွင် သူ့ကိုကာကွယ်ပေးရန် လင်းဖန်နှင့် ဟိုမင်တို့ထံမှ အကူအညီတောင်းခံခဲ့ရခြင်းမှာ သူသည် ဆေးတောင်ထွတ်ရှိ အခြားအကြီးအကဲများနှင့် ဆက်ဆံရေးမပြေလည်ကြောင်းကို ဖော်ပြနေချေသည်။

ငယ်ရွယ်ပြီး ပါရမီထူးချွန်လွန်းခြင်းသည် မကြာခဏဆိုသလိုပင် အခြားသူများ၏မနာလိုမှုနှင့် မကောင်းသော ရည်ရွယ်ချက်များကို ဆွဲဆောင်တတ်သည်။

လင်းဖန်သည် သူ၏ယခင်ဘဝတွင် ထိုကဲ့သို့သောဖြစ်ရပ်မျိုးကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးလေသည်။

ကောဟယ်ရုက ပြောလိုက်သည်။

“ငြါကို အကြီးအကဲကောလို့ မခေါ်ပါနဲ့... ငါ့နာမည်အတိုင်းပဲ ခေါ်ပါ... အဲဒါက ခရီးစဉ်အတွင်းမှာ တခြားသူတွေအတွက်ထူးဆန်းနေပြီး မလိုအပ်တဲ့အာရုံစိုက်မှုတွေကို ဖြစ်စေလိမ့်မယ်...”

“ကောင်းပါပြီ ဟယ်ရု...”

လင်းဖန်သည် ကောဟယ်ရု ပြောသွားသော ‘မလိုအပ်သော အာရုံစိုက်မှု’ ဆိုသည့် စကားလုံးကို စဉ်းစားနေမိသည်။

ဤခရီးစဉ်တွင် မြင်တွေ့ရသည်ထက် ပိုမိုနက်ရှိုင်းသောလျှို့ဝှက်ချက်များ ရှိနေနိုင်ကြောင်း လင်းဖန် တွေးလိုက်မိချေသည်။

သူသည် ဟိုမင်ကို တစ်ချက်ကြည့်ကာ သတိပေးလိုက်သည်။

ဟိုမင်သည် သူ၏ အရိပ်အယောင်ကိုနားလည်သွားပြီး ခေါင်းညိတ်ပြလေသည်။

၎င်းတို့သည် မြင်းပေါ်သို့တက်စီးကာ ဆေးချိုင့်ဝှမ်းဆီသို့ ခရီးစတင်ခဲ့ကြသည်။

ဆေးချိုင့်ဝှမ်းသည် ချင်ဖုန်းဂိုဏ်း တည်ရှိရာနေရာ၏တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် တည်ရှိပေသည်။

ထိုနေရာသည် တစ်နှစ်ပတ်လုံး ပူနွေးစိုစွတ်သောရာသီဥတုရှိသဖြင့် မတူညီသောဆေးဖက်ဝင်အပင်များ ပေါက်ရောက်ရန်အတွက် အလွန်ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်ချေသည်။

အေးမြသောရာသီဥတု လိုအပ်သည့် ဆေးဖက်ဝင်အပင်များကိုမူ ဆေးချိုင့်ဝှမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကျားကျောက်စိမ်းတောင်တွင် ရှာဖွေတွေ့ရှိနိုင်သည်။

ထိုတောင်သည် တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းနေလောက်အောင်ပင် မြင့်မားလှပေသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများပေါင်းစပ်မှုကြောင့် ဆေးချိုင့်ဝှမ်းသည် ဂိုဏ်းအားလုံးမှ ထိန်းချုပ်လိုကြသော နေရာတစ်ခု ဖြစ်လာခဲ့လေသည်။

ကောဟယ်ရုသည် လင်းဖန်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရှုရင်း ဟိုမင်ကို မေးလိုက်သည်။

“မင်းရဲ့သူငယ်ချင်းက ယုံကြည်စိတ်ချရရဲ့လား... သူက လူရိုင်းတွေနဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို ရင်ဆိုင်နိုင်ပါ့မလား...”

