အခန်း ၂၃၇
Vol. 12 Ch. 237
အပိုင်း(၂၃၇) ဒုတိယအသွင်သာ
စွန်းချန်းချန်းက နောက်ဆုံးဓားချက်ကို ခုတ်ပိုင်းလိုက်ပြီးနောက် သူမရှေ့ရှိ အမည်းရောင် ဝိညာဉ်ဆိုးသုံးကောင်ကို သတ်ဖြတ်လိုက်၏။
ထိုအမည်းရောင် ဝိညာဉ်ဆိုးသုံးကောင်ထဲတွင် တစ်ကောင်က သဘာဝလွန်လမ်းစဉ် အဆင့် (၂) ဖြစ်ပြီး စိတ်စွမ်းအင်ကို အသုံးပြုနိုင်သည်။
နောက်တစ်ကောင်က အနီးကပ်တိုက်ခိုက်ရေး လမ်းစဉ်ဖြစ်ကာ ကျန်တစ်ကောင်မှာမူ စုန်းကဝေ လမ်းစဉ်ဖြစ်ပုံရသည်။
အမည်းရောင် ဝိညာဉ်ဆိုးသုံးကောင်ကို သတ်ဖြတ်လိုက်ပြီးနောက် စွန်းချန်းချန်းလည်း ချွေးသံတရွဲရွဲဖြင့် အမောတကော ဖြစ်သွားလေသည်။
ထိုဝိညာဉ်ဆိုးများထဲတွင် အဆင့် (၃) လမ်းစဉ် မပါဝင်သော်လည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို အတော်လေး အထိနာသွားစေခဲ့သည်။
ထိုအမည်းရောင် အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးသုံးကောင်တည်းသာ ရှိနေသည်မဟုတ်ကြောင်း သိထားရမည်။
သူမ၏ ပတ်လည်တွင် အခြားသော ဝိညာဉ်ဆိုးများကလည်း အဆက်မပြတ် နှောင့်ယှက် တိုက်ခိုက်နေကြသည်။
ဝိညာဉ်ဆိုးများတွင် မည်သည့် စည်းစနစ်မှ မရှိကြပေ။ ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ငယ်သားဖြစ်စေ အားလုံးက ပုရွက်ဆိတ်အုံ ပေါက်ကွဲသွားသကဲ့သို့ တစ်ပြိုင်နက်တည်း ဝိုင်းအုံ တိုက်ခိုက်လာကြခြင်း ဖြစ်သည်။
တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ပန်းရောင်ဆံပင်ကောင်မလေးသည် ပြင်းထန်လှသော အင်အားတစ်ခု၏ ရိုက်ခတ်မှုကြောင့် လွင့်စင်ထွက်သွားခဲ့သည်။
သူမကို မည်သူက ဝင်ရောက်တိုက်ခိုက်သွားသည်ကိုပင် သေသေချာချာ မမြင်လိုက်ရချေ။
အနည်းဆုံးတော့ အဆင့် (၃) လမ်းစဉ်ရှိသော အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုး ဖြစ်မည်ဆိုသည်ကိုသာ အတည်ပြုနိုင်ခဲ့သည်။
ယာဉ်တန်း၏ အတော်ဆုံး အစွမ်းပိုင်ရှင်တစ်ယောက်အနေဖြင့် ဤမျှလွယ်လွယ်နှင့်တော့ အသေခံမည် မဟုတ်ပေ။
သွေးတစ်လုပ်ကို ထွေးထုတ်လိုက်ပြီးနောက် စွန်းချန်းချန်းက ခန္ဓာကိုယ်ကို တစ်ချက်ယိမ်းကာ တိုက်ပွဲထဲသို့ ဆက်လက် ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
ယခုအချိန်တွင် ချန်းရီနှင့် အလွန်အမင်း အကြမ်းခံနိုင်သော ဘုန်းကြီးမှလွဲ၍ အခြား မည်သည့် တိုက်ခိုက်နိုင်စွမ်းမျှ မရှိတော့ချေ။
ပန်းရောင်ဆံပင်ကောင်မလေးက အရှုံးပေးရန် ဆန္ဒမရှိသေးဘဲ ချန်းရီကို သွားရောက် ကူညီရန် ပြင်လိုက်ချိန်မှာပင်...
