← Chapters

အခန်း ၂၂၇

Vol. 12 Ch. 227

အခန်း ၂၂၇

Vol. 12 Ch. 227

အပိုင်း(၂၂၇) ရွှေရောင်မျက်နှာဖုံး

လူအားလုံး ဘုရားကျောင်းထဲ၌ နောက်တစ်ကြိမ် ပြန်လည်စုဝေးမိကြသည်။

ထိုထူးဆန်းသည့် အရာ၏ သတ်ဖြတ်စည်းမျဉ်းကို အကြမ်းဖျင်း ခန့်မှန်းမိနေကြပြီ ဖြစ်သည်။

သို့သော် ၎င်းကို အာရုံစိုက်နေရန် အချိန်မရှိတော့ပေ။

အမှောင်ထဲတွင် ပုန်းကွယ်နေသော ထိုထူးဆန်းသည့် အရာနှင့် ၎င်း၏ သတ်ဖြတ်စည်းမျဉ်းများကို တတ်နိုင်သမျှ လေ့လာနားလည်ထားရန်သာ လိုအပ်၏။

၎င်းသည်သာ အကောင်းဆုံးသော ဖြေရှင်းနည်း ဖြစ်သည်။

လူအားလုံး ဘုရားကျောင်းဆီသို့ နောက်တစ်ခေါက် ပြန်ရောက်လာချိန်တွင် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူကို လက်ထောက်ရှောင်ကျန်းက ထိုနေရာသို့ ခေါ်ဆောင်လာခဲ့ပြီး ဖြစ်သည်။

သူတို့နှင့်အတူ တာအိုဆရာ ကျန့်ရုံတောက် လည်း ပါလာခဲ့၏။

ကျန့်ရုံတောက်၏ လမ်းလျှောက်ဟန်မှာ ယခင်အတိုင်း ထူးဆန်းနေဆဲ ဖြစ်သည်။

သို့သော် ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူကမျှ သူ့ကို လှောင်ပြောင်မနေကြတော့ပေ။

မြင်သာသည့်အချက်မှာ ထိုအသက်ရှင်ကျန်ရစ်သူ အမျိုးသမီးသည် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို အပြင်းအထန် ခံစားထားရခြင်းပင်။

သူမသည် အရပ်အနည်းငယ် မြင့်သော်လည်း အလွန်ပိန်ချုံးနေသော အမျိုးသမီးတစ်ဦး ဖြစ်၏။

ကမ္ဘာပျက်ကပ်ထဲတွင် လူတိုင်းလိုလို ပိန်ချုံးနေကြပြီး ဝဖြိုးနေသူများကို တွေ့ရခဲလှသည်။

သူမ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး ရက်ပေါင်းများစွာ ခေါင်းမလျှော်ထားရသည့်ပုံ ပေါက်နေသည်။

သူမ ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ဖုန်အလိမ်းလိမ်း ကပ်နေပြီး သွေးကွက်များစွာက မီးခိုးရောင် အဝတ်အစားပေါ်တွင် အကွက်လိုက် နီရဲနေလေသည်။

သူမ စီးထားသော ဖိနပ်များတွင်လည်း သွေးများ ရွှဲနစ်နေ၏။

လူသတ်လက်နက် နှစ်ခု ရှိနေသည်။

တစ်ခုမှာ ကိုယ်တိုင် ပြုလုပ်ထားသော လေးတစ်လက် ဖြစ်သည်။

ကြက်ပေါင်ကွင်းများ၊ ကြိုးများနှင့် သစ်သားချောင်းများကို အသုံးပြု၍ ပြုလုပ်ထားသဖြင့် အလွန် ရိုးရှင်းကြမ်းတမ်းပုံရသော်လည်း မြှားခေါင်းများကတော့ အလွန် ထက်မြက်လှ၏။

ဤကဲ့သို့သော လက်လုပ်လက်နက်မျိုးကို ယာဉ်တန်းထဲရှိ လူအချို့လည်း အသုံးပြုတတ်ကြသည်။

အစွမ်းပိုင်ရှင်များ၏ အမြင်တွင်တော့ ဤအရာများသည် ကလေးကစားစရာတစ်ခုလောက်ပင် အသုံးမဝင်ပေ။

သို့သော် သာမန် အသက်ရှင်ကျန်ရစ်သူများအတွက်မူ ၎င်းသည် အဖိုးတန်သော အရာတစ်ခု ဖြစ်ပေသည်။

နောက်ထပ် လက်နက်တစ်ခုမှာ ဖရဲသီးခွဲသော ဓားတစ်ချောင်း ဖြစ်၏။

ပစ္စည်းများ လိုက်လံရှာဖွေစဉ်က ကောက်ရလာခြင်းဖြစ်ပုံရပြီး ရှည်လျားသော ဓားသွားပေါ်တွင် သွေးများ ပေကျံနေသည်။

လက်ထောက်ရှောင်ကျန်း၏ ပြောပြချက်အရ...