လင်းဖန်သည် ဆေးချိုင့်ဝှမ်းသို့ သွားရာလမ်းတွင် ရှေ့ဆုံးမှဦးဆောင်၍ သွားနေချေသည်။

ဂိုဏ်းအတွင်းရှိလူအများစုမှာ လင်းဖန်၏ တာဝန်ပြီးမြောက်မှု အောင်မြင်မှုများကို သိရှိထားကြသဖြင့် ဟိုမင်က မေးလိုက်သည်။

“သူ ဘာတွေလုပ်နိုင်လဲဆိုတာ ခင်ဗျား မကြားမိဘူးလား...”

“ငါက ဆေးဖော်စပ်တဲ့ဂူထဲမှာ ဆေးလုံးအသစ်တွေ ဖော်စပ်ရတာနဲ့ပဲ အမြဲတမ်းအလုပ်ရှုပ်နေတာ... အတင်းအဖျင်းစကားတွေနားထောင်ဖို့ အချိန်မရှိဘူး... မင်းပဲ ငါ့ကို အကျဉ်းချုပ် ပြောပြပေးပါလား...”

ဟိုမင်သည် ပြုံးလိုက်ပြီး လင်းဖန်၏အောင်မြင်မှုများကို အစမှအဆုံး စတင်ပြောပြလေတော့သည်။

လင်းဖန်သည် အောက်ခြေသိမ်းတပည့်တစ်ဦးအဖြစ်နှင့်ပင် မိုးကြိုးမုန်တိုင်းဂိုဏ်းကိုရင်ဆိုင်ကာ ချင်ဖုန်းဂိုဏ်းအတွက် ပြိုင်ပွဲများတွင် မည်သို့အနိုင်ရရှိခဲ့ပုံကို ကောဟယ်ရု ကြားလိုက်ရသောအခါ သူ၏မျက်လုံးများကို မှေးစင်းလျက် ဟိုမင်ကို ကြည့်လိုက်သည်။

ဟိုမင်သည် သူ၏ အံ့အားသင့်သွားသောအမူအရာကို မြင်သောအခါ ပြောလိုက်သည်။

“ဒါတင်မကသေးဘူး...”

ဟိုမင်က ဆက်လက်၍ လင်းဖန်သည် အဆိပ်ဖားဖြူများနှင့် ဧရာမတောင်တစ္ဆေကြီးရှိရာ ဂူအတွင်း၌ ကြာနက်ဂိုဏ်းကို မည်သို့ရင်ဆိုင်ခဲ့ပုံကို ပြောပြသောအခါ ကော်ဟယ်ရူသည် မျက်မှောင်ကြုတ်လျက် လင်းဖန်ကို ထပ်မံကြည့်ရှုလိုက်ပြန်သည်။

‘ဒီလင်းဖန်က တကယ်ပဲ အဲဒီလောက်တောင်သန်မာပြီး စွမ်းအားကြီးတာလား...’

ကောဟယ်ရု တွေးလိုက်မိသည်။

တော်ဝင်အမဲလိုက်ကွင်းအတွင်းရှိ လင်းဖန်၏တိုက်ပွဲများအကြောင်းကို ကြားလိုက်ရသောအခါ သူသည် ဟိုမင်၏စကားများကြောင့် ပိုမို၍ အံ့အားသင့်သွားရလေသည်။

သူသည် အမှောင်သခင်ကို မည်သို့ရင်ဆိုင်ကာ အချိန်ဆွဲထားခဲ့ပြီး နောက်ဆုံးတွင် ချင်းယန်ဇီရောက်ရှိလာကာ အဆုံးသတ်နိုင်ရန် အခွင့်အရေး ဖန်တီးပေးခဲ့ပုံများကိုလည်း ကြားသိခဲ့ရသည်။

