← Chapters

အခန်း ၂၂၂

Vol. 12 Ch. 222

အခန်း ၂၂၂

Vol. 12 Ch. 222

အပိုင်း(၂၂၂) သူတို့ရောက်နှင့်နေတာလည်းဖြစ်နိုင်သည်

ချန်းရီ နေထိုင်ရာ နေရာသို့ ပြန်ရောက်လာချိန်တွင် သူ၏ မျက်နှာက အနည်းငယ် ပျက်ယွင်းနေသည်။

အဓိကအားဖြင့် ဝိညာဉ်သွင်းခြင်း ပြဿနာကြောင့်ပင် ဖြစ်သည်။

ချန်းရီက ဤအစွမ်းကို လက်တွေ့တိုက်ပွဲတွင် အသုံးမပြုရသေးသော်လည်း ဤအစွမ်းသည် အလွန်အားကောင်းကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

ချန်းရီက ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲကို ပုံတူကူးယူကာ ၎င်း၏ စုပ်ခွက်လက်တံများကို အသုံးပြုလိုက်သောအခါတွင် ဖြစ်သည်။

ရုံမြို့ ၏ အကြီးမားဆုံးသော ထူးဆန်းသည့် အရာ သုံးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ထိုထိတ်လန့်ဖွယ်ရာကြီးက တစ်ဖန် ပြန်လည်ကျရောက်လာခဲ့သည်။

ထူးဆန်းကျောချမ်းဖွယ်ကောင်းသော လူမျက်နှာ ရှစ်ခုသည် လူ့လောကသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာချိန်၌ ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲ၏ အစပိုင်း တွေဝေသွားမှုကို ချန်းရီက သိသိသာသာ ခံစားလိုက်ရ၏။

ထို့နောက်တွင်မူ ရူးသွပ်မတတ် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

ဤခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲတွင် စိတ်ခံစားချက်များ ရှိနေခဲ့သည်ပဲ။

ဤအချက်က ချန်းရီကို အလွန်တရာ အံ့အားသင့်သွားစေသည်။

ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲက အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ခဲ့ပြီး ချန်းရီ၏ ရိုးရှင်းသော စမ်းသပ်သည့် အမိန့်များကို တိတိကျကျ လိုက်နာဆောင်ရွက်ခဲ့သော်လည်း။

ချန်းရီကမူ ရိပ်မိသွားဆဲပင် ဖြစ်သည်။

သိထားရမည်မှာ ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲကို ဖွဲ့စည်းထားသော မီးခိုးငွေ့များနှင့် ဝိညာဉ်သွင်းခြင်း လုပ်ငန်းစဉ် အားလုံးကို ချန်းရီ တစ်ဦးတည်းကသာ စီမံဖန်တီးထားခဲ့ခြင်း ဖြစ်သည်။

ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲ ဖြစ်တည်လာခြင်း၏ အခြေခံအုတ်မြစ်မှာ ချန်းရီ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

၎င်းအပြင် ယခင်က လူမျက်နှာ ကင်းမြီးကောက်၏ သတိပေးမှုကြောင့်လည်း ချန်းရီကို အထူး သတိဝီရိယ ရှိနေစေခဲ့သည်။

ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲထံမှ ဤကဲ့သို့သော တုံ့ပြန်မှုမျိုးကို တွေ့လိုက်ရသောအခါ ချန်းရီ၏ ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ကျန်ရစ်နေခဲ့၏။

ကလေးငယ် တစ်ယောက်က အဖိုးတန် ဓားတစ်ချောင်း ကိုင်ဆောင်ထားရသကဲ့သို့ ခံစားလိုက်ရသည်။

ဓားက ထက်မြက်လှသော်လည်း မိမိကိုယ်ကို ပြန်လည် ထိခိုက်မိရန် လွယ်ကူလှသည်။

လမ်းစဉ် အဆင့် (၂) တွင် ရှိနေသော သူသည် မူလက ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲနှင့် တစ်ဖန် ပြန်လည် ရင်ဆိုင်ရမည် ဆိုပါက သူ နိုင်ခြေရှိသည်ဟု လုံးဝ မထင်မှတ်မိပေ။

