← Chapters

အခန်း ၂၂၄

Vol. 12 Ch. 224

အခန်း ၂၂၄

Vol. 12 Ch. 224

အပိုင်း(၂၂၄) ထူးဆန်းသောဖြစ်ရပ်

ထိုအမျိုးသားက ဓားကိုမြှောက်ကာ သူ၏လည်ပင်းကို ပြန်လည်လှီးချလိုက်ချိန်၌။

ချန်းရီ ပြုလုပ်လိုက်သော ပထမဆုံး တုံ့ပြန်မှုမှာ လူကို သွားရောက်ကယ်တင်ရန် မဟုတ်ဘဲ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်ရှုလိုက်ခြင်းပင် ဖြစ်သည်။

သူ့ရှေ့ရှိ ဤအမျိုးသားကို သူ မသိကျွမ်းပေ။ သေသွားလျှင်လည်း သူ့တွင်တာဝန်မရှိချေ။

ချန်းရီက သူ့ကိုယ်ပိုင် လုံခြုံရေးကို အမြဲတမ်း ပထမနေရာတွင်သာ ထားလေ့ရှိသည်။

စောစောက တစ်ခဏအတွင်းမှာပင် ချန်းရီသည် အသူရာချောက်နက်ကြီးတစ်ခု၏ နှုတ်ခမ်းဝသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး အမှောင်ထုထဲမှ ထွက်ပေါ်လာသော လက်ကြီးတစ်ဖက်က သူ့ကို ဆွဲခေါ်သွားရန် ကြိုးစားနေသကဲ့သို့ ထင်မှတ်လိုက်ရသည်။

တုန်လှုပ်ခြောက်ခြားဖွယ် ခံစားချက်တစ်ခုက တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

ဤသည်မှာ ထူးဆန်းသောအရာများ ပေါ်လာချိန်တွင် အစွမ်းပိုင်ရှင်များ၌ ဖြစ်ပေါ်လေ့ရှိသော ပင်ကိုယ်တုံ့ပြန်မှုပင် ဖြစ်သည်။

ဤတုံ့ပြန်မှုက လမ်းပြသူ လမ်းစဉ်၏ ထူးဆန်းသောအရာများအပေါ် အာရုံခံနိုင်စွမ်းနှင့်တော့ မတူညီပေ။

သို့သော်လည်း ၎င်းမှာ တစ်ခဏသာဖြစ်ပြီး အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

လမ်းမပေါ်တွင် သွေးအိုင်ထဲ၌ လဲကျနေသော အလောင်းမှလွဲ၍ပေါ့။

ခေါင်းဆောင်ချူသည် ထိုအမျိုးသား၏ ခေါင်းမှာ ကိုယ်တိုင်ခုတ်ချလိုက်မှုကြောင့် အရေခွံတစ်လွှာမျှသာ တွဲလွဲကျန်ရစ်တော့သည်ကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး ကြောင်အမ်းသွားခဲ့သည်။

တစ်စုံတစ်ယောက်က သူ့မျက်စိရှေ့တွင် ဤမျှအထိ လုပ်ရက်လိမ့်မည်ဟု သူ အိမ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ပေ။

ထိတ်လန့်ဖွယ် ရုပ်ရှင်များထဲတွင်သာ မြင်တွေ့ရလေ့ရှိသော ဤကဲ့သို့ မြင်ကွင်းမျိုးက တစ်နေ့တွင် သူ၏မျက်စိရှေ့မှောက်၌ အမှန်တကယ် ပေါ်လာလိမ့်မည်ဟု...

ဤတစ်ခဏတာ မြင်ကွင်းကို နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် ခေါင်းဆောင်ချူ တစ်ယောက် လတ်ဆတ်စွာ မှတ်မိနေဦးမည် ဖြစ်သည်။

ချူချယ်က လူသေများကို မမြင်ဖူးခဲ့ခြင်း မဟုတ်ပေ။

ဤကဲ့သို့ သေဆုံးသွားခြင်းမျိုးကိုသာ မမြင်ဖူးခဲ့ခြင်း ဖြစ်သည်။

ဓားရောင်တစ်ချက် လက်သွားပြီးနောက် ဓားပျံတစ်လက်က ချန်းရီနှင့် ချူချယ်တို့၏ ဘေးပတ်လည်တွင် တစ်ပတ် ပျံဝဲသွားကာ လက်သေးသေးလေး တစ်ဖက်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဓားပျံပညာရပ်မှာ တစ်နေ့ထက်တစ်နေ့ ပို၍ ကျွမ်းကျင်လာပေပြီ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အမိုးပေါ်မှ ခုန်ချလာပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်ရှုလိုက်သည်။

သူမ၏ အကြည့်များက ရှေ့မှောက်ရှိ အလောင်းဆီသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး လှပသော မျက်ခုံးလေးများမှာ အနည်းငယ် တွန့်ချိုးသွား၏။

