အခန်း ၂၂၆
Vol. 12 Ch. 226
အပိုင်း(၂၂၆) သတ်ဖြတ် စည်းမျဉ်း
နတ်ဆင်ရွာရှိ လူနေအိမ်တိုင်းတွင် အိမ်နံပါတ်စဉ်များ ရှိကြ၏။
နံပါတ်စဉ် အစီအစဉ်အရ အရှေ့ဘက်သို့ ရောက်လေလေ အိမ်၏ အကျယ်အဝန်းက ပိုကြီးလေလေ ဖြစ်ပြီး သေချာပေါက် နေထိုင်သူ အရေအတွက်လည်း ပိုများလေလေ ဖြစ်သည်။
ယခင်က လူသုံးယောက် သေဆုံးခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူကိုပါ ထည့်တွက်ထားခြင်း ဖြစ်သည်။
နတ်ဆင်ရွာက လူလေးယောက် ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ တစ်ပြိုင်နက်တည်း လူခုနစ်ယောက် ဆုံးရှုံးခဲ့ရပြန်သည်။
မကြာမီမှာပင် လုံခြုံရေးအရာရှိများက ကျန်းချောင် အမည်ရှိသူ၏ အလောင်းကို ဘုရားကျောင်းဆီသို့ သယ်ဆောင်လာခဲ့ကြသည်။
ခေါင်းကြီးရွာသူကြီးက မှတ်ဉာဏ်ကြည့်ရှုခြင်း အစွမ်းကို ထပ်မံ အသုံးပြုလိုက်သည်။
သူ၏ လက်ထဲမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာကာ သေဆုံးသူ၏ ဦးခေါင်းနှင့် ထိစပ်သွား၏။
မိနစ်အနည်းငယ် ကြာပြီးနောက် ခေါင်းကြီးရွာသူကြီးက သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
ဤတစ်ကြိမ်သည်လည်း စောစောက စစ်ဆေးခဲ့သည့် အခြေအနေနှင့် သိပ်မကွာခြားလှပေ။
"ကျန်းချောင် သေခါနီးအချိန်က အကြောက်တရားကို ကျွန်တော် ခံစားမိတယ်... တခြားကိစ္စတွေကိုတော့ ကျွန်တော် ပိုပြီး မမြင်နိုင်တော့ဘူး"
ထို့နောက် လက်ထောက်ရှောင်ကျန်းက အခြားသေဆုံးသူများ၏ အလောင်းများကိုပါ ဘုရားကျောင်း၏ ပင်မဆောင်ကြီးထဲသို့ သယ်ဆောင်လာခဲ့သည်။
ရွာသူကြီးက လူတိုင်းအပေါ် သေဆုံးခြင်းကို ပြန်လည်အောက်မေ့ခြင်း အစွမ်းကို အသုံးပြုခဲ့သည်။
လမ်းစဉ် အဆင့် (၃) လမ်းပြသူ တစ်ယောက်အနေဖြင့် ထိုသို့သော သေဆုံးခြင်းကို ပြန်လည်အောက်မေ့ခြင်း အစွမ်းကို တစ်ကြိမ် အသုံးပြုတိုင်း ခွန်အားများစွာ ကုန်ခန်းရလေသည်။
သို့သော် ဤသို့ လုပ်ဆောင်ရန် အလွန် လိုအပ်နေသည်။
နောက်ဆုံးတွင် ခေါင်းကြီးရွာသူကြီးသည် ဘေးလူများ၏ ဖေးမကူညီမှုဖြင့်သာ မတ်တပ်ရပ်နိုင်သည့် အခြေအနေအထိ ရောက်ရှိသွားခဲ့လျှင်တောင်မှ ဖြစ်သည်။
သို့သော် ကိစ္စရပ်များက လုံးဝ တိုးတက်မှု မရှိသည်တော့ မဟုတ်ပေ။
လူအားလုံး၏ သေခါနီး မှတ်ဉာဏ်များကို ကြည့်ရှုပြီးနောက်တွင် အဖြစ်အပျက်များ၏ အကြမ်းဖျင်း ပုံစံကို နောက်ဆုံး၌ ပုံဖော်နိုင်ခဲ့ပြီ ဖြစ်သည်။
အိမ်နံပါတ် (၁၃၂) တွင် ဝူတာ့ဝေသည် ညွှန်ကြားချက် တစ်ခုခုကို ရရှိခဲ့ပုံရပြီး သူ၏ ချစ်သူကောင်မလေးကို သတ်ဖြတ်ခဲ့သည်။