ထိုအမျိုးသမီးသည် ကမ္ဘာပျက်ကပ် မတိုင်မီက သူမ၏ အလုပ်အကိုင်မှာ အရောင်းကုမ္ပဏီတစ်ခု၏ အရောင်းမန်နေဂျာ ဖြစ်ကြောင်း ပြောဖူးသည်ဟု ဆိုသည်။

နတ်ဆင်ရွာတွင်တော့ သူမ၏ ကံကြမ္မာက အလွန် ကောင်းမွန်သည်ဟု ဆိုရပေမည်။

သူမသည် ရွာထဲတွင် ကလေးနှစ်ယောက်၊ မိဘနှစ်ပါး၊ မောင်ဖြစ်သူ၊ ချစ်သူကောင်လေးအပြင် ချစ်သူကောင်လေး၏ မိဘများနှင့်ပါ အဆောင်ခန်းတစ်ခုတည်း၌ အတူတကွ နေထိုင်ကြသူ ဖြစ်သည်။

ထို့ကြောင့် ဤအမျိုးသမီးသည် နတ်ဆင်ရွာတွင် ကံအကောင်းဆုံးသူများထဲ၌ ပါဝင်နေခဲ့သည်။

မိသားစုအားလုံး အတူတကွ ရှိနေသောကြောင့်လားတော့ မသိ၊ သူမသည် အခြားသူများနှင့် ပြဿနာဖြစ်တိုင်း တစ်မိသားစုလုံး ဝိုင်းဝန်း ရန်ဖြစ်တတ်ကြ၏။

ရွာထဲရှိ အခြားသူများနှင့်လည်း အကြိမ်အနည်းငယ် ပြဿနာဖြစ်ဖူးကြသည်။

သို့သော် အဆုံးတွင်တော့ တစ်ဖက်လူကသာ အရှုံးပေး သည်းခံလိုက်ရသည်ချည်း ဖြစ်၏။

ခေါင်းကြီးရွာသူကြီးပင်လျှင် ထိုမိသားစုကြောင့် အတော်လေး ခေါင်းကိုက်ခဲ့ရသည်။

ဤတစ်ကြိမ်တွင်တော့ ထိုအမျိုးသမီးမှလွဲ၍ ချစ်သူ၏ မိဘနှစ်ပါး၊ သူမ၏ ကလေးနှစ်ယောက်နှင့် မိဘနှစ်ပါး အပါအဝင် စုစုပေါင်း ခုနစ်ယောက်စလုံး သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ကျန်ရစ်သော လူနှစ်ယောက်မှာလည်း ဘေးခန်းတွင် နေထိုင်ပြီး သူတို့နှင့် အလွန် ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြသည်။

ထိုအမျိုးသမီးနှင့် ရင်းနှီးသူတိုင်း သေဆုံးသွားခဲ့ပြီဟုပင် ပြော၍ ရနိုင်လေသည်။

သူမ တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်တော့၏။

ယခင်က အင်အားတောင့်တင်းလှသော မိသားစုကြီးထဲမှ ယခုအခါ သူမ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ဤမျှ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို သူမ ခံစားရသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။

"ဟီးဟီး... ဟားဟားဟား"

"လူတွေ... လူတွေရှိတယ်... နင်တို့ မမြင်ရဘူး"

"ဟီးဟီး"

"မျက်နှာဖုံး"

"ဟီးဟီး... ဇာတ်ကနေတဲ့လူ"

"ဟီးဟီး... ဟားဟား"

လက်ထောက်ရှောင်ကျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်...

ချန်းရီက ရှေ့တွင် ရပ်နေသော ရူးသွပ်နေသည့် အမျိုးသမီးကို ကြည့်ကာ တစ်ခဏမျှ စကားပြောရန် ဆွံ့အသွားခဲ့သည်။

ဒီတစ်ကြိမ် သေဆုံးသွားသူ အရေအတွက်မှာ အတိအကျ ကိုးယောက်ပင် ရှိလေသည်။

ခေါင်းကြီးရွာသူကြီးက ထိုသေဆုံးသွားသော အလောင်းများထံမှတစ်ဆင့် စည်းမျဉ်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။

အစပိုင်းတွင် တစ်ယောက်တည်း ဖြစ်ပြီး နောက်တော့ နှစ်ယောက်၊ ထို့နောက် သုံးယောက်၊ ပြီးလျှင် လေးယောက်အထိ တက်လာခဲ့သည်။

