အခန်း ၂၃၆
Vol. 12 Ch. 236
အပိုင်း(၂၃၆) ဒုတိယအစွမ်း
ထယ်ရှီးက ထိုပိန်လှီသော ခန္ဓာကိုယ်ပိုင်ရှင်နှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။
မည်သူနိုင်မည် မည်သူရှုံးမည် ဆိုသည်ကိုမူကား...
ထယ်ရှီး ဂရုမစိုက်နိုင်တော့ပေ။ ယခုအချိန်တွင် သူသည် ရူးသွပ်နေသော သားရဲတစ်ကောင်ပမာ ဖြစ်နေပြီး သူ့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ သူ့ရှေ့ရှိ သတ္တဝါဆိုးကြီးကို သတ်ပစ်ရန်ပင်။
သို့တည်းမဟုတ် ထိုသတ္တဝါဆိုးကြီး၏ သတ်ဖြတ်ခြင်းကို ခံယူရန် ဖြစ်သည်။
ထယ်ရှီးသည် ထိုသတ္တဝါဆိုးကြီး၏ ရိုက်နှက်မှုကြောင့် တစ်ကိုယ်လုံး ဒဏ်ရာဗရပွ ဖြစ်နေသော်ငြား မည်သူ့ကိုမျှ ဝင်ရောက်စွက်ဖက်ခွင့် မပြုလိုသေးပေ။
အမှန်တကယ်တော့ ယခုအချိန်တွင် အခြားသူများက ဝင်ရောက်ကူညီချင်လျှင်ပင် ကူညီ၍ရနိုင်မည် မဟုတ်ချေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက တစ်ကိုယ်တော် ဓားတစ်လက်ဖြင့် ဓားနတ်ဘုရားတစ်ပါး လူ့လောကသို့ ဆင်းသက်လာသည့်အလား သူမ၏ လက်ထဲမှ ဓားသိုင်းကွက်များမှာ ရပ်တန့်သွားခြင်း မရှိပေ။
သူမ တစ်ယောက်တည်းဖြင့် မှောင်မည်းနေသော အရိပ်မည်း သုံးခုကို ရင်ဆိုင်တိုက်ခိုက်နေရသည်။
ပျင်းရိပျင်းတွဲ တာအိုဆရာက ဆံပင်များ ဖရိုဖရဲဖြင့် သူ၏ လက်ထဲမှ မိုးကြိုးငါးပါး အဆောင်၊ လျှပ်စီးခေါ် အဆောင်များနှင့် အမည်မသိ အဆောင်ရွက်များကို ပိုက်ဆံမပေးရသည့်အလား အလဟဿ ပစ်လွှတ်နေသည်။
မိုးခြိမ်းသံများ ဆက်တိုက်ထွက်ပေါ်နေပြီး လျှပ်စီးရောင်များ တဖျပ်ဖျပ် လက်နေသည်။
သူ တစ်ယောက်တည်း၏ စွမ်းအားဖြင့် အားနည်းပြိုကျလုနီးပါး ဖြစ်နေသော ခံစစ်မျဉ်းတစ်ခုကို တည်ဆောက်ထားရသည်။
ချန်းရီက "အမုန်းတရား" ဓားကို ကိုင်ဆောင်ထားသည်။ အလွန်တရာ ထက်မြက်လှသော ထိုဓားသွားက မည်သည့် အရိပ်မည်း၏ ဦးခေါင်းကိုမဆို ဖြတ်တောက်နိုင်စွမ်း ရှိပေသည်။
သူ့ဘေးပတ်လည်တွင် မရေမတွက်နိုင်သော မြူခိုးများ ဖုံးလွှမ်းနေပြီး ရွာသူရွာသားများ ဆုတ်ခွာမည့် လမ်းကြောင်းအားလုံးကို ကွယ်ဝှက်ပေးထားသည်။
မရဏနတ်သမီးက သူ့တစ်ကိုယ်တော် စွမ်းအားဖြင့် ဒီရေလုံးကြီးများအလား တိုးဝင်လာနေသော လူ့ဦးခေါင်း ဝိညာဉ်ဆိုးများကို တားဆီးပေးထားသည်။
"အမုန်းတရား" ဓားက တဆတ်ဆတ် တုန်ခါနေပြီး ဒုတိယအဆင့် အသွင်သဏ္ဌာန်သို့ အချိန်မရွေး ကူးပြောင်းသွားနိုင်ချေ ရှိသည်။
လူတိုင်းက အစွမ်းကုန် ကြိုးစားနေကြသော်လည်း အဆမတန် များပြားလာနေသော အရိပ်မည်းများကိုမူ မတားဆီးနိုင်ကြသေးပေ။
ထိုအရိပ်မည်းများထဲတွင် အသက်ရှင်စဉ်က အစွမ်းပိုင်ရှင်များ ဖြစ်ခဲ့ကြသူ အများအပြား ပါဝင်နေပေလိမ့်မည်။
လမ်းစဉ်(၁) များ ပါသလို လမ်းစဉ်(၂) များလည်း ပါဝင်သည်။
အလွန် များပြားလှပေသည်။
