အခန်း ၂၃၂
Vol. 12 Ch. 232
အပိုင်း(၂၃၂) ထယ်ရှီး၏ ဖြစ်အင်
ချူချယ်က လူတိုင်းကို အမှတ်အသားပြုထားခဲ့သည်။
ထို့ကြောင့် ချန်းရီက နယ်မြေထဲသို့ ဆွဲသွင်းခံလိုက်ရသည့် ပထမဆုံးအချိန်မှာပင် ချူချယ်က အာရုံခံမိသွားခဲ့သည်။
အလွန်အံ့အားသင့်သွားသော ခေါင်းဆောင်ချူက ပန်းရောင်ဆံပင်ကောင်မလေးနှင့် ထယ်ရှီးတို့ကို အမြန်ဆက်သွယ်လိုက်သည်။
သူတို့သုံးယောက်သည် ချန်းရီ စောင့်ကြပ်နေသည့် လမ်းမရှည်ကြီးဆီသို့ ရောက်လာကြသည်။
လမ်းမရှည်ကြီးကို အောက်ခြေအထိ လှန်လှောရှာဖွေခဲ့သော်လည်း ချန်းရီ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရပေ။
ခေါင်းဆောင်ချူ၏ မျက်နှာအမူအရာက အလွန် ကြည့်ရဆိုးနေသည်။
သူက ချန်းရီ ပျောက်ဆုံးသွားသည့် သဲလွန်စကို ရှာတွေ့ရန် ကြိုးစားရင်း တစ်ကြိမ်ပြီးတစ်ကြိမ် အာရုံခံကြည့်နေခဲ့သည်။
သို့သော် ရလဒ်ကတော့ ဘာတစ်ခုမျှ မရှိခဲ့ပေ။
ခုနက ချန်းရီ ပျောက်ကွယ်သွားသည့် ခဏလေးအတွင်းမှာ ထူးဆန်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်မှာ သေချာနေသည်။
မှန်သည်။ အဖုံးမလုံသည့် ပုလင်းထဲမှ အနံ့အနည်းငယ် ထွက်လာသကဲ့သို့ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သို့သော် လူကိုယ်တိုင် နေရာသို့ ရောက်လာချိန်တွင်တော့ အရိပ်အယောင်လေး တစ်ခုတောင် မရှိတော့ပေ။
အမြဲတမ်း ပျင်းရိနေသည့် တာအိုဆရာတောင် ပေါ်လာခဲ့သေးသည်။
လူလေးယောက်၏ အင်အားကို ပေါင်းစည်းလိုက်သော်လည်း ဘာတစ်ခုမျှ ရှာမတွေ့ခဲ့ပေ။
ပန်းရောင်ဆံပင်ကောင်မလေးက သိသိသာသာ စိတ်မရှည်ဖြစ်နေသည်။
သူမက ဓားပျံပညာရပ်ကို အသုံးပြုကာ မီးနဂါးဓားကို လမ်းမရှည်ကြီးပေါ်တွင် တစ်ကြိမ်ပြီးတစ်ကြိမ် ပျံဝဲစေခဲ့သည်။
မီးနဂါးဓားကို အသုံးပြုပြီး ပုံမှန်မဟုတ်သည့် နေရာကို အာရုံခံနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ချန်းရီက ခြေလက်ရှစ်ဖက်နှင့် လူမျက်နှာကို အသုံးပြုပြီး နယ်မြေကို ချိုးဖျက်လိုက်သည့် အချိန်အထိပင်။
ထိုအခါမှသာ ထူးဆန်းသည့် အငွေ့အသက်များက အပြင်သို့ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
ပန်းရောင်ဆံပင်ကောင်မလေးက မီးနဂါးကို တိုက်ခိုက်ရန် ညွှန်ကြားလိုက်သည်။
ထိုအရာက ခုနက မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။
...