ချန်းရီက ထင်းခုတ်ဓားမကြီးကို ကိုင်ဆောင်ထားပြီး ခုတ်ပိုင်းမည့် ဟန်ပြင်လိုက်သည်ကို သူမ မြင်တွေ့လိုက်ရသည်။
သူမကိုပင် တုန်လှုပ်သွားစေနိုင်သော ခြောက်ခြားဖွယ် အငွေ့အသက်တစ်ခုက ချန်းရီ၏ ခန္ဓာကိုယ်မှနေ၍ ရုတ်တရက် ပျံ့နှံ့ထွက်ပေါ်လာ၏။
ဤခံစားချက်က...
ကြီးမားလှသော ကြောက်မက်ဖွယ်ရာ တစ်ခုခု ကျရောက်လာတော့မည့်အလားပင်။
ဆက်တိုက်ဆိုသလိုပင် ကောင်းကင်နှင့် မြေကြီးကြားရှိ အရာအားလုံးသည် အဖြူနှင့် အမည်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ပန်းရောင်ဆံပင်ကောင်မလေး တွေ့လိုက်ရသည်။
မူလက နီရဲနေသော သွေးများသည် သူမ၏ မျက်လုံးထဲတွင် အမည်းရောင် စေးပျစ်ပျစ် အရာများအဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးဆီမှ အစိမ်းရောင်များသည်လည်း မီးခိုးရင့်ရောင်များ ဖြစ်သွားခဲ့သည်။
ကောင်းကင်ယံမှ တိမ်တိုက်များသည်ပင် ဤအချိန်၌ မီးခိုးရောင်နှင့် အဖြူရောင် ရောယှက်ကာ အနုအရင့် အမျိုးမျိုး ပြောင်းလဲနေကြသည်။
ဒါက... ကောင်းကင်နှင့် မြေကြီးရဲ့ စည်းမျဉ်းတွေကိုတောင် သက်ရောက်မှု ရှိနေပြီလား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက လမ်းစဉ် အဆင့် (၂) ပဲ ရှိသေးတာလေ။
အဲဒီဓားကလည်း နံပါတ်စဉ် နှစ်ထောင်လောက်ပဲ ရှိတာလေ။
ကောင်မလေး၏ ရင်ထဲတွင် ပို၍ ထိတ်လန့်သွားရန် အချိန်မရလိုက်မီမှာပင်...
ချန်းရီသည် သူ၏ လက်ထဲမှ ထင်းခုတ်ဓားမကြီးကို ရှေ့သို့ ညင်သာစွာ ခုတ်ပိုင်းလိုက်သည်ကို မြင်လိုက်ရသည်။
ထိုထင်းခုတ်ဓားမကြီး၏ ဓားသွားသည် ဟင်းလင်းပြင်ကိုပင် ပိုင်းဖြတ်လိုက်နိုင်သကဲ့သို့ အလွန်တရာ ထက်မြက်လှသည်။
အမည်းရောင် ရိုက်ခတ်လှိုင်း တစ်ခုသည် ချန်းရီ၏ ရှေ့တွင် ရုတ်တရက် ဖြစ်ပေါ်လာ၏။
ထိုအမည်းရောင် ရိုက်ခတ်လှိုင်းသည် ဓားလှိုင်းမဟုတ်သလို သူမ၏ ဓားအလင်းတန်းနှင့်လည်း မတူညီပေ။
ဤရိုက်ခတ်လှိုင်းကို မရေမတွက်နိုင်သော ငိုကြွေးပူဆွေးနေသည့် လူမျက်နှာများဖြင့် ဖွဲ့စည်းထားပြီး သက်ကြီးရွယ်အို၊ လူငယ်၊ လူရွယ်များ ပါဝင်နေသည်။
အမျိုးသားများနှင့် အမျိုးသမီးများလည်း ပါဝင်ကြပြီး...
