အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း (၁၉၈) - နဂါးအမြီးမြက်
လုပ်ကြံသတ်ဖြတ်သူတစ်ဦးက လင်းဖန်၏ မျက်လုံးများကိုထိုးစိုက်ရန် ဓားကိုဝှေ့ယမ်းလျက် ရှေ့သို့ ပြေးဝင်လာလေသည်။
သို့သော် သူ အနီးသို့ ရောက်လာသည်နှင့် သစ်သားကြမ်းခင်းချပ်က အက်ကွဲသွားပြီး အပေါက်ထဲသို့ ကျဆင်းသွားချေသည်။
၎င်းမှာ လင်းဖန်က ဤထောင်ချောက်ကို ကြိုတင်ပြင်ဆင်ထားသည့်အလားပင်။
လုပ်ကြံသတ်ဖြတ်သူက ပြန်လည်ထရန် ကြိုးစားစဉ် လင်းဖန်က သူ၏ဦးခေါင်းကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်လေသည်။
ဖုန်း...
ပြင်းထန်သောရိုက်ခတ်မှုကြောင့် ဦးခေါင်းကပေါက်ကွဲသွားပြီး အသားစများနှင့် ဦးနှောက်အနှစ်များက နေရာအနှံ့ လွင့်စင်သွားတော့သည်။
လင်းဖန်သည် အမဲလိုက်ကွင်းပြင်စွမ်းရည်ကို အသုံးပြုရသည်မှာ ကျင့်သားရနေပြီဖြစ်ရာ ဤတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန်သာ ဆန္ဒရှိပေသည်။
အမဲလိုက်ကွင်းပြင်စွမ်းရည်က အလွန်အစွမ်းထက်သော်လည်း သူ၏စွမ်းအင် လေးပုံတစ်ပုံခန့်ကို စုပ်ယူသွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ လင်းဖန်အနေဖြင့် အမြဲသတိပြုနေရမည့် အချက်တစ်ချက်ပင်။
အခြားလုပ်ကြံသတ်ဖြတ်သူများသည် လင်းဖန်၏အစွမ်းထက်မှုကို မြင်သောအခါ နောက်သို့လှည့်၍ ထွက်ပြေးရန် ကြိုးစားကြလေသည်။
သူတို့၏တာဝန်မှာ သတ်ဖြတ်ရန်လွယ်ကူသော ဆေးဖော်စပ်သူတစ်ဦးဖြစ်သည့် ကောဟယ်ရုကို သုတ်သင်ရန်သာ ဖြစ်သည်။
လင်းဖန်ကဲ့သို့သောလူမျိုးနှင့် ရင်ဆိုင်ရမည်မှာ သူတို့၏ သဘောတူညီချက်တွင် မပါဝင်ခဲ့ချေ။
သို့သော် လင်းဖန်က သူတို့ကိုလွှတ်ပေးရန် မည်သို့မျှ မဖြစ်နိုင်ပေ။
သူသည် သံတူတစ်စုံကို ထုတ်ယူကာ စတင်လှုပ်ရှားလိုက်တော့သည်။
ဝုန်း...
ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြု၍ သူသည် လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ ဦးခေါင်းကို ရိုက်ခွဲပစ်လိုက်သည်။
ထို့နောက် သူသည် နောက်တစ်ဦးကို ဆက်လက်၍ ရှင်းလင်းလိုက်ပြန်သည်။
ခဏအတွင်းမှာပင် သူသည် လုပ်ကြံသတ်ဖြတ်သူအားလုံးကို အလဲထိုးနိုင်ခဲ့ချေပြီ။
ထိုစဉ် သူ၏စိတ်ထဲ၌ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်...]
[ကလဲ့စားချေအမှတ် + ၂၀၀...]