ထို အစွမ်းပိုင်ရှင်များကို ရင်ဆိုင်နေရချိန်တွင် ချန်းရီ၏ စိတ်ထဲ၌ တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင် သူကိုယ်တိုင်လည်း ဤအရိပ်မည်းများထဲမှ တစ်ကောင် ဖြစ်လာနိုင်သည်ဟူသော ခံစားချက်မျိုး အမြဲတမ်း ဝင်ရောက်လာတတ်သည်။
ကျိုးရှောင်ရှောင်သည် ဘုရားကျောင်းဆီသို့ ထွက်ပြေးနေသော လူအုပ်ကြီးထဲတွင် ရောနှောပါဝင်နေပြီး သူမ၏ ဘေးပတ်လည်ရှိ အရိပ်မည်းများနှင့် သူမကို ကာကွယ်ပေးနေသော အစွမ်းပိုင်ရှင်များကို လှမ်းကြည့်နေမိသည်။
ယခုအချိန်တွင် ကျိုးရှောင်ရှောင်သည် အလွန်တရာ ကြောက်ရွံ့ထိတ်လန့်နေသလို အလွန်တရာလည်း မုန်းတီးနေမိသည်။ သူမကိုယ်သူမ အစွမ်းပိုင်ရှင် တစ်ယောက် မဖြစ်ရလေခြင်းဟု အပြင်းအထန် မုန်းတီးနေမိခြင်း ဖြစ်သည်။
ထိုသာမန်လူများနှင့်အတူ ကြွက်တစ်ကောင်လို ထွက်ပြေးပုန်းအောင်းနေရသည့် မိမိကိုယ်ကို အလွန် မုန်းတီးနေမိသည်။
ကျိုးရှောင်ရှောင်၏ လက်ထဲတွင် ဆရာတင်းတုံ ပေးထားသော မှန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
အကယ်၍ ဤမှန်သာ မရှိခဲ့လျှင် သူမသည် ထိုဝိညာဉ်ဆိုးများ၏ မျိုချခြင်းကို ခံလိုက်ရသည်မှာ ကြာလှပြီ ဖြစ်သည်။
"ရှောင်ရှောင်... မငေးနဲ့"
ရှုလီနာက ကျိုးရှောင်ရှောင် အနည်းငယ် အာရုံလွင့်သွားသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ဆွဲခေါ်လိုက်သည်။
"ဆောရီးပါ"
ကျိုးရှောင်ရှောင်က အလိုအလျောက် တောင်းပန်လိုက်ပြီး သူမ၏ ခြေလှမ်းများကို ပိုမို မြန်ဆန်လိုက်သည်။
ရွှီနန်၏ အကြည့်များက ကောင်းကင်ယံတွင် ပြည့်နှက်နေသော အရိပ်မည်းများဆီသို့ ကျရောက်သွားပြီး သူ၏ မျက်နှာမှာ အလွန်တရာ ဆိုးရွားနေသည်။
လူတိုင်းကို ဘုရားကျောင်းထဲသို့ စောစောစီးစီး ဝင်ရောက်ခိုလှုံခွင့် မပေးခဲ့သည်ကို သူ နားမလည်နိုင်အောင် ဖြစ်ရသည်။
အခြေအနေများ ထိန်းချုပ်မရနိုင်လောက်အောင် ဆိုးရွားလာသည့် အချိန်ရောက်မှသာ ဘုရားကျောင်းဆီသို့ သွားရန် ရည်ရွယ်ခဲ့ကြသည်။
လူ့အသက်ထက် ပိုအရေးကြီးသည့် ကိစ္စများ ရှိနေသေး၍များလား။
ပြီးတော့... ရှောင်ကျန်း။
ထိုအမည်းရောင် မြားတံကြီးက ရှောင်ကျန်း၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်ကို သူ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
ယခုအကြိမ် ဖြစ်ရပ်တွင် ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူ အများအပြား သေဆုံးခဲ့ရသည်။
ယာဉ်တန်းအတွက်တော့ ဒါက နောက်ထပ် ထိုးနှက်ချက်တစ်ခုပင်။
မည်သို့ပင်ဖြစ်စေ... သူ့တွင် ပိုကောင်းသော နည်းလမ်း မရှိခဲ့ပေ။
သူက သာမန်လူတစ်ယောက်သာ ဖြစ်ပြီး အစွမ်းပိုင်ရှင်တစ်ယောက် မဟုတ်ခဲ့ပေ။
ထိုအချိန်မှာပင် သရဲတစ္ဆေပမာ အရိပ်မည်းတစ်ခုက စွန်းချန်းချန်း၏ ကာကွယ်မှုမျဉ်းကို ဖောက်ထွက်လာပြီး လူအုပ်ကြီးဆီသို့ တိုက်ရိုက် ပြေးဝင်လာသည်။
ရွှီနန်၏ မျက်နှာ ဖြူရော်သွားပြီး စိတ်ထဲမှ ကြိတ်ကာ ညည်းတွားလိုက်သည်။