အနက်ရောင် လူအရိပ်က မီးနဂါးလေဆင်နှာမောင်းထဲတွင် ပို၍ ထင်ရှားလာသည်။
ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်ရှည် လူအရိပ်တစ်ခုက မီးတောက်များထဲမှ လျှောက်ထွက်လာခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး ထိုမျက်နှာဖုံးပေါ်တွင် လခြမ်းကွေးကဲ့သို့ ထူးဆန်းသည့် အပြုံးတစ်ခုက ရှိနေဆဲပင်။ သို့သော် ထိုမျက်နှာဖုံးက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အရင်က မျက်နှာဖုံးသည် ရွှေရောင် မျက်နှာပုံစံ အဆင်အသွေး ဖြစ်သည်။
ယခုတော့ မျက်နှာဖုံးပေါ်တွင် မီးတောက်အဆင်အသွေးများ ဖြစ်နေခဲ့သည်။
မျက်နှာဖုံးစွပ်လူက ခေါင်းကို အနည်းငယ် စောင်းကာ ပန်းရောင်ဆံပင်ကောင်မလေးကို ကြည့်လိုက်သည်။
"မီးတောက်... ငါလည်း လုပ်တတ်တယ်"
မျက်နှာဖုံးစွပ် ထူးဆန်းသော အရိပ်ကြီးက ထိုစကားကို ပြောပြီးနောက် သူ၏ တစ်ကိုယ်လုံးသည် မီးစွဲလောင်သွားသကဲ့သို့ ပေဆယ်ချီ မြင့်မားသော မီးတောက်များ လောင်ကျွမ်းလာခဲ့သည်။
ပူပြင်းလှသော မီးတောက်များသည် လေထုကိုပင် လောင်ကျွမ်းသွားစေမတတ် ဖြစ်နေသည်။
လမ်းဘေး တစ်ဖက်တစ်ချက်ရှိ လူနေအိမ်များကိုပါ တိုက်ရိုက် မီးကူးစက်သွားစေပြီး အိမ်များထဲမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
မီးလောင်နေသော လူအချို့သည် အိမ်ထဲမှနေ၍ လမ်းမပေါ်သို့ ပြေးထွက်လာကြသည်။ သူတို့ တစ်ကိုယ်လုံးတွင် မီးတောက်များ လောင်ကျွမ်းနေပြီး ခြေလှမ်းအနည်းငယ်မျှသာ ပြေးလွှားနိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ငြိမ်သက်သွားတော့သည်။
မည်းတူးနေသော အလောင်းများပေါ်တွင် မီးတောက်များသာ ကျန်ရစ်နေပြီး ဆက်လက် လောင်ကျွမ်းနေခဲ့သည်။
"နောက်ဆုတ်"
ချန်းရီက မီးခိုးငွေ့များကို တစ်ချက် မှုတ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင် ပေ ၃၀၀ ကျော် အကွာအဝေးကို မီးခိုးမြူများဖြင့် ဖုံးကွယ်လိုက်သည်။
ထို့ပြင် လူအားလုံး၏ ခန္ဓာကိုယ်များကိုလည်း ဖုံးကွယ်ပေးလိုက်သည်။
လူမျက်နှာကင်းမြီးကောက်သည် ချန်းရီ၏ အမိန့်အရ မီးခိုးမြူများထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
လူမျက်နှာကင်းမြီးကောက်တွင် ကိုယ်ပိုင် အသိစိတ် အနည်းငယ် ရှိသော်လည်း ချန်းရီ၏ အမိန့်များကို လိုက်နာဆောင်ရွက်နိုင်သေးပြီး ခြေလက်ရှစ်ဖက် လူမျက်နှာထက် အများကြီး ပိုမိုသာလွန်နေသည်။
