အခန်း ၂၃၅
Vol. 12 Ch. 235
အပိုင်း(၂၃၅) ပြေးရအောင်
ချန်းရီ၏ လက်ထဲတွင်ရှိသော "အမုန်းတရား" ဓားသည် တိကျသေချာလှသော ခွဲစိတ်ဓားတစ်လက်နှင့် တူနေ၏။
ချန်းရီက ခန္ဓာကိုယ်ကို မီးခိုးငွေ့အဖြစ် ပြောင်းလဲလိုက်ပြီး ဓားအလင်းတန်းတစ်ခုနှင့်အတူ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဆိုးများကို ရှင်းလင်းပစ်လိုက်သည်။
အရောင်ဖျော့တော့သော ဝိညာဉ်ဆိုးများသည် "အမုန်းတရား" ထံမှ ထွက်ပေါ်လာသော အငွေ့အသက်ကို ခံစားမိသည်နှင့် တစ်ကောင်ပြီးတစ်ကောင် အဝေးသို့ ဆုတ်ခွာသွားကြသည်။
အရောင်အနည်းငယ် ရင့်သော ဝိညာဉ်ဆိုးများမှာမူ တုံ့ပြန်ရန် ပြင်လိုက်ချိန်မှာပင် "အမုန်းတရား" ၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး အမည်မသိ မီးခိုးရောင်အရာဝတ္ထုများအဖြစ် ပြိုကွဲသွားကာ လေထဲသို့ တစ်ဝက် လွင့်စင်သွားပြီး ကျန်တစ်ဝက်ကိုမူ "အမုန်းတရား" က ဝါးမျိုသွားခဲ့သည်။
သို့သော်လည်း ထိုသို့ ရှင်းလင်းသွားသော နေရာလွတ်က မျက်စိတစ်မှိတ်အတွင်းမှာပင် အဆုံးအစမရှိလှသော ဝိညာဉ်ဆိုးများဖြင့် ပြန်လည် ပြည့်နှက်သွားပြန်သည်။
ချန်းရီသည် မင်ရည်ကဲ့သို့ မည်းနက်နေသော ဝိညာဉ်ဆိုး အကောင်များစွာ သူ့ဆီသို့ လေချွန်သံများပေးလျက် ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။
ချန်းရီ၏ ခန္ဓာကိုယ်က မီးခိုးငွေ့အဖြစ် နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲလွင့်စင်သွားသည်။
မရဏနတ်သမီးသမီးက ရှေ့သို့ တိုးထွက်လာပြီး မည်းနက်နေသော ဝိညာဉ်ဆိုး နှစ်ကောင်ကို ဆီးကြိုတားဆီးလိုက်သည်။
ထိုသို့ မည်းနက်နေသော ဝိညာဉ်ဆိုးများသည် အလွန်တရာ ရင်ဆိုင်ရခက်ခဲလှကြောင်း သိထားရမည်။ ချန်းရီကိုယ်တိုင် ဓားဖြင့် အားကုန်ခုတ်ချလျှင်ပင် အနည်းငယ် ဆုတ်ခွာသွားစေရုံသာ တတ်နိုင်ပြီး သတ်ဖြတ်ပစ်ရန်မှာမူ အလွန် လက်ပေါက်ကပ်လှသည်။
စွန်းချန်းချန်းသည် လက်ထဲတွင် ဓားရှည်ကို ကိုင်ဆောင်ထားပြီး တိမ်လွှာများထက်မှ နတ်သမီးတစ်ပါးနှယ် လှုပ်ရှားနေသည်။ သူမ၏ ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ကြောက်မက်ဖွယ်ကောင်းသော မီးခိုးရောင် ဝိညာဉ်ဆိုး အကောင်များစွာမှာ လေထဲတွင် အမှုန်အမွှားများအဖြစ် ပျောက်ကွယ်သွားရ၏။
ဒီမိန်းမက ယာဉ်တန်းရဲ့ နံပါတ်တစ် အစွမ်းထက်ဆုံးသူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပေသည်။
သူမ လက်ထဲရှိ ဓားရှည်မှာလည်း အသက်ဝင်နေသည့်အလား လှုပ်ရှားနေပြီး လက်တစ်ချက် လှည့်လိုက်သည်နှင့်ပင် ရေတွက်မရနိုင်သော ဝိညာဉ်ဆိုးများကို ခုတ်လှဲပစ်နိုင်ခဲ့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
တာအိုဆရာ၏ လက်ထဲမှ အင်းစက္ကူများမှာလည်း ပိုက်ဆံမပေးရသည့်အလား အဆက်မပြတ် ထွက်ပေါ်နေသည်။
မိုးကြိုးတစ်ချက် ပစ်ချလိုက်တိုင်း ဝိညာဉ်ဆိုး အကောင်များစွာ ပြာကျပျောက်ကွယ်သွားရ၏။
ထယ်ရှီးမှာမူ...
