အခန်း ၂၃၃
Vol. 12 Ch. 233
အပိုင်း(၂၃၃) မျက်နှာဖုံး၏ တတိယမြောက် ပုံစံ
ကုလားအုတ်ကို လဲကျသွားစေသည့် နောက်ဆုံးကောက်ရိုးမျှင်ဆိုသည်မှာ ထိုနောက်ဆုံးကောက်ရိုးမျှင်လေးက ကုလားအုတ်ကို လဲကျစေသော အဓိကအကြောင်းရင်းဟု ဆိုလိုခြင်း မဟုတ်ပေ။
(ဒါကတော့ စကားပုံတစ်ခုပါ။ ကုလားအုတ်ပေါ်မှာ ဝန်တွေအများကြီးတင်ပြီး ကုလားအုတ်လဲကျခါနီးမှာ နောက်ဆုံးတင်လိုက်တဲ့ အပေါ့ဆုံးကောင်ရိုးမျှင်လေးက ကုလားအုတ်ကို လဲကျစေခဲ့တယ်လို့ပြောတာပါ)
အပေါက်ငယ်လေးတစ်ခု ပွင့်သွားသော ထိုမျက်နှာဖုံး၏ နောက်ကွယ်တွင် ဖြူရော်နေသော လူမျက်နှာတစ်ခု ရှိမနေခဲ့ပေ။
အဆုံးအစမဲ့နေသော အမှောင်ထုကြီးသာ ရှိနေခဲ့သည်။
ထိုအထဲတွင် မီးခိုးရောင် မြူခိုးများ လှည့်ပတ်စီးဆင်းနေ၏။
ထို့ပြင် စူးရှကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများ၊ အငြိုးတကြီး ကျိန်ဆဲသံများနှင့်အတူ မသဲမကွဲ ငိုကြွေးသံများကိုပါ ကြားနေရသေးသည်။
လူမျက်နှာ ကင်းမြီးကောက်သည် မြူခိုးများကြားထဲသို့ ဝင်ရောက် ပုန်းအောင်းသွားပြီး နောက်တစ်ခဏတွင် ချန်းရီ၏ ရှေ့သို့ ရောက်ရှိလာကာ အစွမ်းကုန် သတိထား စောင့်ကြပ်နေလိုက်သည်။
တစ်ချိန်တည်းမှာပင် မရဏနတ်သမီး ကိုယ်ပွားကလည်း ချန်းရီ၏ ဘေးတွင် သက်တော်စောင့်အဖြစ် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
သူ၏ လက်ထဲရှိ "အမုန်းတရား" ဓားကလည်း အသင့်အနေအထားဖြင့် ရှိနေသည်။
မဟုတ်သေးဘူး။
"အမုန်းတရား" က တုန်ခါနေဆဲဖြစ်သည်ကို ချန်းရီ သတိထားမိလိုက်သည်။
ယခုတစ်ကြိမ် တုန်ခါမှုက အောင်ပွဲခံနေသကဲ့သို့၊ ပျော်ရွှင်မြူးတူးနေသကဲ့သို့၊ ထိန်းချုပ်မရအောင် စိတ်လှုပ်ရှားနေသကဲ့သို့ ဖြစ်နေသည်။
"အမုန်းတရား" ကို စိတ်လှုပ်ရှားစေနိုင်သည့်အရာက ဘာများရှိမည်နည်း။
တစ်ခုတည်းသာ ရှိနိုင်သည်။
အငြိုးအာဃာတများပင် ဖြစ်သည်။ အလွန်များပြားလှသော အငြိုးအာဃာတများ ဖြစ်သည်။
မီးခိုးရောင် မြူခိုးမျှင်လေးများ ဓားအိမ်ထဲသို့ စုပ်ယူခံနေရသည်ကို ချန်းရီ မြင်တွေ့လိုက်ရသည်။
ဓားအိမ်ထဲတွင် ပုန်းကွယ်နေသော "အမုန်းတရား" သည် အခြေခံအဆင့်ကို နှိုးဆွပြီးသွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ဒုတိယအဆင့်သို့ ရောက်ရှိရန် ရူးသွပ်စွာ အရှိန်တင်နေသည်။
မျက်နှာဖုံးတပ်ထားသော ထိုအမျိုးသားသည် မြေပြင်ပေါ်တွင် ပက်လက်လန် လဲကျနေပြီး သူ၏ သေးသွယ်ရှည်လျားသော လက်မောင်းများနှင့် ခြေထောက်များက လုံးဝ လှုပ်ရှားခြင်း မရှိတော့ပေ။
သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် လျှပ်စီးရောင်စဉ်များက ရပ်တန့်မသွားဘဲ တလက်လက် တောက်ပနေဆဲ ဖြစ်သည်။