စောစောက တစ်ခဏလေးအတွင်းမှာပင် သူမလည်း ပြင်းထန်လှသော ထူးဆန်းသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။

ထိုတစ်ခဏလေးအတွင်းမှာပင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် သူမ၏ လက်ခုံပေါ်ရှိ မွေးညင်းများ ရုတ်တရက် ထောင်မတ်သွားသည်ကို တွေ့လိုက်ရပြီး တစ်ကိုယ်လုံးတွင် ကြက်သီးများ ထသွားကာ ခြေဖဝါးမှသည် ဆံပင်ဖျားအထိ အေးစိမ့်သွားသော ခံစားချက်တစ်ခု ဖြတ်သန်းသွားခဲ့သည်။

နတ်ဆင်ရွာ တစ်ရွာလုံးတွင် နေထိုင်ကြသူများအားလုံးသည် ထူးဆန်းသောအရာများ ဖြစ်နေသကဲ့သို့ပင်။

သို့သော်လည်း ၎င်းမှာ တစ်ခဏတာမျှသာ...

တစ်ခဏအကြာတွင်တော့ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ဤအရာက ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို ခုနက အဖြစ်အပျက်မှာ ထင်ယောင်ထင်မှားသာ ဖြစ်မည်ဟု သံသယဝင်သွားစေသည်။

သို့သော် အစွမ်းပိုင်ရှင်တစ်ယောက် အနေဖြင့် အသိတရားက သူမကို ပြဿနာတစ်ခုခု ရှိနေပြီဟု သတိပေးနေ၏။

ဤဘက်တွင် လှုပ်ရှားမှုအသံများ ကြားလိုက်ရသဖြင့်...

ပန်းရောင်ဆံပင်နှင့် ကောင်မလေး ချက်ချင်း ပေါ်လာခဲ့ပြီး ချန်းရီနှင့် ချူချယ်တို့ နှစ်ယောက် လမ်းထိပ်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

ချန်းရီ ဤကောင်က ခေါင်းဆောင်ချူ၏ အနောက်တွင် ပုန်းကွယ်နေပြီး အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသော မျက်နှာပေးမျိုး လုပ်ထားသည်။

"ခေါင်းဆောင်ချူ... ဒါက... "

ချန်းရီက ကြောင်အမ်းနေသော ချူချယ်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ထူးဆန်းတဲ့အရာလား"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူတို့နှစ်ယောက်ကို လေးနက်သော မျက်နှာထားဖြင့် တစ်ချက်ကြည့်လိုက်ပြီး အဝေးရှိ အလောင်းဆီသို့ အကြည့်ရောက်သွားသည်။

ချူချယ်က ခေါင်းခါလိုက်ပြီး မသေချာဘဲ တွေဝေနေသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"မသိဘူး... ငါ ဒီလူ့ဆီကနေ ထူးဆန်းတဲ့ အငွေ့အသက်ကို မခံစားလိုက်ရဘူး"

"မသိဘူးလား... ဒါဆို ဒီလူက တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာများလား"

ချန်းရီ၏ မျက်ခုံးများလည်း တွန့်ချိုးသွားပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပါးလွှာသော မီးခိုးငွေ့များ တဖြည်းဖြည်း ပျံ့နှံ့လာကာ မရဏတံစဉ်ကို ကိုင်ဆောင်ထားသော လူပုံစံ အရိပ်တစ်ခုက သူ၏အနောက်တွင် ပေါ်ထွက်လာသည်။

"ဟူး... သေသွားတဲ့သူက သူ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"

ထိုအချိန်မှာပင် ပျင်းတိပျင်းတွဲ ပုံစံဖြင့် လူတစ်ယောက် ပေါ်လာပြီး သူ၏ ကျောပြင်ထက်တွင် မီးခိုးရောင်အဝတ်ဖြင့် ထုပ်ပိုးထားသော လက်နက်ရှည်ကြီး တစ်ခုကို လွယ်ထား၏။

သူကတော့ နတ်ဆင်ရွာ၏ အစွမ်းပိုင်ရှင်ဖြစ်သော ထိုပျင်းတိပျင်းတွဲ တာအိုဆရာပင် ဖြစ်သည်။

ပျင်းတိပျင်းတွဲ တာအိုဆရာ ပေါ်လာပြီးနောက် ချန်းရီ၏ ဘေးတွင် သက်တော်စောင့်တစ်ယောက်ကဲ့သို့ ရပ်နေသော မီးခိုးငွေ့ မရဏနတ်သမီးအရိပ်ကို ခပ်ပေါ့ပေါ့ တစ်ချက် ကြည့်လိုက်သည်။

"ခင်ဗျား သူ့ကို သိလို့လား"