[လက်ရှိ ကလဲ့စားချေအမှတ် - ၅၀၀]
မီးတောက်များ ပျံ့နှံ့လာသည်နှင့်အမျှ လင်းဖန်သည် အိမ်တော်အတွင်းမှ လျင်မြန်စွာ ထွက်ခွာခဲ့လေသည်။
သူ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ဟိုမင်နှင့် ကောဟယ်ရုတို့က သူ့ကို စောင့်ဆိုင်းနေကြသညိ။
ဟိုမင်သည် တည်းခိုခန်းပိုင်ရှင်ကို လုပ်ကြံသတ်ဖြတ်သူများ၏ အလောင်းများကို ရှင်းလင်းရန် ခိုင်းစေထားပြီး ဖြစ်သည်။
သူသည် တည်းခိုခန်းအတွင်း၌ ဓားပြများရှိနေသည့်အတွက် တည်းခိုခန်းပိုင်ရှင်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုနေသည်။
တည်းခိုခန်းပိုင်ရှင်က တောင်းပန်စကားဆိုကာ ဤကိစ္စကိုလျှို့ဝှက်ထားရန်အတွက် ဟိုမင်ကိုငွေပေး၍ နှုတ်ပိတ်ရန် ကြိုးစားနေချေသည်။
တည်းခိုခန်းက မလုံခြုံကြောင်း သတင်းပျံ့နှံ့သွားပါက ၎င်းတို့၏ ဂုဏ်သတင်းကို များစွာ ထိခိုက်စေမည် ဖြစ်သည်။
လူတိုင်းက တန်ဖိုးကြီးမားသောဆေးလုံးများနှင့် ဆေးဖက်ဝင်အပင်များကို လာရောက်အရောင်းအဝယ်ပြုလုပ်ကြသည့် ဆေးပင်မြို့လေးကဲ့သို့သော နေရာမျိုးတွင် ဤအချက်က အလွန်ပင်အရေးကြီးပေသည်။
တည်းခိုခန်းပိုင်ရှင်သည် သူ၏လူများကို အလောင်းများအားဖယ်ရှားခိုင်းပြီး ယာယီတံခါးတစ်ခုကို တပ်ဆင်ပေးခဲ့လေသည်။
ကောဟယ်ရုက လင်းဖန် အခန်းထဲသို့ဝင်လာသည်ကို မြင်သောအခါ မေးလိုက်သည်။
“ဒါဆို... ငါတို့ အခု ဘေးကင်းသွားပြီလား...”
လင်းဖန်က ထိုင်ချလိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့လိုက်ရင်း ပြောလိုက်သည်။
“ဘေးကင်းတယ်ဟုတ်လား... ပြဿနာရဲ့အမြစ်ကို မဖြတ်နိုင်သရွေ့ ဘယ်တော့မှ ဘေးမကင်းနိုင်ဘူး...”
သူက ရေနွေးကြမ်းကို တစ်ငုံသောက်ကာ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ လောလောဆယ်တော့ ငါတို့ ဘေးကင်းမှာပါ...”
ကောဟယ်ရုက သက်ပြင်းချကာ ပြောလိုက်သည်။
“မင်းထင်သလို ငါက မလုပ်ချင်ဘဲ နေမလား... ငါ့ရဲ့ပါရမီက အခြားလူတွေရဲ့ စိတ်ကူးကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ငါထင်ခဲ့တာ... ဒါပေမဲ့ အမြစ်တွယ်နေတဲ့ တချို့အကျိုးစီးပွားတွေကို ကျော်ဖြတ်ဖို့က အရမ်းခက်ခဲလွန်းတယ်...”
လင်းဖန်က ကောဟယ်ရု၏ကျောကို ပုတ်ပေးရင်း ပြောလိုက်သည်။
“ဒါတွေကို အခု စိတ်မပူပါနဲ့တော့... မနက်ဖြန် ငါတို့အတွက် ခရီးကြမ်းတစ်ခု ရှိသေးတယ်...”
သူသည် အိပ်စက်ရန်ပြင်ဆင်ရင်း အစီအစဉ်တစ်ခုကို စဉ်းစားနေမိသည်။
‘ငါသာ ကောဟယ်ရုအတွက် ဆေးပင်ထောက်ပံ့ရေးလမ်းကြောင်းသစ်တစ်ခု တည်ဆောက်ပေးနိုင်ရင် ငါလည်း အကျိုးအမြတ်တချို့ ရနိုင်မှာပဲ...’