ချူချယ်၏ မှတ်စုစာအုပ်ထဲတွင် ထူးဆန်းသည့် အရာများနှင့် ပတ်သက်၍ ရေးသားထားသော ပထမဆုံး စာကြောင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

"ထူးဆန်းသည့် အရာများကို ဖော်ပြ၍ မရနိုင်၊ ခန့်မှန်း၍ မရနိုင်၊ အမျိုးအစား ခွဲခြား၍ မရနိုင်သကဲ့သို့ သတ်မှတ်ချက်လည်း မရှိပေ"

"အကယ်၍ သင်က ထူးဆန်းသည့် အရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် လုံလောက်သော အတွေ့အကြုံများ ရှိနေပြီဟု ထင်မှတ်နေပါက ယုံလိုက်ပါ။ သင် သေမင်းနှင့် နီးကပ်နေပြီ ဖြစ်သည်"

ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲသည် ချန်းရီ လက်ရှိအချိန်အထိ တွေ့ကြုံဖူးသမျှထဲတွင် သေချာပေါက် အပြင်းထန်ဆုံးသော ထူးဆန်းသည့် အရာပင် ဖြစ်သည်။

မရဏနတ်သမီးနှင့် မယှဉ်နိုင်သော်လည်း ၎င်းသည် သေချာပေါက် အလွန် အစွမ်းထက်သော အဆင့်တွင် ရှိနေသည်။

အနည်းဆုံးတော့ လက်ရှိအချိန်တွင် ထိုသို့ သတ်မှတ်၍ ရသည်။

သေချာသည်မှာ နတ်ဆင်ကြီး၊ ကောင်းကင်ဝေလငါးနှင့် မြူခိုးမြစ်မှ မြွေကြီးတို့ကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ဒဏ္ဍာရီလာ သတ္တဝါများ သို့မဟုတ် ထူးဆန်းသော သတ္တဝါများကိုတော့ ထည့်သွင်းရေတွက်၍ မရနိုင်ပေ။

သို့သော် ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲသည်လည်း ချန်းရီ တွေ့ကြုံဖူးသမျှထဲတွင် အကောက်ကျစ်ဆုံးနှင့် လှည့်စားတတ်ဆုံးသော ထူးဆန်းသည့် အရာပင် ဖြစ်သည်။

၎င်းအပြင် ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲတွင် ဦးနှောက် ရှစ်ခု ပါရှိလေသည်။

အစောပိုင်းက အချိန်တိုလေးသာ ထိတွေ့ခဲ့ရသော်လည်း ချန်းရီက ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲနှင့် ပတ်သက်၍ အခြေခံကျကျ နားလည်ထားပြီး ဖြစ်သည်။

ဤကောင်၏ ဦးနှောက် ရှစ်ခုစလုံးတွင် ပုံမှန်ဖြစ်နေသော ဦးနှောက်ဆို၍ တစ်ခုမှ မရှိပေ။

ဦးနှောက်တိုင်းတွင် အဆုံးမရှိသော ရူးသွပ်မှုများနှင့် ကောက်ကျစ်စဉ်းလဲမှုများ ပြည့်နှက်နေသည်။

လူမျက်နှာ ကင်းမြီးကောက်ကဲ့သို့သော ဉာဏ်ရည်နိမ့်ပါးသည့် ထူးဆန်းသောအရာနှင့် နှိုင်းယှဉ်လျှင် ချန်းရီသည် ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲအပေါ် အလွန်အမင်း သတိထားနေမိသည်။

သိထားရမည်မှာ ချန်းရီသည် သဘာဝအရ အလွန် သံသယများသူ ဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူချိန်တွင်ပင် တစ်ပါးသူ၏ လုပ်ကြံခံရမည်ကို စိုးရိမ်သဖြင့် ထုံဆေးကိုပင် အသုံးမပြုရဲသူ ဖြစ်သည်။

သေချာသည်မှာ ထိုအချိန်က အခြေအနေအရ ထုံဆေး မရနိုင်ခဲ့ခြင်းကလည်း အကြောင်းရင်း တစ်ခု ဖြစ်ပေလိမ့်မည်။