သို့သော် မည်သူကမျှ ရှေ့သို့ တိုးမသွားရဲကြပေ။
အန္တရာယ်ကြီးမားလှသည်ဟူသော ခံစားချက်တစ်ခုက ရင်ထဲသို့ ဝင်ရောက်လာသည်။
ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ဦးသည် အချင်းချင်း နားလည်မှုဖြင့် အနောက်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာလိုက်ကြသည်။
ထယ်ရှီးက ဘောင်းဘီတိုဖြင့် ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်သော်လည်း ချန်းရီက လှမ်းဆွဲထားလိုက်သည်။
ချန်းရီက ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်ပြီး သူ၏ မျက်ဝန်းများက အလွန်တရာ တည်တင်းနေသည်။
ထယ်ရှီးကလည်း စကားနားထောင်စွာဖြင့် ချန်းရီ၏နောက်မှ လိုက်ပါ ဆုတ်ခွာလာခဲ့သည်။
ဘာတွေ ဖြစ်လာမည်ကို မသိရသော်လည်း...
အစွမ်းပိုင်ရှင်များတွင် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သော ဆဌမအာရုံ ရှိကြပြီး အန္တရာယ် နီးကပ်လာမှုကိုလည်း သာမန်လူများထက် များစွာ ပို၍ အာရုံခံနိုင်စွမ်း ရှိကြသည်။
ပတ်ဝန်းကျင်ရှိ နေအိမ်များအတွင်းမှ ရွာသားများသည် အော်ဟစ်ငိုယိုရင်း လက်ထောက် ရှောင်ကျန်း၏ ခေါ်ဆောင်မှုဖြင့် အိမ်ပြင်သို့ ထွက်လာကြသည်။
"အငြိုးအာဃာတတွေ အရမ်းပြင်းထန်လွန်းတယ်"
"ဒါက"
တာအိုဆရာ၏ မျက်နှာမှာ ယခုအချိန်တွင် အလွန်တရာ အကျည်းတန်နေလေသည်။
နတ်ဆရာ လမ်းစဉ် အဆင့် (၂) မိစ္ဆာနှင် တာအိုဆရာ တစ်ဦးဖြစ်သည့်အတွက် ဤကဲ့သို့သော နာမ်လောကနှင့် သက်ဆိုင်သည့် အရာများအပေါ်တွင် အခြားသော အစွမ်းပိုင်ရှင်များထက် ပိုမို ထက်မြက်သည့် သဘာဝ အာရုံခံနိုင်စွမ်း ရှိနေသည်။
တာအိုဆရာက ပါးစပ်ကို ဟကာ လျှာကို ထုတ်လိုက်ရာ လျှာပေါ်တွင် မက်မွန်သစ်သား ဓားငယ်လေး တစ်လက် ရှိနေသည်။
ထိုမက်မွန်သစ်သားဓားကို တာအိုဆရာက လက်ထဲသို့ ယူလိုက်သည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ ကြီးထွားလာပြီး နောက်ဆုံးတွင် ပုံမှန် အရွယ်အစားသို့ ရောက်ရှိသွားသည်။
တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် ၎င်းသည် သဘာဝလွန်ပစ္စည်း တစ်ခုဖြစ်ကြောင်း ချန်းရီ အတည်ပြုနိုင်လိုက်သည်။
လက်တစ်ဖက်က မက်မွန်သစ်သားဓားကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က မိုးကြိုးခေါ် အင်း ကို ကိုင်ထားသည်။
ယခုအချိန်၌ တာအိုဆရာ၏ ပုံစံမှာ သရဲကားများထဲမှ တာအိုဆရာများနှင့် အနည်းငယ် ဆင်တူနေသည်။
"ဆရာတော်... ဘာဆက်လုပ်မှာလဲ"
"ခင်ဗျားတို့မှာ ကြိုတင်စီစဉ်ထားတာ ရှိလား"
ချန်းရီ၏ အမေးစကားကို ကြားလိုက်ရသဖြင့်...
တာအိုဆရာသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်နှာမှာ ဖြူရော်သွားသည်။
သူက ခေါင်းကိုသာ ခါယမ်းပြလိုက်ပြီး ဘာမှ ဝင်မပြောခဲ့ပေ။
ရွာသူကြီးက ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားခဲ့သည်။
သို့သော် အကယ်၍ ထိုအဆင့်အထိ ရောက်သွားခဲ့မည်ဆိုလျှင် နတ်ဆင်ရွာ တစ်ရွာလုံး အလွန် အန္တရာယ် များသွားနိုင်ပေသည်။
ယခုအချိန်တွင် ချူချယ်သည် အဝေးရှိ အိမ်အမိုးစွန်းအောက်၌ ပုန်းအောင်းနေသည်။
လမ်းပြသူ တစ်ဦးအနေဖြင့် ဤနေရာမှ ထွက်ပေါ်လာနေသော ထူးဆန်းသည့် အငွေ့အသက်များ ရူးသွပ်စွာ မြင့်တက်လာနေသည်ကို သူ အာရုံခံသိရှိနိုင်သည်။
သူစီးနင်းထားသော နတ်ဆင်ကြီးပင်လျှင် အနည်းငယ် ဂဏာမငြိမ် ဖြစ်လာပုံရသည်။
ဒါက ကောင်းသော လက္ခဏာ တစ်ရပ် မဟုတ်ပေ။
ထိုအချိန်မှာပင်။
မီးခိုးဖြူရောင် မြူခိုးတန်းတစ်ခုသည် ပွင့်နေသော မျက်နှာဖုံး အပေါက်ငယ်လေးထဲမှ တိုးထွက်လာသည်။
လေထဲတွင် ဝဲပျံနေသော ထိုမီးခိုးဖြူရောင် မြူခိုးတန်းသည် ကြောက်မက်ဖွယ်ကောင်းသော လူခေါင်းတစ်ခု ဖြစ်နေသည်။
ထိုလူခေါင်းသည် ဘယ်ညာသို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။ အစပိုင်းတွင် အနည်းငယ် ဝေခွဲမရ ဖြစ်နေပုံပေါ်သော်လည်း မျက်နှာပေါ်ရှိ အမူအရာက တဖြည်းဖြည်းနှင့် ဝမ်းသာပျော်ရွှင်လာကာ ချက်ချင်းပင် ရူးသွပ်စွာ ဝမ်းသာအားရ ဖြစ်လာပြီး နောက်ဆုံးတွင် ရက်စက်ကြမ်းကြုတ်သော အငြိုးအာဃာတများအဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် ထိုမျက်နှာဖုံး၏ အပေါက်ထဲမှ နောက်ထပ် မီးခိုးဖြူရောင် လူခေါင်းတစ်ခု ထပ်မံ ထွက်ပေါ်လာပြီး လေထဲတွင် ဝဲပျံနေပြန်သည်။
တတိယတစ်ခု... စတုတ္ထတစ်ခု...
လေထဲတွင် ဝဲပျံနေသော ထိုမီးခိုးဖြူရောင် မြူခိုးလူခေါင်းများသည် အစပိုင်းတွင် ဘာတွေဖြစ်ပျက်နေမှန်း နားမလည်သေးသည့် ပုံပေါက်နေကြသည်။
သို့သော် မကြာမီမှာပင် သူတို့၏ အမူအရာများသည် ပထမဆုံး ထွက်ပေါ်လာသော မီးခိုးဖြူရောင် လူခေါင်းကဲ့သို့ပင် ရူးသွပ်စွာ ဝမ်းသာအားရဖြစ်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော အငြိုးအာဃာတများအဖြစ် ပြောင်းလဲသွားကြသည်။
ထိုအရာများ၏ ပုံပန်းသဏ္ဌာန်မှာ သရဲကားများထဲမှ အငြိုးကြီးသော ဝိညာဉ်ဆိုးများနှင့် အနည်းငယ် တူညီနေသည်။
"ဝူး... ဟူး... ဟူး..."