"သွားပြီ"
သို့သော် ထိုအချိန်မှာပင် ရွှေရောင်အလင်းတန်းတစ်ခု လျှပ်ကနဲ လက်သွားသည်ကို မြင်လိုက်ရပြီး ဘုန်းကြီးတစ်ပါးက လက်သီးတစ်ချက် ထိုးချလိုက်ကာ မိုးခြိမ်းသံကြီးပမာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"အတင့်ရဲလိုက်တာ"
ထိုအရိပ်မည်းကြီးသည် ချက်ချင်းပင် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံရှိ မြူခိုးမည်းများထဲသို့ လွင့်စင်သွားလေသည်။
ဘုန်းကြီး ပေါ်ထွက်လာပုံက သီးသန့် နောက်ခံတေးဂီတ ပါလာသကဲ့သို့ပင်။
သို့သော် သူ၏ ခေါင်းပေါ်တွင် တပ်ဆင်ထားသော ကြောင်နားရွက်ပုံစံ နားကြပ်ကြီးကတော့ အနည်းငယ် မျက်စိနောက်စရာ ကောင်းနေသည်။
ထိုနားကြပ်မှ ထွက်ပေါ်လာသော ကျယ်လောင်သည့် တေးဂီတသံများက ချန်းရီ၏ နားထဲသို့ပင် လွင့်ပျံ့လာခဲ့သည်။
ဒီဆရာတော် တော်တော် မိုက်တာပဲ။
ဘုန်းကြီးသည် အရိပ်မည်းတစ်ခုကို လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားအောင် ထိုးနှက်လိုက်ပြီးနောက် လှောင်အိမ်ထဲမှ ထွက်လာခါစ ကျားရိုင်းတစ်ကောင်နှင့် တူနေသည်။
ချန်းရီက ဖိအားများ အလွန်များပြားနေသည်ကို ခံစားနေရသဖြင့် နင်ဂျာ လမ်းစဉ်မှ အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးတစ်ကောင်ကို ဘုန်းကြီးဆီသို့ အလျင်အမြန် ဆွဲဆောင်လိုက်သည်။
ဘုန်းကြီးက မည်သူ့ကိုမျှ ငြင်းပယ်ခြင်း မရှိဘဲ သူ၏ ကျောဘက်တွင် ရွှေရောင် ရုပ်ပွားတော်တစ်ဆူ ပေါ်ထွက်လာကာ ထိုနင်ဂျာ လမ်းစဉ်မှ ဝိညာဉ်ဆိုးကို ဖိနှိပ်တိုက်ခိုက်လေတော့သည်။
ဒီလောက်တောင် အစွမ်းထက်တာလား။
ချန်းရီသည် အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုး ခုနစ်ကောင် ရှစ်ကောင်ခန့်ကို ထပ်မံ ဆွဲဆောင်လိုက်သည်။
ဘုန်းကြီး၏ အစွမ်းထက်မှုမှာ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။
"ချန်း... ဒကာကြီး... တော်ပြီ... တော်ပြီ... တော်ပါတော့"
အင်းပါ။
ကြည့်ရတာ စက္ကန့်ရှစ်စက္ကန့်လောက်ပဲ အစွမ်းထက်တဲ့သူ ထင်ပါရဲ့... အကောင်နည်းနည်းလောက် ရောက်လာတာနဲ့တင် မခံနိုင်တော့ဘူး မဟုတ်လား။
ထိုအစွမ်းပိုင်ရှင် ဝိညာဉ်ဆိုး လေးငါးကောင်ခန့်က ဘုန်းကြီးကို ဝိုင်းရံကာ အရူးအမူး ထိုးကြိတ်နေကြသည်ကို မြင်လိုက်ရသည်။
ကံကောင်းသည်မှာ ဘုန်းကြီး၏ ခုခံနိုင်စွမ်းမှာ အံ့မခန်း ဖြစ်နေခြင်းပင်။ ခေါင်းတစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့်တိုင်အောင် သနားခံသည့်စကား တစ်ခွန်းမျှ မဟခဲ့ပေ။
တကယ့် ယောက်ျားကောင်း တစ်ယောက်ပါလား။
ချန်းရီက ဝင်ရောက်ကူညီပေးသင့် မသင့် ဝေခွဲမရ ဖြစ်နေချိန်မှာပင်...
ရုတ်တရက် သူ၏ ကျောဘက်ဆီမှ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
ဤခံစားချက်မှာ အလွန်တရာ ပြင်းထန်လှသည်။
ကျားရိုင်းတစ်ကောင်၏ အကြည့်ခံလိုက်ရသကဲ့သို့ပင်။