မရဏနတ်သမီးက တံစဉ်ကို ဝှေ့ယမ်းကာ မျက်နှာဖုံးစွပ်လူဆီသို့ တိတ်ဆိတ်စွာ ခုတ်ပိုင်းလိုက်သည်။
သို့သော် မျက်နှာဖုံးစွပ်လူ၏ ခြောက်သွေ့နေသော လက်မောင်းဖြင့် ကာကွယ်ခြင်းကို ခံလိုက်ရသည်။
တစ်ကိုယ်လုံးမှ မီးတောက်များ ပေါက်ကွဲထွက်လာပြီး မရဏနတ်သမီးကို အရိပ်အယောင်ပင် မကျန်အောင် တိုက်ရိုက် လောင်ကျွမ်းဖျက်ဆီးပစ်လိုက်သည်။
မရဏနတ်သမီးက မစွမ်းသာခြင်း မဟုတ်ဘဲ သူမ ရင်ဆိုင်နေရသော ထူးဆန်းသည့်အရာက အလွန်တရာ အစွမ်းထက်နေသောကြောင့် ဖြစ်သည်။
ချန်းရီ၏ သွေးမျက်လုံးက မီးတောက်မျက်နှာဖုံးပေါ်ရှိ အနက်ရောင် အပေါက်နှစ်ခုကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။
အသူရာ ထိန်းချုပ်ခြင်း။
လူဖြစ်စေ... တိရစ္ဆာန်ဖြစ်စေ... ထူးဆန်းသည့်အရာပဲ ဖြစ်စေ။
အသူရာ ထိန်းချုပ်ခြင်းက ပစ်မှတ်ကို ရွေးချယ်လေ့ မရှိပေ။
ဒါကလည်း အသူရာ ထိန်းချုပ်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော အချက်များထဲမှ တစ်ခုပင် ဖြစ်သည်။
ချန်းရီက အေးစက်စိမ့်အေးနေသော စွမ်းအားတစ်ခုသည် သူ၏ သွေးမျက်လုံး စွမ်းအားနှင့် ခုခံတိုက်ခိုက်နေသည်ကို ခံစားလိုက်ရသည်။
ချန်းရီသည် ထိုအေးစက်စိမ့်အေးနေသော စွမ်းအင်၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို သိသိသာသာ ခံစားနေရသည်။
သူ၏ သွေးမျက်လုံးက ထိုစွမ်းအင်ကို ခုခံနိုင်စွမ်း မရှိနိုင်ပေ။
အနည်းဆုံးတော့ ယခုလက်ရှိ အခြေအနေတွင် မဖြစ်နိုင်သေးပေ။
"သွား"
ပန်းရောင်ဆံပင်ကောင်မလေးက မြူခိုးများထဲမှ တိုးထွက်လာပြီး နွေဦးမိုးကြိုးသံကဲ့သို့ သူမ၏ ပါးစပ်မှ တိုးတိတ်စွာ ရေရွတ်လိုက်သည်။
မီးနဂါးဓားသည် အသိဉာဏ် ရရှိသွားသကဲ့သို့ လေထဲတွင် အနည်းငယ် ပျံဝဲသွားပြီး မျက်နှာဖုံးစွပ်လူ၏ ကျောကုန်းဆီသို့ တည့်တည့် စိုက်ဝင်သွားသည်။
ပန်းရောင်ဆံပင်ကောင်မလေးသည် တိုက်ပွဲအခွင့်အရေးကို ကောင်းကောင်း ဆုပ်ကိုင်နိုင်သည်ဟု ဆိုရမည်ပင်။
သွေးမျက်လုံးက မျက်နှာဖုံးစွပ်လူကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည့် ခဏလေးအတွင်းမှာပင် မျက်နှာဖုံးစွပ်လူကို အနည်းငယ် တုံ့ဆိုင်းသွားစေခဲ့သည်။