ထိုမီးခိုးဖြူရောင် မြူခိုးလူခေါင်းများသည် လေချွန်သံများ မြည်ဟည်းလျက် ဘေးနားရှိ ထွက်ပြေးနေကြသော ရွာသားများဆီသို့ တရှိန်ထိုး ပြေးဝင်သွားကြသည်။
ထိုသို့သော မီးခိုးဖြူရောင် မြူခိုးလူခေါင်းများမှာ ပို၍ပို၍ များပြားလာသည်။
ပို၍... ပို၍ များပြားလာသည်။
ထိုမျက်နှာဖုံး၏ အောက်တွင် အဆုံးအစမဲ့သော ဝိညာဉ်ဆိုးများ ပုန်းကွယ်နေသည့်အလားပင်။
တာအိုဆရာ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး...
"အားလုံးပဲ... ဒါတွေက ဝိညာဉ်ဆိုးတွေပဲ... အားလုံး အစွမ်းကုန် ကြိုးစားပေးကြပါ"
ထိုသို့ပြောပြီးနောက် တာအိုဆရာက သူ၏ လက်ထဲမှ အင်းစက္ကူ အချို့ကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းများ လှုပ်ရှားလျက် မန္တန်ရွတ်ဆိုလိုက်သည်။
"မိုးကြိုးခေါ် အင်း"
"ဝုန်း... ဝုန်း... ဝုန်း..."
လျှပ်စီးတန်း အများအပြား ကောင်းကင်ယံမှ ကျဆင်းလာသည်။
လေထဲရှိ ဝိညာဉ်ဆိုးများကို တိုက်ရိုက် ထိမှန်ကာ ပျောက်ကွယ်သွားစေသည်။
တာအိုဆရာ နောက်တစ်ကြိမ် အင်းစက္ကူကို မြှောက်ကာ အသက်သွင်းရန် အချိန်ပင် မရလိုက်ဘဲ ပို၍များပြားသော ဝိညာဉ်ဆိုးများ ထွက်ပေါ်လာပြန်သည်။
မျက်စိရှေ့ရှိ ဤမြင်ကွင်းက ချန်းရီကို အရင်က မြင်ဖူးခဲ့သလိုမျိုး ခံစားရစေသည်။
အရင်တုန်းက ရုံမြို့မှာ...
နောက်တော့ တဝူမြို့မှာလည်း ဒီလိုမျိုး လူအုပ်ကြီးနဲ့ တိုက်ခိုက်တာကို ကြုံခဲ့ရဖူးသည်။
ချန်းရီသည် ထိုဝိညာဉ်ဆိုးများထဲတွင် စောစောက သူနှင့် ချူချယ်တို့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သော ဝူတာ့ဝေကိုပင် တွေ့လိုက်ရသေးသည်။
ထူးဆန်းသောအရာများနှင့် လူသားများသည် ဆန့်ကျင်ဘက်များ ဖြစ်ကြပြီး အတူတကွ ရှင်သန်နိုင်စွမ်း မရှိကြပေ။
သို့သော် ထူးဆန်းသောအရာများကလည်း လူသားများကို အသုံးချကာ ကြီးထွားလာကြသည်။
လူသားများကလည်း ထူးဆန်းသောအရာများ သေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့သော သဘာဝလွန်ပစ္စည်းများကို အသုံးပြု၍ လမ်းစဉ်များကို အဆင့်မြှင့်တင်ကြသည်။
ရွာသားတစ်ဦးသည် အချိန်မီ မရှောင်ရှားနိုင်လိုက်သဖြင့် ထိုမီးခိုးဖြူရောင် မြူခိုးလူခေါင်း တစ်ခု၏ ဝင်တိုက်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပျော့ခွေ ကျသွားသည်။