ထို့နောက် ညွှန်ကြားချက် ထပ်မံရရှိပြန်ကာ မျက်နှာချင်းဆိုင် အခန်းထဲသို့ ပြေးဝင်သွားပြီး ထိုအခန်းထဲရှိ လင်မယားနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ပထမအကြိမ်တွင် လူတစ်ယောက်ကို သတ်ခဲ့ပြီး နောက်ပိုင်းတွင် လူနှစ်ယောက်ကို သတ်ခဲ့သည်။
နောက်ဆုံးတွင် ဝူတာ့ဝေသည် စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း ဖောက်ပြန်ချို့ယွင်းသွားပုံရပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။
အိမ်နံပါတ် (၁၂) ၏ အခြေအနေမှာလည်း သိပ်မကွာခြားပေ။
အစပိုင်းတွင် လူတစ်ယောက်တည်း ဖြစ်သည်။
နောက်ပိုင်းတွင် လူနှစ်ယောက် ဖြစ်လာသည်။
ထို့နောက် လူသုံးယောက် ဖြစ်သွားသည်။
နောက်ဆုံးတွင်မူ စိတ်ဖောက်ပြန်သွားသော ကျန်းချောင်က ဝူတာ့ဝေနှင့် အလားတူ လမ်းကြောင်းကို ရွေးချယ်သွားခဲ့ခြင်း ဖြစ်သည်။
ဤသို့သော အဖြေက အားလုံးကို များစွာ စိတ်သက်သာရာ မရစေခဲ့သည်မှာ သိသာထင်ရှားလှသည်။
ယခုအခါ ခန့်မှန်းနေရန်ပင် မလိုအပ်တော့ပေ။
ရွာထဲသို့ ထူးဆန်းသောအရာ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
"ဝူတာ့ဝေနဲ့ သူ့ကောင်မလေးက ဆက်ဆံရေး အရမ်းကောင်းကြတယ်... သူတို့နှစ်ယောက်က ယောက်ျား မိန်းမလို့တောင် ခဏခဏ ခေါ်တတ်ကြတာ"
"တစ်ခါတလေ အပြင်လူတွေရှေ့မှာဆိုရင်လည်း ဝူတာ့ဝေက ငါ့မိန်းမက ဘယ်လို ဆိုပြီး ပြောတတ်သေးတယ်"
"ဝူတာ့ဝေနဲ့ သူ့ကောင်မလေးက ကမ္ဘာပျက်ကပ်ကြီး ပြီးသွားရင် လက်ထပ်စာချုပ် သွားလုပ်ကြမယ်လို့တောင် ကတိထားခဲ့ကြတာ"
"ဒါပေမဲ့... ဒါပေမဲ့"
"ရွာထဲမှာ ဒီလိုအခြေအနေမျိုးတွေ အများကြီး ရှိတယ်"
"ကမ္ဘာပျက်ကပ်ကြီးကို ကြုံတွေ့ပြီးနောက်မှာ လူတိုင်းက ခဲခဲယဉ်းယဉ်း ရလာတဲ့ ရေစက်ကို အထူး တန်ဖိုးထားကြတယ်... လူအများစုက သင့်တော်တယ်လို့ ထင်ရင် အတူတူ နေကြတာပဲ"
"တချို့လူတွေက မစောင့်နိုင်တော့လို့ ရွာသူကြီးရဲ့ ဦးဆောင်မှုနဲ့ မင်္ဂလာပွဲတွေတောင် ကျင်းပခဲ့ကြတာ"
"တချို့လူတွေကတော့ မလုပ်ဖြစ်ခဲ့ကြဘူး"
လက်ထောက်ရှောင်ကျန်း၏ အသံက အက်ကွဲနေသော်လည်း မျက်ဝန်းထဲမှ မျက်ရည်များ လုံးဝ ကျဆင်းလာခြင်း မရှိပေ။
ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် ဝမ်းနည်းစရာ ကိစ္စများက အလွန် များပြားလွန်းသဖြင့် မျက်ရည်များပင် ခန်းခြောက်နေခဲ့ပြီ ဖြစ်သည်။