"ဖုန်း"
ထိုပိန်ပိန်ပါးပါး လူ၏ လက်သီးတစ်ချက်ဖြင့် လွင့်စင်သွားခဲ့ရသည်။
ထယ်ရှီးသည် လူနေအိမ်တစ်လုံးကို တိုက်ရိုက် ဝင်တိုက်မိပြီး အိမ်ကြီးမှာ ပြိုကျသွားတော့သည်။
ထယ်ရှီး ပြန်လည် မတ်တတ်ရပ်လာချိန်တွင်မူ အရပ် ၁၃ ပေခန့်ရှိသော ကြွက်သားအပြည့်နှင့် လူ့ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ထိုပိန်ပါးပါး လူဆီသို့ ဟိန်းဟောက်ကာ ပြေးဝင်သွားလေသည်။
ခွန်ရှီး၏ ဦးခေါင်းကလည်း နိုးထလာသည်။
ကြေးခေါင်းလောင်းကဲ့သို့ ကြီးမားသော မျက်လုံးအစုံတွင် စိတ်လှုပ်ရှားမှုကြောင့် သွေးကြောများ နီရဲနေ၏။
သူက လျှာကို ထုတ်ကာ နှုတ်ခမ်းကို စိတ်လှုပ်ရှားစွာ သပ်လိုက်သည်။
"တောက်... နောက်ဆုံးတော့ ငါ ထွက်လာရပြီကွ... ဟားဟားဟား"
"ဘယ်သူမှ ငါ့ကို ဝင်မကူနဲ့... ဒီတစ်ခါတော့ ငါ အားရပါးရ ကစားပစ်မယ်"
"ဟားဟားဟားဟား"
ခွန်ရှီးက အော်ဟစ်လိုက်ရင်း ရန်သူထံသို့ ပြေးဝင်သွားသည်။
ခွန်ရှီးဆိုသည့်ကောင်က ကြောက်ရွံ့ခြင်းဆိုသည်မှာ မည်သည့်အရာမှန်း လုံးဝ သိသူမဟုတ်ပေ။
တိုက်ပွဲစတင်ပြီဆိုသည်နှင့် ဘောင်းဘီဝတ်ရန်ပင် မေ့နေတတ်သော ကောင်မျိုး ဖြစ်သည်။
ယခုအချိန်တွင် ခွန်ရှီး၏ မျက်လုံးထဲ၌ ဒီကမ္ဘာပေါ်တွင် ရန်သူထက် ပို၍ အရေးကြီးသော အရာမရှိတော့ပေ။
သူ၏ ရန်သူကို မည်သူကမျှ ဝင်လုခွင့် မရှိပေ။
ပိန်ပါးပါး လူ၏ မျက်နှာပေါ်ရှိ အနက်ရောင် အင်းစာများ ပါသော မျက်နှာဖုံးမှာ အလွန်တရာ ခြောက်ခြားဖွယ် ကောင်းနေပြီး သူ၏ ခွန်အားကလည်း အံ့မခန်း ကြီးမားလှသည်။
လက်ချောင်းလေးဖြင့် ညှစ်သတ်လိုက်လျှင်ပင် သေသွားနိုင်လောက်အောင် ပိန်ချုံးနေလျက်နှင့်...