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် ထိုရွာသား၏ မျက်နှာမှာလည်း မီးခိုးဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်မှ ထလာကာ ဘေးနားရှိ လူများကို စတင် တိုက်ခိုက်တော့သည်။
တာအိုဆရာက အင်းစက္ကူတစ်ရွက်ဖြင့် လှမ်းကပ်လိုက်ရာ ရွာသား၏ ခန္ဓာကိုယ်ထဲသို့ ဝင်ပူးနေသော ဝိညာဉ်ဆိုးမှာ ချက်ချင်း ထွက်လာသည်။
မက်မွန်သစ်သားဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ထိုမီးခိုးဖြူရောင် ဝိညာဉ်ဆိုးကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်သည်။
ဝိညာဉ်ဆိုး အနည်းငယ်က ချန်းရီဆီသို့ လေချွန်သံများ မြည်ဟည်းလျက် တရှိန်ထိုး ပြေးဝင်လာကြသည်။
သို့သော် မြူခိုးများထဲမှ ထွက်ပေါ်လာသော အမြီး၏ ဆူးချွန်ဖြင့် တိကျစွာ ထိုးနှက်ခြင်းကို ခံလိုက်ရသည်။
ဝိညာဉ်ဆိုးများသည် စူးစူးဝါးဝါး အော်ဟစ်လျက် ချန်းရီ၏ မျက်စိရှေ့တွင်ပင် မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
မရဏနတ်သမီး၏ အရိပ်က တစ်ချက် လှုပ်ရှားသွားပြီး ချန်းရီ၏ ရှေ့တွင် ဝင်ရောက် ကာကွယ်ပေးလိုက်သည်။
အနီးသို့ ချဉ်းကပ်လာသမျှသော ဝိညာဉ်ဆိုးများအားလုံးသည် မရဏနတ်သမီး၏ တံစဉ်ဖြင့် ခုတ်ပိုင်းခြင်းကို ခံလိုက်ရသည်။
နောက်ဆုံးတွင် စူးစူးဝါးဝါး အော်ဟစ်သံများနှင့်အတူ ပျောက်ကွယ်သွားကြတော့သည်။
ထယ်ရှီးက သူ၏ လက်သီးကို ဝေခွဲမရစွာဖြင့် ဝှေ့ယမ်းလိုက်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ လက်သီးက ထိုမီးခိုးဖြူရောင် ဝိညာဉ်ဆိုးများအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ခြင်းပင်။
ဝိညာဉ်အမျိုးအစား ထူးဆန်းသောအရာများနှင့် ရင်ဆိုင်ရချိန်တွင် ထယ်ရှီး၏ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများက အလွန်တရာ အသုံးမဝင်ဖြစ်နေသည်။
ထိုဝိညာဉ်ဆိုးများသည် ထယ်ရှီး၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော သွေးသားစွမ်းအင်များကို ကြောက်ရွံ့ကြဟန်ဖြင့် သူ့ကို ကွင်းရှောင်ကာ အခြားလူများဆီသို့ ဝင်ရောက် တိုက်ခိုက်ကြသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ ဓားရှည်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ မီးနဂါးကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဆိုးများကို ချက်ချင်း ရှင်းလင်းပစ်လိုက်သည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ ချန်းရီ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ဤဝိညာဉ်ဆိုးများသည် မြူခိုးကျွန်များနှင့် တူညီပြီး တိုက်ခိုက်နိုင်စွမ်း သိပ်မမြင့်မားလှပေ။