စုစုပေါင်း ဆယ်ယောက် သေဆုံးသွားခဲ့ပြီ ဖြစ်၏။

တစ်ခုတည်းသော အသက်ရှင်ကျန်ရစ်သူမှာ သူ့ရှေ့တွင် ရှိနေသော ရူးသွပ်နေသည့် အမျိုးသမီးသာ ဖြစ်သည်။

ထိုအမျိုးသမီးကိုပါ ထည့်တွက်မည်ဆိုပါက စုစုပေါင်း ဆယ့်တစ်ယောက် ရှိပေမည်။

"မျက်နှာဖုံး... ဇာတ်ကနေတဲ့လူ"

"ရွာသူကြီး... တခြားလူတွေရဲ့ သေဆုံးခါနီး မှတ်ဉာဏ်တွေထဲကနေ တခြား သတင်းအချက်အလက်တွေများ ထပ်တွေ့သေးလား"

ခေါင်းကြီးရွာသူကြီး၏ မျက်နှာမှာ ယခုအချိန်တွင် ဖြူဖျော့နေခဲ့ပြီ ဖြစ်သည်။

အချိန်တိုလေး အတွင်းမှာပင် သူသည် လူဆယ်ယောက်ကျော်၏ သေဆုံးခါနီး မှတ်ဉာဏ်များကို ဝင်ရောက် ကြည့်ရှုခဲ့ရသည် မဟုတ်ပါလော။

သူသည် လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေလျှင်တောင် ဤအချိန်၌ အတော်လေး ခံနိုင်ရည်မဲ့လာပြီ ဖြစ်၏။

ခေါင်းကြီးရွာသူကြီးက ခေါင်းယမ်းလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။

"မတွေ့ဘူး... ငါ ဘာမှ မမြင်ရဘူး"

"အဲဒီလို အရာမျိုး ရှိတယ်လို့လည်း တစ်ခါမှ မကြားဖူးဘူး"

ချန်းရီက အမျိုးသမီးကို မျက်မှောင်ကြုတ်၍ အချိန်အတော်ကြာ အကဲခတ်နေပြီးနောက် နှုတ်ခမ်းစွန်းကို အနည်းငယ် ကွေးညွတ်လိုက်သည်။

"ရွာသူကြီး... ဒီလိုလုပ်ရင်ရော... ခင်ဗျား သူ့ရဲ့ မှတ်ဉာဏ်တွေကို ဝင်ကြည့်လိုက်ပါလား... ဒီတစ်ခါတော့ တူချင်မှတူမှာပေါ့... ထူးခြားတာ တစ်ခုခုကို မြင်ရနိုင်တယ်လေ"

ခေါင်းကြီးရွာသူကြီးက ရူးသွပ်နေသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်၏။

"မရဘူး... အသက်ရှင်နေတဲ့လူကို ဝင်ကြည့်လို့ မရဘူး"

"ဒါကလွယ်ပါတယ်"

ချန်းရီက လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပင် ချူချယ်က သူ၏ ပါးစပ်ကို အတင်းပိတ်လိုက်ပြီး အနောက်သို့ ဆွဲခေါ်သွားလေသည်။

ဤကောင် ဘာလုပ်ဖို့ ကြံစည်နေသလဲ ဆိုသည်ကို အသင်းဖော်တစ်ယောက်အနေဖြင့် ချူချယ်က ကြိုတွေးစရာပင် မလိုဘဲ သိနေ၏။

ထိုအမျိုးသမီးကတော့...

ဘုရားကျောင်းထဲမှ ပြန်လည်ထွက်ခွာလာပြီးနောက် သူတို့ သုံးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေလိုက်ကြပြီး အလွန်တရာ သတိဝီရိယ ကြီးမားနေကြသည်။

ယခုအချိန်အထိ ထိုထူးဆန်းသည့် အရာ၏ သတ်ဖြတ်စည်းမျဉ်းကို အကြမ်းဖျင်းမျှ နားလည်ထားပြီး ဖြစ်၏။

သို့သော် အကြမ်းဖျင်းမျှသာ ဖြစ်သည်။

ပိုမို ရှင်းလင်းစွာ နားလည်သိရှိနိုင်ရန်အတွက်...