ချန်းရီက သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို အခိုင်အမာ ချလိုက်သည်။

နောင်တစ်ချိန် ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲကို ဝိညာဉ်သွင်းရာတွင် အသုံးပြုသည့်အခါတိုင်း အထူးသတိထားရန် လိုအပ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။

သတ်ဖြတ်မှတ် လုံလောက်စွာ ရရှိလာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို ပထမဆုံး အနေဖြင့် အဆင့်မြှင့်တင်ရမည် ဖြစ်သည်။

သူ့ကို အမြဲတမ်း သံသယဖြစ်စေသော ဝိညာဉ်သွင်းထားသည့် ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲနှင့် နှိုင်းယှဉ်လျှင်။

ချန်းရီက နံပါတ်စဉ် (၁၀၀၀) အတွင်းရှိသော ထူးဆန်းသည့် ပစ္စည်းတစ်ခုကို ပို၍ လိုချင်နေမိသည်။

နောင်တွင် ဝိညာဉ်သွင်းရန် ပစ်မှတ် ရွေးချယ်သည့်အခါ ဉာဏ်ရည်နိမ့်ပါးသည့် အရာများကိုသာ ရွေးချယ်ရန် စိတ်ထဲမှနေ၍ တိတ်တဆိတ် သတိပေးလိုက်သည်။

ဉာဏ်ရည်နိမ့်ပါးသည်ဆိုလျှင် ထယ်ရှီးလော။

"မဟုတ်သေးပါဘူး..."

"တောက်... ထယ်ရှီးကိုပဲ အမြဲတမ်း အနိုင်ကျင့်နေလို့တော့ မဖြစ်သေးဘူးလေ"

ချန်းရီသည် ဝိညာဉ်သွင်းခြင်းနှင့် ပတ်သက်၍ နောက်ထပ် တစ်ကြိမ် ကောက်ချက်ချလိုက်ပြန်သည်။

ပို၍ အစွမ်းထက်သော ထူးဆန်းသည့် အရာများ သို့မဟုတ် ဉာဏ်ရည်ပိုမြင့်မားသော သတ္တဝါများ ဖြစ်လေလေ၊ ဝိညာဉ်သွင်းရသည့် အခက်အခဲက ပို၍ ကြီးမားလေလေပင်။

ဥပမာအားဖြင့် ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲကဲ့သို့ပင်။

နောက်ထပ် ဥပမာတစ်ခုအနေဖြင့် လူသားများကို ဆိုလိုခြင်း ဖြစ်သည်။

ချန်းရီသည် သက်ရှိလူသားများကို တိတ်တဆိတ် ပုံတူကူးယူရန် ကြိုးစားခဲ့ဖူးသည်။ ဥပမာအားဖြင့် စွန်းချန်းချန်း၊ ထယ်ရှီး သို့မဟုတ် တင်းတုံတို့ပင် ဖြစ်သည်။

သို့သော် နောက်ဆုံး ရလဒ်များကမူ အားလုံး ကျရှုံးသွားခဲ့သည်။

သာမန် အသက်ရှင်ကျန်ရစ်သူများကို ပုံတူကူးယူရန်ပင် အလွန် ခက်ခဲလှသည်။

ဝိညာဉ်ကင်းမဲ့နေသော မီးခိုးငွေ့ လူသဏ္ဌာန် ရုပ်သေးရုပ်များကိုသာ ပုံဖော်နိုင်ခဲ့သည်။

"လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကွာခြားချက်က တစ်ခါတလေ လူနဲ့ ခွေးရဲ့ ကွာခြားချက်ထက်တောင် ပိုပြီး ကြီးမားနေတတ်တယ်"

ဤစကားကို ချန်းရီက လုံးဝ သဘောတူလက်ခံမိသည်။

ထိုအစား လူသဏ္ဌာန်ရှိသော ထူးဆန်းသည့် အရာများကို ပုံတူကူးယူခြင်းက သက်ရှိလူသားများကို ပုံတူကူးယူခြင်းထက် ပို၍ လွယ်ကူနေသည်။