သို့သော် ပုံမှန်မဟုတ်သော ဧရာမ ခွန်အားနှင့် ကာကွယ်နိုင်စွမ်းကို ထုတ်ဖော်ပြသနေသည်။
ခွန်ရှီးနှင့် ထိုလူပိန်ကြီးတို့သည် ယခုအချိန်တွင် အလွန်မြန်ဆန်သော အရှိန်အဟုန်များဖြင့် အပြန်အလှန် ထိုးကြိတ်နေကြသည်။
သူတို့ နှစ်ယောက်စလုံးသည် ရှုပ်ထွေးလှပသော သိုင်းကွက်များကို စွန့်လွှတ်ထားကြ၏။
လက်သီးတစ်ချက် ထိုးလိုက်တိုင်း တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်နေသည်။
လူပိန်ကြီး၏ လက်သီးက ခွန်ရှီး၏ သံမဏိလက်သီးနှင့် ယှဉ်လျှင် အများကြီး သေးငယ်အားနည်းနေပုံ ပေါ်သော်လည်း လက်သီးတစ်ချက် ထိတိုင်း ခွန်ရှီး၏ ခန္ဓာကိုယ်ကို အနည်းငယ် တုန်ခါသွားစေသည်။
ခွန်ရှီး၏ လက်သီးကလည်း အလွန် လေးလံလှပြီး ထိုးချလိုက်တိုင်း လေထုကို ဖောက်ထွက်သွားကာ အဖြူရောင် လေလှိုင်း ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေသည်။
ဘုန်းကြီးထံမှ သင်ယူထားခဲ့သော ဝရဇိန် မိစ္ဆာနိုင် လက်သီးသိုင်း ကြောင့် ခွန်ရှီး၏ လက်သီးတစ်ချက်တိုင်းတွင် ရွှေရောင်အလင်းတန်းများ ပါဝင်နေပြီး ထိုးနှက်ချက်တိုင်းက ဝရဇိန်သံမဏိလက်သီးများအလား ဖြစ်နေသည်။
လူပိန်ကြီး၏ ခန္ဓာကိုယ်ကို ထိမှန်သွားတိုင်း ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်၏ တိုက်ပွဲသည် ဤနေရာတွင် သွေးဆူစရာ အကောင်းဆုံးနှင့် အပြင်းထန် အကြမ်းတမ်းဆုံး ဖြစ်နေ၏။
ဘေးလူများအနေဖြင့် လုံးဝ ဝင်စွက်ဖက်၍ မရနိုင်သလို ကူညီချင်လျှင်ပင် မည်သို့ ကူညီရမည်ကို မသိနိုင်အောင် ဖြစ်နေကြသည်။
ယခုအချိန်တွင် ခွန်ရှီး၏ တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး နှုတ်ခမ်းထောင့်၊ မျက်လုံးများနှင့် နားရွက်များမှလည်း သွေးများ စီးကျနေသည်။
သို့သော်လည်း ဤကောင်ကတော့ အလွန်တရာ စိတ်လှုပ်ရှားနေဆဲပင်။
ပါးစပ်မှလည်း အော်ဟစ်နေသေးသည်။
"ကောင်းတယ်... သိပ်ကောင်းတယ်ကွ... ဟားဟားဟားဟား"
သို့သော် ထိုသို့ဖြစ်နေသော်လည်း ချန်းရီသည် ဤတိုက်ပွဲ၏ အခြေအနေကို ကောင်းမွန်သည်ဟု မမြင်မိပေ။
အဘယ်ကြောင့်ဆိုသော်...
ကောင်းကင်ထက်တွင် လွင့်မျောနေသော အနက်ရောင် ဝိညာဉ်ဆိုးများက တဖြည်းဖြည်း ပို၍ များပြားလာသောကြောင့်ပင်။
ယခင်က မင်ရည်ကဲ့သို့ မည်းနက်နေသော ဝိညာဉ်ဆိုးဆိုလျှင် အကောင်အနည်းငယ်မျှသာ ရှိခဲ့သည်။
မီးခိုးဖြူရောင် ဝိညာဉ်ဆိုးများကသာ အများစု နေရာယူထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ...