"ဒီလူက ကမ္ဘာပျက်ကပ် မတိုင်ခင်က ဆောက်လုပ်ရေး အလုပ်သမား တစ်ယောက်လေ... နတ်ဆင်ရွာမှာ အိမ်တွေ ပြုပြင်တဲ့အပိုင်းကို တာဝန်ယူရတာ"

"ပုံမှန်ဆို သူက အရမ်းရိုးသားပြီး လူတွေအပေါ် ယဉ်ကျေးတယ်... ဘာလုပ်ခိုင်းလုပ်ခိုင်း လုပ်ပေးတတ်တယ်... တခြားသူတွေနဲ့ ပြဿနာဖြစ်တယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးဘူး... ရွာထဲမှာလည်း လူချစ်လူခင် များပါတယ်... ဒါပေမဲ့ မထင်ထားဘူး... "

ပျင်းတိပျင်းတွဲ တာအိုဆရာ၏ လေသံတွင် ဖော်ပြ၍မရနိုင်သော ဝမ်းနည်းမှုများ ပါဝင်နေသည်။

သူနှင့် ဤသေဆုံးသွားသော အမျိုးသားတို့ကြားတွင် ဆက်ဆံရေး မဆိုးလှကြောင်း သိသာနေပေသည်။

ချန်းရီနှင့် ချူချယ်တို့ အချင်းချင်း တစ်ချက် ကြည့်လိုက်မိကြပြီး ရှေ့မှောက်ရှိ ဤကိစ္စမှာ ဘယ်လိုတွေးတွေး ထူးဆန်းမှုများ ပြည့်နှက်နေသည်ကို ခံစားလိုက်ရသည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက်။

စိုက်ပျိုးရေးစခန်းရှိ တင်းတုံ နှင့် ဘုန်းကြီး၊ ဘုရားကျောင်းထဲရှိ ရွာသူကြီး၊ ထို့နောက် မျိုးစေ့များကို စောင့်ကြပ်နေသော ထယ်ရှီး တို့မှလွဲ၍...

ကျန်ရှိနေပြီး လာရောက်နိုင်သူ အားလုံး ရောက်ရှိလာကြပြီ ဖြစ်သည်။

ကိစ္စရပ်မှာ တွေးထားသည်ထက် ပိုမို ဆိုးရွားနေသည်။

မျက်စိရှေ့မှ ဤအမျိုးသား သေဆုံးသွားခြင်း တစ်ခုတည်းသာ မဟုတ်ပေ။

ဤအမျိုးသား၏ မိသားစုဝင် များအားလုံးလည်း သေဆုံးသွားခဲ့ကြသည်။

သေဆုံးရသည့် အကြောင်းအရင်းမှာ ဓားဒဏ်ရာများဖြစ်ပြီး တစ်စုံတစ်ယောက်က ဓားဖြင့် တစ်ချက်ချင်းစီ ခုတ်ထစ်သတ်ဖြတ်ထားသည့်ပုံ ပေါ်နေသည်။

လူသတ်လက်နက်မှာ ဤအမျိုးသား လက်ထဲရှိ ထိုဓားပင်ဖြစ်ကြောင်း အလွန် သိသာလှသည်။

ဤအမျိုးသား၏ မိသားစုမှာ ကမ္ဘာပျက်ကပ် ပြီးနောက် ပြန်လည်ဖွဲ့စည်းထားသော မိသားစု ဖြစ်သည်။

သွေးထွက်သံယိုမှု ဖြစ်ပွားခဲ့သော ထိုအဆောင်ခန်းတွင် အိပ်ခန်း နှစ်ခန်း ရှိသည်။

လူသတ်သမားနှင့် သူ၏ ရည်းစားဖြစ်သူက အိပ်ခန်း တစ်ခန်းတွင် နေထိုင်ကြသည်။

အခြားတစ်ခန်းတွင်လည်း နောက်ထပ် ဇနီးမောင်နှံ တစ်စုံက နေထိုင်ကြသည်။

နတ်ဆင်ရွာတွင် အရင်းအမြစ် ရှားပါးပြီး လူဦးရေကလည်း များပြားလှသောကြောင့် ရွာရှိ အိမ်အများစု၏ နေထိုင်မှု အခြေအနေမှာ ဤကဲ့သို့ပင် ဖြစ်ကြသည်။

ရိုးရှင်းစွာ ပြောရလျှင် သွေးထွက်သံယိုမှု ဖြစ်ပွားခဲ့သော ထိုအဆောင်ခန်းထဲရှိ ထိုအမျိုးသား အပါအဝင် လူအားလုံး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ရွာသူကြီး၏လက်ထောက် ရှောင်ကျန်း ၏ စုံစမ်းစစ်ဆေးမှုအရ...