ချန်းရီက ဘာမျှ ထပ်မစဉ်းစားတော့ဘဲ တစ်ကိုယ်လုံးကို မီးခိုးငွေ့အဖြစ် ချက်ချင်း ပြောင်းလဲလိုက်သည်။
ချန်းရီ မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားချိန်မှာပင်...
ရှေးဟောင်းသိုင်းသမား ပုံစံရှိသော အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးတစ်ကောင်က ဓားမကြီးကို ကိုင်ဆောင်ကာ သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး သူ ယခင်ရှိနေခဲ့သော နေရာကို ဓားဖြင့် ခုတ်ချလိုက်သည်။
ချန်းရီ၏ ကျောပြင်တစ်ခုလုံးတွင် ကြက်သီးမွေးညင်းများ ထသွားသည်။
ဒီသောက်ခွေး။
ဒါ... လမ်းစဉ်(၃) အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးပဲ။
သေစမ်း။
ပြီးတော့ အနီးကပ်တိုက်ခိုက်ရေး လမ်းစဉ်ကကောင်။
ချန်းရီ၏ ဘက်တွင်သာ လမ်းစဉ်(၃) အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုး ပေါ်လာခြင်း မဟုတ်ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ပါးစပ်မှ သွေးများ အန်ကျလာပြီး ချန်းရီ၏ ရှေ့မှ ဖြတ်သွားသည်။
ပျင်းရိပျင်းတွဲ တာအိုဆရာကလည်း အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရကာ ဖုန်လုံးကြီးများ ထောင်းကနဲ ထသွားပြီး သေလား ရှင်လားပင် မသိရတော့ပေ။
ချန်းရီ၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများ အဆက်မပြတ် မြည်ဟည်းနေသည်။
သူ တစ်ချက် လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်းရှိ လမ်းမထက်တွင် လေထဲ၌ မတ်တတ်ရပ်နေသော လူရိပ် လေးငါးခုကို တွေ့လိုက်ရသည်။
ထိုသူများထဲမှ တစ်ယောက်ချင်းစီသည် စောစောက အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးများထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သော ဖိအားများကို ထုတ်လွှတ်နေပြီး ချန်းရီကို ပြင်းထန်သော အန္တရာယ် ခံစားချက်ကို ဖြစ်ပေါ်စေသည်။
စောစောက ဓားမကြီးကို ကိုင်ဆောင်ကာ သံချပ်ကာ ဝတ်ဆင်ထားသည့် ရှေးဟောင်းသိုင်းသမား အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးပင်လျှင် ထိုအထဲတွင် ပါဝင်နေသည်။
သူ့ထံမှ ထွက်ပေါ်နေသော ဖိအားမှာလည်း အခြားသူများနှင့် တန်းတူပင် ဖြစ်သည်။
သောက်ကျိုးနည်း... သူတို့အားလုံးက လမ်းစဉ်(၃) အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးတွေချည်းပဲလား။
ချန်းရီ၏ ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားသည်။
ထိုအစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးများသည် တူညီသော အဆင့်ရှိ အစွမ်းပိုင်ရှင်များထက် အနည်းငယ် အားနည်းကြသည်။ ဝိညာဉ်ဆိုး ဖြစ်သွားပြီးနောက် မူလတိုက်ခိုက်ရေး အသိစိတ်အချို့ ပျောက်ဆုံးသွားခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
သို့သော် လမ်းစဉ်(၃) သာ ဖြစ်ခဲ့မည်ဆိုလျှင်...
