အခန်း ၂၂၅
Vol. 12 Ch. 225
အပိုင်း(၂၂၅) ပိုဆိုးလာသော အခြေအနေ
ဘုရားကျောင်း။
မှောင်မည်းနေသော ဘုရားကျောင်းခန်းမဆောင်ကြီးအတွင်း၌ ကိုယ်တစ်ပိုင်း နတ်ရုပ်တု (၁၈) ခုမှာ မှိန်ဖျော့ဖျော့ လင်းလက်နေ၏။
အချို့သော နတ်ရုပ်တုများမှာ အလင်းရောင် ကောင်းစွာ မရရှိသော နေရာများတွင် ပုန်းကွယ်နေကြပြီး ၎င်းတို့၏ ဝေဝါး၍ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကြမ်းများကိုသာ မြင်တွေ့နိုင်လေသည်။
အလင်းရောင် အကောင်းဆုံး ရရှိသော နေရာများရှိ ကိုယ်တစ်ပိုင်း နတ်ရုပ်တုများပင်လျှင် ထူးဆန်းကျောချမ်းဖွယ်ကောင်းသော အငွေ့အသက်များကို ပေးစွမ်းနေသည်။
ထောင့်တစ်နေရာတွင်မူ အသစ်စက်စက် နတ်ရုပ်တုတစ်ခု ရှိနေ၏။ ထိုနတ်ရုပ်တု၏ အသွင်အပြင်မှာ လှပကျော့ရှင်းပြီး မျက်နှာအမူအရာမှာလည်း နူးညံ့သိမ်မွေ့လှသည်။
အကယ်၍ ချန်းရီသာ ဤနေရာတွင် ရှိနေမည်ဆိုပါက ဤရုပ်တုမှာ ယခင်က သူ့ကို ခေါ်ဆောင်သွားရန် တောင်းဆိုခဲ့ဖူးသော ဆုမန်ရှန်းမှန်း သေချာပေါက် မှတ်မိပေလိမ့်မည်။
ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနှင့် အလွန်ကြီးမားသော ခေါင်းကြီးကို ပိုင်ဆိုင်ထားသည့် အဘိုးအိုတစ်ဦးက ကိုယ်တစ်ပိုင်း နတ်ရုပ်တု (၁၈) ခုရှေ့တွင် ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်နေပြီး ပါးစပ်မှလည်း တစ်စုံတစ်ခုကို တတွတ်တွတ် ရွတ်ဆိုနေလေသည်။
ပုံမှန်အားဖြင့် ခမ်းနားထည်ဝါပြီး ရိုသေလေးစားဖွယ်ကောင်းသော ဘုရားကျောင်းခန်းမဆောင်ကြီးအတွင်း၌ ယနေ့တွင်မူ ခေါင်းကြီးရွာသူကြီး တစ်ယောက်တည်းမှလွဲ၍ အခြား မည်သူမျှ မရှိချေ။
ဘုရားကျောင်း၏ တံခါးစောင့်အဘိုးအိုပင်လျှင် အရိပ်အယောင်မျှ မတွေ့ရတော့ပေ။
အမွှေးတိုင်ခွက်ထဲတွင် လက်ညှိုးအရွယ်အစားခန့်ရှိသော အမွှေးတိုင် သုံးတိုင်ကို စိုက်ထား၏။ အမွှေးတိုင်မှ ထွက်ပေါ်လာသော အခိုးအငွေ့များကြားတွင် ခန်းမဆောင်ကြီး၏ လေထုမှာ ပို၍ပင် ကျောချမ်းဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းလာလေသည်။
သိထားရမည့်အချက်မှာ နတ်ဆင်ရွာတွင် ပစ္စည်းများ အလွန်ရှားပါးလှပြီး ဤကဲ့သို့သော အမွှေးတိုင်မျိုးဆိုလျှင်ပင် သိုလှောင်ထားသည့် ပမာဏမှာ များများစားစား ရှိမည်မဟုတ်ပေ။
ပုံမှန်အားဖြင့် အလွန်အရေးကြီးသော အချိန်များတွင်မှသာ ဘုရားကျောင်းက ဤကဲ့သို့သော အမွှေးတိုင်များကို အသုံးပြုလေ့ရှိသည်။
ယနေ့မနက်ပိုင်းမှ စတင်၍ဖြစ်သည်။