အရေအတွက်ကလည်း အရင်တုန်းက မြူခိုးကျွန်တွေလောက် မများပြားသည့်ပုံရသည်။
သို့သော် မြူခိုးကျွန်များသည် ထိုအချိန်က သုံးမိနစ်ခန့်သာ တိုက်ခိုက်နိုင်ပြီး ပျောက်ကွယ်သွားခဲ့ကြသည်။
ဤဝိညာဉ်ဆိုးများတွင်မူ ထိုကဲ့သို့သော ကန့်သတ်ချက်မျိုး ရှိပုံမရပေ။
သို့သော် ထိုအချိန်မှာပင်။
မြေပြင်ပေါ်တွင် လဲကျနေသော မီးတောက်ပုံစံ မျက်နှာဖုံးသည် တဖြည်းဖြည်း ပြောင်းလဲလာနေသည်ကို ချန်းရီ မြင်တွေ့လိုက်ရသည်။
အနီရောင် မီးတောက်ပုံစံများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထူးဆန်းသော အနက်ရောင် အင်းစာလုံးများက မျက်နှာဖုံးပေါ်တွင် ပေါ်ထွက်လာသည်။
ယခင်က ဖြစ်ပေါ်ခဲ့သော အပေါက်ငယ်လေးသည်လည်း နဂိုအတိုင်း ပြန်လည် ကောင်းမွန်သွားသည်။
သို့သော် ထိုမီးခိုးဖြူရောင် ဝိညာဉ်ဆိုးများ ထွက်ပေါ်လာမှုကမူ ရပ်တန့်မသွားခဲ့ပေ။
မျက်နှာဖုံးနှင့် ထိုထူးဆန်းသော သေးသွယ်ရှည်လျားသည့် အမျိုးသား၏ မျက်နှာကြားရှိ အစပ်နေရာမှ ပို၍များပြားသော ဝိညာဉ်ဆိုးများ ထွက်ပေါ်လာသည်။
ဤဝိညာဉ်ဆိုးများသည် စောစောက မီးခိုးဖြူရောင် ဝိညာဉ်ဆိုးများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ကွဲပြားခြားနားမှု ရှိနေသည်။
အချို့သော ဝိညာဉ်ဆိုးများသည် မျက်နှာဖုံးထဲမှ ရုန်းကန်ထွက်ပေါ်လာချိန်မှာပင် ချန်းရီကို ပြင်းထန်သော ဖိအားများ ပေးစွမ်းနိုင်ခဲ့သည်။
ထိုအနက်ရောင် ဝိညာဉ်ဆိုးများစွာသည် အခြေခံ လူပုံပန်းသဏ္ဌာန်ပင် မရှိကြတော့ပေ။
ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံစံမျိုးစုံ ပါဝင်နေသည်။
အချို့က ကြောက်မက်ဖွယ် အစွယ်ကြီးများ ထွက်နေပြီး၊ အချို့ကမူ မိစ္ဆာအငွေ့အသက်များ တထောင်းထောင်း ထနေသည်။
"သတိထား"
ချန်းရီ၏ ခန္ဓာကိုယ်က နောက်သို့ အရှိန်ပြင်းစွာ ဆုတ်ခွာသွားပြီး သူ၏ တစ်ကိုယ်လုံးကို မီးခိုးငွေ့ မြူခိုးများထဲတွင် ဖုံးကွယ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းကိုလည်း ဖွင့်လှစ်လိုက်သည်။
နောက်တစ်စက္ကန့်အကြာတွင်...