သို့သော် ဤကိစ္စက လောလောဆယ် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။
ဆေးချိုင့်ဝှမ်းသို့ သွားရောက်စူးစမ်းရန်က ယခုအချိန်တွင် ပိုမိုအရေးကြီးပေသည်။
သူသည် ကောင်းကင်မူလဆေးလုံးကို ပိုမိုလိုအပ်နေသောကြောင့်ပင်။
…
နောက်တစ်နေ့တွင်…
သူတို့သည် တည်းခိုခန်း၌ မနက်စာစားသောက်ပြီးနောက် ဆေးချိုင့်ဝှမ်းသို့ထွက်ခွာရန် စီစဉ်ထားကြသည်။
တည်းခိုခန်းပိုင်ရှင်က သူတို့ကို မနက်စာအား ပိုမိုပြင်ဆင်ပေးခဲ့သည်။
ကောင်းမွန်လှသောမနက်စာကို စားသောက်ပြီးနောက် သူတို့သည် ဆေးချိုင့်ဝှမ်းဆီသို့ ဦးတည်ထွက်ခွာခဲ့ကြလေသည်။
သူတို့ ဆေးချိုင့်ဝှမ်း၏ အစွန်အဖျားသို့ ရောက်သောအခါ ထိုနေရာကိုစောင့်ကြပ်နေသော ကျင့်ကြံသူအများအပြားကို တွေ့ရှိလိုက်ရသည်။
ဝင်ပေါက်ကိုစောင့်ကြပ်နေသော ကျင့်ကြံသူများက သူတို့ကိုတားဆီးကာ လက်များကိုဆန့်ထုတ်ရင်း ပြောလိုက်သည်။
“ရပ်လိုက်ပါ... မင်းတို့ စည်းမျဉ်းတွေကို သိပြီးသားဖြစ်မှာပါ...”
ကောဟယ်ရုက ငွေနှစ်တေးလ်ကိုထုတ်ယူကာ အစောင့်ထံသို့ကမ်းပေးရင်း ပြောလိုက်သည်။
“ရပါတယ်... ရော့... ဒီမှာ...”
အစောင့်က အလေးချိန်ကို စမ်းသပ်ရန်အတွက် လက်ထဲရှိ ငွေတုံးများကို အထက်အောက် ပစ်မြှောက်ကြည့်လေသည်။
သူက ကျေနပ်သွားသောအခါ နောက်သို့လှည့်၍ အခြားအစောင့်များကို သူတို့ကို ဖြတ်သန်းခွင့်ပေးရန် အချက်ပြလိုက်သည်။
သူတို့ ဖြတ်သန်းသွားပြီးနောက် လင်းဖန်က မေးလိုက်သည်။
“အဲဒီလူတွေက ဘယ်သူတွေလဲ...”
ကုဟယ်ရုက ရှင်းပြလိုက်သည်။
“သူတို့က ဆေးပညာမဟာမိတ်က လူတွေပဲ... ဂိုဏ်းပေါင်းစုံနဲ့ ဆေးဖော်စပ်သူတွေ စုပေါင်းပြီး ဖွဲ့စည်းထားတာ...”
“ဆေးချိုင့်ဝှမ်းကို ထိန်းချုပ်ဖို့အတွက် အဆက်မပြတ် သွေးထွက်သံယိုဖြစ်တာတွေကို တားဆီးဖို့ သူတို့က စုပေါင်းပြီး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြတယ်...”
“ဝင်ချင်တဲ့လူတိုင်းက ဝင်ကြေးပေးရတယ်...”
“ဒါပေမဲ့ ဆေးတောင်ကြားထဲမှာ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် ရှင်းရမှာပဲ... ဘာပစ္စည်းရမလဲဆိုတာ ဒါမှမဟုတ် မင်းရဲ့ ဘေးကင်းလုံခြုံမှုကို သူတို့က လုံးဝ အာမမခံဘူး...”
လင်းဖန်က ခေါင်းညိတ်လိုက်ပြီးနောက် သူတို့သည် ကောင်းကင်မူလဆေးလုံးအတွက် လိုအပ်သော ဆေးပင်များကိုရှာဖွေရန် ကောဟယ်ရု၏နောက်သို့ လိုက်ပါသွားကြသည်။
ကောဟယ်ရုက ပြောလိုက်သည်။
“ငါ့နောက်ကို လိုက်ခဲ့ပါ... ငါတို့ လိုအပ်တဲ့အရာတွေကို ဘယ်နေရာမှာ ရှာရမလဲဆိုတာ ငါ သိတယ်...”