တူညီသော လမ်းစဉ်များထက် အနည်းငယ် အားနည်းနေသည် ဆိုဦးတော့၊ ချန်းရီတို့လို လမ်းစဉ်(၂) များနှင့် ယှဉ်လျှင် အလွန် ကြီးမားသော အားသာချက် ရှိနေဆဲပင်။
ချန်းရီက နောက်သို့ လှည့်ကာ ခေါင်းဆောင်ချူကို တစ်ချက် ကြည့်လိုက်သည်။
သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ အလွန် ဝေးကွာနေသော်လည်း ခေါင်းဆောင်ချူက ချန်းရီ၏ မျက်လုံးများကို ကြည့်ရန် မလိုအပ်ဘဲ ထိုအကြည့်၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။
ချန်းရီ ထွက်ပြေးချင်နေပြီ။
အသင်းဖော်တစ်ယောက်အနေဖြင့် ခေါင်းဆောင်ချူက ချန်းရီ၏ စိတ်ကူးကို ကောင်းကောင်း နားလည်သည်။
ခေါင်းဆောင်ချူကိုယ်တိုင်လည်း လက်ရှိ အခြေအနေကို ကြည့်ကာ ထိတ်လန့်နေမိသည်။
တစ်ချက်ကြည့်ရုံဖြင့် လမ်းစဉ်(၃) ဟု သိနိုင်သော ထိုအစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးများကို မဆိုထားနှင့် အခြား ဝိညာဉ်ဆိုးများကိုပင် သူတို့ဘက်မှ တားဆီးနိုင်မည် မဟုတ်ချေ။
အကောင်တွေ အရမ်းများလွန်းတယ်...။
ဝိညာဉ်ဆိုးများ မြင်ကွင်းတစ်ခုလုံးကို ပြည့်နှက်နေချေပြီ။
ယခုအချိန်တွင် ခေါင်းဆောင်ချူသည် ဘုရားကျောင်း၏ တံခါးပေါက်ဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဘုရားကျောင်း၏ ဧည့်ခန်းမဆောင် တံခါးကြီးမှာ တင်းကျပ်စွာ ပိတ်ထားသည်။
ပိတ်ထားသော ထိုတံခါးကြီးကို မြင်လိုက်ရသောအခါ ခေါင်းဆောင်ချူသည် ဆဲဆိုပစ်ချင်စိတ် ပေါက်သွားသည်။
သောက်ကျိုးနည်း... ဘယ်အချိန်တောင် ရောက်နေပြီလဲ... မင်းလို ခွေးမသား ရွာသူကြီးက တံခါးကို ပိတ်ထားရတယ်လို့။
ငါတို့က မင်းတို့အတွက် အသေခံပြီး တိုက်ခိုက်ပေးနေတာလေ။
မင်းကတော့ ခန်းမထဲမှာ ပုန်းပြီး ဇိမ်ခံနေတယ်ပေါ့။
ခေါင်းဆောင်ချူက မည်သည့် သိက္ခာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ဘုရားကျောင်း တံခါးကြီးကို ပြင်းပြင်းထန်ထန် ထုနှက်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သောက် အဘိုးကြီး... ခင်ဗျားမှာ ဖွက်ထားတဲ့ အစွမ်းတွေ ရှိရင် အမြတ်ထုတ်တော့... အခု ထုတ်မသုံးဘူးဆိုရင်"
"ကျန်တာ ကျုပ်တို့ကိစ္စ မဟုတ်တော့ဘူး"
ပျင်းရိပျင်းတွဲ တာအိုဆရာကလည်း မည်သည့်အချိန်ကတည်းက ဘုရားကျောင်း တံခါးဝသို့ ရောက်နေမှန်း မသိပေ။
ယခုအချိန်တွင် ပျင်းရိပျင်းတွဲ တာအိုဆရာမှာ အလွန် သနားစရာ ကောင်းနေသည်။ သူ၏ ဆံပင်များမှာ သွေးများနှင့် ဖုန်မှုန့်များ ပေကျံနေပြီး သူ၏ လက်နှစ်ဖက်မှာ ဘေးတစ်ဖက်တစ်ချက်တွင် ပျော့ခွေစွာ တွဲလောင်းကျနေသည်။