မျက်နှာတိုင်းတွင် မကောင်းသော စိတ်ခံစားချက် အမူအရာများ ပြည့်နှက်နေကြသည်။
ငိုကြွေးပူဆွေးခြင်း၊ ကျိန်ဆဲခြင်း၊ အငြိုးအာဃာတထားခြင်း၊ မုန်းတီးခြင်း...
လူမျက်နှာတိုင်းသည် ရှေ့သို့ အတင်းအဓမ္မ ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားနေကြပြီး သူတို့ရှေ့တွင် ရှိနေသော မည်သည့်အရာကိုမဆို ကိုက်ဖြတ် ဆွဲဖြဲရန် အားထုတ်နေကြသည်။
တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် ပန်းရောင်ဆံပင်ကောင်မလေးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ထိုရိုက်ခတ်လှိုင်းသည် လွန်ခဲ့သော တစ်စက္ကန့်က ယပ်တောင်ပုံသဏ္ဌာန် သေးသေးလေးသာ ရှိသေးသော်လည်း...
ချန်းရီ၏ ရှေ့မှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် အလျင်အမြန် ကြီးထွားလာကာ ဧရာမ ယပ်တောင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ချန်းရီရှေ့ရှိ ဝိညာဉ်ဆိုးအားလုံးဆီသို့ ပြေးဝင်သွားလေသည်။
ချန်းရီနှင့် ဝေးကွာသွားလေလေ ထိုယပ်တောင်ပုံသဏ္ဌာန်မှာ ပို၍ ကြီးမားလာလေလေ ဖြစ်သည်။
ထိုမကောင်းသော စိတ်ခံစားချက်များ ပြည့်နှက်နေသည့် လူခေါင်းများသည် ကျဲပါးသွားခြင်း မရှိဘဲ ပို၍ပင် များပြားလာကာ ထူထပ်ပိတ်သိပ်စွာဖြင့် ရှေ့သို့ အုံနှင့်ကျင်းနှင့် တိုးဝင်သွားကြသည်။
စူးစူးဝါးဝါး အော်ဟစ်နေကြသည်၊ ဟိန်းဟောက်နေကြသည်၊ ငိုကြွေးပူဆွေးနေကြသည်၊ ကျိန်ဆဲနေကြသည်။
အစွမ်းပိုင်ရှင်မဟုတ်သော အမည်းရောင် ဝိညာဉ်ဆိုး တစ်ကောင်ကို အငြိုးတကြီး လူခေါင်းအများအပြားက ဝင်ရောက် ရစ်ပတ်လိုက်ကြသည်။
ထိုအမည်းရောင် ဝိညာဉ်ဆိုးသည် စူးစူးဝါးဝါး အော်ဟစ်ကာ ထိုလူခေါင်းများ၏ ရစ်ပတ်မှုမှ ရုန်းထွက်နိုင်ရန် အသည်းအသန် ရုန်းကန်နေရှာသည်။
သို့သော် ပို၍ များပြားလှသော လူခေါင်းများက အပေါ်သို့ ထပ်မံ ခုန်အုပ်လာကြသည်။
အရောင်အနည်းငယ် ဖျော့သော အခြား ဝိညာဉ်ဆိုး အများအပြားမှာလည်း လူခေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းချီ၍ ဝိုင်းဝန်း ကိုက်ဖြတ်ခံလိုက်ရသဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြတော့သည်။
ရှေ့ဆုံးမှ ပြေးဝင်လာသော သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် ရှေးဟောင်းသိုင်းပညာ အစွမ်းပိုင်ရှင်သည် ထိုလူခေါင်းများ၏ အဓိက ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်။
မရေမတွက်နိုင်သော လူခေါင်းများက ပျားအုံပမာ ပြေးဝင်လာကြပြီး ဤအဆင့် (၃) လမ်းစဉ် အစွမ်းပိုင်ရှင်ကို တိုက်ရိုက် ရစ်ပတ်ကာ ဖုံးလွှမ်းမြုပ်နှံပစ်လိုက်ကြသည်။
ရှေးဟောင်းသိုင်းပညာ အစွမ်းပိုင်ရှင်သည် သူ၏ ဓားရှည်ကြီးကို ဝှေ့ယမ်းကာ လူခေါင်းများကို ခုတ်ထစ် ဖျက်ဆီးပစ်လိုက်သော်လည်း...