ချန်းရီက ဤရွာသူကြီး၏ လက်ထောက်ကို မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိတော့ချေ။
ရှောင်ကျန်း၏ အသက်က သိပ်မကြီးဘဲ သုံးဆယ်ကျော်သာ ရှိသေးသော်လည်း ခေါင်းပေါ်ရှိ ဆံပင်များက တစ်ဝက်ခန့် ဖြူနေပြီဖြစ်ကြောင်း ကြားသိထားရသည်။
ချန်းရီသည် ရှောင်ကျန်း၏ ကိုယ်ပေါ်တွင် ယခင်က ဦးလေးအားပေါင်၏ အရိပ်အယောင်များကို သဲ့သဲ့လေး မြင်ယောင်နေမိသည်။
ခေါင်းကြီးရွာသူကြီးက ပင်မဆောင်ကြီး၏ အလင်းနှင့် အမှောင် ခြားနားရာ နေရာတွင် မတ်တပ်ရပ်နေပြီး သူ၏ ခန္ဓာကိုယ် တစ်ဝက်က အလင်းရောင်ထဲတွင် ရှိနေကာ ကျန်တစ်ဝက်က အမှောင်ထုထဲတွင် ရှိနေသည်။
"အားလုံးပဲ... ဒီတစ်ကြိမ် ကိစ္စအတွက် အကူအညီတောင်းပါရစေ"
ခေါင်းကြီးရွာသူကြီးက ချန်းရီ၊ ချူချယ်နှင့် ပန်းရောင်ဆံပင် ကောင်မလေးတို့ကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
သူ၏ အမူအရာက အလွန်တရာ ရိုးသားပွင့်လင်းနေသည်။
သေနတ်လွယ်ထားသော ပျင်းတိပျင်းတွဲ တာအိုဆရာပင်လျှင် ဤအချိန်တွင် ချန်းရီတို့ သုံးယောက်အား နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"အကူအညီတောင်းပါတယ်"
လက်ထောက်ရှောင်ကျန်းနှင့် အခြားသော လုံခြုံရေးအရာရှိများကလည်း ချန်းရီတို့ သုံးယောက်အား နက်ရှိုင်းစွာ ဦးညွှတ်ကာ ပြောဆိုကြသည်။
"အကူအညီတောင်းပါတယ်"
ချန်းရီက သူ့အား ၉၀ ဒီဂရီ ဦးညွှတ်နေကြသော လူများကို ကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် ဖိအားများကို ခံစားလိုက်ရသည်။
ဘုရားကျောင်းမှ ထွက်ခွာလာပြီးနောက်။
ချန်းရီက နတ်ဆင်ရွာ၏ လမ်းမပေါ်သို့ ထပ်မံ ရောက်ရှိလာခဲ့သည်။
"ထယ်ရှီးနဲ့ တင်းတုံတို့ဆီ သွားကြည့်ရအောင်... သူတို့ဘက်က အခြေအနေ ဘယ်လိုရှိလဲ သိရတာပေါ့"
ပန်းရောင်ဆံပင် ကောင်မလေးက အကြံပြုလိုက်သည်။
ချန်းရီတို့ တစ်စုက ထယ်ရှီးကို သွားရောက် ရှာဖွေတွေ့ရှိချိန်တွင်...
ထယ်ရှီးဆိုသည့်ကောင်က ပိတ်ထားသော ကုန်တင်ကား၏ ခေါင်မိုးပေါ်တွင် လှဲလျောင်းကာ တခေါခေါဖြင့် အိပ်မောကျနေလေသည်။
နတ်ဆင်ရွာတွင် ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများက သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မဖြစ်စေခဲ့ပေ။
ထို ခြင်ဆီစား မျက်လုံးခြောက်လုံး လက်နက်ကို သူ၏ ဘေးနားတွင် ချထား၏။
ချန်းရီတို့ လူစုက ထယ်ရှီး၏ အိပ်ကောင်းနေခြင်းကို မနှောင့်ယှက်တော့ဘဲ လှည့်ထွက်လာခဲ့ကြသည်။
တင်းတုံနှင့် ထို ဘုန်းကြီးကြီးတို့ နှစ်ယောက်က တစ်ယောက်တစ်ဖက်စီ တရားထိုင်နေကြသည်။