ထိုအမျိုးသမီး၏ ပါးစပ်ကို အတင်း ဖွင့်ခိုင်းရန်သာ ရှိတော့သည်။

သို့သော် ရွာသူကြီး တားဆီးနေသဖြင့် ဤကိစ္စမှာ အတော်လေး ခက်ခဲနေ၏။

ခေါင်းကြီးရွာသူကြီးသည် နတ်ဆင်ရွာရှိ ရွာသားများကို အလွန် အကာအကွယ်ပေးတတ်သူ ဖြစ်သည်။

သူသည် အလွန် အရည်အချင်းပြည့်ဝသော ရွာသူကြီးတစ်ဦးလည်း ဖြစ်၏။

ထိုအမျိုးသမီးသည် မည်မျှပင် အကျင့်စရိုက်ဆိုးပါစေ၊ သူကတော့ ထိုအမျိုးသမီးရှေ့တွင် ခိုင်မာစွာ မတ်တတ်ရပ်၍ ကာကွယ်ပေးထားဆဲပင်။

အကြောင်းရင်းမှာ ထိုအမျိုးသမီးသည် သူ၏ ရွာသူရွာသား တစ်ယောက် ဖြစ်နေသောကြောင့်ပင်တည်း။

"ခေါင်းဆောင်ချူ... မင်း ဘယ်လိုမြင်လဲ"

ချန်းရီက အဝေးမှနေ၍ ချူချယ်ကို အော်မေးလိုက်သည်။

ချူချယ်က ခဏမျှ တွေးတောလိုက်ပြီးနောက် ဖြေလိုက်၏။

"အဲဒီမိန်းမ... ဟန်ဆောင်နေတာ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း အေးစက်စွာ ရယ်မောလိုက်သည်။

"အဲဒီမိန်းမ တစ်ခုခု သိနေတာ သေချာတယ်... ရွာသူကြီးသာ မရှိရင်..."

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဉာဏ်ရည်မှာလည်း အတော်လေး ထက်မြက်ကြောင်း သိသာလှ၏။

တစ်ခါတစ်ရံတွင် သူမ၏ ဉာဏ်ရည် မီမလာခြင်းမှာလည်း အသက် ဆယ့်ကိုးနှစ် အရွယ်သာ ရှိသေးသဖြင့် ငယ်ရွယ်လွန်းသောကြောင့်သာ ဖြစ်သည်။

စောစောက ချန်းရီ ထိုအမျိုးသမီးကို အကြမ်းဖက်ရန် ပြင်လိုက်ချိန်တွင်...

ထိုအမျိုးသမီး ကြောက်လန့်တကြား နောက်ဆုတ်သွားသည်ကို ပန်းရောင်ဆံပင်နှင့် ကောင်မလေး မြင်တွေ့လိုက်ရသည်။

ထိုကဲ့သို့သော တုံ့ပြန်မှုမျိုးသည် ရူးသွပ်နေသူ တစ်ယောက်၏ အပြုအမူမျိုး လုံးဝ မဟုတ်ပေ။

"ညကျရင် သွားမေးကြည့်ရအောင်လား"

"အကြံကောင်းပဲ... အချိန်ကျရင် ငါ့ကိုပါ ခေါ်ဖို့ မမေ့နဲ့နော်"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ဤကဲ့သို့သော ကိစ္စမျိုးကို အလွန် စိတ်ဝင်စားနေပုံရသည်။

သူတို့ သုံးယောက် ကိုယ့်နေရာကိုယ် အသီးသီး ပြန်ရောက်သွားပြီး မကြာမီမှာပင်...

သတင်းတစ်ခု ထပ်မံ ရောက်ရှိလာပြန်၏။

ထိုအမျိုးသမီး... ဘုရားကျောင်းထဲတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီတဲ့။

လက်ထောက်ရှောင်ကျန်းထံမှ ရရှိသော သတင်းအရ ရွာသူကြီး အနားယူနေချိန်ကို အခွင့်ကောင်းယူကာ ထိုအမျိုးသမီးသည် ဘိုးဘေးဆယ့်ရှစ်ပါး ရုပ်တုများရှေ့ရှိ ထုပ်တန်းတွင် ကြိုးဆွဲချ၍ သတ်သေသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျစ်။

ချန်းရီသည် ဤအချိန်တွင် အတော်လေး ဆဲရေးတိုင်းထွာချင်စိတ် ပေါက်လာခဲ့ပြီ ဖြစ်သည်။

တိုးတက်မှု အနည်းငယ် ရလာခါနီးမှ သဲလွန်စများ ထပ်မံ ပြတ်တောက်သွားခဲ့ရပြန်၏။

နတ်ဆင်ရွာ တစ်ရွာလုံး အသက်ရှူကြပ်လောက်အောင် ထူးဆန်းကျောချမ်းဖွယ်ကောင်းသည့် အခြေအနေထဲသို့ ကျရောက်သွားခဲ့သည်။

ယခုအချိန်သည် နေပူပြင်းသော မွန်းတည့်ချိန် ဖြစ်နေလျှင်ပင်...