ဥပမာအားဖြင့် မရဏနတ်သမီးပင် ဖြစ်သည်။

သက်ရှိလူသားများကို ပုံတူကူးယူခြင်းက ချန်းရီကို တားမြစ်ခံထားရသော အရာတစ်ခုကို ကျူးလွန်နေသကဲ့သို့ ခံစားရစေသည်။

ဤကဲ့သို့သော ပုံတူကူးယူသည့် စမ်းသပ်မှုမျိုးကို တိတ်တဆိတ် ပြုလုပ်တိုင်း ချန်းရီ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ခံစားချက်မျိုး ဖြစ်ပေါ်လာတတ်သည်။

သူသည် ပန်ဒိုရာ သေတ္တာကို ဖွင့်ရန် ကြိုးစားနေသကဲ့သို့ ခံစားရသည်။

...

ခေါင်းဆောင်ချူချယ်၏ အခန်းထဲတွင် ဖြစ်သည်။

ယနေ့တွင်မူ ခေါင်းဆောင်ချူက ခိုးနားထောင်သည့် ရေဒီယိုကို စောစောစီးစီး ပိတ်ထားသည်။

ချူချယ်သည် လက်နှိပ်ဓာတ်မီး တစ်လက်ကို စာရေးစားပွဲ အထက်တွင် ကြိုးဖြင့် ချည်နှောင်ထားရာ စာရေးစားပွဲ၏ အစိတ်အပိုင်းလေး တစ်ခုကို လင်းထိန်နေစေသည်။

စားပွဲပေါ်တွင် မှတ်စုစာအုပ် နှစ်အုပ်ကို ဖြန့်ကျက်ထားပြီး တစ်အုပ်မှာ ခေါင်းကြီးရွာသူကြီး၏ မှတ်စုစာအုပ် ဖြစ်ကာ ကျန်တစ်အုပ်မှာ တစ်ဝက်ခန့် အသုံးပြုပြီးသော မှတ်စုစာအုပ် တစ်အုပ် ဖြစ်သည်။

ခေါင်းကြီးရွာသူကြီး၏ မှတ်စုစာအုပ်မှာ အလွန် ထူထဲလှပြီး ၎င်းထဲတွင် ရွာသူကြီး၏ အတွေ့အကြုံများကိုသာ ရေးသားထားခြင်း မဟုတ်ပေ။

ထူးဆန်းသည့် အရာများနှင့် ပတ်သက်သော ဗဟုသုတ အများအပြားလည်း ပါဝင်နေသည်။

ရွာသူကြီးက မှတ်စုစာအုပ်ထဲတွင် ထူးဆန်းသည့် အရာအချို့၏ အသွင်အပြင်ကိုပင် ရိုးရှင်းစွာ ပုံဆွဲပြထားသေး၏။

အသက်ဝင်နေသည်အထိ ရေးဆွဲထားခြင်း မဟုတ်သော်လည်း ဘေးနားရှိ စာသားဖော်ပြချက်များနှင့် ပေါင်းစပ်လိုက်ပါက နောင်တစ်ချိန် ဤထူးဆန်းသည့် အရာများနှင့် တွေ့ဆုံရသည့်အခါ ချူချယ် အနေဖြင့် အနည်းဆုံးတော့ ခန့်မှန်းနိုင်စွမ်း ရှိပေလိမ့်မည်။

ချူချယ် ကိုယ်တိုင်ကလည်း "ထူးဆန်းသည့် အရာများကို ဖော်ပြ၍ မရနိုင်၊ ခန့်မှန်း၍ မရနိုင်၊ အမျိုးအစား ခွဲခြား၍ မရနိုင်သကဲ့သို့ သတ်မှတ်ချက်လည်း မရှိပေ" ဟူသော စကားများကို ရေးသားခဲ့ဖူးသည်။

