အခန်း ၂၂၉
Vol. 12 Ch. 229
အပိုင်း(၂၂၉) ရွေးချယ်မှု ပြုလုပ်လိုက်ပါ
နားဝင်ဆိုးလှသော ထိုအသံကြီးက စကားပြောဆိုပြီးဆုံးသွားပြီးနောက်။
ချန်းရီက သူနှင့် မျက်နှာဖုံးစွပ်အမျိုးသားကြားတွင် သွေးများစီးကျနေသော အချိန်မှတ် နာရီတစ်ခု တဖြည်းဖြည်း ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။
"၀၀:၀၀:၅၉"
"၀၀:၀၀:၅၈"
သွေးရောင် အချိန်မှတ်နာရီက တစ်ချက် ခုန်သွားတိုင်း ချန်းရီ၏ နှလုံးသားကလည်း လိုက်ပါ ခုန်ပေါက်နေသည်။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ဖိအားများပြည့်နှက်နေသော အလောတကြီး ခံစားချက်က ပိုမို ပြင်းထန်လာခဲ့၏။
ချန်းရီ သဘောပေါက်သွားချေပြီ။
စည်းမျဉ်းများဖြင့် သတ်ဖြတ်ခြင်း၏ နောက်ကွယ်မှ အမှန်တရားကို အကြွင်းမဲ့ နားလည်သွားခဲ့သည်။
နောက်ဆုံး အမှန်တရားပေါ်တွင် ဖုံးကွယ်ထားသော ဇာပုဝါပါးလေးမှာလည်း ယခုအချိန်တွင် ခွာချခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ရွာသူရွာသားများ နေထိုင်ရာ အိမ်တိုင်းတွင် မိမိနှင့် အရင်းနှီးဆုံး လူများ နေထိုင်ကြခြင်း ဖြစ်သည်။
ဥပမာအားဖြင့် အစောဆုံးဖြစ်ခဲ့သည့် ဝူတာ့ဝေကို ကြည့်လျှင် ရွှေရောင်မျက်နှာဖုံး၏ အနီးကပ်ဆုံး စည်းမျဉ်းအရ ပစ်မှတ်ထားခံရခြင်း ဖြစ်၏။
သူ၏ ပထမဆုံးသော ရန်သူမှာ သူ၏ ချစ်သူကောင်မလေးပင် ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများအရ ဝူတာ့ဝေသည် သူ၏ ချစ်သူနှင့် အတူ နေထိုင်လျက်ရှိသည်။
အနီးကပ်ဆုံး စည်းမျဉ်းအရ သူတို့နှစ်ဦးသည် အနီးကပ်ဆုံး အကွာအဝေးတွင် ရှိနေခဲ့သည်။
နောက်ဆုံးတွင် သူ အသက်ရှင်ကျန်ရစ်ခဲ့၏။
ဒုတိယအကြိမ်။
အနီးကပ်ဆုံး စည်းမျဉ်းအရ။
သူသည် တစ်အိမ်တည်းတွင် အတူနေထိုင်သော သူငယ်ချင်း ဇနီးမောင်နှံနှင့် ရင်ဆိုင်ခဲ့ရသည်။
၎င်းသည် လူ့သဘာဝကို အစွန်းရောက် စမ်းသပ်သည့် ကစားပွဲ တစ်ခုပင်။
နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်ခဲ့သူမှာ သူသာ ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော လူ့သဘာဝကို အစွန်းရောက် စမ်းသပ်မှုအောက်တွင် သူ ပြိုလဲသွားခဲ့သည်မှာ သိသာထင်ရှားလှ၏။
နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုများနှင့်အတူ ချန်းရီနှင့် ခေါင်းဆောင်ချူတို့ရှေ့သို့ ယိုင်နဲ့နဲ့ ရောက်ရှိလာခဲ့သည်။
အထက်သို့ မြှောက်ထားသော ဓားကို ခုတ်ချလိုက်သည်။
၎င်းသည်လည်း လွတ်မြောက်ခြင်း တစ်မျိုးပင် ဖြစ်ပေမည်။
ထိုအမျိုးသား သေဆုံးမသွားမီ ရူးသွပ်စွာ တောင်းပန်နေခဲ့ပြီး ရွေးချယ်စရာ မရှိကြောင်းနှင့် သူလည်း မသေချင်ကြောင်း ပြောဆိုနေခဲ့သည်ကို ချန်းရီ မှတ်မိနေသေးသည်။
အရာအားလုံးသည် ရှင်းလင်းသွားခဲ့ချေပြီ။
မိမိကိုယ်တိုင် အစမှ အဆုံးထိ သတ်ဖြတ်ကာ အနီးကပ်ဆုံး ဆွေမျိုးများအားလုံးကို အကုန်အစင် ရှင်းလင်းပစ်ခဲ့သည်ပဲ ဖြစ်ဖြစ်။
ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင်။
လူ့သဘာဝကို အပြင်းထန်ဆုံး နှိပ်စက်ခြင်းပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ်ကို ဖြတ်သန်းဖူးသူတိုင်းသည် ပြန်လည်ရရှိလာသော သံယောဇဉ်များကို အလွန်တရာ တန်ဖိုးထားတတ်ကြသည်။
ဆုံးရှုံးဖူးသူများသာလျှင် သံယောဇဉ်၏ တန်ဖိုးကို သိရှိနိုင်ပေသည်။
ချန်းရီက နတ်ဆင်ရွာတွင် အသစ်ပြန်လည် ဖွဲ့စည်းထားသော မိသားစု များစွာကို မြင်တွေ့ခဲ့ဖူးသည်။
ဤမိသားစုများအားလုံးတွင် တူညီသော ထူးခြားချက် တစ်ခုရှိသည်။ ၎င်းမှာ အလွန်တရာ သင့်မြတ်ညီညွတ်ကြခြင်းပင်။
ဆုံးရှုံးပြီးမှ ပြန်လည်ရရှိကာ၊ ရရှိပြီးမှ ထပ်မံ ဆုံးရှုံးရပြန်သည်။
ထို့အပြင် မိမိကိုယ်တိုင် ဖျက်ဆီးလိုက်ရသည့် ခံစားချက်မျိုးပင် ဖြစ်နေသေး၏။
မည်သူမျှ ထိုဒဏ်ကို ခံနိုင်ရည် ရှိမည်မဟုတ်ပေ။
နောက်ဆုံး အသက်ရှင်ကျန်ရစ်ခဲ့သော ထိုအမျိုးသမီး။
နတ်ဆင်ရွာတွင် သူမ၏ နာမည်ဂုဏ်သတင်း မကောင်းသော်ငြားလည်း သူမ၏ မိသားစုကို တန်ဖိုးမထားဟု မဆိုလိုပေ။
သိထားရမည်မှာ သေဆုံးသွားသူများထဲတွင် သူမ၏ ကလေး၊ သူမ၏ မိဘများနှင့် သူမ၏ ချစ်သူတို့ ပါဝင်နေခြင်းပင် ဖြစ်သည်။
ထိုအမျိုးသမီး မည်သို့ အသက်ရှင်ကျန်ရစ်ခဲ့သည်ကို ချန်းရီ အတိအကျ မသိပေ။
ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက အရူးမဟုတ်လျှင်တောင်မှ အရူးတစ်ယောက်ဖြစ်အောင် ဖိအားပေးခံရမည်မှာ သေချာလှသည်။
ယခင်က ခေါင်းဆောင်ချူသည် ထိုအမျိုးသမီးကို အရူးဟန်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့၏။
ခေါင်းဆောင်ချူ၏ ခန့်မှန်းချက်မှာ တစ်ဝက် မှန်ကန်နေသည်။ ထိုအမျိုးသမီးသည် သူမကိုယ်တိုင် မိသားစုကို သတ်ဖြတ်ခဲ့ကြောင်း အခြားသူများအား မသိစေချင်၍ ဖြစ်ပေလိမ့်မည်။
သို့မဟုတ်ပါက တစ်ဝက်ရူးသွပ်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
နောက်ဆုံးတွင် ဖိအားများ၏ ရိုက်ခတ်မှုအောက်၌ အခြားသူများကဲ့သို့ပင် တူညီသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။
"၀၀:၀၀:၅၅"
သွေးများ စီးကျနေသော အချိန်မှတ် နာရီ။
ရွှေရောင် မျက်နှာဖုံးပေါ်မှ အထက်သို့ ကွေးတက်နေသော လခြမ်းပုံစံ အပြုံး။
လူသားများ၏ ရယ်စရာကောင်းမှုကို လှောင်ပြောင်နေသကဲ့သို့ ရှိသည်။
ယခုအချိန်တွင်မူကား ထူးဆန်းသောအရာ၏ ပစ်မှတ်မှာ ချန်းရီ ဖြစ်နေချေပြီ။
ချန်းရီက လွန်ခဲ့သော အခိုက်အတန့်ကပင် နတ်ဆင်ရွာ၏ လမ်းမပေါ်တွင် ရှိနေခဲ့ပြီး အနီးကပ်ဆုံး စည်းမျဉ်းအရ ပစ်မှတ်ထားခံရခြင်း ဖြစ်သည်။
လမ်းဘေး တစ်ဖက်တစ်ချက်ရှိ အိမ်များမှာ ချန်းရီနှင့် အနီးဆုံး အကွာအဝေးတွင် ရှိနေသည်။
ထို့ကြောင့် ဤသတ္တိကြောင်သော နတ်ဆင်ရွာသား ပေါ်လာခဲ့ခြင်း ဖြစ်၏။
အကယ်၍ ယခုအချိန်တွင် ချန်းရီနှင့် အဖွဲ့သားများ ထွက်မသွားသေးပါက နောက်ဆုံးရလဒ်မှာ မည်သို့ ဖြစ်သွားမည်နည်း။
"ဟီးဟီး... အချိန် သိပ်မကျန်တော့ဘူး... ရွေးချယ်မှု ပြုလုပ်လိုက်စမ်းပါ"
"မင်း သေမလား... ဒါမှမဟုတ် သူ သေမလား"
ရွှေရောင် မျက်နှာဖုံးစွပ်၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဘေးနားရှိ သတ္တိကြောင်သော အမျိုးသားမှာ ကြောက်လန့်တကြား ခြေလက်များ အားပျော့နေပြီး ချန်းရီကို ထိတ်လန့်စွာ ကြည့်နေသည်။ သူ၏ ခြေထောက်များက တရစပ် ယက်ကန်နေကာ ချန်းရီနှင့် ဝေးရာသို့ ထွက်ပြေးရန် ရည်ရွယ်နေ၏။
ချန်းရီက ခါးနောက်မှ ပေါက်ကွဲကြယ်ပွင့်ကို ဆွဲထုတ်လိုက်သည်။
"ဒိုင်း... ဒိုင်း... ဒိုင်း..."