ပိုမိုများပြားသော လူခေါင်းများက ထပ်မံ အုံကြွလာပြီး သူ့ကို နောက်တစ်ကြိမ် ဖုံးလွှမ်းသွားကြပြန်သည်။
အခြားသော အဆင့် (၃) လမ်းစဉ် အစွမ်းပိုင်ရှင် နှစ်ယောက်မှာလည်း အဆက်မပြတ် နောက်ဆုတ်နေကြရသည်။
ကျန်ရှိနေသော မီးခိုးဖြူရောင် ဝိညာဉ်ဆိုးများမှာမူ တစ်ချက်တည်းဖြင့် ပြောင်စင်သွားခဲ့ပြီ ဖြစ်သည်။
ပန်းရောင်ဆံပင်ကောင်မလေးသည် ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။
ဒါ...
ချန်းရီက ဘယ်တုန်းက ဒီအကွက်ကို တတ်သွားတာလဲ။
ဒါက တကယ့်ကိုပဲ။
ကောင်းကင်နှင့် မြေကြီးသည် မူလအရောင်အသွေးသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွားချိန်တွင်...
စောစောက ရှေးဟောင်းသိုင်းပညာ အဆင့် (၃) လမ်းစဉ် အစွမ်းပိုင်ရှင်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အခြားသော အဆင့် (၃) လမ်းစဉ် အစွမ်းပိုင်ရှင် နှစ်ယောက်မှာလည်း ဤအချိန်တွင် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြတ်တောက်သွားပြီး စွမ်းအားများ များစွာ လျော့ကျသွားခဲ့လေပြီ။
ယခင်က ရှိနေခဲ့သော အခြား ဝိညာဉ်ဆိုးများမှာလည်း တစ်ကောင်မျှ မကျန်တော့ချေ။
သူတို့ရှေ့ရှိ နေရာတစ်ခုလုံး ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
ဒါက အဆင့် (၃) လမ်းစဉ်တွေလေ။
ကြွင်းကျန်ရစ်သော ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသည့် အဆင့် (၃) လမ်းစဉ် ဖြစ်နေပါစေဦး... ဒါဟာ အဆင့် (၃) လမ်းစဉ်ပဲလေ။
ငါ့ရဲ့ ဒီတစ်ကွက်တည်းနဲ့တင် အနိုင်ယူလိုက်နိုင်တာလား။
ချန်းရီသည် အနည်းငယ် မယုံနိုင်အောင် ဖြစ်နေမိသည်။
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် အမြဲရှိနေခဲ့သော သံသယတစ်ခုလည်း ရှင်းလင်းသွားခဲ့သည်။
"အမုန်းတရား" ၏ နံပါတ်စဉ်သည် နှစ်ထောင် ဖြစ်ပြီး ပန်းရောင်ဆံပင်ကောင်မလေး၏ ဓားနှင့် အမြဲတမ်း အဆင့်အတန်း တူညီနေခဲ့သည်။
သို့သော် ပန်းရောင်ဆံပင်ကောင်မလေး၏ ဓားသည် အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် မီးနဂါးအဖြစ် ပြောင်းလဲနိုင်ပြီး ထူးဆန်းသောအရာများကိုလည်း အတော်လေး နှိမ်နင်းနိုင်စွမ်း ရှိသည်။
ထို့အပြင် ဓားပျံပညာရပ်ကိုလည်း အသုံးပြုနိုင်သေးရာ... သတ်ဖြတ်နိုင်စွမ်း ဖြစ်စေ၊ ကြော့ရှင်းသပ်ရပ်မှု ဖြစ်စေ ထင်းခုတ်ဓားမကြီးနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
"အမုန်းတရား" ၏ နံပါတ်စဉ်သည် နာမည်နှင့် မလိုက်ဖက်သလိုများ ဖြစ်နေသလားဟု ချန်းရီ အမြဲတမ်း သံသယ ဝင်နေခဲ့မိသည်။