ခေါင်းကြီးရွာသူကြီးက ဘုရားကျောင်းထဲသို့ ဝင်ရောက်နေထိုင်ခဲ့ပြီး ကိုယ်တစ်ပိုင်း နတ်ရုပ်တု (၁၈) ခုရှေ့တွင် တစ်မိုက်မျှမလှုပ်ဘဲ အချိန်ပြည့် ဒူးထောက်နေခဲ့သည်။
ဘုရားကျောင်းအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာ၏။
ခေါင်းကြီးရွာသူကြီးမှာ တစ်စုံတစ်ရာသော ခံစားချက်များထဲမှ လန့်နိုးလာသည့်အလား အလျင်အမြန် ခေါင်းမော့လိုက်ပြီး သွေးကြောများ နီရဲနေသော မျက်လုံးကြီးများဖြင့် ရှေ့ရှိ ကိုယ်တစ်ပိုင်း နတ်ရုပ်တု (၁၈) ခုကို လှမ်းကြည့်လိုက်လေသည်။
ခေတ္တမျှ စိုက်ကြည့်နေပြီးနောက်မှသာ သူ သတိပြန်လည်လာတော့သည်။
ထိုအချိန်တွင် ခန်းမဆောင်တံခါးအပြင်ဘက်သို့ လူတစ်ချို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ရွာသူကြီး... ဝူတာ့ဝေ သေသွားပြီ... ခေါင်းဆောင်ချူနဲ့ ဆရာချန်းရီတို့ ရောက်နေကြတယ်"
ခေါင်းကြီးရွာသူကြီးက တတွတ်တွတ် ရေရွတ်လိုက်သည်။
"နောက်ဆုံးတော့... စပြီပေါ့"
"ဟူး... ဘိုးဘေးဆယ့်ရှစ်ပါး စောင့်ရှောက်တော်မူပါ... ဒီတစ်ကြိမ် ကပ်ဘေးကြီးကနေ နတ်ဆင်ရွာကို လွတ်မြောက်အောင် စောင့်ရှောက်တော်မူပါ"
ဤသို့ပြောပြီးနောက် ခေါင်းကြီးရွာသူကြီးက မတ်တတ်ထရပ်ကာ အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
"သူတို့ကို ဝင်လာခိုင်းလိုက်"
ရွာသူကြီး၏ စကားကို ကြားလိုက်ရပြီးနောက် ချန်းရီနှင့် အဖွဲ့အား ရွာသူကြီး၏ လက်ထောက်ဖြစ်သူ ရှောင်ကျန်းက ခန်းမဆောင်အတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။
နေပါဦး။ ဘုရားကျောင်းခန်းမဆောင်ထဲမှာ ကိစ္စတွေကို ဆွေးနွေးရတာ သိပ်တော့ မသင့်တော်လောက်ဘူးမလား။
ချန်းရီက စိတ်ထဲမှ ကြိတ်၍ တွေးနေသော်လည်း ဘာမှ ထုတ်မပြောတော့ဘဲ အားလုံးနှင့်အတူ တည်ကြည်သော မျက်နှာထားဖြင့် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေကြောင်း ချန်းရီ ချက်ချင်း ခံစားလိုက်ရ၏။
အကြောင်းရင်းကို မသိရသော်လည်း အလွန် သက်သောင့်သက်သာမရှိသော ခံစားချက်ကို ရရှိနေသည်။
အမှောင်ထုထဲမှ မရေမတွက်နိုင်သော ကျောချမ်းဖွယ် အငြိုးတကြီး မျက်လုံးများက မိမိကို စိုက်ကြည့်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို နေရာလပ်မကျန် အကဲခတ်နေသည့်အလားပင်။
ချန်းရီ၏ ကိုယ်ပတ်လည်တွင် မြူခိုးပါးပါးလေးများ ရစ်သိုင်းလာပြီးနောက်မှသာ အနည်းငယ် သက်သာရာရသွားသလို ခံစားလိုက်ရသည်။
ခန်းမဆောင်၏ အမြင့်ပိုင်းတွင် ကိုယ်တစ်ပိုင်း နတ်ရုပ်တုများက ရပ်တည်နေဆဲပင်။
နေပါဦး။
ဒီနတ်ရုပ်တုက...