ဆက်တိုက် သုံးချက် ပစ်ခတ်လိုက်သည်။
သေနတ်သံက ဤတိတ်ဆိတ်နေသော လမ်းမပေါ်တွင် အဝေးသို့တိုင် ပျံ့လွင့်သွား၏။
သို့သော် လမ်းဘေး တစ်ဖက်တစ်ချက်ရှိ အိမ်များအတွင်းမှ သေနတ်သံကြောင့် လန့်နိုးလာသော အသံများ ထွက်ပေါ်လာခြင်း မရှိပေ။
လမ်းဘေးရှိ အိမ်များအတွင်း လူနေထိုင်ခြင်း မရှိသကဲ့သို့ပင်။
ချန်းရီ တိုက်ခိုက်သော ပစ်မှတ်မှာ သတ္တိကြောင်နေသည့် အမျိုးသား မဟုတ်ဘဲ ရွှေရောင် မျက်နှာဖုံးစွပ် အမျိုးသားပင် ဖြစ်သည်။
သတ္တိကြောင်သော အမျိုးသားမှာ တစ်ကိုယ်လုံး တုန်ယင်နေအောင် ကြောက်လန့်နေပြီး နားနှစ်ဖက်ကို ပိတ်ကာ ဘေးသို့ ကပ်နေရှာသည်။
ကျည်ဆန်များက မျက်နှာဖုံးစွပ် အမျိုးသား၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသော်လည်း သူ၏ အပေါ်တွင် မည်သည့် ထိခိုက်ဒဏ်ရာမျှ ဖြစ်ပေါ်စေခြင်း မရှိပေ။
"ဟီးဟီး... အလကားပါပဲ... အစွမ်းပိုင်ရှင်... ငါတို့က ဘုံတစ်ခုတည်းမှာ ရှိနေတာမဟုတ်ဘူး... မင်း ငါ့ကို သတ်လို့ မရဘူး"
"အစွမ်းပိုင်ရှင်... မင်းဆီက သွေးနံ့တွေကို ငါ ရနေတယ်... ဒီဆုံးဖြတ်ချက်က မင်းအတွက်တော့ သိပ်ခက်ခဲမှာ မဟုတ်လောက်ပါဘူး"
ပေါက်ကွဲကြယ်ပွင့်က မျက်နှာဖုံးစွပ် အမျိုးသားအပေါ် မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ချေ။
ချန်းရီက ပေါက်ကွဲကြယ်ပွင့်ကို ခါးနောက်သို့ ပြန်ထိုးထည့်လိုက်သည်။
အမုန်းတရား ကို ဆွဲထုတ်လိုက်၏။
အမုန်းတရားက တသိမ့်သိမ့် တုန်ခါနေပြီး မကြာမီ ရောက်ရှိလာတော့မည့် တိုက်ပွဲအတွက် စိတ်လှုပ်ရှားနေပုံရသည်။
ဓားသွားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သောအခါ သိပ်သည်းစွာ ယှက်နွယ်နေသော သွေးကြောမျှင်လေးများက ဓားကိုယ်ထည်မှ ခွဲခွာရမည်ကို နှမြောတသစွာဖြင့် ကွာကျသွားကြသည်။
ချန်းရီက မျက်နှာဖုံးစွပ် အမျိုးသား၏ မေးခွန်းကို ပြန်မဖြေဘဲ ဓားကို နောက်ပြန်ကိုင်ကာ လွှဲခုတ်လိုက်သည်။ ထင်းခုတ်ဓားမကြီးက တိုးတိတ်လွန်းလှသော ငိုကြွေးသံ သဲ့သဲ့နှင့်အတူ မျက်နှာဖုံးစွပ် အမျိုးသားဆီသို့ ဝင်ရောက်သွား၏။
ချန်းရီက သနားကရုဏာ သက်သွားပြီး မိမိကိုယ်ကို စတေးကာ ဤအမျိုးသားကို အသက်ရှင်ခွင့် ပေးရန် ရည်ရွယ်ထားခြင်း မဟုတ်ပေ။
ဤကဲ့သို့သော မိုက်မဲသည့် ကိစ္စမျိုးသည် ချန်းရီအတွက် လုံးဝ မဖြစ်နိုင်ချေ။
သို့သော် ချန်းရီက အကြောင်းမဲ့သတ်ဖြတ်နေသည့်သူ တစ်ယောက် မဟုတ်သဖြင့် ထူးဆန်းသောအရာ၏ စကားတစ်ခွန်းတည်းဖြင့် ဤသတ္တိကြောင်သော အမျိုးသားကို မဆိုင်းမတွ သတ်ပစ်မည် မဟုတ်ပေ။
သူက အဲ့ဒီလောက်ထိ စကားနားထောင်တတ်သူ မဟုတ်ချေ။