ချန်းရီတို့ ရောက်ရှိလာသည်ကို သတိထားမိလိုက်ပုံရသည်။
တင်းတုံက မျက်လုံးဖွင့်လာပြီး ချန်းရီတို့အား အနည်းငယ် အချက်ပြ နှုတ်ဆက်လိုက်ကာ ချက်ချင်းပင် မျက်လုံးပြန်မှိတ်၍ ဆက်လက် တရားထိုင်နေလေသည်။
သူတို့ သုံးယောက်က ဤကိစ္စနှင့် ပတ်သက်၍ ရိုးရှင်းစွာ တိုင်ပင်ဆွေးနွေးလိုက်ကြသည်။
"ခေါင်းဆောင်ချူ... နတ်ဆင်ရွာရဲ့ ကိစ္စက မရိုးရှင်းဘူး... ငါတို့ ဆုတ်လမ်းကို ကြိုတင် ပြင်ဆင်ထားသင့်တယ်"
ဤသည်မှာ ချန်းရီ ပြောလိုက်သော စကားဖြစ်သည်။
ဤတစ်ကြိမ် ထူးဆန်းသောအရာ၏ ရက်စက်ကြမ်းကြုတ်မှု အတိုင်းအတာက ယခင် ထူးဆန်းသောအရာများနှင့် လုံးဝ မတူညီသည်မှာ သိသာထင်ရှားလှသည်။
ယခင်က ထူးဆန်းသောအရာများကို အနည်းဆုံး မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ခိုက်၍ ရနိုင်သေးသည်။
သို့သော် ယခု ထူးဆန်းသောအရာက လုံးဝ ထွက်မလာဘဲ ယခုအချိန်အထိ တစ်ဖက်သားက အတိအကျ ဘာကောင်မှန်းပင် မသိရသေးချေ။
လမ်းပြသူ၏ အာရုံခံနိုင်စွမ်းပင်လျှင် အလွန် ကန့်သတ်ချက် ရှိနေသည်။
"ချန်းရီ... ဒီမှာ လူတစ်ထောင်လောက် ရှိတယ်... ကျွန်မတို့ အကုန် ထွက်သွားမယ်ဆိုရင် နတ်ဆင်ရွာက လူတစ်ထောင်လုံး သေကုန်လိမ့်မယ်"
ပန်းရောင်ဆံပင် ကောင်မလေးက ချန်းရီ၏ ဤစကားအပေါ် အတော်လေး မကျေမနပ် ဖြစ်သွားကြောင်း ပြသလိုက်သည်။
ချန်းရီက ဤကောင်မလေးနှင့် အငြင်းပွားရန် ပျင်းရိနေသည်။
အသက် ဆယ့်ကိုးနှစ်အရွယ်သာ ရှိသေးသော ကောင်မလေးက ဘာများ သိနိုင်မည်နည်း။
ပန်းရောင်ဆံပင် ကောင်မလေးက ဆက်ပြောသည်။
"ခေါင်းဆောင်ချူ... ဒီလိုလုပ်ရင်ကော... ကျွန်မတို့ လူအားလုံးကို တစ်နေရာတည်း စုလိုက်မယ်ဆိုရင် ဒီလိုဆို ပိုပြီး လုံခြုံသွားမယ်လေ... တစ်ခုခု ဖြစ်လာရင်တောင် တစ်ယောက်ကိုတစ်ယောက် ကူညီစောင့်ရှောက်လို့ ရတာပေါ့"
ဤစကား ထွက်ပေါ်လာသည်နှင့် ချန်းရီက တိုက်ရိုက် ကန့်ကွက်လိုက်သည်။
"မရဘူး... ငါကန့်ကွက်တယ်"
"စွန်းချန်းချန်း... နင်က ပုစွန်ဦးနှောက်လား"
"ဒီလောက် လူတွေအများကြီး သေသွားတာတောင် နင်က စည်းမျဉ်းကို နည်းနည်းလေးတောင် မရှာတွေ့သေးဘူးလား"
ပန်းရောင်ဆံပင် ကောင်မလေးသည် အဆဲခံရသဖြင့် အနည်းငယ် ဒေါသထွက်သွားပြီး မကျေမနပ်ဖြင့် ပြန်မေးလိုက်သည်။
"ဘာစည်းမျဉ်းလဲ"
"အရင်က အိမ်နံပါတ် (၁၃၂) ... နောက်ပိုင်း အိမ်နံပါတ် (၁၂) ... သေသွားတဲ့ လူတွေအားလုံးက အိမ်တစ်အိမ်တည်းမှာ နေကြတဲ့သူတွေဖြစ်ပြီး ဆက်ဆံရေးက အရမ်း ရင်းနှီးကြတယ်"