အနက်ရောင် ဝိညာဉ်ဆိုးများက ပို၍ပို၍ များပြားလာချေပြီ။
ချန်းရီသည် ထိုမျက်နှာဖုံး၏ အနောက်မှနေ၍ ထယ်ရှီးနှင့် အနည်းငယ် တူနေသော ဝိညာဉ်ဆိုးတစ်ကောင် ရုန်းကန်ထွက်ပေါ်လာသည်ကိုပင် မြင်လိုက်ရသည်။
မှန်သည်။ ထယ်ရှီးနှင့် တစ်ပုံစံတည်း တူနေသော ဝိညာဉ်ဆိုးပင် ဖြစ်သည်။
ပေါက်ကွဲထွက်မတတ် အားအင်များ ပြည့်နှက်နေသော အနက်ရောင် ကြွက်သားကြီးများနှင့် နဖူးပေါ်ရှိ ဧရာမ မျက်လုံးတစ်လုံး။
သို့သော် ပါးစပ်နေရာတွင်မူ ထက်မြက်သော လက်နက်တစ်ခုဖြင့် အမွှန်းခံထားရကာ စုတ်ပြတ်သတ်နေသည်။
ဦးခေါင်းတစ်ခုလုံးမှာ အတိုင်းထက်အလွန် ကြောက်မက်ဖွယ် ကောင်းနေ၏။
မူလက ရှိနေသော ခြေထောက်နှစ်ချောင်းမှာလည်း တစ်ချောင်းတည်းသာ ကျန်တော့ပြီး ထိုတစ်ချောင်းတည်းဖြင့်သာ ရပ်နေသည်။
မသေဆုံးမီက အလွန်တရာ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရကြောင်း သိသာထင်ရှားနေသည်။
ဗိုက်ပေါ်တွင်ပင် အနက်ရောင် အူအပြတ်တစ်ခုက လေထဲတွင် တွဲလွဲခိုနေသေး၏။
ထိုဝိညာဉ်ဆိုးကို မြင်လိုက်ရချိန်တွင် ချန်းရီ၏ ရင်ထဲ၌ အေးစက်သွားသည်။
ဒါက... ဒါက အစွမ်းပိုင်ရှင်ပဲ...။
သူ မသေခင်က ဘာတွေများ ကြုံတွေ့ခဲ့ရတာလဲ...။
ထို့ပြင် ထိုအနက်ရောင် အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးသည် သူရှိရာဆီသို့ ပြေးဝင်လာနေပြီ ဖြစ်သည်။
၎င်း၏ လှုပ်ရှားမှုက အံ့မခန်း မြန်ဆန်လှသည်။
သတိတစ်ချက် လွတ်သွားချိန်မှာပင် တိုက်တန် လမ်းစဉ်၏ အနက်ရောင် အစွမ်းပိုင်ရှင်သည် သူ့ရှေ့တည့်တည့်သို့ ရောက်ရှိနေလေပြီ။
ချန်းရီက "အမုန်းတရား" ကို မြှောက်ကာ အနက်ရောင် တိုက်တန်ကြီး လှမ်းဆွဲလိုက်သော လက်ဝါးကြီးကို ကာကွယ်လိုက်သည်။
"အမုန်းတရား" ၏ ထူးဆန်းသောအရာများအပေါ် နှိမ်နင်းနိုင်စွမ်းမှာ ယခင်က ထင်းခုတ်ဓားမငယ်လေးနှင့် ယှဉ်၍မရနိုင်အောင် အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။
"အမုန်းတရား" က အနက်ရောင် တိုက်တန်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရှည်လျားသော ဓားဒဏ်ရာကြီး တစ်ခုကို ခုတ်ပိုင်းလိုက်သည်။
သို့သော် အနက်ရောင် တိုက်တန်ကြီးသည် နာကျင်မှုကို မခံစားရသည့်အလား နောက်ပြန်လက်သီးတစ်ချက်ဖြင့် ချန်းရီ ရွေ့လျားသွားမည့် လမ်းကြောင်းဆီသို့ တိုက်ရိုက် ထိုးချလိုက်သည်။
ချန်းရီ ထိုသို့လုပ်ဆောင်မည်ကို ၎င်းက ကြိုတင် သိရှိနေသည့်အလားပင်။
ချန်းရီ ရင်ထဲ ထိတ်လန့်သွားသည်။
သေစမ်း... ဒါက ကြိုတင်ခန့်မှန်းနိုင်တဲ့ အစွမ်းလား။
သူက ခန္ဓာကိုယ်ကို မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ထိုလက်သီးချက်ကို ရှောင်တိမ်းလိုက်သည်။
ချန်းရီ နောက်တစ်ကြိမ် ပြန်ပေါ်လာချိန်တွင်မူ အဝေးတစ်နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ မျက်လုံးများထဲတွင် သံသယနှင့် ထိတ်လန့်မှုများ ရောယှက်နေသည်။