မက်မွန်သစ်သားဓားပင်လျှင် ဘယ်ရောက်သွားမှန်း မသိတော့ပေ။
သူ၏ ပါးစပ်ထောင့်များနှင့် မျက်မှန်ကိုင်းများပေါ်တွင်လည်း သွေးများဖြင့် ပြည့်နှက်နေသည်။
"ရွာသူကြီး... ရွာက... မခံနိုင်တော့ဘူး"
"ရွာသူကြီး"
ထိုအချိန်မှာပင် ဘုရားကျောင်း၏ တံခါးကြီးက ပွင့်လာသည်။
ခေါင်းကြီးရွာသူကြီး၏ လက်ရှိ အခြေအနေကို မြင်လိုက်ရသောအခါ ရှိနေသူအားလုံးမှာ လန့်ဖျပ်သွားကြသည်။
ယခင်က အနည်းငယ် ဖြူနေသော ဆံပင်များမှာ ယခုအခါ လုံးဝ ဖြူဖွေးသွားခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်နှာပေါ်တွင် ခြောက်သွေ့နေသော သစ်ခေါက်များကဲ့သို့ ရှုံ့တွနေသော အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။
ရွာသူကြီးက လက်ရှိ ရွာ၏ အခြေအနေကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်နှာတွင် ဝမ်းနည်းမှုများ ပေါ်လွင်နေသည်။
"ဟူး"
"အားလုံးပဲ... ကျွန်တော့်အတွက် တစ်မိနစ်လောက် တားထားပေးကြပါ"
"တစ်မိနစ်ဆို ရပါပြီ"
ချန်းရီက အံကို တင်းတင်းကြိတ်လိုက်သည်။ တစ်မိနစ်ဆိုလည်း တစ်မိနစ်ပေါ့။
သူ့မှာ အရေးပေါ် အသက်ကယ် နည်းလမ်း ရှိသေးသည်။
ယခင်က သူ၏ စိတ်နေသဘောထားအရဆိုလျှင် ဤကဲ့သို့ အန္တရာယ်များသော ကိစ္စမျိုးတွင် လုံးဝ ပါဝင်မည် မဟုတ်ပေ။
သို့သော်...
အဖွဲ့သားများ အားလုံးက ဤနေရာတွင် ရှိနေကြသည်။
ထွက်ပြေးချင်နေသော သူ၏ စိတ်က မည်သို့မှ ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေသည်။
အဖြူရောင်နှင့် အမည်းရောင် လူကောင်လေးနှစ်ကောင်က ထပ်မံ ပေါ်ထွက်လာပြန်သည်။
အမည်းရောင် လူကောင်လေးက ဝမ်းနည်းပက်လက်ဖြင့် ပြောသည်။
"မင်းက အရူးလား... အခုက ကမ္ဘာပျက်ကပ်လေ... မင်းက ဒီ လုံးဝ မသိကျွမ်းတဲ့ လူတွေအတွက် အသေခံပေးမလို့လား"
"မင်း အဲဒီအတွက် ဘာပြန်ရမှာမို့လို့လဲ"
"ကိုယ့်ကျိုးကို မကြည့်ရင် နတ်ပြည်ကရော ငရဲကပါ လက်ခံမှာ မဟုတ်ဘူး"
"သူတို့က မင်းကို လူကောင်းပါလို့ ချီးကျူးတာကို မင်းက မျှော်လင့်နေတာလား"
"မင်းတော့ သေပြီပဲ... ဒီလောက်များတဲ့ လမ်းစဉ်(၃) တွေက... ချို့ယွင်းချက်ရှိတဲ့ အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးတွေ ဖြစ်နေရင်တောင် မင်း နိုင်မယ် ထင်နေတာလား"
"အရေးမပါတာတွေ မလုပ်စမ်းပါနဲ့... ငါ မင်းကို တောင်းပန်ပါတယ်"
အဖြူရောင် လူကောင်လေးကမူ ဝမ်းနည်းနေသော မျက်နှာထားဖြင့် "လူသားတွေက တဖြည်းဖြည်း နည်းပါးလာပြီ... ကမ္ဘာပျက်ကပ် စတင်ကတည်းက အခုချိန်ထိ မင်း လူဘယ်နှစ်ယောက်ကို တွေ့ဖူးလဲ"