ဤအဆောင်ခန်းရှိ လူလေးယောက်၏ ဆက်ဆံရေးမှာလည်း မဆိုးလှဘဲ ဇနီးမောင်နှံ နှစ်စုံမှာ အချင်းချင်း မကြာခဏ ကူညီရိုင်းပင်းလေ့ ရှိကြသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက သူတို့တစ်ယောက်ကိုတစ်ယောက် သိခဲ့ကြမည် မဟုတ်သော်လည်း နတ်ဆင်ရွာရှိ အိမ်နီးချင်းများ၏ ပြောစကားအရ သူတို့ အချင်းချင်း အဆင်ပြေပြေ နေထိုင်ခဲ့ကြကြောင်း သိရသည်။

ဤအမျိုးသားနှင့် သူ၏ရည်းစားတို့၏ ဆက်ဆံရေးမှာလည်း အလွန် ကောင်းမွန်သည်။

သူက အလွန် ယုံကြည်အားထားရသော အမျိုးသားတစ်ယောက် ဖြစ်သည်။

သို့သော် အဆင်ပြေပြေ နေထိုင်လာခဲ့ကြသော ထိုမိသားစုဝင် လေးယောက်စလုံးမှာ တစ်ချိန်တည်းမှာပင် အတူတကွ သေဆုံးသွားခဲ့ကြသည်။

ဤအရာတွင် ထူးဆန်းမှု တစ်ခုခု မပါဝင်ဘူးဟု ပြောလာလျှင် မည်သူကမျှ ယုံကြည်မည် မဟုတ်ပေ။

ချူချယ်သည်လည်း သွေးထွက်သံယိုမှု ဖြစ်ပွားခဲ့သော ထိုအဆောင်ခန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ကြမ်းပြင်အနှံ့ ပြန့်ကျဲနေသော အလောင်းများမှလွဲ၍...

ချူချယ်သည် ထူးဆန်းသောအရာ တစ်ခုခု ရှိနေနိုင်သည့် မည်သည့် သဲလွန်စကိုမျှ မတွေ့ရှိခဲ့ရပေ။

ချန်းရီသည်လည်း အိမ်တွင်းအိမ်ပြင် တစ်ဝိုက်တွင် အချိန်အတော်ကြာ စစ်ဆေးကြည့်ရှုခဲ့သော်လည်း မည်သည့် မသင်္ကာစရာကိုမျှ ရှာမတွေ့ခဲ့ပေ။

ရွာသူကြီး၏လက်ထောက် ရှောင်ကျန်းက နတ်ဆင်ရွာ၏ လုံခြုံရေးအရာရှိကိုပင် အထူးတလည် သွားရောက်ခေါ်ဆောင်ကာ စစ်ဆေးစေခဲ့သည်။

ရှောင်ကျန်း၏ မိတ်ဆက်စကားအရ ဤလုံခြုံရေးအရာရှိသည် ကမ္ဘာပျက်ကပ် မတိုင်မီက ရာဇဝတ်မှု စုံစမ်းထောက်လှမ်းရေး လုပ်ငန်းတွင် ဆယ်နှစ်ကျော် အတွေ့အကြုံ ရှိခဲ့ဖူးသူ ဖြစ်သည်။

ဖြစ်ရပ်မှန် နေရာရှိ သဲလွန်စများကို စစ်ဆေးအပြီးတွင် လုံခြုံရေးအရာရှိ ရရှိခဲ့သော ကောက်ချက်မှာ လူသတ်သမားသည် ထိုအမျိုးသားပင် ဖြစ်သည်ဟူ၍ပင်။

ထိုအမျိုးသားက သူ့ကိုယ်သူ အပါအဝင် လူအားလုံးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဤကောက်ချက်ကို ကြားပြီးနောက် ဖြစ်ရပ်မှန် နေရာရှိ လူအချို့မှာ တစ်ယောက်မျှ စကားမပြောနိုင်ကြတော့ပေ။

လေထုထဲတွင် အနည်းငယ် အေးစက်သွားသကဲ့သို့သာ ခံစားလိုက်ကြရသည်။

ပုံမှန်အားဖြင့် အလွန်ကောင်းမွန်ပြီး ဘက်ပေါင်းစုံမှ ပြဿနာ တစ်စုံတစ်ရာ မရှိတတ်သော လူတစ်ယောက်က အတူနေထိုင်သူ အဆောင်သူအဆောင်သား အားလုံးကို ရုတ်တရက် သတ်ဖြတ်ခဲ့သည်တဲ့လား။

ဤကိစ္စကို မည်သို့ပင် ပြောဆိုနေပါစေ ထူးဆန်းမှုများနှင့် လျှို့ဝှက်ဆန်းကြယ်မှုများက ဖုံးလွှမ်းနေဆဲပင် ဖြစ်တော့သည်။

ဆက်ရန်...

All Chapters