"အနည်းဆုံးတော့ အကွာအဝေးက အရမ်း နီးကပ်နေကြတယ်"
ပန်းရောင်ဆံပင် ကောင်မလေး၏ မျက်ဝန်းများ အနည်းငယ် အရောင်လက်သွားသည်။
"စည်းမျဉ်းသတ်မှတ်ချက်ရှိတဲ့ ထူးဆန်းတဲ့ အရာ"
ချန်းရီက ချီးကျူးသည့် အကြည့်တစ်ချက်ကို ပစ်လွှတ်လိုက်သည်။
ပန်းရောင်ဆံပင် ကောင်မလေးက မတုံးအပေ။
သူမက ချန်းရီလောက် သံသယမများဘဲ ပါးနပ်စဉ်းလဲမှု မရှိသေးခြင်းသာ ဖြစ်သည်။
ပန်းရောင်ဆံပင် ကောင်မလေးသည် အသက် ဆယ့်ကိုးနှစ်အရွယ်သာ ရှိသေးကြောင်း သိထားရမည်။
ပန်းရောင်ဆံပင် ကောင်မလေးအား နောက်ထပ် စက္ကန့်သုံးဆယ်ခန့် စဉ်းစားချိန် ပေးလိုက်ရုံဖြင့် သူမကိုယ်တိုင်လည်း သတ်ဖြတ်ခြင်း စည်းမျဉ်းကို သတိပြုမိသွားမည် ဖြစ်သည်။
သို့သော် ပန်းရောင်ဆံပင် ကောင်မလေးက ချန်းရီ၏ ချီးကျူးသည့် အကြည့်ကြောင့် ဝမ်းသာမသွားဘဲ အလွန် မကျေမနပ် ဖြစ်နေ၏။
ချန်းရီ၏ ဤအကြည့်က ညွှန်ကြားချက်ကို နာခံသော ခွေးပေါက်စလေးကို ကြည့်နေသည့်အလား ဖြစ်နေပြီး ပါးစပ်မှ "ခွေးလိမ္မာလေး" ဟု ပြောရန်သာ လိုတော့သည်။
"လမ်းစဉ် အဆင့် (၃) သွေးလမ်းကြောင်း နတ်ဆရာတောင်မှ သတိမထားမိနိုင်တဲ့ စည်းမျဉ်းသတ်မှတ်ချက်ရှိတဲ့ ထူးဆန်းတဲ့ အရာပဲ"
"တကယ်လို့ ငါတို့သာ တစ်နေရာတည်း စုနေကြမယ်ဆိုရင် သတ်ဖြတ် စည်းမျဉ်းကို အစပျိုးပေးသလို ဖြစ်သွားနိုင်ခြေ အလွန်များတယ်"
ဤသည်မှာ ခေါင်းဆောင်ချူ ပြောလိုက်သော စကားဖြစ်သည်။
ခေါင်းဆောင်ချူ၏ ခေါင်းပေါ်ရှိ ဆံပင်များက ပို၍ပို၍ နည်းပါးလာပုံရပြီး သူ၏ ပုံစံကလည်း ပို၍ပို၍ ပါးနပ်စဉ်းလဲလာပုံရသည်။
"ဒါ့အပြင် အဲဒီအဘိုးကြီး သတိမထားမိဘူး ဆိုတာကို ငါတော့ မယုံဘူး"
ဤနောက်ဆုံး စကားတစ်ခွန်းကိုမူ ချူချယ်က ထုတ်မပြောခဲ့ပေ။
ဤမျှများပြားသော သတင်းအချက်အလက်များ ရရှိထားသဖြင့် ဤတစ်ကြိမ် စည်းမျဉ်းသတ်မှတ်ချက်ရှိသော ထူးဆန်းသည့် အရာ၏ အကြမ်းဖျင်း ပုံစံကို စောစောကတည်းက ပုံဖော်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုအဘိုးကြီးက အကြံအစည်အချို့ ရှိနေလျှင်တောင်မှ ချူချယ်က ဤလူတစ်ထောင် သေဆုံးသွားမည်ကို မလိုလားပေ။
အဘယ်ကြောင့်ဆိုသော်။
လူသားတွေက တကယ်ကို မကျန်တော့လို့ပင်ဖြစ်သည်။
ချူချယ်က ဤဂြိုဟ်ပေါ်တွင် လူသားများ မျိုးသုဉ်းပျောက်ကွယ်သွားမည်ကို မလိုလားပေ။
အကယ်၍ သူသာ မကူညီပါက ထိုအဘိုးကြီးသည် ဘုရားကျောင်းထဲရှိ ဘိုးဘေး တစ်ဆယ့်ရှစ်ပါးကို သေချာပေါက် အသုံးပြုလိမ့်မည်။