နောက်ဆုံးတွင် ဟိုမင်က ပေတျန်းရဲတိုက်မှ ထွက်ပြေးလွတ်မြောက်စဉ်အတွင်း အဖွဲ့သားများကိုကယ်တင်ရန် ကူညီပေးခဲ့သည့် လင်းဖန်၏ သူရဲကောင်းဆန်သောလုပ်ရပ်များကို ပြောပြသောအခါ ကော်ဟယ်ရူသည် မမေးဘဲ မနေနိုင်တော့ချေ။

“မင်းကို ငါ အရမ်းယုံကြည်ရတဲ့ လျန်ရှန်းက မိတ်ဆက်ပေးခဲ့တာ... ဒါပေမဲ့ မင်းပြောပြတဲ့အရာတွေက တကယ်ပဲဟုတ်ရဲ့လား...”

ကောဟယ်ရုသည် ဟိုမင်ကိုကြည့်ကာ မေးလိုက်သည်။

ဟိုမင်က ပြန်ဖြေစဉ် သူသည် ဟိုမင် လိမ်ညာနေခြင်း ရှိ၊မရှိကို သိရှိနိုင်ရန် သူ၏မျက်နှာအမူအရာကို အကဲခတ်နေမိသည်။

ဟိုမင်က ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်တော်ကိုယ်တိုင် အဲဒီနေရာမှာရှိနေပြီး မျက်မြင်တွေ့ခဲ့ရတာပါ... အားလုံးက အမှန်တွေချည်းပါပဲ...”

ဟိုမင်၏အဖြေမှာ ရိုးသားတည်ကြည်ပုံရသည်ကို မြင်သောအခါ ကောဟယ်ရုသည် ခေါင်းညိတ်လိုက်ပြီး လင်းဖန်သည် သူမျှော်လင့်ထားသည်ထက် ပိုမိုစွမ်းဆောင်ရည်ရှိသူဖြစ်နေသဖြင့် စိတ်သက်သာရာရသွားလေသည်။

သူတို့မသိရှိသည်မှာ လင်းဖန်သည် အသံမှတ်ဉာဏ်စွမ်းရည်ကို အသုံးပြု၍ သူတို့၏ စကားဝိုင်းကို ကြားနေရခြင်းပင်။

ကောဟယ်ရုက လုပ်ကြံသတ်ဖြတ်သူများအကြောင်း မေးမြန်းသည်ကို ကြားလိုက်ရသောအခါ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ သိရှိလိုက်ပေသည်။

…

ဆေးပင်မြို့တော်…

သူတို့သည် ဆေးချိုင့်ဝှမ်းနှင့် အနီးဆုံးမြို့ဖြစ်သော ဆေးပင်မြို့တော်တွင် တစ်ညတာအနားယူရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုမြို့သည် ချွမ်မင်းဆက်တစ်ခုလုံးမှ ရောက်ရှိလာကြသောကုန်သည်များနှင့် ဆေးဖော်စပ်သူကျင့်ကြံသူများဖြင့် အလွန်စည်ကားလျက် ရှိပေသည်။

ထိုနေရာတွင် ဆေးလုံးများနှင့် ဆေးဖော်စပ်ရန် ပါဝင်ပစ္စည်းများကို ရောင်းချနေသော ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များစွာ ရှိနေချေသည်။

ကလေးငယ်များပင်လျှင် လင်းဖန်ကဲ့သို့သော ပြင်ပလူများထံသို့ ဆေးလုံးများကို လိုက်လံကြော်ငြာကာ ရောင်းချနေကြသည်။

သို့သော် ကောဟယ်ရုသည် ရောင်းချနေသော ဆေးလုံးများနှင့် ပါဝင်ပစ္စည်းများကို တစ်ချက်ကြည့်ပြီးနောက် ဆိုင်တိုင်းနှင့် စတိုးဆိုင်တိုင်းကို ခေါင်းခါယမ်းလျက် မကျေမနပ် ဖြစ်နေချေသည်။

လင်းဖန်က အကြောင်းရင်းကိုမေးမြန်းလိုက်ရာ ဆေးလုံးများနှင့် ပါဝင်ပစ္စည်းများ၏ အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်းမှာ အတုများဖြစ်ကြောင်း အဖြေကို ရရှိခဲ့လေသည်။