ထိုအခွင့်အရေးကို ပန်းရောင်ဆံပင်ကောင်မလေးက ဖမ်းဆုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သွေးမျက်လုံးနှင့် မျက်နှာဖုံးစွပ်လူ၏ မျက်နှာပေါ်ရှိ အနက်ရောင် အပေါက်နှစ်ခုတို့ အကြည့်ချင်း ဆုံခဲ့သည့် အချိန်မှာ တစ်စက္ကန့်ပင် မပြည့်ခဲ့ကြောင်း သိထားရမည် ဖြစ်သည်။
"ယားးးးးးးးး"
ထယ်ရှီးသည် ချန်းရီ၏ မြူခိုးအကာအကွယ်များကို ဖောက်ထွက်လာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများက ဖောင်းကြွနေပြီး ဒဏ္ဍာရီပုံပြင်များထဲမှ ကြွက်သားဘီလူးကြီး တစ်ကောင်နှင့်ပင် တူနေတော့သည်။
သူက မျက်နှာဖုံးစွပ်လူဆီသို့ ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။
တစ်ချိန်တည်းမှာပင် ထယ်ရှီး၏ ခန္ဓာကိုယ်ပေါ်မှ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ဒါက အရင်က ဗုဒ္ဓလမ်းစဉ်ဘုန်းကြီးဆီမှ လဲလှယ်ရယူခဲ့သည့် ဝရဇိန် မိစ္ဆာနိုင် လက်သီးသိုင်း ပင် ဖြစ်ရမည်။
(ဝရဇိန် ဆိုတာက သိကြားမင်းကိုင်တဲ့ မိုးကြိုးလက်နတ်ကို ပြောတာပါ။ ဝရဇိန်လက်သီးသိုင်းဆိုတာက မိုးကြိုးကဲ့သို့လျှင်မြန်ပြီး အဖျက်အားကြီးမားလှသော လက်သီးသိုင်း ဆိုတဲ့အဓိပ္ပါယ်ပါ)
ဤလက်သီးချက်က လေလှိုင်းများကိုပင် ဖြစ်ပေါ်စေခဲ့သည်။
ဓားပျံက မျက်နှာဖုံးစွပ်လူ၏ တစ်ကိုယ်လုံးကို ဖောက်ထွင်းဝင်ရောက်သွားသည်။
ဓားပျံ စိုက်ဝင်သွားသည့် နေရာကို ဗဟိုပြုကာ မျက်နှာဖုံးစွပ်လူ၏ ခန္ဓာကိုယ်သည် အနီရောင် မီးတောက်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။
မျက်နှာဖုံးစွပ်လူ၏ တုံ့ပြန်မှုကို ကြည့်ရသည်မှာ ဤဓားချက်က သူ့ကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့သည့်ပုံပင်။
မျက်နှာဖုံးစွပ်လူက ဓားပျံကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ အပြင်းအထန် လောင်ကျွမ်းနေပြီး ဓားပျံကို မျိုချပစ်ရန် ရည်ရွယ်ထားပုံရသည်။
ပန်းရောင်ဆံပင်ကောင်မလေး၏ မျက်နှာအရောင် ပြောင်းလဲသွားပြီး ပါးစပ်မှ တစ်စုံတစ်ရာကို ရေရွတ်လိုက်သည်။
ဓားပျံသည် ရူးသွပ်စွာ ရုန်းကန်နေသော်လည်း မျက်နှာဖုံးစွပ်လူ၏ မီးတောက်ထိန်းချုပ်မှုအောက်မှ ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။
ထယ်ရှီး၏ လက်သီးကြီး ရောက်လာခဲ့ပြီ ဖြစ်သည်။
