အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉) - ကုန်သည်များ
၎င်းမှာ ရေခဲစွယ်ဆင်တစ်ကောင်ဖြစ်ပြီး လျှောက်လှမ်းသွားစဉ် သစ်ပင်များနှင့် ချုံပုတ်များကို တိုက်မိနေလေသည်။
ထိုသတ္တဝါကြီးမှာ တည့်တည့်မတ်မတ် မလျှောက်နိုင်ဘဲ ဘယ်ယိုင်ညာလဲ ဖြစ်နေသည်ကို လင်းဖန် သတိပြုမိလိုက်သည်။
လင်းဖန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
‘ဒဏ်ရာရထားတာဖြစ်ရမယ်...’
ရေခဲစွယ်ဆင်၏တစ်ကိုယ်လုံးတွင် ပြည့်နှက်နေသောဒဏ်ရာများကို မြင်လိုက်ရသောအခါ သူ၏ထင်မြင်ချက် မှန်ကန်ကြောင်း သိရှိသွားတော့သည်။
သူသည် အချိန်ဆိုင်းမနေဘဲ ထိုသားရဲကိုသတ်ဖြတ်ရန် လှုပ်ရှားချင်နေမိသည်။
ရေခဲစွယ်ဆင်၏ခွန်အားနှင့် အရွယ်အစားအရ ၎င်း၏မိစ္ဆာသားရဲအမြုတေမှာ သူ့အတွက် အသုံးဝင်မည့်အရာ ဖြစ်ချေသည်။
သို့သော် ကောဟဲရုက သူ၏အင်္ကျီလည်ပင်းကိုဆွဲကိုင်ကာ တားဆီးလိုက်လေသည်။
“မသတ်နဲ့ဦး... အရင်ဆုံး နောက်က လိုက်ကြည့်ရအောင်...”
“ဒီသတ္တဝါတွေက ဒဏ်ရာတွေကိုကုသဖို့ နဂါးမြီးမြက်ကို သုံးတတ်ကြတယ်...”
“သူက ငါတို့ကို နဂါးမြီးမြက်ရှိတဲ့နေရာဆီ လမ်းပြပေးနိုင်လိမ့်မယ်...”
ကောဟဲရုက ရှင်းပြလိုက်သည်။
လင်းဖန် ခေါင်းညိတ်လိုက်သော်လည်း ခဏမျှ စဉ်းစားလိုက်မိသည်။
မည်သူက ရေခဲစွယ်ဆင်အား ဒဏ်ရာရအောင်ပြုလုပ်ခဲ့သည်ကို သူ တွေးတောနေမိသည်။
သူတို့ကဲ့သို့ပင် နဂါးမြီးမြက်ကို ရှာဖွေစုဆောင်းရန်ကြိုးစားနေပြီး ရေခဲစွယ်ဆင်အား တမင်တကာ ဒဏ်ရာရအောင်ပြုလုပ်ခဲ့သည့်ပုံပင်။
လင်းဖန်က ပြောလိုက်သည်။
“ဟိုမင်... မင်း သူနဲ့အတူ ရေခဲစွယ်ဆင်နောက်ကို လိုက်သွားလိုက်... ငါကတော့ ဘေးကင်းရဲ့လားဆိုတာ သေချာအောင်စောင့်ကြည့်ရမယ်...”
ဟိုမင်က ခေါင်းညိတ်ကာ ကောဟဲရုနှင့်အတူ ရေခဲစွယ်ဆင်နောက်သို့ လိုက်ပါသွားလေသည်။
လင်းဖန်ကမူ ချုံပုတ်ထဲတွင်ပုန်းကွယ်ကာ စောင့်ဆိုင်းနေလိုက်သညခ။
ခဏမျှ ကြာလွန်ပြီးနောက် အော်ဟစ်သံအချို့ကို သူ ကြားလိုက်ရသည်။
“ဘယ်ကို ထွက်ပြေးသွားတာလဲ...”
“အသုံးမကျတဲ့ကောင်...”
“တောင်းပန်ပါတယ်သခင်ကြီး... ဒီနားတစ်ဝိုက်မှာပဲရှိရမှာပါ...”