ကောဟယ်ရုသည် ဆေးတောင်ထွတ်မှ ထွက်ရှိသော ဆေးလုံးများ၏အရည်အသွေး မကျဆင်းစေရန်အတွက် ကုန်ပစ္စည်းထောက်ပံ့သူများစွာကို ငြင်းပယ်ကာ ပြောင်းလဲခဲ့ရဖူးပေသည်။

ထို့ကြောင့်ပင် သူကိုယ်တိုင် ဆေးချိုင့်ဝှမ်းသို့သွားရောက်ကာ တိုက်ရိုက်ရယူလိုရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ချေသည်။

သူသည် ဆေးလုံးများနှင့် ပါဝင်ပစ္စည်းများအတွက် အကျင့်ပျက်ခြစားနေသော ထောက်ပံ့ရေးကွင်းဆက်ကို အလွန်ပင် စိတ်ပျက်ငြီးငွေ့နေပြီ ဖြစ်သည်။

လင်းဖန်သည် ထိုအချက်ကို မှတ်သားထားလိုက်ပြီး ကောဟယ်ရုကို မည်သူက ရန်ပြုလိုနေကြောင်းကို ပိုမိုရှင်းလင်းစွာ သဘောပေါက်သွားလေသည်။

သူသည် လတ်တလောတွင် နှုတ်ဆိတ်နေရန်သာရွေးချယ်လိုက်ပြီး သူ၏ သတိဝီရိယကို ပိုမိုမြှင့်တင်ထားလိုက်သည်။

‘တစ်ဖက်လူက အသည်းအသန် လိုအပ်နေတဲ့အချိန်ကျမှ ညှိနှိုင်းတာက အကောင်းဆုံးပဲ...’

လင်းဖန် တွေးလိုက်မိသည်။

မြို့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူတို့သည် တည်းခိုခန်းတစ်ခုတွင် အခန်းတစ်ခန်း ငှားရမ်းကာ တစ်ညတာအတွက် အခြေချလိုက်ကြသည်။

လင်းဖန်သည် မျက်လုံးများကိုမှိတ်လျက် ကုတင်ပေါ်တွင် စောင့်ဆိုင်းနေမိသည်။

တစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် သူ၏ထင်မြင်ချက်မှာ မှန်ကန်ကြောင်း သက်သေပြသွားခဲ့လေသည်။

အခန်းအပြင်ဘက်မှ ချဉ်းကပ်လာသောခြေသံများကို သူ ကြားလိုက်ရသည်။

ထို့အပြင် မျက်နှာကြက်ရှိ သစ်သားပြားများပေါ်မှလည်း ခြေသံများကို ပိုမိုကြားလိုက်ရပြန်သည်။

လင်းဖန်သည် သူ့ဘေးတွင် အိပ်ပျော်နေသော ဟိုမင်ကို တို့ထိ၍ နှိုးလိုက်သည်။

ဟိုမင်သည်လည်း ကောဟယ်ရုအပေါ် လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှုကို ကြိုတင်မျှော်လင့်ထားသဖြင့် လုံးဝ နိုးကြားလျက် ရှိနေချေသည်။

ရှပ်ရှပ်...

အဟွတ်...

ကောဟယ်ရုသည် ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလွန့်ကာ ချောင်းဆိုးလိုက်သဖြင့် ထွက်ပေါ်လာသော အသံများကြောင့် ထိုခြေသံများမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။

လင်းဖန်နှင့် ဟိုမင်တို့သည် ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ လှုပ်ရှားလိုက်ကြသည်။

ဝုန်း...

လင်းဖန်သည် အခန်းတံခါးကိုရိုက်ချိုးကာ အပြင်သို့ထွက်လိုက်ရာ အပြင်ဘက်တွင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး မျက်နှာဖုံးစွပ်ထားသော လူသုံးဦးကို မြင်တွေ့လိုက်ရလေသည်။

All Chapters