လေပေါက်ကွဲမှု ပါဝင်သော လက်သီးချက်တွင် အဆုံးအစမဲ့သော အရှိန်အဝါများ ပါဝင်နေသည်။
မရေမတွက်နိုင်အောင် ပြင်းထန်လှသော မီးတောက်များသည် ဒေါသထွက်သွားသကဲ့သို့ ဟိန်းဟောက်ကာ ထယ်ရှီးကို ဝိုင်းရံလိုက်ကြသည်။
တစ်ခဏလေးအတွင်းမှာပင် ထယ်ရှီး၏ ဆံပင်များ၊ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများနှင့် မျက်တောင်မွေးများပါမကျန် ပြာအဖြစ် ချက်ချင်း လောင်ကျွမ်းသွားခဲ့သည်။
အရည်ပြားများကပင် ချက်ချင်း အဖုအပိမ့်များ ထွက်လာပြီးနောက် မည်းတူးသွားကာ အနံ့ဆိုးရွားလှသော အသားလောင်ကျွမ်းသည့် အနံ့များ ထွက်ပေါ်လာသည်။
ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကလည်း ထိုအချိန်မှာပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထယ်ရှီးသည် တစ်ကိုယ်လုံး အဝတ်မပါဘဲ မည်းတူးနေသည့် လူတစ်ယောက်အဖြစ် အပြီးတိုင် ပြောင်းလဲသွားတော့သည်။
ဘောင်းဘီတိုလေး အနည်းငယ် ကျန်နေသေးသည်မှလွဲ၍ဖြစ်သည်။
တကယ်ကို အနည်းငယ်လေးသာပင်။
ကံကောင်းသည်မှာ မီးတောက်များက ဘောင်းဘီတိုလေးဆီသို့ လောင်ကျွမ်းလာချိန်တွင် ထယ်ရှီး၏ လက်သီးမှ လေလှိုင်းများက တားဆီးပေးလိုက်ခြင်း ဖြစ်သည်။
ထယ်ရှီးက ထိုမီးတောက်များကို လျစ်လျူရှုကာ ဒေါသတကြီး ဟိန်းဟောက်ရင်း သူ၏ လက်သီးချက်ကို အဆုံးသတ် ထိုးချလိုက်သည်။
ဒေါသထွက်နေသော နွားမိုက်ကြီး တစ်ကောင်နှင့်ပင် တူနေတော့သည်။
ထိုမီးတောက်များသည် သာမန်လူများအတွက်ဆိုလျှင် အသက်အန္တရာယ် ရှိနိုင်ပေလိမ့်မည်။
သို့သော် တိုက်တန် လမ်းစဉ်အတွက်တော့ ပြဿနာ မဟုတ်ပေ။
ကောင်းကင်ယံအပြည့် ရှိနေသော မီးတောက်များသည် ထယ်ရှီး၏ လက်သီးချက်အောက်တွင် ပေါက်ကွဲထွက်သွားသည်။
ဓားပျံသည် တစ်ပတ်လှည့်ကာ ပန်းရောင်ဆံပင်ကောင်မလေး၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။
ဒါဆို သေသွားပြီလား။
မဖြစ်နိုင်ဘူး...
စည်းမျဉ်းသတ်မှတ်ချက်ရှိသော ထူးဆန်းသည့် အရာများက ဒီလောက် ရိုးရှင်းနေဖို့ မဖြစ်နိုင်ပေ။
ချန်းရီက မီးတောက်ငယ်လေးတစ်ခု တဖြည်းဖြည်း ကြီးမားလာပြီး ပုံစံပေါ်လာသည်ကို မြင်လိုက်ရသည်။
မျက်နှာဖုံးစွပ်လူက မလှမ်းမကမ်းတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
တကယ်ကိုပဲ... ဆံခြည်တစ်မျှင်တောင် အထိအခိုက် မရှိခဲ့ဘူး။
ဒီလောက်တောင်လား...