သေချာသည်မှာ... ၎င်းက သံသယတစ်ခုမျှသာ ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် ထင်းခုတ်ဓားမကြီးသည် ပန်းရောင်ဆံပင်ကောင်မလေး၏ ပျံဝဲနေသောဓားနှင့် အဘယ်ကြောင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသနည်းဆိုသည်ကို ချန်းရီ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဒါက သူ့ရဲ့ ဒုတိယမြောက် အသွင်ပြောင်းခြင်း အဆင့်ပဲ ရှိသေးတာလေ။
တတိယမြောက် အသွင်ပြောင်းခြင်း အဆင့်လည်း ရှိနေသေးတယ်။
တတိယအဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ထင်းခုတ်ဓားမကြီးသည် သူ့အလိုလိုပင် အသိစိတ်နိုးကြားလာနိုင်စွမ်း ရှိသည်။
ဒါတောင် နံပါတ်စဉ် နှစ်ထောင်ပဲ ရှိသေးတာလေ။
မိစ္ဆာပစ်ကပ်ကားက နံပါတ်စဉ် တစ်ထောင်အတွင်းမှာ ရှိတာ။
တကယ့် မိစ္ဆာပစ်ကပ်ကား အစစ်က ဘယ်လို ပုံစံမျိုး ဖြစ်လာမလဲ ဆိုတာကို ချန်းရီ တစ်ခဏမျှပင် မတွေးရဲတော့ချေ။
သူတို့ရှေ့ရှိ ရှင်းလင်းသွားသော နေရာသည် လျင်မြန်စွာပင် ပြန်လည် ပြည့်နှက်လာသည်။
ချန်းရီက နောက်သို့ အရှိန်ပြင်းပြင်း ဆုတ်ခွာလိုက်ပြီး မြူခိုးငွေ့များကြားတွင် သူ့ကိုယ်သူ ဖုံးကွယ်လိုက်သည်။
ချန်းရီ၏ ခုနက အကွက်သည် လူသားများ သို့မဟုတ် အခြား သက်ရှိသတ္တဝါများနှင့်သာ ရင်ဆိုင်ရပါက ကြောက်ရွံ့ထိတ်လန့်သော စိတ်များ ဖြစ်ပေါ်လာစေပြီး ဖရိုဖရဲ ဆုတ်ခွာပြေးရသည်အထိပင် ဖြစ်သွားနိုင်သည်။
သို့သော် သူ့ရှေ့ရှိ ဤဝိညာဉ်ဆိုးများသည် ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်အရာမှန်း လုံးဝ မသိကြပေ။
မရေမတွက်နိုင်သော ဝိညာဉ်ဆိုးများက နောက်တစ်ကြိမ် ခုန်အုပ်လာကြပြန်သည်။
လူအင်အားသုံး တိုက်ခိုက်တဲ့ နည်းဗျူဟာလား... ငါလည်း တတ်တာပေါ့။
ချန်းရီက မီးခိုးငွေ့ တစ်ပွက်ကို နောက်တစ်ကြိမ် ထွေးထုတ်လိုက်သည်။
မရေမတွက်နိုင်သော တွားသွားကောင်များသည် မီးခိုးငွေ့များကြားမှ ရုန်းထွက်လာကြသည်။
တွားသွားကောင်များ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန် နိမ့်ကျလှသည်။
သို့သော် တွားသွားကောင်များအနေဖြင့် ဤဝိညာဉ်ဆိုးများကို အနိုင်ယူနိုင်စွမ်း ရှိမရှိဆိုသည်ကို ချန်းရီ လုံးဝ ဂရုမစိုက်ပေ။
သူ ဂရုစိုက်သည်မှာ တစ်မိနစ်ခန့် အချိန်ဆွဲထားနိုင်ရန်သာ ဖြစ်သည်။
တစ်မိနစ်ဆိုတဲ့ အချိန်က ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ။
ချန်းရီအတွက် တစ်ခုတည်းသော အနှောင့်အယှက်ဖြစ်စေသည်မှာ တွားသွားကောင်များသည် မပျံသန်းနိုင်ခြင်းပင်။
ထို့ကြောင့် ချန်းရီက သူ၏ရှေ့တွင် မီးခိုးငွေ့များဖြင့် ထူထဲသော တံတိုင်းအမြင့်ကြီး တစ်ခုကို ဖန်တီးလိုက်သည်။