"တကယ်လို့ မင်းသာ ထွက်ပြေးသွားရင် ဒီနေရာမှာရှိတဲ့ လူတစ်ထောင်ကျော်... အော်... မဟုတ်ဘူး... အခုချိန်မှာ တစ်ထောင်တောင် ပြည့်ချင်မှ ပြည့်တော့မှာ"
"မင်း ထွက်သွားရင် သူတို့အားလုံး သေကုန်မှာပဲ"
"နောက်ဆုံးကျရင် ဒီကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်း ကျန်ခဲ့ရင် အသက်ရှင်နေရတာ အဓိပ္ပာယ်ရှိသေးလို့လား"
"မင်း တစ်ယောက်တည်းနဲ့ အဆုံးထိ အသက်ရှင်နိုင်မယ်လို့ မင်း ထင်နေတာလား"
"ပြီးတော့ အားလုံးက ဒီမှာ ရှိနေတာ... မင်း ထွက်သွားရင် ထယ်ရှီး သေမယ်... စွန်းချန်းချန်းလည်း သေမယ်... ခေါင်းဆောင်ချူလည်း သေမယ်... အားလုံး သေကုန်မှာ"
"မင်း တကယ်ပဲ ထွက်သွားရက်လား"
"ပါးစပ်ပိတ်ထားစမ်း"
ချန်းရီက အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ဦးနှောက်ထဲရှိ အသိစိတ်နှစ်ခုကို နှိမ်နင်းရန် ခေါင်းကို ခါယမ်းလိုက်သည်။
တစ်မိနစ်။
တစ်မိနစ်တည်း။
သူ့ရှေ့တွင် အနည်းဆုံး လမ်းစဉ်(၃) အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုး သုံးကောင် ရောက်ရှိလာပြီ ဖြစ်သည်။
ထိုအစွမ်းပိုင်ရှင် ဝိညာဉ်ဆိုး သုံးကောင်၏ ပြင်ပပုံပန်းသဏ္ဌာန်ကို ကြည့်ရုံမျှဖြင့် သူတို့၏ လမ်းစဉ်အမည်များကို ချန်းရီ မခန့်မှန်းနိုင်ပေ။
ထိုအစွမ်းပိုင်ရှင် ဝိညာဉ်ဆိုး သုံးကောင်တည်းသာ မဟုတ်ပေ။
သူ့ရှေ့တွင် အခြား ဝိညာဉ်ဆိုး အမြောက်အမြားကလည်း အတူတကွ ဝင်ရောက် တိုက်ခိုက်လာကြသည်။
မီးခိုးရောင် လူ့ဦးခေါင်း ဝိညာဉ်ဆိုးများ။
မင်ရည်ကဲ့သို့ မည်းနက်နေသော လူ့ဦးခေါင်း ဝိညာဉ်ဆိုးများ။
၎င်းတို့သည် ချန်းရီ၏ မြင်ကွင်းတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
အန္တရာယ်က နီးကပ်လာပြီ ဖြစ်သည်။
သူ၏ ကျောဘက်တွင် အသက်ရှင်နေသော လူပေါင်း ရာနှင့်ချီ ရှိနေသည်။
သူသည်သာ သူတို့၏ နောက်ဆုံးခံတပ် ဖြစ်သည်။
"အမုန်းတရား" ဓားက ရူးသွပ်စွာ တုန်ခါနေပြီး ဓားရိုးပေါ်ရှိ မိုးမခကိုင်းက ချန်းရီ၏ လက်မောင်းကို တင်းကျပ်စွာ ရစ်ပတ်ထားကာ မိုးမခကိုင်းများက ချန်းရီ၏ အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေပြီ ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဓားရှည်ကို ကိုင်ဆောင်ကာ ဒယိမ်းဒယိုင် ထရပ်ပြီး ချန်းရီကို ကူညီရန် ပြေးလာတော့မည့်ဟန် ပြင်နေသည်။