ထိုသေးသွယ်သော အမျိုးသားသည် သူစောစောက ရပ်နေခဲ့သည့် နေရာသို့ ရောက်ရှိလာပြီး လက်သီးတစ်ချက် ထိုးချလိုက်သည်ကို ချန်းရီ မြင်တွေ့လိုက်ရသည်။
အသံထက်မြန်သော ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည့် ထိုလက်သီးချက်သည် မီးခိုးငွေ့ မြူခိုးများကို ဖောက်ထွင်းကာ အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။
သောက်ကျိုးနည်း။
ဒီလောက် ပိန်လှီနေတာကို ဒီလောက် ပြင်းထန်တဲ့ လက်သီးချက်မျိုး ထိုးနိုင်တယ်ပေါ့။
ချန်းရီ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင်။
ထိုသေးသွယ်သော အမျိုးသားသည် နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ပြန်သည်။
တစ်ချက်ပြီး တစ်ချက်။
ထိုသေးသွယ်သော အမျိုးသားက တိုက်ခိုက်နေချိန်တွင်ပင်။
မရေမတွက်နိုင်သော အနက်ရောင်နှင့် မီးခိုးရောင် ဝိညာဉ်ဆိုးများသည် မျက်နှာဖုံးနောက်ကွယ်မှ တိုးထွက်လာခြင်းကို လုံးဝ ရပ်တန့်မသွားခဲ့ပေ။
ချန်းရီ၏ မီးခိုးငွေ့ မြူခိုးများသည် ထိုးကြိတ်ခံရမှုကြောင့် အပေါက်အပြဲများစွာ ဖြစ်ပေါ်သွားခဲ့သည်။
မီးခိုးငွေ့ မြူခိုးများတွင် ကာကွယ်နိုင်စွမ်း မရှိဘဲ အငွေ့အသက်များကို ဖုံးကွယ်နိုင်စွမ်းသာ ရှိသည်။
ဤသေးသွယ်သော ထူးဆန်းသည့်အရာသည်လည်း မီးခိုးငွေ့ မြူခိုးများအကြောင်းကို အနည်းငယ် နားလည်ထားပုံရပြီး မြူခိုးများထဲသို့ လုံးဝ ဝင်ရောက်ခြင်း မရှိဘဲ လက်သီးလေလှိုင်းဖြင့်သာ တိုက်ရိုက် တိုက်ခိုက်နေသည်။
ချန်းရီ တစ်ကိုယ်လုံးသည် အပြာရောင် မီးခိုးငွေ့တစ်ခုအဖြစ် ပြောင်းလဲသွားကာ မူလနေရာမှ ပျောက်ကွယ်သွားသည်။
နောက်တစ်စက္ကန့်အကြာတွင် ပြန်လည် ထွက်ပေါ်လာချိန်၌ ချန်းရီသည် စောစောက နေရာမှ ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။
"ချန်းရီ... ဒီလိုကောင်မျိုးကို ငါ့တာဝန်ထားလိုက်"
ထယ်ရှီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဘောင်းဘီစုတ်ဖြင့် ရှေ့သို့ ပြေးထွက်လာသည်။
ထိုမြင်ကွင်းကြောင့် ချန်းရီ၏ သွေးမျက်လုံးများပင် အနည်းငယ် တွန့်လိမ်သွားရသည်။
ယခုအချိန်တွင် ထယ်ရှီးအတွက် ဘောင်းဘီတစ်ထည် ရှာပေးရန် အချိန် လုံးဝ မရှိတော့ပေ။
ဒီကောင်က တိုက်ပွဲဝင်နေချိန်ဆိုလျှင် စိတ်လှုပ်ရှားလွန်းပြီး ကိုယ့်ကိုယ်ကိုယ်တောင် မေ့နေတတ်သည်။
ယခုအချိန်တွင် သူ၏ မျက်လုံးထဲ၌ ပြိုင်ဘက်ကိုသာ မြင်နေတော့သည်။
ဖင်ပေါ်နေခြင်း၊ မပေါ်နေခြင်းကို သူ လုံးဝ ဂရုမစိုက်ပေ။
သေးသွယ်ရှည်လျားသော အနက်ရောင် မျက်နှာဖုံးတပ် အမျိုးသားသည် အသံတစ်ချက်မျှ မထွက်ဘဲ၊ မျက်နှာချင်းဆိုင်ရှိ လူက မည်သူဖြစ်စေ ဂရုမစိုက်ဘဲ လက်သီးတစ်ချက် တိုက်ရိုက် ထိုးချလိုက်သည်။
ထယ်ရှီးက တဟားဟား ဟု ရယ်မောလိုက်ပြီး သူလည်း လက်သီးတစ်ချက် ပြန်လည် ထိုးချလိုက်သည်။
ထယ်ရှီးသည် နောက်သို့ လွင့်စင်ထွက်သွားပြီး မရေမတွက်နိုင်သော လူနေအိမ်များကို ဝင်တိုက်ကာ ပြိုကျသွားသည်။
ချန်းရီ၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားသည်။
ဒီလောက်တောင် အစွမ်းထက်တာလား။
ရုပ်သွင်မပြောင်းရသေးတဲ့ ထယ်ရှီးတောင် သူ့ပြိုင်ဘက် မဟုတ်ဘူးလား...