ထယ်ရှီးက ဒေါသတကြီး ဟိန်းဟောက်ကာ ထပ်မံ ပြေးဝင်သွားရန် ပြင်လိုက်သည်။
မျက်နှာဖုံးပေါ်ရှိ မီးတောက်အဆင်အသွေးများက ရုတ်တရက် လင်းလက်လာပြီး အရင်က ပန်းရောင်ဆံပင်ကောင်မလေး သူ့ကို တိုက်ခိုက်ခဲ့သည့် မီးနဂါးလေဆင်နှာမောင်းက သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
မျက်နှာဖုံးစွပ်လူက ထယ်ရှီးကို ခပ်ဖွဖွ တစ်ချက် ညွှန်ပြလိုက်သည်။
ကောင်းကင်ထက်တွင် ချက်ချင်းပင် မရေမတွက်နိုင်သော မီးမိုးများ ရွာကျလာခဲ့သည်။
ထယ်ရှီး၏ စည်းချက်များကို ဖျက်ဆီးပစ်လိုက်ပြီး ထိုလူ့ဘီလူးကြီးကိုပင် အပူလောင်ကာ အော်ဟစ်သွားစေခဲ့သည်။
သူ၏ မျက်စိရှေ့တွင် ခုန်ပေါက်နေသော ဧရာမ တင်ပါးပြောင်ကြီးကတော့ ကြည့်ရတာ အလွန် မျက်စိနောက်စရာ ကောင်းလှသည်။
သို့သော် ဤအချိန်တွင် မည်သူကမျှ ထယ်ရှီး၏ တင်ပါးကြီးကို ဂရုမစိုက်နိုင်ကြပေ။
ချန်းရီက အမုန်းတရား ဓားရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူက တိုက်ပွဲမြေပြင်ပေါ်တွင် မြူခိုးများကို ပြန့်ကျဲသွားစေရန် သတိထား၍ ထိန်းချုပ်လိုက်သည်။
"ဒိုင်း..."
ထိုအချိန်မှာပင် အဆုံးအစမဲ့သော အရှိန်အဝါများ ပါဝင်နေသည့် ရွှေရောင် ကျည်ဆန်တစ်တောင့်က ချန်းရီ၏ မျက်စိရှေ့တွင် မျဉ်းဖြောင့်တစ်ကြောင်းအဖြစ် ဖြတ်သန်းသွားကာ မျက်နှာဖုံးစွပ်လူ၏ မီးတောက်အဆင်အသွေး မျက်နှာဖုံးကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။
ပျင်းရိပျင်းတွဲ တာအိုဆရာပင်တည်း။
သူက နောက်ဆုံးတော့ လက်စွမ်းပြလိုက်ပြီ ဖြစ်သည်။
ထိုရွှေရောင် ကျည်ဆန်ပေါ်တွင် အဆုံးအစမဲ့သော အရှိန်အဝါများ ပါဝင်နေရုံသာမကပေ။
မှိန်ဖျော့ဖျော့ မိုးကြိုးအလင်းတန်းများလည်း ပါဝင်နေသေးသည်။
ကျည်ဆန်ပေါ်တွင် ရင်းနှီးနေသည့် အင်းစာလုံးများကိုပင် မြင်တွေ့လိုက်ရသည်။
ထိုတာအိုဆရာ ထိုနေ့က ထုတ်ရောင်းခဲ့သည့် မိုးကြိုးငါးပါး အင်းစာလုံးများပင် ဖြစ်ပုံရသည်။
ဒါက အင်းကျည်ဆန် တစ်တောင့် ဖြစ်သည်။
အသုံးပြုခဲ့သည်ကလည်း ချန်းရီဆီမှ လဲလှယ်ရယူသွားခဲ့သော အသတ်နုတ် စနိုက်ပါပင် ဖြစ်သည်။
တာအိုဆရာက သေနတ်ကို ကိုင်ဆောင်ကာ လမ်းမရှည်၏ မလှမ်းမကမ်းတွင် ရပ်နေသည်။
ထို အသတ်နုတ် စနိုက်ပါသည် ချန်းရီပင် မမှတ်မိနိုင်တော့သည့် ပုံစံအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သေနတ်ကိုယ်ထည်ပေါ်တွင် အဆောင်များ အပြည့် ကပ်ထားပြီး သေနတ်တစ်လက်ထက် ပူဇော်ပသရာတွင် အသုံးပြုသည့် တောင်ဝှေးတစ်ချောင်းနှင့် ပိုတူနေတော့သည်။