အစွမ်းပိုင်ရှင်တစ်ယောက်၏ ထက်မြက်သော အာရုံခံနိုင်စွမ်းကြောင့်ပင်။
ချန်းရီသည် ထောင့်တစ်နေရာရှိ ထိုကိုယ်တစ်ပိုင်း နတ်ရုပ်တုကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်း သတိထားမိလိုက်သည်။
အနည်းငယ် ရင်းနှီးနေသော ထိုရုပ်တု၏ အသွင်အပြင်ကြောင့် ချန်းရီ၏ မျက်တောင်များမှာ အပ်ဖျားအရွယ်အစားခန့်အထိ ချက်ချင်း ကျုံ့ဝင်သွားလေသည်။
ဒါ ဆုမန်ရှန်းပဲ။
သူက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေရတာလဲ။
သူက ဘုရားကျောင်းထဲက ဘိုးဘေးတစ်ပါး ဖြစ်သွားတာလား။
ဟုတ်သားပဲ။ ယခင်က ထိုအဘိုးအိုက သူ့ကို ဒီလိုပဲ ခေါ်ခဲ့တာမဟုတ်လား။
ချန်းရီ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ တုန်လှုပ်နေသော်လည်း မျက်နှာပေါ်တွင်မူ မည်သည့်အမူအရာမျှ ပေါ်လွင်ခြင်းမရှိပေ။
သူသည် အထက်စီးမှ ရှိနေသော နတ်ရုပ်တုများကို မျက်လုံးဖြင့် တစ်ချက်မျှသာ ဝေ့ကြည့်လိုက်ပြီး နောက်ထပ် ထပ်မကြည့်တော့ချေ။
သူ၏ မျက်လုံးထောင့်မှနေ၍ အဖွဲ့သားများ၏ မျက်နှာအမူအရာများကို အနည်းငယ် အကဲခတ်ကြည့်လိုက်ရာ ခေါင်းဆောင်ချူလည်း တစ်ခုခု မှားယွင်းနေကြောင်း ရိပ်မိပုံရသည်။
အကယ်၍ ခေါင်းဆောင်ချူနှင့်သာ အလွန် ရင်းနှီးကျွမ်းဝင်မှု မရှိပါက ခေါင်းဆောင်ချူ၏ မျက်လုံးထောင့်များ ခေတ္တမျှ တုန်လှုပ်သွားသည်ကို ချန်းရီ လုံးဝ သတိပြုမိမည် မဟုတ်ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာမူ အမြဲတမ်း ပေါ့ပေါ့ဆဆ နေတတ်သူဖြစ်သဖြင့် သတိထားမိပုံ မပေါ်ကြောင်း ချန်းရီ ခန့်မှန်းမိသည်။
"ရွာသူကြီး... ဝူတာ့ဝေ သေသွားပြီ... အိမ်နံပါတ် (၁၃၂) ထဲက တခြားရွာသားတွေလည်း အကုန်လုံး သေကုန်ပြီ"
လက်ထောက်ရှောင်ကျန်းက ခုနက ဖြစ်ပွားခဲ့သော သွေးထွက်သံယို လူသတ်မှုကြီးအကြောင်းကို အစမှအဆုံး သေချာစွာ ရှင်းပြလိုက်လေသည်။
ခေါင်းကြီးရွာသူကြီး၏ မျက်နှာထားမှာလည်း တစ်စထက်တစ်စ ပို၍ ဆိုးရွားလာတော့သည်။
ချန်းရီတို့ ဤနေရာသို့ လာရောက်ရခြင်းမှာလည်း ဤကိစ္စနှင့်ပတ်သက်၍ ခေါင်းကြီးရွာသူကြီး၏ တုံ့ပြန်မှု သို့မဟုတ် ပြဿနာဖြေရှင်းမည့် အစီအစဉ်များကို သိရှိလို၍ပင် ဖြစ်သည်။
သို့သော် သူ၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် ကောင်းမွန်သော ဖြေရှင်းနည်း ရှိပုံမပေါ်ချေ။
ခေါင်းဆောင်ချူက မနေနိုင်တော့ဘဲ စကားစလိုက်သည်။ "ရွာသူကြီး... ခင်ဗျား ခုနက တစ်ခုခုကိုများ အာရုံခံမိသေးလား"
လမ်းပြသူလမ်းစဉ် အစွမ်းပိုင်ရှင်တစ်ယောက်အနေဖြင့် ထိုစကား၏ အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်သဘောပေါက်နေ၏။