သူများက နှာခေါင်းပေါက်ကို ကြိုးတပ်ပြီး ဆွဲခေါ်သွားမည်ကိုလည်း အကျင့်ပါနေသူ မဟုတ်ပေ။
တစ်ဖက်လူက လူဖြစ်စေ၊ ထူးဆန်းသောအရာ ဖြစ်စေ ဂရုစိုက်မည် မဟုတ်။
ခေါင်းဆောင်ချူက ချန်းရီကို လေးလေးနက်နက် ပြောဖူးသည်။ လူသားများ တစ်နေ့တခြား နည်းပါးလာပြီ ဖြစ်သဖြင့် တစ်ယောက် လျှော့သတ်နိုင်လျှင် တစ်ယောက် လျှော့သတ်ရန်ပင်။
ကမ္ဘာပျက်ကပ် စတင်ချိန်မှ ယခုအထိ ချန်းရီ တွေ့ဆုံခဲ့ဖူးသော အသက်ရှင်သူ အရေအတွက်မှာ နှစ်ထောင်ပင် မပြည့်သေးပေ။
မှတ်သားထားရမည်မှာ ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် အပြင်ထွက် လမ်းလျှောက်ရုံမျှဖြင့် လူနှစ်ထောင်ထက်မက တွေ့ဆုံနိုင်သည် မဟုတ်ပါလော။
စက္ကန့် ငါးဆယ် ကျန်သေးသည်။
ချန်းရီက ဤစက္ကန့် ငါးဆယ်အတွင်း ဤနယ်မြေကြီးကို ချိုးဖျက်နိုင်မည်လား ဆိုသည်ကို စမ်းသပ်ကြည့်ချင်သည်။
တကယ်လို့ မချိုးဖျက်နိုင်ခဲ့ဘူးဆိုလျှင်... ထိုအချိန်ရောက်မှ။
ချန်းရီအတွက်ကတော့။
မိမိကိုယ်တိုင် အသက်ရှင်နေခြင်းက ဤအမျိုးသားထက် အများကြီး ပိုအသုံးဝင်သည်။
ထို့ပြင် လက်ရှိ အဓိက ရန်သူမှာ ဤသတ္တိကြောင်သော အမျိုးသား မဟုတ်ပေ။
မျက်မှောက်တွင် ရွှေရောင် မျက်နှာဖုံးစွပ်ထားသော ထူးဆန်းသောအရာသာ ဖြစ်သည်။
အမုန်းတရားက မကျေမနပ်ဖြင့် ချန်းရီ အနီးသို့ ပြန်လည် ရောက်ရှိလာ၏။
ချန်းရီက အမုန်းတရားကို သွေးရောင် ဓားအိမ်ထဲသို့ ပြန်လည် ထိုးထည့်လိုက်သည်။
အမုန်းတရား ပထမဆုံးအကြိမ် ထွက်ပေါ်လာသော်လည်း အချည်းနှီး ပြန်လာရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ချန်းရီက နေကာမျက်မှန်ကို ချွတ်လိုက်သည်။
သွေးရောင် သူငယ်အိမ်များက အလင်းရောင်များ ဖြာထွက်လာပြီး သူငယ်အိမ် အလယ်ရှိ အင်းစာလုံးများက တဖြည်းဖြည်း လည်ပတ်နေ၏။
"ဟမ်... မင်းက... ထူးဆန်းတဲ့အရာနဲ့ ပူးတွဲရှင်သန်သူ... မဟုတ်သေးဘူး... သဘာဝလွန်ပစ္စည်းနဲ့ ပူးတွဲရှင်သန်သူပဲ"
"ကျွတ်... ကျွတ်... မင်းတို့ လူသားတွေက ဒီအဆင့်အထိ လုပ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး"
"မဟုတ်သေးဘူး... မင်းရဲ့ ဒီအရာက... မင်းက သဘာဝလွန်ပစ္စည်းနဲ့ ပူးတွဲရှင်သန်သူတောင် မဟုတ်သေးပါလား"
"မင်းက သဘာဝလွန်ပစ္စည်းနဲ့ ပူးတွဲရှင်သန်သူ အရန်အဆင့်ပဲ ရှိသေးတာကိုး"
"စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ"
"တကယ်လို့ ငါနဲ့ မင်းက ဘုံတစ်ခုတည်းမှာ ရှိနေခဲ့ပြီး မင်းရဲ့ သွေးမျက်လုံးကသာ အပြည့်အဝ နိုးထနေခဲ့ရင် ငါ့အတွက် တကယ် ပြဿနာ နည်းနည်း ရှိလာနိုင်တယ်"
"ဒါပေမဲ့ အခုတော့..."