သေနတ်ကိုယ်ထည်ပေါ်တွင် မိုးကြိုးအလင်းတန်းများ ရစ်ပတ်နေသေးသည်။
ဤတစ်ချက် ပစ်ခတ်ပြီးနောက်။
သေနတ်ကိုယ်ထည်ပေါ်ရှိ အဆောင်များအားလုံးသည် ခဏတွင်းချင်း ပြာအဖြစ် ပြောင်းလဲသွားကာ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ထိုအဆောင်များသည် ဤတစ်ချက် ပစ်ခတ်မှုတွင် သူတို့၏ စွမ်းအားအားလုံးကို ကုန်ဆုံးသွားစေခဲ့သည်။
ချန်းရီ၏ သွေးမျက်လုံး အမြင်အာရုံက အလွန် ကောင်းမွန်သဖြင့် သူ မြင်လိုက်ရသည်မှာ အမှားအယွင်း မရှိပေ။
ထိုကျည်ဆန်သည် တာအိုဆရာ၏ မကြာသေးမီက အချိန်များအတွင်း လျှို့ဝှက်စွာ ဖန်တီးခဲ့သည့် လက်ရာတစ်ခုပင်။
သူက မိုးကြိုးငါးပါး အင်းစာလုံးများကို ကျည်ဆန်ပေါ်တွင် ထွင်းထုထားခဲ့သည်။
သေနတ်ကိုယ်ထည်ပေါ်တွင် ကပ်ထားသည်ကတော့ စွမ်းအားကို တိုးမြှင့်ပေးသည့် အမျိုးမျိုးသော အင်းစာရွက်များပင် ဖြစ်သည်။
ချန်းရီ ကိုယ်တိုင်ပင် ထိုရွှေရောင် ကျည်ဆန် မျက်စိရှေ့မှ ဖြတ်သန်းသွားချိန်တွင် တုန်လှုပ်ချောက်ချားသွားသည့် ခံစားချက်ကို ရရှိခဲ့သည်။
ဤအချိန်တွင် ထိုနံပါတ်စဉ် ခုနစ်ထောင်ကျော်ရှိသော အသတ်နုတ် စနိုက်ပါသည် နောက်ဆုံးတော့ အသတ်နုတ် ဆိုသည့် စကားလုံးနှစ်လုံးကို လက်တွေ့ ပြသနိုင်ခဲ့ပြီ ဖြစ်သည်။
ကျည်ဆန်က မီးတောက်မျက်နှာဖုံးနှင့် ထိတွေ့သွားသည်။
မျက်နှာဖုံးသည် ပြင်းထန်စွာ အပစ်ခံလိုက်ရသဖြင့် အနောက်ဘက်သို့ ကိုးဆယ်ဒီဂရီအထိ လန်သွားခဲ့သည်။
နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မီးတောက်များပင် လောင်ကျွမ်းခြင်း ရပ်တန့်သွားကြသည်။
တာအိုဆရာက အမောတကောဖြင့် သေနတ်ကို တောင်ဝှေးသဖွယ် ထောက်ထားပြီး တိုက်ပွဲမြေပြင်ကို မျက်လုံးပြူးကာ စိုက်ကြည့်နေရင်း သူ၏ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်နေသည်။
ချန်းရီ၏ သွေးမျက်လုံးက ထိုမျက်နှာဖုံးပေါ်တွင် သေးငယ်ပြီး သတိပြုမိရန် ခက်ခဲသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
တာအိုဆရာ၏ ဤသေနတ်တစ်ချက်က တကယ်ကို အစွမ်းထက်လွန်းသည်ဟု ဆိုရမည်ပင်။
အကယ်၍ ဤအချိန်တွင် တာအိုဆရာက နောက်ထပ် တစ်ချက် ထပ်မံ ပစ်ခတ်နိုင်ခဲ့မည် ဆိုပါက။
ထိုမျက်နှာဖုံးက သေချာပေါက် ကွဲကြေသွားပေလိမ့်မည်။
သို့သော်...