စောစောက ထိတွေ့လိုက်ရသည့် ခဏအတွင်းမှာပင် ထိုအနက်ရောင် တိုက်တန်ကြီးသည် ပြီးပြည့်စုံသော ကြိုတင်ခန့်မှန်းနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်ဟု သူ ခံစားလိုက်ရသည်။
ဒီလိုဆိုရင် ဘယ်လိုလုပ်ပြီး တိုက်လို့ရတော့မှာလဲ။
အနီးကပ်တိုက်ခိုက်ခြင်းသည် သူ၏ အားသာချက် မဟုတ်ပေ။
မီးခိုးငွေ့များကို ပါးစပ်မှ မှုတ်ထုတ်လိုက်ရာ အနက်ရောင် တိုက်တန်ကြီးကို တိုက်ရိုက် ဖုံးလွှမ်းသွားသည်။
ခဏချင်းမှာပင် အငွေ့အသက်များအားလုံး ပျောက်ကွယ်သွားတော့သည်။
အနက်ရောင် တိုက်တန်ကြီးမှာ ဝေခွဲမရဖြစ်ကာ ဘာလုပ်ရမှန်း မသိတော့ပေ။
မီးခိုးငွေ့များကြားတွင် လူမျက်နှာ ကင်းမြီးကောက်က ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။
အမြီးမှ အဆိပ်ဆူးက အနက်ရောင် တိုက်တန်ကြီး၏ ဦးခေါင်းပေါ်ရှိ ဒေါင်လိုက်မျက်လုံးဆီသို့ ရက်စက်စွာ ထိုးစိုက်ဝင်သွားသည်။
အနက်ရောင် တိုက်တန်ကြီးက လက်ဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း အဆိပ်ဆူးက ၎င်း၏ လက်ဝါးကို ဖောက်ထွင်းကာ ဒေါင်လိုက်မျက်လုံးပေါ်သို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။
ချန်းရီက မီးခိုးငွေ့အဖြစ် ပြောင်းလဲပြီး အနက်ရောင် တိုက်တန်ကြီး၏ အနောက်ဘက်တွင် ပေါ်လာကာ "အမုန်းတရား" ဖြင့် တိုက်တန်ကြီး၏ ကျောပြင်ကို ထိုးစိုက်လိုက်သည်။
မရဏနတ်သမီးသမီးကလည်း တံစဉ်ကို ကိုင်ဆောင်လျက် တိုက်တန်ကြီးကို နှစ်ပိုင်းပြတ်အောင် တိုက်ရိုက် ခုတ်ပိုင်းလိုက်လေသည်။
ထိုအချိန်မှာပင် ချန်းရီ၏ ခါးနောက်ဘက်ရှိ ဓားအိမ်ထဲမှ မရေတွက်နိုင်သော သွေးကြောမျှင်များ ထွက်ပေါ်လာပြီး အနက်ရောင် တိုက်တန်ကြီး၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဖမ်းဆုပ်ကာ ဓားအိမ်ထဲသို့ ဆွဲသွင်းရန် ကြိုးစားကြသည်။
သို့သော် ဓားအိမ်က သေးငယ်လွန်းပြီး တိုက်တန်ကြီး၏ အောက်ပိုင်းက ကြီးမားလွန်းနေသဖြင့် လုံးဝ ဆွဲသွင်း၍ မရနိုင်ပေ။
သို့တိုင်အောင် ချန်းရီသည် သွေးဓားအိမ်ကို အထင်သေးမိခဲ့သည်။ သွေးကြောမျှင်များက ပို၍ပို၍ များပြားလာပြီး ထိုမျှင်များသည် နူးညံ့သော သွားများအလား တိုက်တန်ကြီး၏ အနက်ရောင် အောက်ပိုင်းထဲသို့ စူးနစ်ဝင်ရောက်သွားကြသည်။
နောက်ဆုံးတွင်မူ သွေးဓားအိမ်ကြီးမှာ လေထိုးထားသော ပူဖောင်းငါးတစ်ကောင်လို ဖောင်းကားသွားတော့သည်။
ခန္ဓာကိုယ်အထက်ပိုင်းရှိ တိုက်တန်ကြီးသည်လည်း ထိုအချိန်တွင် မီးခိုးရောင် အရာဝတ္ထုများအဖြစ် ပြိုကွဲပျောက်ကွယ်သွားခဲ့သည်။
ထိုအထဲမှ အစိတ်အပိုင်း အနည်းငယ်ကို "အမုန်းတရား" က စုပ်ယူသွား၏။
"အမုန်းတရား" ၏ ဓားသွားပေါ်ရှိ လူမျက်နှာများက ပို၍ ထင်ရှားလာပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရှုံ့မဲ့နေသော ထိုမျက်နှာများမှာ ဓားသွားပေါ်တွင် အဆက်မပြတ် ပေါ်လွင်နေသည်။
ဒါက ဒုတိယအဆင့်ဖြစ်သော ငိုကြွေးပူဆွေးခြင်းကို မကြာမီ လှုံ့ဆော်နိုင်တော့မည့် လက္ခဏာပင် ဖြစ်သည်။
ဤအနက်ရောင်တိုက်တန် ဝိညာဉ်ဆိုး တစ်ကောင်ကို သတ်ဖြတ်နိုင်ဖို့အတွက်...