တွားသွားကောင်များသည် တံတိုင်းအမြင့်ကြီးအတိုင်း တွားသွားတက်သွားကြပြီး ထိုဝိညာဉ်ဆိုးများဆီသို့ ခုန်အုပ် တိုက်ခိုက်ကြလေသည်။
ချန်းရီက မီးခိုးငွေ့များကို ဆက်လက် ထွေးထုတ်နေသည်။
မြူခိုး တံတိုင်းအမြင့်ကြီးသည် လျင်မြန်စွာ ပိုမို ထူထဲလာသည်။
မရေမတွက်နိုင်သော တွားသွားကောင်များသည်လည်း ဤမီးခိုးငွေ့ တံတိုင်းအမြင့်ကြီးထဲမှ ဆက်တိုက် ထွက်ပေါ်လာကြသည်။
ထူးဆန်းသောအရာများသည် မြူခိုးတံတိုင်းကြီးအတွင်းသို့ ပြေးဝင်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏ အာရုံခံနိုင်စွမ်းအားလုံးကို ချက်ချင်း ဆုံးရှုံးသွားကြပြီး မြူခိုးတံတိုင်းအတွင်း၌ ဟိုဟိုဒီဒီ ရမ်းသမ်း တိုက်ခိုက်နေရုံသာ တတ်နိုင်တော့သည်။
နှမြောစရာကောင်းသည်မှာ မြူခိုးတံတိုင်းကြီးတွင် ရန်သူကို ပိတ်လှောင်ထားနိုင်သည့် စွမ်းရည် မရှိခြင်းပင် ဖြစ်သည်။
အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် မြူခိုးများဖုံးလွှမ်းနေသော ဧရိယာထဲမှ ထွက်ခွာသွားနိုင်ကြသည်။
သို့သော် ထိုတံတိုင်းကြီးထဲတွင် ခြေရာလက်ရာဖျောက်၍ သွားလာလှုပ်ရှားတတ်သော လူမျက်နှာ ကင်းမြီးကောက် တစ်ကောင် ရှိနေသည်။
လူမျက်နှာ ကင်းမြီးကောက်၏ အမြီးမှ အဆိပ်ဆူးသည် အလွန်မြန်ဆန်ပြီး အသံလည်း မမြည်ပေ။ အဆင့်နိမ့် ဝိညာဉ်ဆိုးများသည် ၎င်း၏ အဆိပ်ဆူးကို လုံးဝ မခုခံနိုင်ကြချေ။
လမ်းစဉ် အဆင့် (၂) ရှိသော အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုး ဖြစ်နေပါစေဦး၊ ၎င်းနှင့် တွေ့လျှင် အလွယ်တကူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထို့အပြင် နေရာအနှံ့အပြားတွင် ရှိနေသော ပုံတူပွားထားသည့် တွားသွားကောင်များလည်း ရှိနေသေးသည်။
"နင်ဘာ ကြောင်ကြည့်နေတာလဲ... ငါ မခံနိုင်တော့ဘူးဟ"
ချန်းရီက ခေါင်းလှည့်ကြည့်လိုက်ရာ ပန်းရောင်ဆံပင်ကောင်မလေးမှာ ကြောင်တောင်တောင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ဒေါသတကြီး အော်ဟစ် ဆဲဆိုလိုက်ခြင်း ဖြစ်သည်။
ပန်းရောင်ဆံပင်ကောင်မလေးက သူမ၏ ဓားရှည်ကြီးကို တစ်ချက် ဝှေ့ယမ်းကာ တိုက်ပွဲအတွင်းသို့ ပြေးဝင်သွားလေသည်။
ထိုအချိန်မှာပင်... ချန်းရီသည် သူ၏ ကျောဘက်ဆီမှ ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။
ခေါင်းကို လှည့်ကြည့်လိုက်သောအခါ...
ချန်းရီသည် သူ့တစ်သက်တွင် မေ့ဖျောက်နိုင်စွမ်းမရှိတော့မည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။
ဆက်ရန်...