တာအိုဆရာမှာ အားအင်ကုန်ခမ်းနေပြီ ဖြစ်ပြီး အနည်းဆုံးတော့ အချိန်တိုအတွင်း နောက်ထပ် တစ်ချက် ထပ်မံ ပစ်ခတ်နိုင်စွမ်း မရှိတော့ပေ။
ချန်းရီ ရှင်းလင်းစွာ မြင်တွေ့နေရသည်မှာ ထိုမျက်နှာဖုံးပေါ်ရှိ အက်ကွဲကြောင်းသည် နှေးကွေးသော အရှိန်ဖြင့် တဖြည်းဖြည်း ပြန်လည် ကုစားနေခြင်းပင် ဖြစ်သည်။
ပန်းရောင်ဆံပင်ကောင်မလေး၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ဓားပျံကို လှည့်ပတ်ကာ နောက်ထပ် တစ်ချက် ထပ်မံ တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
သို့သော် ဓားပျံက အရမ်း ဝေးလွန်းနေခဲ့သည်။
ထယ်ရှီးလည်း ထိုအရာကို မြင်တွေ့လိုက်ရသည်။ သူက အပူလောင်ခံထားရသဖြင့် အော်ဟစ်နေရသော်လည်း ဤအချိန်တွင် အခွင့်ကောင်းယူကာ ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်မှာပင်။
မီးခိုးမြူများထဲမှနေ၍ လျှပ်စီးကဲ့သို့ လျင်မြန်သော မြူခိုးများဖြင့် ဖွဲ့စည်းထားသည့် ကင်းမြီးကောက် အမြီးဆူးတစ်ချောင်းက ထိုးထွက်လာပြီး...
ခုနက တာအိုဆရာ ပစ်ခတ်ခဲ့သည့် နေရာကို ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။
ရုတ်တရက် ဝင်ရောက်လာသော ထိုဆူးချက်အောက်တွင် ယခင်က သေးငယ်သော အက်ကွဲကြောင်းလေးသည်... အနည်းငယ် ပိုမို ကြီးမားသွားပုံရသည်။
လုပ်ကြံသတ်ဖြတ်သူများအတွက် တစ်ချက်တည်းဖြင့် အသေအချာ သတ်ဖြတ်နိုင်ရန် အရေးကြီးပြီး ပြိုင်ဘက် သေသည်ရှင်သည်ကို ဂရုမစိုက်ဘဲ ဓားတစ်ချက်တည်းသာ ခုတ်ပိုင်းလေ့ရှိကြသည်။
သို့သော် ချန်းရီက လုပ်ကြံသတ်ဖြတ်သူ မဟုတ်ပေ။
သူ၏ အမိန့်ပေးမှုအောက်တွင် ကင်းမြီးကောက် အမြီးဆူးက ဒုတိယတစ်ချက်၊ တတိယတစ်ချက်... ထပ်မံ ထိုးစိုက်လာခဲ့သည်။
ဆူးချက်တိုင်းက လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။
မျက်နှာဖုံးကို မြေပြင်ထဲသို့ တိုက်ရိုက် ထိုးစိုက်ချလိုက်သည်။
ဖုန်မှုန့်များ အထပ်ထပ် ထသွားသည်။
သူ အားနည်းနေချိန်တွင် သူ့အသက်ကို နှုတ်ယူရမည်ပင်။
မျက်နှာဖုံးပေါ်ရှိ အက်ကွဲကြောင်းက ဆက်တိုက် ကြီးမားလာခဲ့သည်။
ဆက်တိုက် ကြီးမားလာရင်း...
"ခွပ်"
နောက်ဆုံးတွင် မျက်နှာဖုံး၏ နဖူးပေါ်၌ သေးငယ်သော အပေါက်လေးတစ်ခု ပေါက်သွားတော့သည်။
ဆက်ရန်...