"အစွမ်းပိုင်ရှင်... ရွေးချယ်မှု ပြုလုပ်လိုက်ပါ"
မျက်နှာဖုံးစွပ် အမျိုးသားက ဟီးဟီးရယ်မောလိုက်ပြီး မျက်နှာပေါ်ရှိ လခြမ်းပုံစံ အပြုံးမှ လှောင်ပြောင်သံများ ထွက်ပေါ်လာ၏။
သို့သော် မျက်နှာဖုံးစွပ် အမျိုးသား၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ပြင်းထန်သော လိမ္မော်နီရောင် မီးတောက်များ ရုတ်တရက် လောင်ကျွမ်းလာသည်။
ထိုမီးတောက်များက မျက်နှာဖုံးစွပ် အမျိုးသားအပေါ် မည်သည့် ထိရောက်မှုမျှ မရှိခဲ့ပေ။
သွေးများ စီးကျနေသော အချိန်မှတ် နာရီတွင် စက္ကန့် လေးဆယ်သာ ကျန်တော့သည်။
ချန်းရီက အသူရာ ထိန်းချုပ်ခြင်းကို အသုံးပြုရန် စမ်းသပ်ကြည့်လိုက်သည်။
သွေးမျက်လုံး၏ စွမ်းအားများက ရွှေရောင် မျက်နှာဖုံးပေါ်ရှိ မျက်လုံးပေါက် အမည်းရောင် နှစ်ခုနှင့် ရင်ဆိုင်လိုက်ရသောအခါ အားသုံး၍ မရသည့် ခံစားချက်မျိုးကို အမြဲလိုလို ခံစားနေရ၏။
သွေးမျက်လုံးမှ သွေးရောင် မျက်ရည်တစ်ပေါက် စီးကျလာသည်။
အပြည့်အဝ ပေါင်းစပ်ထားခြင်း မရှိသေးသော သွေးမျက်လုံးကို အသုံးပြုလိုက်သည့်အခါ တားဆီးရခက်သော စူးရှသည့် နာကျင်မှုကို ခံစားနေရဆဲပင်။
အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်း၏ မီးခိုးမြူများကို အသုံးပြု၍ လွှမ်းခြုံရန် စမ်းသပ်ကြည့်လိုက်သည်။
အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းသည် ကာကွယ်ရန် သက်သက်အတွက်သာ အသုံးပြုနိုင်သည် မဟုတ်ပေ။
ရလဒ်အနေဖြင့် တစ်ဖက်တွင် ဗလာနတ္ထိဖြစ်နေပြီး မည်သည့်အရာမျှ မရှိကြောင်းကိုသာ ခံစားနေရဆဲ ဖြစ်၏။
"အစွမ်းပိုင်ရှင်... မင်းဆီမှာ နည်းလမ်းတွေ ဒီလောက်တောင် များနေလိမ့်မယ်လို့ ငါ မထင်ထားဘူး"
"မင်းကို အထင်သေးမိသွားတယ်... ဟီးဟီး... ဒါပေမဲ့ မင်း ဘယ်လိုပဲ လုပ်လုပ် နောက်ဆုံးတော့လည်း အချည်းနှီးပါပဲ"
"ငါတို့က ဘုံ တစ်ခုတည်းမှာ ရှိနေတာ မဟုတ်ဘူး"
"စက္ကန့် သုံးဆယ့်ငါး ကျန်သေးတယ်... ဆုံးဖြတ်ချက် ချလိုက်ပါ"
"မင်း သေမလား... ဒါမှမဟုတ် ဟိုအမှိုက်ကောင် သေမလား"
"ဒီရွေးချယ်မှုက အဲ့ဒီလောက်ထိ ခက်ခဲမှာ မဟုတ်ပါဘူး"
ဖန်တီးထားသော မရဏနတ်သမီးတံစဉ်က အမျိုးသား၏ လည်ပင်းကို ဖြတ်တိုက်သွားသည်။
သို့သော် မည်သည့် ရလဒ်မျှ မဖြစ်ပေါ်ခဲ့ပေ။