လူလေးဦးပါဝင်သော အုပ်စုတစ်စုပေါ်လာပြီး ၎င်းတို့ထဲမှ သုံးဦးမှာ ကုန်သည်များကဲ့သို့ ဝတ်ဆင်ထားကာ ဓားများကို ကိုင်ဆောင်ထားကြသည်။
နောက်ဆုံးတစ်ဦးမှာမူ သားမွေးဦးထုပ်နှင့် ဖိနပ်ရှည်ကို ဝတ်ဆင်ထားသည့် မုဆိုးတစ်ဦးဖြစ်ပြီး လေးနှင့်မြားကို ကိုင်ဆောင်ထားလေသည်။
ထိုမုဆိုးမှာ အဆူခံနေရသူ ဖြစ်သည်။
သူက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုကာ ပြောလိုက်သည်။
“သွေးခြေရာတွေက ရှေ့ကို ဦးတည်နေတယ်... ဒါပေမဲ့ ခဏလေး...”
သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဟိုမင်နှင့် ကောဟဲရုတို့ ဖြတ်သန်းသွားခဲ့သည့်နေရာကို ကြည့်ရှုလိုက်သည်။
မုဆိုးက ချက်ချင်းပင်လှည့်ကြည့်ကာ ပြောလိုက်သည်။
“ရေခဲစွယ်ဆင်နောက်ကို လိုက်သွားတဲ့ တခြားလူနှစ်ယောက် ရှိသေးတယ်...”
“တခြားလူနှစ်ယောက် ဟုတ်လား... စောစောက ကောင်တွေလိုပဲ သူတို့ကိုပါ မြန်မြန်သတ်ပစ်လိုက်တာ ပိုကောင်းမယ်...”
ကုန်သည်များထဲမှတစ်ဦးက ပြောလိုက်ပြီး ဓားများကို ဆွဲထုတ်လိုက်ကြသည်။
လင်းဖန်တစ်ယောက် ဤစကားကို ကြားလိုက်ရသောအခါ ထိုသူတို့အား ရှင်းလင်းပစ်ရမည်ကို သိရှိသွားတော့သည်။
မုဆိုးမှာ ရေခဲစွယ်ဆင်ကို ခြေရာခံနေသူဖြစ်သဖြင့် သူ့ကို အရင်ဆုံးသုတ်သင်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် လက်ထဲရှိလှံကို အသင့်ပြင်ကာ အရှိန်ယူလိုက်သည်။
ထို့နောက် ခွန်အားအကုန်အသုံးပြုကာ လှံကို မုဆိုးထံသို့ ပစ်လွှတ်လိုက်လေသည်။
ဝှစ်…
မုဆိုးမှာ အလစ်အငိုက်မိသွားပြီး လှံဖြင့်ထိုးစိုက်ခံရကာ သစ်ပင်တွင် တွယ်ကပ်သွားတော့သည်။
မုဆိုးသည် သွေးများအန်ထုတ်ရင်း သူ၏ခန္ဓာကိုယ်မှ လှံကိုဆွဲထုတ်ရန် ရုန်းကန်သော်လည်း မတတ်နိုင်ခဲ့ပေ။
သူ၏ခန္ဓာကိုယ်အတွင်းမှ သက်စောင့်အားများ ကုန်ဆုံးသွားသည်နှင့်အမျှ လှုပ်ရှားမှုများမှာ ဖြည်းဖြည်းချင်း ငြိမ်သက်သွားတော့သည်။
“ထွက်ခဲ့စမ်း... ငကြောက်ကောင်...”
“ငါ မင်းကို မိလို့ကတော့ အရှင်လတ်လတ် အူတွေအသည်းတွေ ထုတ်ပစ်မယ်...”