ရွာသူကြီးက သက်ပြင်းတစ်ချက်ချလိုက်သည်။ "သူ ရောက်လာပြီ... ပိုမှန်အောင် ပြောရရင် သူတို့တွေ ရောက်လာကြပြီ"
"သူတို့ ဘယ်အချိန်တည်းက ရောက်နေကြတာလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူး"
"ဒါပေမဲ့ နတ်ဆင်ရွာက... အခု အရမ်းကို အန္တရာယ်များနေပြီ"
ချန်းရီက ဝင်ပြောလိုက်သည်။
"ရွာသူကြီး... ခင်ဗျားက လူတစ်ယောက် မသေခင်က မှတ်ဉာဏ်တွေကို ကြည့်လို့ရတယ် မဟုတ်လား... ဝူတာ့ဝေရဲ့ အလောင်းက တံခါးအပြင်မှာ ရှိနေတာဆိုတော့ တစ်ချက်လောက် သွားကြည့်ပေးလို့ ရမလား"
ခေါင်းကြီးရွာသူကြီးက ခေတ္တမျှ တွေဝေသွားပြီးနောက် ချန်းရီနှင့် ခေါင်းဆောင်ချူတို့ရှေ့တွင် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့သော ထိုအလောင်းကို အတွင်းသို့ သယ်ဆောင်လာရန် လက်ထောက်ရှောင်ကျန်းအား ခိုင်းစေလိုက်သည်။
ချန်းရီမှာ အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်သွားသည်။ ဒီလူက ယနေ့ ဘုရားကျောင်းခန်းမဆောင်ထဲကနေ အပြင်ကို လုံးဝ မထွက်တော့ဖို့များ ဆုံးဖြတ်ထားတာလား။
အကျိုးအကြောင်း ဆင်ခြင်ကြည့်မည်ဆိုပါက ဤကဲ့သို့သော ဘာသာရေးနှင့် သက်ဆိုင်သည့် နေရာမျိုးမှာ သန့်ရှင်းမွန်မြတ်ပြီး မည်သူမျှ ကျူးကျော်စော်ကား၍ မရနိုင်သော နေရာမျိုး ဖြစ်သည်။
လူသေအလောင်း တစ်လောင်းကို သယ်ယူလာရန် မဆိုထားနှင့်။ ချန်းရီတို့လို လူများကို ခေါ်ယူ၍ မသက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးခြင်းမှာပင် မသင့်တော်လှပေ။
သို့သော် ဤသည်မှာ သူတို့၏ ရွာသူကြီး ကိုယ်တိုင် ပြောဆိုထားခြင်း ဖြစ်သည်။
ချန်းရီမှာ ကန့်ကွက်စရာ အကြောင်းပြချက် မရှိတော့ချေ။
မည်သို့ပင်ဖြစ်စေ နတ်ဆင်ရွာ၏ ဘုရားကျောင်းဖြစ်သဖြင့် သူတို့ ဘာလုပ်လုပ် အဆင်ပြေနေသည်သာ ဖြစ်သည်။
လူတိုင်းက ရွာသူကြီး၏ လှုပ်ရှားမှုများကို အသေအချာ စောင့်ကြည့်နေကြသည်။
ရွာသူကြီးက သူ၏လက်ကို ဆန့်ထုတ်ကာ အလောင်း၏ ခေါင်းပေါ်သို့ လေထဲမှနေ၍ အသာအယာ ဖိချလိုက်၏။
အရောင်ငါးမျိုး ပါဝင်သော အလင်းတန်းများက လက်ဝါးပြင်ပေါ်တွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်ပေါ်နေသည်။
သုံးမိနစ်ခန့် ကြာပြီးနောက်မှသာ ရွာသူကြီးက မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ အလွန် ပင်ပန်းနွမ်းနယ်နေပုံရသည်။
"ကျွန်တော် မြင်လိုက်ရတာက ဝူတာ့ဝေက တခြားအခန်းဖော်တွေကို သတ်ဖြတ်ခဲ့တယ်... ပြီးတော့ ခေါင်းဆောင်ချူနဲ့ ဆရာချန်းတို့ ရှေ့မှာတင်..."