ဤအဘိုးကြီး၏ သဘောထားကို ကြည့်ရသည်မှာ ပေးဆပ်ရမည့် တန်ဖိုးက သေချာပေါက် အလွန် ကြီးမားနေမည် ဖြစ်ပြီး ခံနိုင်ရည်မရှိလောက်အောင်ပင် ကြီးမားနေနိုင်လေသည်။
အကယ်၍ သူသာဆိုလျှင် ဤအဘိုးကြီးနှင့် တူညီသော ရွေးချယ်မှုကို ပြုလုပ်မိမည်ကို စိုးရိမ်ရသည်။
စောစောက ရွာသူကြီး ပြန်လည်ပြောပြသော သေဆုံးခြင်း မှတ်ဉာဏ်များထဲမှနေ၍ ချန်းရီက စကားလုံး နှစ်လုံးကိုသာ မြင်တွေ့ခဲ့ရသည်။ "စုံတွဲ အချင်းချင်း သတ်ဖြတ်ခြင်း" သို့မဟုတ် "ညီအစ်ကို အချင်းချင်း သတ်ဖြတ်ခြင်း" ပင် ဖြစ်သည်။
ဤသည်မှာလည်း ချန်းရီ၏ မွေးရာပါ သံသယကြီးသော စရိုက်လက္ခဏာနှင့် သက်ဆိုင်နေသည်။
သာမန်လူတစ်ယောက်သည် ရင်းနှီးသူများအပေါ် ရုတ်တရက် သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။
မလွန်ဆန်နိုင်သော အကြောင်းရင်း တစ်ခုခု ရှိမနေခဲ့လျှင်ပေါ့။
ယခု ကြုံတွေ့နေရသော အခြေအနေများက ချန်းရီအား အလွန် စိုးရိမ်ပူပန်မှု ဖြစ်စေသည်။
ချန်းရီက အဖွဲ့သားများနှင့်အတူ ထိုသို့သော စည်းမျဉ်းများထဲသို့ မကျရောက်လိုပေ။
သူတို့သုံးယောက်သည် တစ်ချိန်တည်းလိုလိုမှာပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြပြီး ကိုယ်စီ သတိထားလိုက်ကြသည်။
ချူချယ်နှင့် စွန်းချန်းချန်းတို့က ချန်းရီကို ပြိုင်တူ သတိထား စောင့်ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်လုံး ချန်းရီနှင့် ခပ်ဝေးဝေးတွင် နေကြသည်။
စွန်းချန်းချန်းက တစ်ခုခုကို တွေးမိသွားပုံရပြီး ချူချယ်နှင့် ပို၍ပင် ဝေးဝေးသို့ ဆုတ်ခွာသွားသည်။
ဤအချိန်တွင် စွန်းချန်းချန်း၏ မျက်နှာပေါ်၌ သိသာထင်ရှားစွာ ရေးသားထားသည်မှာ "ချန်းရီက လူကောင်းမဟုတ်ဘူး... ခေါင်းဆောင်ချူကလည်း လူကောင်းမဟုတ်ဘူး... ငါ ဘယ်သူ့ကိုမှ မယုံဘူး" ဟူ၍ပင် ဖြစ်သည်။
"ခေါင်းဆောင်ချူ... ဆရာချန်း... မမလေးစွန်း"
ထိုအချိန်မှာပင် လက်ထောက် ရှောင်ကျန်းက တစ်ကိုယ်လုံး ချွေးသံတရွဲရွဲဖြင့် ပြေးလာသည်။
အလောတကြီး ခြေသံများက လမ်းမကြီး တစ်လျှောက်တွင် ဟိန်းထွက်နေသည်။
သူတို့သုံးယောက်၏ ဤကဲ့သို့သော ပုံစံကို မြင်တွေ့လိုက်ရသောအခါ အစပိုင်းတွင် အနည်းငယ် ကြောင်အမ်းသွားသည်။
"ဘာကိစ္စရှိလို့လဲ"
ချန်းရီ၏ အသံက ရှောင်ကျန်းကို သတိဝင်လာစေသည်။
"ဆရာချန်း... ခေါင်းဆောင်ချူ... မမလေးစွန်း... အသက်... အသက်ရှင်နေတဲ့သူ ရှိတယ်"
"တစ်ယောက်... မသေသေးဘူး"
ဆက်ရန်...