ကျန်ရှိနေသောကုန်သည်သုံးဦးမှာ လှံထွက်ပေါ်လာရာအရပ်သို့ လှည့်ကြည့်ကာ ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။
လင်းဖန်၏စိတ်အာရုံထဲတွင် ရင်းနှီးသောအသံတစ်သံ ထွက်ပေါ်လာသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ၃ ခု ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၃၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူများကို သုတ်သင်ပါ]
လင်းဖန်သည် ကလဲ့စားချေအမှတ်များကို မြင်လိုက်ရသောအခါ ချုံပုတ်ထဲမှ ထွက်လာခဲ့သည်။
၎င်းတို့မှာ သူ မကိုင်တွယ်နိုင်လောက်သည့် အရာများမဟုတ်ပေ။
ဝုန်း…
သူသည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြု၍ ကုန်သည်တစ်ဦးထံသို့ ပျံသန်းဝင်ရောက်သွားသည်။
နောက်တစ်ခဏတွင် သူသည် အနီးသို့ရောက်ရှိသွားပြီး ကုန်သည်က သူ့ထံသို့ ဓားဖြင့် ထိုးနှက်လာသည်ကို မြင်လိုက်ရသည်။
ကုန်သည်က သူ၏ချီစွမ်းအင်ကို ထည့်သွင်းလိုက်သဖြင့် ဓားသွားမှာ တောက်ပလာလေသည်။
လင်းဖန်သည် မူလချီလက်သည်းကိုအသုံးပြုကာ ဓားကို ဘေးသို့ ပုတ်ထုတ်လိုက်သည်။
ဒေါင်…
ဓားမှာ ကုန်သည်၏လက်ထဲမှ လွတ်ထွက်သွားတော့သည်။
ကုန်သည်၏ခန္ဓာကိုယ်တွင် ကာကွယ်မှု ကင်းမဲ့သွားသည်နှင့်အမျှ လင်းဖန်သည် သူ၏တန်းထျန်ကို ဦးတည်ကာ ကုတ်ခြစ်လိုက်လေသည်။
ဖျန်း…
သွေးများမှာ မြေပြင်ပေါ်သို့ စီးကျသွားတော့သည်။
ကုန်သည်သည် ဓားမြှောင်ငယ်တစ်စင်းကို အလျင်အမြန်ဆွဲထုတ်ကာ လင်းဖန်ထံသို့ ထိုးစိုက်လိုက်ပြန်သည်။
သို့သော် ကုန်သည်မှာ သူ၏ချီစွမ်းအင်ကို မထိန်းချုပ်နိုင်တော့ကြောင်း အံ့ဩစွာ သိရှိသွားသည်။
သူ၏ချီစွမ်းအင်မှာ တန်းထျန်နှင့်အတူ ပြတ်တောက်သွားသကဲ့သို့ဖြစ်နေပြီး ခန္ဓာကိုယ်၏ မည်သည့်နေရာမဆို မရောက်ရှိနိုင်တော့ပေ။
လင်းဖန်သည် ဘေးသို့ရှောင်တိမ်းကာ ဓားမြှောင်ကိုရှောင်လိုက်ပြီး ကုန်သည်၏လည်ချောင်းကို ဆွဲဖြဲပစ်လိုက်သည်။
ကျန်ရှိနေသော ကုန်သည်နှစ်ဦးမှာ လင်းဖန်၏အစွမ်းထက်မှုကို မြင်တွေ့လိုက်ရသောအခါ လှည့်ပြန်ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
သို့သော် ၎င်းတို့အတွက် နောက်ကျသွားခဲ့ပြီဖြစ်သည်။
လင်းဖန်သည် သံတူများကိုထုတ်ယူကာ ရှစ်ကွက်အင်း တူပစ်လွှတ်ခြင်းတိုက်ကွက်ကို အသုံးပြု၍ ကုန်သည်များထံသို့ ပစ်လွှတ်လိုက်သည်။
ဘုန်း…
သံတူများမှာ သူတို့၏ခါးကို ထိမှန်သွားသဖြင့် နာကျင်စွာအော်ဟစ်ရင်း မြေပြင်ပေါ်တွင် လူးလိမ့်သွားကြတော့သည်။
လင်းဖန်သည် သူတို့ထဲမှ တစ်ဦးထံသို့ ပြေးဝင်သွားပြီး မူလချီလက်သည်းဖြင့် လည်ချောင်းကို ဆွဲဖြဲလိုက်လေသည်။