သို့သော် ဤဗဟုသုတများ ရှိနေခြင်းက မရှိခြင်းထက်တော့ ပိုကောင်းပေသည်။

ရင်ဆိုင်ကြုံတွေ့ရသည့်အခါ အနည်းဆုံးတော့ ရည်ညွှန်းစရာ တစ်ခုခု ရှိနေမည် ဖြစ်သည်။

လူသားများသည် သမိုင်းမှ သင်ခန်းစာများကို အစဉ်အမြဲ မယူတတ်ကြသကဲ့သို့ပင် ဖြစ်သည်။

သို့သော် လူသားများက သမိုင်းကို အစဉ်တစိုက် မမောမပန်း မှတ်တမ်းတင်နေကြဆဲပင်။

ရွာသူကြီး ရေးသားထားသော စာသားများထဲတွင် ကမ္ဘာပျက်ကပ်ကို အချိန်ကြာမြင့်စွာ ဖြတ်သန်းလာခဲ့ပြီး ထူးဆန်းသည့် အရာများစွာကို မြင်တွေ့ခဲ့ဖူးသော ချူချယ်ကိုပင်လျှင်။

ခေါင်းနပန်းကြီးသွားစေသည့် အရာများ ပါဝင်နေသည်။

ရွာသူကြီး၏ မှတ်စုစာအုပ်ကို စာရေးစားပွဲပေါ်တွင် ပြန့်ပြူးစွာ ဖြန့်ထားလိုက်သည်။

ချူချယ်က ၎င်းထဲမှ အကြောင်းအရာများကို အလွတ်ဖြစ်နေသော မှတ်စုစာအုပ် အသစ်ထဲသို့ ဆက်လက် ကူးယူရေးသားနေသည်။

ဤအရာများသည် အလွန်တရာ အဖိုးတန်လှသော ဗဟုသုတများပင် ဖြစ်သည်။

သူ၏ ကိုယ်ပိုင် မှတ်စုစာအုပ်မှာလည်း ခေါင်းကြီးရွာသူကြီး၏ လက်ထဲတွင် ရှိနေလေသည်။

အကယ်၍ ဤအရာသည် ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် မိတ္တူဆိုင် တစ်ဆိုင်ကို ရှာဖွေလိုက်ရုံဖြင့် မိနစ်အနည်းငယ်အတွင်း ဤအလုပ်ကို ပြီးစီးနိုင်မည် ဖြစ်သည်။

သို့မဟုတ် မိုဘိုင်းဖုန်းကို ထုတ်ကာ ဓာတ်ပုံရိုက်ကူးလိုက်ပါက တစ်မိနစ်ပင် မကြာဘဲ ပြီးစီးသွားနိုင်သည်။

သို့သော် ယခုအချိန်မှာ ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေချိန် ဖြစ်သည်။

ထယ်ရှီးထံမှ နောက်ဆုံးပေါ် ပန်းသီး ဖုန်းတစ်လုံးကို ရရှိနိုင်မည် ဆိုလျှင်တောင်မှ။

ဖုန်းဆိုသည်မှာလည်း ဘက်ထရီ အားကုန်သွားမည့် အချိန် ရှိနေသေးသည်။

ထို့ကြောင့် လမ်းပြသူများ အနေဖြင့် ဤတန်ဖိုးကြီးမားသော ဗဟုသုတများကို မှတ်စုစာအုပ်ထဲတွင် ကူးယူရေးသားထားခြင်းက ပို၍ စိတ်အေးရကြောင်း ခံစားကြရသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်။

ချူချယ်သည် ရွာသူကြီး၏ မှတ်စုစာအုပ်ထဲမှ နောက်ဆုံး စာလုံးကို မှတ်စုစာအုပ် အသစ်ထဲသို့ ကူးယူရေးသားပြီးစီးသွားခဲ့သည်။

ထိုအချိန်မှသာ သူက မှတ်စုစာအုပ်ကို ချထားလိုက်ပြီး မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်လိုက်သည်။

တစ္ဆေသရဲများ ရေးဆွဲထားသော အင်းကွက်များကဲ့သို့ ရှုပ်ထွေးနေသည့် မှတ်စုစာအုပ် တစ်အုပ်ကို ဖတ်ရှုပြီးနောက်။

ချူချယ်က သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ဂုဏ်ယူနေမိသည်။

"ဒီမှတ်စုစာအုပ်က နောင်တစ်ချိန် တခြားလူတွေ လက်ထဲ ရောက်သွားရင်တောင် ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး"