ရွာတစ်ရွာလုံးကတော့ လူများကို ချမ်းစိမ့်စိမ့် ခံစားရစေဆဲပင် ဖြစ်၏။

ချန်းရီသည် နတ်ဆင်ရွာ၏ လူအစည်ကားဆုံး လမ်းမပေါ်တွင် ရှိနေဆဲ ဖြစ်သည်။

တင်းတုံကတော့ စိုက်ပျိုးရေးစခန်းတွင် ရှိနေ၏။

ထယ်ရှီးက ဘုရားကျောင်းနှင့် ကားပါကင် အနီးတစ်ဝိုက်ကို စောင့်ကြပ်နေသည်။

ခေါင်းဆောင်ချူချယ်ကမူ သူ၏ နေအိမ်ထဲတွင် ပုန်းအောင်းနေပြီး ဘာလုပ်နေမှန်း မသိရပေ။

နတ်ဆင်ရွာရှိ တစ်ဦးတည်းသော အစွမ်းပိုင်ရှင် လေးယောက်ထဲမှ တစ်ယောက်ကတော့ သဲလွန်စ ပျောက်နေ၏။

တစ်ယောက်က ဘုရားကျောင်းတွင် ရှိနေသည်။

နှစ်ယောက်ကတော့ စိုက်ပျိုးရေးစခန်းတွင် ရှိနေကြ၏။

ဘုန်းကြီးသည် တင်းတုံကဲ့သို့ပင် မျက်စိမှိတ်၍ တရားထိုင်နေပြီး သူ၏ မျက်နှာပေါ်တွင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အရိပ်အယောင်များ လုံးဝ မရှိပေ။

ထိုဘုန်းကြီး ရရှိထားသော အမိန့်မှာ သေသွားသည့်တိုင်အောင် စိုက်ပျိုးရေးစခန်းမှ ထွက်မသွားရ ဟူ၍ ဖြစ်သည်။

လူအများ လေးစားရသော ပါမောက္ခလျှိုကမူ ဤကိစ္စများကြောင့် အစအဆုံး အနှောင့်အယှက် ဖြစ်ပုံမရဘဲ စိုက်ခင်းထဲတွင် အလုပ်ရှုပ်နေဆဲ ဖြစ်သည်။

အစိမ်းရောင် အပင်ပေါက်လေး နှစ်ပင်ကို ကိုင်ကာ နှိုင်းယှဉ်ကြည့်လိုက်၊ မှတ်စုစာအုပ်ထဲတွင် တစ်ခုခုကို ရေးမှတ်လိုက်နှင့်သာ အလုပ်ရှုပ်နေ၏။

ယခင်က အလွန် စည်ကားခဲ့သော စိုက်ပျိုးရေးစခန်းတွင် ယခုအခါ ဤဆံပင်ဖြူဖြူ အဘိုးအို တစ်ယောက်သာ ကျန်ရစ်နေခဲ့တော့သည်။

ချန်းရီသည် ကောင်းကင်ယံမှ နေမင်းကြီးကို တစ်ချက်မော့ကြည့်လိုက်ပြီး သူ့ရှေ့တွင် ရပ်နေသော ရွှေရောင် မျက်နှာဖုံးတပ်ထားသည့် လူကို ပြန်ကြည့်လိုက်သည်။

သူ့ရှေ့မှ အရာကို လူတစ်ယောက်ဟု ခေါ်ဆိုခြင်းထက် သတ္တဝါဆိုးကြီး တစ်ကောင်ဟု ခေါ်ဆိုခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။

ခန္ဓာကိုယ်ကြီးမှာ အလွန်တရာ ရှည်လျားထူးဆန်းနေပြီး လက်ဖဝါးများက ဒူးခေါင်းအထိ တွဲကျနေ၏။

ခြေလက်များမှာ ဝါးလုံးများကဲ့သို့ ပိန်ချုံးခြောက်ကပ်နေသည်။

အရပ်မှာ ၇ ပေနီးပါးခန့် ရှိပြီး ထိုနေရာတွင် ခါးကိုင်းကိုင်းဖြင့် ရပ်နေလေသည်။

ချန်းရီက ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။

ထို့နောက် သက်ပြင်းချကာ ပြောလိုက်၏။

"မင်းမှာ ရွေးစရာ လူတွေ အများကြီး ရှိတာကို... ပထမဆုံး အနေနဲ့ ငါ့ကိုမှ လာရွေးရတယ်လို့ကွာ"

ဆက်ရန်...

All Chapters