ချန်းရီအနေဖြင့် အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်း၊ မီးခိုးငွေ့အဖြစ် ပြောင်းလဲခြင်း၊ အမုန်းတရား၊ လူမျက်နှာ ကင်းမြီးကောက်နှင့် မရဏနတ်သမီးသမီး စသည်တို့ကို အားလုံး အသုံးပြုခဲ့ရသည်။
စိတ်သက်သာရာ မရနိုင်သေးခင်မှာပင်...
မလှမ်းမကမ်းတွင် အစွမ်းပိုင်ရှင်များဟု ယူဆရသော အနက်ရောင် အရိပ်အချို့ ကောင်းကင်ထက်၌ ရပ်တန့်နေပြီး ဤနေရာတွင် ဖြစ်ပျက်နေသမျှကို အေးစက်စွာ စောင့်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
ချန်းရီက သူတို့၏ မျက်စိရှေ့မှောက်မှာပင် သူတို့နှင့် အမျိုးအစားတူသော အရာကို သတ်ဖြတ်လိုက်သော်လည်း...
သူတို့အမြင်တွင် ချန်းရီသည် ပုရွက်ဆိတ်ငယ် တစ်ကောင်မျှသာ ဖြစ်နေဆဲပင်။
"ဝုန်း... ဝုန်း... ဝုန်း..."
ထိုအချိန်မှာပင် လူနေအိမ်တစ်လုံးမှာ တိုက်ရိုက် ဖျက်ဆီးခံလိုက်ရပြီး အပျက်အစီးများအဖြစ် ပြောင်းလဲသွားသည်။
ကံကောင်းသည်မှာ အိမ်ထဲတွင် လူမရှိနေခြင်းပင်။
"ဝုန်း... ဝုန်း... ဝုန်း..."
ထိုအသံကြီးက ခလုတ်တစ်ခုကို နှိပ်ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး ထူးဆန်းသောအရာများ၏ ဧရာမ ဖျက်ဆီးနိုင်စွမ်းကြောင့် လူနေအိမ်များ တစ်လုံးပြီးတစ်လုံး ဆက်တိုက် ပြိုကျလာတော့သည်။
ထိုအနက်ရောင် ထူးဆန်းသောအရာများက ပို၍ပို၍ များပြားလာသည်။
၎င်းတို့အထဲတွင် အစွမ်းပိုင်ရှင်များ၏ ဝိညာဉ်ဆိုးများနှင့် တူသောအရာ အများအပြား ပါဝင်နေပြီး တိုက်ခိုက်နိုင်စွမ်းမှာလည်း အခြားဝိညာဉ်ဆိုးများထက် အဆင့်များစွာ ပိုမိုမြင့်မားနေကြောင်း သိသာထင်ရှားနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းတစ်ခုလုံး စုတ်ပြတ်သတ်သွားခဲ့ပြီ ဖြစ်သည်။
"သွား... ဘုရားကျောင်းကို သွားကြ"
ခေါင်းဆောင်ချူက အသက်ရှင်ကျန်ရစ်သူများကို ဘုရားကျောင်းဆီသို့ ပြေးသွားရန် ညွှန်ကြားလိုက်သည်။
ရွာသူရွာသားများသည် ဘုရားကျောင်းအပေါ် ရိုသေကြောက်ရွံ့မှုများ ရှိကြသဖြင့် အစပိုင်းတွင် ထိုနေရာသို့ သွားရန် လုံးဝ မဝံ့မရဲ ဖြစ်နေခဲ့ကြသည်။
သို့သော် ယခုအချိန်တွင်မူ ထိုအရာများကို ဂရုစိုက်နေရန် အချိန်မရှိတော့ပေ။
လက်ရှိအခြေအနေမျိုးတွင် ဘုရားကျောင်းကသာ လူများကို ကယ်တင်နိုင်မည် ဖြစ်သည်။
အကယ်၍ ဘုရားကျောင်းကပါ မတတ်နိုင်တော့ဘူးဆိုလျှင်...