ရွှေရောင် မျက်နှာဖုံးက စည်းမျဉ်းနှင့် နယ်မြေ စွမ်းအားကို ကိုယ်စားပြုသည်။
မီးတောက်ပုံစံ မျက်နှာဖုံးက မီးကို ထိန်းချုပ်နိုင်သော စွမ်းအားကို ကိုယ်စားပြုပြီး၊
အနက်ရောင် အင်းစာလုံး မျက်နှာဖုံးက အကြွင်းမဲ့ ခွန်အားကို ကိုယ်စားပြုသည်။
ထို့ပြင် အဆပေါင်းများစွာ တိုးပွားလာနေသော ထိုဝိညာဉ်ဆိုးများလည်း ရှိသေးသည်။
မျက်နှာဖုံးမှာရော တခြား ပုံစံများ ရှိသေးသလား။
စက္ကန့်တိုင်း စက္ကန့်တိုင်းတွင် မျက်နှာဖုံးနောက်ကွယ်မှ တိုးထွက်လာနေသော ဝိညာဉ်ဆိုးများသည် အဆပေါင်းများစွာ တိုးပွားလာနေသည်။
ထယ်ရှီးနှင့် လက်သီးချင်း ယှဉ်ထိုးနေချိန်တွင်ပင် ထိုဝိညာဉ်ဆိုးများ ထွက်ပေါ်လာမှုက လုံးဝ ရပ်တန့်မသွားခဲ့ပေ။
အချိန် တစ်မိနစ်၏ ထက်ဝက်ပင် မပြည့်သေးပေ။
လမ်းမကြီးပေါ်တွင် အနက်ရောင်နှင့် မီးခိုးရောင် ဝိညာဉ်ဆိုးများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
အနက်ရောင် ဝိညာဉ်ဆိုးများသည် မီးခိုးဖြူရောင် ဝိညာဉ်ဆိုးများထက် ပို၍ ရင်ဆိုင်ရ ခက်ခဲသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ဓားပျံပညာရပ်ကို အသုံးပြုသော်လည်း ၎င်းတို့ကို ဖျက်ဆီးပစ်ရန် မလွယ်ကူပေ။
ထိုအထဲမှ မင်ရည်ကဲ့သို့ မည်းနက်နေသော ဝိညာဉ်ဆိုး အကောင်ရေ အတော်များများကို မိုးကြိုးခေါ် အင်း များဖြင့် တိုက်ခိုက်လျှင်ပင် အသုံးမဝင်ပေ။
မိုးကြိုးငါးပါး အင်း ဖြင့်သာ ၎င်းတို့ကို ဖယ်ရှားနိုင်မည် ဖြစ်သည်။
မိုးကြိုးငါးပါး အင်း တစ်ခုစီတိုင်းသည် အလွန်တရာ တန်ဖိုးကြီးမားလှသည်။
တာအိုဆရာသည် နေ့စဉ်နေ့တိုင်း အင်းများကို အသေအလဲ ရေးဆွဲနေလျှင်ပင် ဤမျှများပြားသော ဝိညာဉ်ဆိုးများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။
တာအိုဆရာ၏ ခေါင်းတစ်ခုလုံးတွင် ချွေးစေးများ ပျံနေသည်။
ပျက်စီးခြင်း အငွေ့အသက်ကို သူ အာရုံခံမိလိုက်သည်။
ချန်းရီသည် အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းဖြင့် ပုန်းအောင်းနေလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။
ဝိညာဉ်ဆိုးများက များပြားလွန်းနေသည်။
သူတို့အားလုံး တိုးဝှေ့လာလျှင်ပင် ချန်းရီကို မီးခိုးငွေ့ မြူခိုးများထဲမှ အပြင်သို့ တွန်းထုတ်ပစ်နိုင်စွမ်း ရှိနေသည်။
ချန်းရီက "အမုန်းတရား" ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
ကြည့်ရတာ "အမုန်းတရား" က နောက်ဆုံးတော့ ဓားအိမ်ထဲက ထွက်ရတော့မည့်ပုံပင်။
ဆက်ရန်...