ထိုအချိန်တွင် ခေါင်းကြီးရွာသူကြီးကလည်း ခေါင်းဆောင်ချူချယ်၏ မှတ်စုစာအုပ်ထဲမှ ခွေးခြစ်ထားသကဲ့သို့ ရှုပ်ပွနေသော စာလုံးများကို ကြည့်ကာ နားထင်ကြောများပင် ကိုက်ခဲလာသကဲ့သို့ ခံစားနေရသည်ကို သူ မသိခဲ့ပေ။

"တောက်... ငါသိတဲ့စာလုံးက တစ်ဝက်တောင် မရှိဘူး... အများစုက မှန်းဆပြီးပဲ အကြမ်းဖျင်း နားလည်နိုင်တော့တယ်" ဟု ရွာသူကြီးက တွေးလိုက်မိသည်။

"ခွေးကောင် ချူချယ်... မင်း ရေးထားတာ လူဖတ်တတ်တဲ့ စာလုံးတွေရော ဟုတ်ရဲ့လား"

"မင်း တမင်သက်သက် လုပ်ထားတာမလား"

သို့သော် ရွာသူကြီးသည် ချူချယ် ကောက်ချက်ချထားသော ထူးဆန်းသည့် အရာများနှင့် ပတ်သက်သည့် နိယာမများကိုတော့ အလွန် သဘောကျမိသည်။

သူ၏ ကိုယ်ပိုင် မှတ်စုစာအုပ်ကို ပြန်လည် ရရှိသည့်အခါ ချူချယ်၏ ထူးဆန်းသည့် အရာများနှင့် ပတ်သက်သော နိယာမများကို သူ၏ မှတ်စုစာအုပ် မျက်နှာဖုံးတွင် ကူးယူရေးသားထားရန် ဆုံးဖြတ်လိုက်သည်။

တင်းတုံသည် ကားခေါင်မိုးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူမ၏ ခြေထောက် နှစ်ဖက်က သစ်ပင်အိုကြီး၏ အမြစ်များကဲ့သို့ ယှက်နွယ်နေကာ ကျောပြင်ကို မတ်မတ် ထားထားရာ သူမ တစ်ကိုယ်လုံးသည် နှစ်ထောင်ချီ သက်တမ်းရှိသော သစ်ပင်အိုကြီး တစ်ပင်ကဲ့သို့ ကောင်းကင်ယံသို့ မတ်မတ် ရပ်တည်နေသည်။

သာမန်မျှသာရှိသော ထိုမျက်နှာလေးပေါ်တွင် အလွန်တရာ တည်ငြိမ်အေးချမ်းမှုများ ရှိနေသည်။

ခန္ဓာကိုယ် ပတ်လည်တွင် မှိန်ဖျော့ဖျော့ အလင်းရောင် တစ်လွှာ ဝန်းရံနေသကဲ့သို့ ရှိသော်လည်း သေချာစွာ စိုက်ကြည့်လိုက်ပါက မည်သည့်အရာကိုမျှ မမြင်ရပေ။

လေညင်းလေးက အမျိုးသမီး၏ ဆံနွယ်များကို လွင့်ဝဲသွားစေသော်လည်း သူမ၏ မျက်နှာပေါ်ရှိ အမူအရာကမူ မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ချေ။

နာရီအနည်းငယ် ကြာပြီးနောက်တွင် ဤလူ့လောက၏ သန့်စင်သော နယ်မြေလေးသည် ရှောင်လွှဲ၍ မရနိုင်သော ကပ်ဘေးကြီး တစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ထိုမတိုင်မီ တောင်ဖြိုခွင်းခြင်း အဆင့်ရှိ လက်ဝှေ့သမား တစ်ယောက်အနေဖြင့် မိမိကိုယ်ကို အကောင်းဆုံး အနေအထားသို့ ရောက်ရှိအောင် ပြင်ဆင်ထားရမည်။