"လူသတ်သမားက ဝူတာ့ဝေ ကိုယ်တိုင်ပဲ"
"ဘာ..."
အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ပြီးနောက် ဤကဲ့သို့သော ကောက်ချက်ချမှုမျိုး ထွက်လာမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ခဏချင်းမှာပင် လူအားလုံး တိတ်ဆိတ်သွားကြသည်။
ချန်းရီသည် သူ၏ ကျောပြင်ပေါ်သို့ အေးစက်နေသော မြွေတစ်ကောင် တွားသွားနေသကဲ့သို့ပင် ခံစားလိုက်ရသည်။
ဤကိစ္စကို ထူးဆန်းသောအရာများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း သိရှိထားကြ၏။
သို့သော် ရွာသူကြီး မြင်တွေ့ခဲ့ရသည်မှာ ဝူတာ့ဝေ ကိုယ်တိုင် ကျူးလွန်ခဲ့သည်တဲ့လား။
ဒါက တကယ်ကိုပဲ...
"ဝူတာ့ဝေ အကြောင်းကို ကျွန်တော် ကောင်းကောင်း သိတယ်... ပုံမှန်ဆိုရင် သူက အရမ်းကို ရိုးသားပြီး လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်တာပါ"
"ရွာသူကြီး..."
လက်ထောက်ရှောင်ကျန်းမှာ အနည်းငယ် ထိတ်လန့်နေပြီး သူ၏ အသံမှာ ကြောက်ရွံ့မှုများကြောင့် တုန်ယင်နေ၏။
သူ သိထားသလောက်ဆိုလျှင် ဝူတာ့ဝေမှာ လူသတ်မည့်သူမျိုး လုံးဝ မဟုတ်ပေ။
နောက်ဆက်တွဲ စကားများအရ ရွာသူကြီးများ အမြင်မှားနေသလားဟု သံသယဝင်နေကြောင်း သိသာထင်ရှားနေသည်။
သို့သော် ရွာသူကြီးအပေါ် ထားရှိသည့် ယုံကြည်မှုကြောင့် လက်ထောက်ရှောင်ကျန်းမှာ ထိုစကားများကို အဆုံးထိ မပြောထွက်ခဲ့ပေ။
ခေါင်းကြီးရွာသူကြီးကလည်း လက်ထောက်ရှောင်ကျန်း၏ သံသယများကို ဂရုမစိုက်တော့ဘဲ ပင်ပန်းနွမ်းနယ်စွာဖြင့်သာ ပြန်ပြောလိုက်သည်။
"ကျွန်တော် မြင်ခဲ့ရတာက ဒီလောက်ပဲ"
"ဒါပေမဲ့ ကျွန်တော် မြင်ခဲ့ရတာတွေက အမှန်တရား ဖြစ်ချင်မှလည်း ဖြစ်မှာပါ"
"ကျွန်တော်က ဝူတာ့ဝေ မသေခင်မှာ အမှတ်ရဆုံး ဖြစ်နေတဲ့ မှတ်ဉာဏ် အပိုင်းအစတွေကိုပဲ ကြည့်နိုင်တာ... ဝူတာ့ဝေ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အသေးစိတ် အချက်အလက် တချို့ဆိုရင်တော့ ကျွန်တော်လည်း ပိုပြီး မမြင်နိုင်တော့ဘူးပေါ့"
"အစွမ်းပိုင်ရှင်တွေ အတွက်တော့ ပြီးပြည့်စုံတဲ့ အစွမ်းဆိုတာ မရှိပါဘူး"
"အစွမ်းပိုင်ရှင်တွေ အတွက်တော့ အစွမ်းဆိုတာ အသုံးချစရာ ကိရိယာ သက်သက်ပဲ... တကယ့် အခြေအနေမှန်ကို သိဖို့ကတော့ ဦးနှောက်ကို သုံးပြီး ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်တယ်"