အဆုတ်အတွင်းမှ လေများ ထွက်ပေါ်လာသည်နှင့်အမျှ သွေးပူဖောင်းများနှင့်အတူ ကုန်သည်၏သွေးများ ပန်းထွက်လာတော့သည်။
နောက်ဆုံးကျန်ရှိနေသောကုန်သည်မှာ မတ်တတ်မရပ်နိုင်မီ သူ့မျက်နှာဆီသို့ တဖြည်းဖြည်း နီးကပ်လာနေသော လင်းဖန်၏သံတူများကိုသာ မြင်တွေ့လိုက်ရသည်။
ထို့နောက်တွင်မူ သူ မြင်တွေ့လိုက်ရသည်မှာ အမှောင်ထုသက်သက်သာ ဖြစ်တော့သည်။
လင်းဖန်သည် သံတူများပေါ်မှ သွေးများကိုခါထုတ်ရင်း မုဆိုးရှိရာသို့ လျှောက်လှမ်းသွားလိုက်သည်။
သူ၏စိတ်အာရုံထဲတွင် ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။
[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၃၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၈၀၀]
သူသည် လှံကိုဆွဲထုတ်ကာ သိုလှောင်ရေးပစ္စည်းအတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်သည်။
လင်းဖန်သည် ထိုသူတို့၏ပစ္စည်းများကို ရှာဖွေကာ အသုံးဝင်မည့်အရာများကို ရှာဖွေလိုက်သည်။
သူသည် ငွေတေးလ်အချို့၊ ဆေးလုံးအချို့နှင့် ထိုသူတို့ စုဆောင်းထားသော ဆေးဖက်ဝင်အပင်အချို့ကို ရှာဖွေတွေ့ရှိခဲ့လေသည်။
သူ့ကို စိတ်ဝင်စားစေသည့်အရာမှာ မုဆိုး၏ကိုယ်ပေါ်တွင်ရှိနေသော မြေပုံတစ်ခု ဖြစ်သည်။
ထိုမြေပုံတွင် အက်ဆစ်အဆိပ်ကင်းမြီးကောက်ဟု ခေါ်သော အစွမ်းထက် မိစ္ဆာသားရဲတစ်ကောင်နေထိုင်သည့် ဂူတစ်ခုကို မှတ်သားထားလေသည်။
၎င်းမှာ သူ လာရောက်ရှာဖွေနေသည့်အရာပင်။
လင်းဖန်သည် အရေးကြီးသောပစ္စည်းများ ကျန်ရှိမနေတော့ကြောင်း သေချာစေပြီးနောက် ဟိုမင်နှင့် ကောဟဲရုတို့နောက်သို့ လျင်မြန်စွာ လိုက်ပါသွားတော့သည်။
ရေခဲစွယ်ဆင်ချန်ထားခဲ့သော သွေးခြေရာများကို လိုက်ရုံသာဖြစ်သဖြင့် သူ့အတွက် လိုက်မီရန် မခက်ခဲလှပေ။
ကောဟဲရုက လင်းဖန်၏ သွေးများစွန်းပေနေသော ဝတ်ရုံကိုကြည့်ကာ မေးလိုက်သည်။
“မင်း ဘာသွားလုပ်နေတာလဲ...”
လင်းဖန်က ပခုံးတွန့်ကာ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး... အနှောင့်အယှက်တချို့ကို ရှင်းပစ်နေရလို့ပါ...”
ကောဟဲရုက ခေါင်းညိတ်လိုက်သည်။
“အော်... အနှောင့်အယှက်တွေလား... နားလည်ပြီ...”
ကောဟဲရုသည် စိတ်ထဲမှ တွေးတောလိုက်မိသည်။
‘ဒီလင်းဖန်က ဟိုမင် ပြောခဲ့သလို တကယ်ပဲ အရမ်းအစွမ်းထက်တာ ဖြစ်ရမယ်...’
လင်းဖန်က လုပ်ကြံသတ်ဖြတ်သူများကို ရှင်းလင်းခဲ့ပြီး ယခုအခါ အနှောင့်အယှက်အချို့ကိုပါ သုတ်သင်လိုက်သည်ကို မြင်တွေ့ရပြီးနောက် ဟိုမင် ပြောပြခဲ့သောစကားများကို သူ စတင်ယုံကြည်လာတော့သည်။