သူမတွင် ဘယ်ဘက် လက်တစ်ဖက်သာ ရှိနေလျှင်တောင်မှ ဖြစ်သည်။

ပန်းရောင် ဆံပင်နှင့် ကောင်မလေးကမူ အခန်းထဲတွင် နေထိုင်ကာ လက်ထဲရှိ မီးနဂါးဓားကို အခါခါ သုတ်သင်နေပြီး ဓားသွားမှ ရောင်ပြန်ဟပ်နေသော အလင်းရောင်က မှောင်မိုက်နေသော ညဉ့်ယံတွင် ကောင်မလေး၏ မျက်နှာကို အလင်းတန်းလေး တစ်ခုဖြင့် မှိန်ဖျော့ဖျော့ လင်းထိန်နေစေသည်။

ကောင်မလေး၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး မီးနဂါးဓား၏ နံပါတ်စဉ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။

အံ့သြစရာကောင်းစွာဖြင့် နံပါတ်စဉ် (၂၀၀၀) သို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့သည်။

ဤနံပါတ်စဉ် အပြောင်းအလဲကို မြင်လိုက်ရသောအခါ ကောင်မလေး၏ နှုတ်ခမ်းထောင့်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။

ပြီးခဲ့သည့်အကြိမ် ချန်းရီ အနီးသို့ ချဉ်းကပ်သွားချိန်က မီးနဂါးဓား၏ တုံ့ပြန်မှုသည် မီးနဂါးဓား၏ နံပါတ်စဉ်ကို လုယူသွားခဲ့သူမှာ ချန်းရီ၏ မရဏသွေး ထင်းခုတ်ဓားမပင် ဖြစ်ကြောင်း လုံလောက်စွာ သက်သေပြနေသည်။

မီးနဂါးဓားသည် နံပါတ်စဉ် (၃၀၀၀) ကျော်မှ ယခုအခါ နံပါတ်စဉ် (၂၀၀၀) သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အချိန်တစ်နှစ်ခန့်တိုတိုလေးသာ အသုံးပြုခဲ့ရသည်။

သို့သော် နံပါတ်စဉ် (၂၀၀၀) အတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင်မူ ယခင်ကကဲ့သို့ နံပါတ်စဉ် မြန်ဆန်စွာ တိုးတက်လာရန် မဖြစ်နိုင်တော့ကြောင်း ပန်းရောင် ဆံပင်နှင့် ကောင်မလေးက သိသိသာသာ ခံစားလိုက်ရသည်။

နံပါတ်စဉ် တစ်ဆင့် ရှေ့တိုးလာတိုင်း အလွန် ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်။

မလှမ်းမကမ်းတွင်မူ ချန်းရီက ကုတင်ပေါ်တွင် ဟောက်သံပေးကာ အိပ်မောကျနေပြီး ခေါင်းအုံးဘေးရှိ မရဏသွေး ထင်းခုတ်ဓားမမှာ အနည်းငယ် တုန်ခါနေကာ မကျေမနပ် ဖြစ်နေသကဲ့သို့ သို့မဟုတ် တစ်စုံတစ်ရာကို ကျိန်ဆဲနေသကဲ့သို့ ဖြစ်နေသည်။

အခြားတစ်ဖက်ရှိ အိမ်တစ်လုံးထဲတွင်။

ကြီးမားလှသော လူသဏ္ဌာန် တစ်ခုက ခန္ဓာကိုယ် တစ်ဝက်မှာ ကုတင်ပေါ်တွင် ရှိနေပြီး ကျန်တစ်ဝက်မှာ မြေပြင်ပေါ်တွင် ရှိနေသည်။

ဟောက်သံကြီးက တောင်ကြီးတစ်လုံး တုန်ဟည်းသွားမတတ် ကျယ်လောင်လှသည်။

ရောက်ရှိလာတော့မည့် မုန်တိုင်းကြီးကို လုံးဝ သတိမထားမိသကဲ့သို့ပင် ဖြစ်သည်။

၎င်းတို့ တစ်တွေ ရောက်လာခဲ့ပြီ ဖြစ်ကောင်းဖြစ်နိုင်သည်

သတိမထားမိသေးတာသာ ဖြစ်သည်။

ဆက်ရန်...

All Chapters