ဘုန်းကြီးမှာမူ အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးများ၏ ဘောလုံးတစ်လုံးပမာ ရိုက်နှက်ခြင်းကို ခံနေရပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေကာ ကူညီရန် လုံးဝ မလာနိုင်တော့ပေ။
ထယ်ရှီးသည် ထိုပိန်လှီသော သတ္တဝါဆိုးကြီး၏ သဲအိတ်ပမာ ထိုးကြိတ်ခြင်းကို ခံနေရဆဲ ဖြစ်သော်လည်း လဲကျမသွားသေးပေ။
မရဏနတ်သမီး ပုံရိပ်ယောင်က သာမန်လူများဆီသို့ ပြေးဝင်လာသော မီးခိုးရောင်နှင့် အမည်းရောင် ဝိညာဉ်ဆိုးများကို တားဆီးပေးထားသည်။
လူမျက်နှာ ကင်းမြီးကောက်က မြူခိုးများထဲတွင် တိုးတိတ်စွာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်နှင့် တူနေသည်။
အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုး ဖြစ်စေ၊ သာမန် ဝိညာဉ်ဆိုး ဖြစ်စေ၊ ၎င်း၏ ပစ်မှတ်ထားခြင်းကို ခံရပါက အလွန် ဒုက္ခရောက်ပေလိမ့်မည်။
အကယ်၍ ၎င်းသာ မရှိခဲ့လျှင်...
ခံစစ်မျဉ်းက ပြိုကျသွားမည်မှာ ကြာလှပြီ ဖြစ်သည်။
အကယ်၍ ၎င်းသာ မရှိခဲ့လျှင် ချန်းရီသည်လည်း ဤမျှ သက်သောင့်သက်သာ ရှိနေမည် မဟုတ်ပေ။
စွန်းချန်းချန်းပင်လျှင် ဒဏ်ရာရနေပြီ ဖြစ်သော်လည်း သူကတော့ ကြီးကြီးမားမား ဒဏ်ရာ မရသေးပေ။
သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် ခံစစ်မျဉ်းတွင် ကြီးမားသော ဟာကွက်များ အများအပြား ပေါ်ပေါက်နေသည်။
စက္ကန့်တိုင်းတွင် ရွာသူရွာသားများနှင့် အသက်ရှင်ကျန်ရစ်သူများ သေဆုံးနေကြသည်။
ချန်းရီ၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။
"အမုန်းတရား" ဓား၏ ဓားရိုးမှနေ၍ အချက်ပြမှုတစ်ခု ရောက်ရှိလာသည်။
၎င်းသည် လုံလောက်သော အမုန်းတရားများကို စုဆောင်းမိသွားပြီ ဖြစ်ပြီး ဒုတိယအဆင့်ဖြစ်သော "ငိုကြွေးပူဆွေးခြင်း" ကို အချိန်မရွေး အသက်သွင်းနိုင်ပြီ ဖြစ်သည်။
ချန်းရီက ရှေ့သို့ ခြေနှစ်လှမ်း တိုးလိုက်ပြီး ခြေထောက်နှစ်ဖက်ကို ရှေ့တစ်ဖက် နောက်တစ်ဖက် ခွဲကာ ခန္ဓာကိုယ်အထက်ပိုင်းကို အနည်းငယ် ကိုင်းညွတ်လိုက်သည်။ သူ၏ သွေးရောင်မျက်လုံးများတွင် တောက်ပသော အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။
ညာဘက်လက်က "အမုန်းတရား" ဓား၏ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
အမုန်းတရားဓား ဒုတိယပုံစံ - ငိုကြွေးပူဆွေးခြင်း...
လူ့လောကသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းပင်။
ဒါက အထူးစွမ်းရည် တစ်ခုဖြစ်သည်။
အထူးစွမ်းရည်မဟုတ်တောင်... အနည်းဆုံးတော့ ဒုတိယအစွမ်းဟု သတ်မှတ်၍ရသည်။
ဆက်ရန်...