သူတို့သည် ထူထပ်သောတောအုပ်အတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး ကောဟယ်ရုက လမ်းတစ်လျှောက် တွေ့သမျှဆေးပင်တိုင်းကို သေချာစွာ စစ်ဆေးကြည့်ရှုလေသည်။
သို့သော် သူသည် သေချာစွာစစ်ဆေးပြီးနောက် ခေါင်းကိုသာခါယမ်းကာ ခရီးကို ဆက်လက်လျှောက်လှမ်းခဲ့သည်။
လင်းဖန်က မေးလိုက်သည်။
“ငါတို့ ဘာကို ရှာနေတာလဲ... ငါတို့လည်း ကူညီရှာပေးလို့ရတယ်...”
ကောဟယ်ရုက သူ ရှာဖွေနေသည့်အရာကို ရှင်းပြရန် ကြိုးစားလိုက်သည်။
“ငါက နဂါးအမြီးမြက်ကိုရှာနေတာ... အဲဒါက လှိုင်းတွန့်ပုံစံ အနီရောင်အရွက်ကြီးကြီးနဲ့ ပင်စည်ရှည်ရှည်ရှိတယ်...”
ထို့ကြောင့် သူတို့သည် ကောဟယ်ရု ဖော်ပြခဲ့သည့် ပုံစံတူအရာကို လိုက်လံရှာဖွေကြလေသည်။
လင်းဖန်သည် ထိုပုံစံနှင့် အနည်းငယ်မျှ ဆင်တူသည့်အရာကိုပင် ရှာမတွေ့ခဲ့ချေ။
ခဏအကြာတွင် ဟိုမင်၏ အော်ဟစ်သံကို သူ ကြားလိုက်ရသည်။
“ငါ ရှာတွေ့ပြီထင်တယ်...”
ဟိုမင်သည် ဆူးချွန်များပါသော အရွက်များရှိသည့် ခြုံပုတ်တစ်ခုအတွင်းသို့ လျှောက်သွားခဲ့ခြင်း ဖြစ်သည်။
လင်းဖန်နှင့် ကောဟယ်ရုတို့က လျင်မြန်စွာ သွားရောက်ကြည့်ရှုကြလေသည်။
အစပိုင်းတွင် ကောဟယ်ရုသည် နဂါးအမြီးမြက်နှင့်တူသော မြက်ပင်အချို့ကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားခဲ့သည်။
သို့သော် သူက သေချာစွာ ထပ်မံစစ်ဆေးပြီးနောက် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်ပြန်သည်။
ကောဟယ်ရုက ပြောလိုက်သည်။
“ဒါတွေက နဂါးအမြီးမြက်မဟုတ်ဘူး... ငှက်မွှေးမြက်လို့ခေါ်တယ်...”
“သူတို့က ပုံစံတူပေမဲ့ ငှက်မွှေးမြက်က အရွက်ပိုကြီးပြီး ပင်စည်ကလည်း ပိုရင့်တယ်...”
“ဒါကြောင့်မို့လို့ မရိုးသားတဲ့ ဆေးပင်ရောင်းသူတွေက ဒါကိုအစားထိုးပြီး သုံးကြတာ...”
လင်းဖန်သည် တစ်ပင်ကိုဆွတ်ခူးကာ သေချာစွာ ကြည့်ရှုလိုက်သည်။
သူသည် ဆေးဖော်စပ်ခြင်းပညာရပ်၏ နက်နဲမှုနှင့် ခက်ခဲမှုများကို စတင်နားလည်လာခဲ့ချေပြီ။
လင်းဖန်က ဟိုမင်နှင့် ကောဟယ်ရုတို့ကို လျင်မြန်စွာ တိုးတိုးလေး ပြောလိုက်သည်။
“ရှူး... အသံတိတ်တိတ်နေကြ...”
သူတို့အနီးသို့ တစ်စုံတစ်ခု ချဉ်းကပ်လာသည့် လှုပ်ရှားသံကို သူ ကြားလိုက်ရသည်။
သူသည် လက်ထဲ၌ လှံကိုကိုင်ဆုပ်လျက် မည်သူ ချဉ်းကပ်လာသည်ကိုကြည့်ရန် ခြုံပုတ်ထဲမှ ချောင်းကြည့်လိုက်လေသည်။