"ခေါင်းဆောင်ချူ... ဒီစကားကို ခင်ဗျားရဲ့ မှတ်စုစာအုပ်ထဲမှာ မှတ်ထားလို့ ရတယ်"
ခေါင်းကြီးရွာသူကြီးက စကားလမ်းကြောင်း အနည်းငယ် လွှဲလိုက်ကာ ခေါင်းဆောင်ချူကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
ခေါင်းကြီးရွာသူကြီးက မူလအကြောင်းအရာဆီသို့ ပြန်သွားကာ ဆက်ပြောသည်။
"ဝူတာ့ဝေ မသေခင်က ခံစားခဲ့ရတဲ့ ထိတ်လန့်မှုတွေ... မျှော်လင့်ချက်မဲ့မှုတွေနဲ့ နောင်တ တရားတွေကို ကျွန်တော် ကောင်းကောင်း ခံစားနိုင်တယ်"
"သိသာထင်ရှားတာက သူ့ရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်တဲ့ အခြေအနေ တချို့ ဖြစ်ပွားခဲ့တာပဲ"
"ဒါကြောင့် ဒီထူးဆန်းတဲ့အရာဟာ နတ်ဆင်ရွာထဲမှာ သေချာပေါက် ရှိနေတယ်လို့ ကျွန်တော် ကောက်ချက်ချတယ်"
"မကြာခင်မှာ နောက်ထပ် လူတွေ သေဦးမှာ သေချာတယ်"
ရွာသူကြီးက ဤစကားကို ပြောလိုက်သည့် အချိန်မှာပင်။
တံခါးအပြင်ဘက်မှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြန်သည်။
အသံကို နားထောင်ကြည့်ရသလောက် ရွာထဲမှ လုံခြုံရေးအရာရှိ ဖြစ်ပုံရသည်။
"ရွာသူကြီး... လက်ထောက်ရှောင်ကျန်း... အိမ်နံပါတ်(၁၂) က လူတွေ သေကုန်ပြီ... အကုန်လုံး သေကုန်ပြီဗျ"
အပြေးအလွှား ဝင်လာသော လုံခြုံရေးအရာရှိမှာ အလွန် ထိတ်လန့်နေပြီး ဤအချိန်တွင် ဘုရားကျောင်းခန်းမဆောင်အတွင်းသို့ ဝင်ရောက်ခွင့် ရှိမရှိဆိုသည်ကို သူ ဂရုမစိုက်နိုင်တော့ပေ။
သူသည် ခန်းမဆောင်အတွင်းသို့ အတင်း တိုးဝင်လာခဲ့လေသည်။
လက်ထောက်ရှောင်ကျန်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားပြီး အလျင်အမြန် မေးလိုက်သည်။
"အကုန်လုံး သေကုန်ပြီ ဟုတ်လား... ဘယ်နှယောက်တောင် သေသွားတာလဲ"
လုံခြုံရေးအရာရှိ၏ မျက်တောင်များမှာ အလွန်အမင်း တုန်လှုပ်နေပြီး လက်များပင် တုန်ယင်နေ၏။ သူသည် တံတွေးတစ်ချက် မျိုချလိုက်ကာ အက်ကွဲနေသော အသံဖြင့် ပြန်ဖြေလိုက်သည်။
"အကုန်လုံး သေကုန်ပြီ... အိမ်နံပါတ်(၁၂) မှာ စုစုပေါင်း လူ (၇) ယောက် ရှိတာ... အကုန်လုံး သေသွားကြပြီ"
င်
"အဲဒီအထဲမှာ ကျန်းချောကလွဲလို့ ကျန်တဲ့သူတွေ အကုန်လုံး အသတ်ခံလိုက်ရတာ"
"ကျန်းချောင် တစ်ယောက်ပဲ... ကျန်းချောင်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ"
ဆက်ရန်...