ဒီနေ့က လူတိုင်း၏ သေဆုံးရမယ့်နေ့ပင် ဖြစ်လိမ့်မည်။
ဝိညာဉ်ဆိုးများ ပို၍များပြားလာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူများထဲမှ သေဆုံးဒဏ်ရာရသူများလည်း ပို၍များပြားလာသည်။
နာကျင်စွာ အော်ဟစ်ညည်းတွားသံများကလည်း ပို၍ ဆူညံလာ၏။
"ရွှီး"
အနက်ရောင် မြှားတစ်စင်းက ချန်းရီရှိရာသို့ တိုက်ရိုက် ပြေးဝင်လာသည်။
ချန်းရီ၏ ရင်ထဲ၌ အနည်းငယ် ထိတ်လန့်သွားသည်။
ငါက အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းထဲမှာ ရောက်နေတာလေ။
ဒါက ဘာလမ်းစဉ်ကြီးလဲ။
သေသွားတာတောင် ဘယ်လိုလုပ်ပြီး ဒီလောက် အားကောင်းတဲ့ အာရုံခံနိုင်စွမ်း ရှိနေရတာလဲ။
မရဏနတ်သမီးက ချန်းရီ၏ ရှေ့တွင် ဝင်ကာ၍ တံစဉ်ကို ဝှေ့ယမ်းကာ ထိုမြှားကို တားဆီးလိုက်သည်။
သို့သော် အနက်ရောင်မြှားက တစ်စင်းတည်း မဟုတ်ဘဲ နောက်ထပ် အနက်ရောင်မြှားများ ဆက်တိုက် ပြေးဝင်လာသည်။
ထို့ပြင် မြှားတစ်စင်းထက် တစ်စင်းက ပို၍ အားပါလာပြီး လေးလံပြင်းထန်လာသည်။
ချန်းရီက မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ မူလနေရာမှ ပျောက်ကွယ်သွားသည်။
မရဏနတ်သမီးကလည်း ချန်းရီနှင့်အတူ ပျောက်ကွယ်သွား၏။
ကမန်းကတန်း အခြေအနေကြားမှပင် ချန်းရီက မြှားများ ပစ်ခတ်လာရာ ဦးတည်ရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
ဦးခေါင်းမရှိ၊ ခြေထောက်နှစ်ချောင်း မရှိဘဲ ကျောဘက်တွင် မြှားများကို လွယ်ထားသော အရိပ်တစ်ခု ဖြစ်နေသည်။
ဒါက... မုဆိုး လမ်းစဉ်များလား။
အလွန်မြင့်မားသော အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် လမ်းစဉ်ပင်တည်း။
အနက်ရောင်မြှားက ချန်းရီ စောစောက ရပ်နေခဲ့သော နေရာကို ဖြတ်သန်းကာ အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အကာအကွယ်ကိုပါ ဖောက်ထွက်သွားပြီး အသက်ရှင်ကျန်ရစ်သူ လေးငါးယောက်ခန့်ကို ထိုးဖောက်သွားခဲ့သည်။
ထိုအထဲတွင် ရင်းနှီးကျွမ်းဝင်လှသော ရွာသူကြီး၏ လက်ထောက်ဖြစ်သူ ရှောင်ကျန်းလည်း ပါဝင်နေသည်။
ရှောင်ကျန်းက မူလက ရွာသူရွာသားများကို ဘုရားကျောင်းဆီသို့ ဆုတ်ခွာရန် စီစဉ်ညွှန်ကြားပေးနေခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ခွန်အားများ ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရပြီး ရင်ဘတ်ကို ဗဟိုပြုကာ အေးစက်သော ခံစားချက်တစ်ခုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ရှောင်ကျန်းက သူ၏ ရင်ဘတ်တွင် စိုက်ဝင်နေပြီး အနက်ရောင်အငွေ့များ ထွက်ပေါ်နေသော မြှားကို ကြောင်အမ်းအမ်းဖြင့် ငုံ့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ဝေခွဲမရမှုများဖြင့် ပြည့်နှက်နေ၏။