ထိုရွံရှာဖွယ် မျက်နှာဖုံးက ချန်းရီကို ပြုံးဖြီးဖြီးဖြင့် ကြည့်နေဆဲပင်။
"စက္ကန့် သုံးဆယ် ကျန်သေးတယ်"
"လူသား... မင်းဆီမှာ ဘာနည်းလမ်းတွေ ကျန်သေးလဲ... မြန်မြန်လုပ်... မဟုတ်ရင် အချိန် မရှိတော့ဘူး"
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ဤနေရာလပ်ကြီးက ချန်းရီကို ပြင်းထန်သော ဖိအားများကို ပေးစွမ်းလာသည်။
စည်းမျဉ်းများအတိုင်း မလုပ်ဆောင်ပါက။
နောက်ဆုံးတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စရပ်များ ဖြစ်ပေါ်လာမည့်အလား။
သွေးစီးကျနေသော အချိန်မှတ် နာရီ၏ ခုန်ပေါက်မှုနှင့်အတူ ဤဖိအားများက ပိုမို ပြင်းထန်လာ၏။
ဘေးနားရှိ သတ္တိကြောင်သော အမျိုးသား၏ မျက်လုံးများကလည်း နီရဲလာပြီး သူ၏ ခန္ဓာကိုယ်မှ ရူးသွပ်သော အငွေ့အသက်များ စတင် ပျံ့နှံ့လာသည်။
သို့သော် အလွန် ထူးဆန်းသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဤအမျိုးသားသည် သတ္တိ အလွန် ကြောင်လွန်းသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။ နယ်မြေ၏ ဖိအားများ ရှိနေသော်ငြားလည်း ချန်းရီအပေါ် တစ်စုံတစ်ရာ ကျူးလွန်ရဲခြင်း မရှိသေးပေ။
ချန်းရီက ထိုအမျိုးသား၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ကျောပေါ်ရှိ ကျောပိုးအိတ်ကို လှမ်းယူလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ သူ၏ နောက်ဆုံး အားထားရမည့် နည်းလမ်းကို အသုံးပြုရန် ရည်ရွယ်လိုက်ပြီ ဖြစ်သည်။
လူမျက်နှာ ကင်းမြီးကောက်၏ ဝိညာဉ်သွင်းခြင်း အခြေအနေအောက်တွင် နည်းလမ်းတစ်ခုခု ရှိကောင်း ရှိနိုင်ပေလိမ့်မည်။
တကယ်လို့မှ မရသေးဘူးဆိုလျှင် ခြေလက်ရှစ်ဖက် လူမျက်နှာရေဘဝဲ ကို အသုံးပြုရတော့မည်။
အကယ်၍ ခြေလက်ရှစ်ဖက် လူမျက်နှာရေဘဝဲ နဲ့တောင် မရသေးဘူးဆိုလျှင်...
ချန်းရီ အမြဲတမ်း တွေးထင်ထားသည်မှာ အစွမ်းပိုင်ရှင် တစ်ယောက်၏ တန်ဖိုးသည် သာမန်လူ တစ်ယောက်ထက် အဆပေါင်းများစွာ ပို၍ မြင့်မားနေသည်ဟုပင် ဖြစ်သည်။
သို့သော် ယခုမှာ ပထမအကြိမ်သာ ရှိသေး၏။
ပထမအကြိမ်တွင် တစ်ယောက်တည်း။
ဒုတိယအကြိမ်တွင် နှစ်ယောက်။
တတိယအကြိမ်တွင် သုံးယောက်။
စတုတ္ထအကြိမ်တွင်...
ဆက်ရန်...