သို့သော် ထိုသို့ ကြောင်အမ်းသွားမှုက ခဏတဖြုတ်မျှသာ ကြာမြင့်ခဲ့သည်။
ထို့နောက် ချက်ချင်းပင် လက်ခံကျေနပ်သွားသော အမူအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ငါ... နောက်ဆုံးတော့ သေရတော့မှာပဲ"
ခေါင်းဆောင်ချူသည် ရှောင်ကျန်း သူ့ဘေးတွင် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
မီးခြစ်ကို ထုတ်ယူကာ ပြေးဝင်လာသော ဝိညာဉ်ဆိုး အကောင်အချို့ဆီသို့ ချိန်ရွယ်၍ လေပြင်းပြင်း တစ်ချက် မှုတ်ထုတ်လိုက်သည်။
ပြင်းထန်လှသော မီးတောက်များက ကောင်းကင်သို့တိုင် မြင့်မားသော မီးတံတိုင်းကြီးအဖြစ် ပြောင်းလဲသွားပြီး ပြေးဝင်လာသော ဝိညာဉ်ဆိုးများကို အသေအလဲ တားဆီးလိုက်သည်။
ခေါင်းဆောင်ချူက ရှောင်ကျန်းကို ပခုံးပေါ်သို့ ဆွဲတင်လိုက်ပြီး"ဘာတွေ လျှောက်ပြောနေတာလဲ... မင်း မသေရဘူး... မင်းတို့ ရွာသူကြီးမှာ နည်းလမ်းရှိမှာပါ... ငါ့ဆီမှာလည်း ဆေးတွေရှိတယ်... မင်း မသေနိုင်ပါဘူးကွာ"
"သွားလေ... ဘာရပ်ကြည့်နေကြတာလဲ... သွားကြတော့လေ"
ခေါင်းဆောင်ချူက ကြောင်အမ်းအမ်း ရပ်နေကြသော ရွာသူရွာသားများကို အော်ဟစ်လိုက်သည်။
ရွာသူရွာသားများမှာ မျက်လုံးများ နီရဲကာ အံကြိတ်လျက် ဘုရားကျောင်းဆီသို့ အမြန် ပြေးသွားကြလေသည်။
ရွာသူကြီးက အရင်က ပြောခဲ့ဖူးသည်။ မည်သည့်ကိစ္စမျိုး ဖြစ်ပေါ်လာပါစေ သူ၏ ခွင့်ပြုချက်မရှိဘဲ ဘုရားကျောင်းထဲသို့ လုံးဝ ဝင်ခွင့်မပြုဟု ဆိုထားသည်။
ဘုရားကျောင်းကို ဖွင့်လှစ်သည့် အကြိမ်တိုင်းတွင်လည်း ရွာသူကြီး၏ သဘောတူညီချက် ရရှိပြီးမှသာ ဖြစ်သည်။
မနေ့ကဆိုလျှင်လည်း ရွာသူကြီးက သီးသန့် ထပ်မံ မှာကြားခဲ့သေးသည်။ မည်သည့်ကိစ္စမျိုး ကြုံတွေ့ရပါစေ ဘုရားကျောင်းဆီသို့ မသွားကြရန် တားမြစ်ထားခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ...
ချန်းရီက ကောင်းကင်ထက်တွင် ပို၍ပို၍ များပြားလာသော ဝိညာဉ်ဆိုးများကို မော့ကြည့်ရင်း သူ၏ ရင်ထဲ၌လည်း စိုးရိမ်ပူပန်မှုများ ပိုမို ကြီးထွားလာခဲ့သည်။
ထိုအထဲတွင် ခြေလက်အင်္ဂါများ မပြည့်စုံသော ခန္ဓာကိုယ်များကိုလည်း မြင်တွေ့နေရသေးသည်။
ထိုဝိညာဉ်ဆိုးများသည် အသက်ရှင်စဉ်က အစွမ်းပိုင်ရှင်များ ဖြစ်ခဲ့ကြပေလိမ့်မည်။
မသေဆုံးမီက သူတို့သည်လည်း ရက်စက်ကြမ်းကြုတ်လှသော တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ကြရပုံ ပေါ်သည်။
ခေါင်းဆောင်ချူ။
ဒီတစ်ကြိမ်တော့ တိုက်လို့နိုင်တော့မှာ မဟုတ်ဘူး။
ငါတို့အမြန်ပြေးတာ ပိုကောင်းမယ်။
ဒီလူတွေရဲ့ အသက်ကို။
ငါတို့လည်း မကယ်တင်နိုင်တော့ဘူး။
ဆက်ရန်...