← Chapters

အခန်း ၂၃၉

Vol. 12 Ch. 239

အခန်း ၂၃၉

Vol. 12 Ch. 239

အပိုင်း(၂၃၉) ညံ့ဖျင်းသော ဟောပြောသူ

"ဝုန်း... ဒိုင်း..."

ခွန်ရှီးကြီး နောက်တစ်ကြိမ် လွင့်စင်သွားခြင်းကြောင့် ဖြစ်ပေါ်လာသော ဆူညံသံက သူတို့ရှိနေသည့် နေရာသည် စစ်တလင်းဖြစ်နေဆဲဆိုသည်ကို အားလုံးအား သတိပေးလိုက်၏။

ဘုရားကျောင်းအတွင်းမှ ရုတ်တရက် ပြောင်းလဲသွားမှုက လူတိုင်းကို ဆွံ့အံအံ့ဩသွားစေသည်။

ချန်းရီက ပြာလဲ့လဲ့ မီးခိုးငွေ့တစ်လိုင်းအဖြစ် ပြောင်းလဲသွားပြီး မီးခိုးငွေ့ မြူခိုးများကြားတွင် ပုန်းကွယ်သွားလေ၏။

"အဘိုးကြီး... မြန်မြန်လုပ်... ကျွန်တော်တို့ တောင့်မခံနိုင်တော့ဘူး"

ချန်းရီက မီးခိုးငွေ့ မြူခိုးများထဲသို့ ပုန်းကွယ်ဝင်ရောက်သွားချိန်တွင် ရွာသူကြီးအိုကြီးကို လှမ်း၍ အော်ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အနက်ရောင် အင်းကွက်မျက်နှာဖုံးအတွင်းမှ ရုန်းထွက်လာနေသည့် လမ်းစဉ် အဆင့် (၄) ဟု ယူဆရသော ကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်တစ်ခုကို ချန်းရီက မြင်တွေ့လိုက်ရသောကြောင့် ဖြစ်၏။

ခွန်ရှီးကြီးက ထိုပိန်လှီလှီ မိစ္ဆာကောင်နှင့် ဆက်လက်၍ သွေးသံရဲရဲ တိုက်ခိုက်နေသည်။

ဘုန်းကြီးကလည်း ဆက်လက်၍ အရိုက်ခံနေရ၏။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက လက်ဖြင့် ဓားမုဒြာကို ပုံဖော်ကာ ပါးစပ်မှလည်း မန္တန်များကို ရွတ်ဆိုနေပြီး ဓားပျံပညာရပ်ဖြင့် သူမအနီးသို့ ချဉ်းကပ်လာသော ဝိညာဉ်ဆိုးများကို နှင်ထုတ်နေသည်။

......

ဘုရားကျောင်း၏ အပျက်အစီးများထက်တွင် ခန္ဓာကိုယ်တစ်ဝက်သာ ရှိတော့သည့် ထူးဆန်းသောအရာနှင့် ပူးတွဲရှင်သန်ခြင်း လမ်းစဉ် အစွမ်းပိုင်ရှင် ဆယ့်ရှစ်ယောက် ရှိနေပြီး လူတစ်ယောက်ချင်းစီ၏ မျက်နှာပေါ်ရှိ အမူအရာများက တစ်ခုနှင့်တစ်ခု မတူညီကြပေ။

အချို့က အေးစက်စက်နိုင်လှပြီး သူတို့ရှေ့ရှိ အသက်ရှင်နေသူ အားလုံးကို လေဟာနယ်တစ်ခုကဲ့သို့ သဘောထားနေကြ၏။

အချို့ကမူ လျှာသပ်နေကြပြီး နေရာတွင်ရှိနေသော အသက်ရှင်သူ အားလုံးကို အရသာရှိလှသည့် ညစာစားပွဲတစ်ခုအဖြစ် ရှုမြင်နေကြသည်။

အချို့ကလည်း လူတိုင်းကို အငြိုးတကြီး ကြည့်ရှုနေကြ၏။

အချို့ကမူ...

"ဟဲဟဲ... ချန်ရုံကု... ရွာမှာတော့ ပြဿနာ အကြီးအကျယ် တက်နေပြီ ထင်တယ်"

"ကောင်းတယ်... ကောင်းတယ်... ကောင်းလိုက်တာ"

"ဟီး... ဟီး... ဟီး"

"ဂစ်... ဂစ်... ဂစ်"

"ဖျောင်း... ဖျောင်း... ဖျောင်း..."

ဆံပင်ဖြူနေပြီဖြစ်သော အဘိုးအိုတစ်ယောက်၏ အသံက သန်းခေါင်ယံအချိန်တွင် အော်မြည်နေသည့် ဇီးကွက်တစ်ကောင်၏ အသံကဲ့သို့ နားထောင်ရဆိုးလှသည်။

သူပြောထွက်လာသည့် စကားများကလည်း သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသည့် စကားများပင် ဖြစ်၏။

လူတစ်ယောက်ကမူ အောင်ပွဲခံသည့်အနေဖြင့် လက်ခုပ်ပင် တီးနေသေးသည်။

ရွာလေး ကံဆိုးလေလေ သူတို့ ပို၍ ပျော်ရွှင်လေလေ ဖြစ်နေသည့်အလားပင်။

ရွာသူကြီး၏ အမည်က ချန်ရုံကု ဖြစ်နေခြင်းပင်။

ရွာသူများက ထိုလူများကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြပြီး ဤလူများက သူတို့ နေ့စဉ် ပူဇော်ပသနေရသည့် ဘိုးဘေးကြီးများ ဖြစ်သည်ဆိုသည်ကို ရင်ထဲတွင် လုံးဝ လက်မခံနိုင်အောင် ဖြစ်နေကြ၏။

ယခုအချိန်တွင်တော့ ဤဘိုးဘေးကြီးများက သူတို့အားလုံး သေဆုံးသွားစေရန်သာ အလိုရှိနေကြသည်။

ခေါင်းကြီး ရွာသူကြီး၏ မျက်လုံးများက အနည်းငယ် နောက်ကျိနေပြီး သူ၏မျက်နှာပေါ်တွင်လည်း မည်သည့် လေးစားမှု အမူအရာမှ ရှိမနေဘဲ သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။

ထို့နောက် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။

"ခင်ဗျားတို့က ကျွန်တော့်ကို မုန်းလို့ပဲဖြစ်ဖြစ်... ကျွန်တော့်ကို စားချင်လို့ပဲဖြစ်ဖြစ် အားလုံး ရတယ်"

"ခင်ဗျားတို့နဲ့ အဓိပ္ပာယ်မရှိတာတွေ ပြောနေဖို့ ကျွန်တော့်မှာ အချိန်သိပ်မရှိဘူး... ကျွန်တော့်မှာ တစ်မိနစ်ပဲ အချိန်ရှိတယ်... တစ်မိနစ်ပြည့်လို့မှ ခင်ဗျားတို့က အင်အားမထုတ်ဘူးဆိုရင် ရွာဆိုတာ ဆက်ရှိနေတော့မှာ မဟုတ်ဘူး"

"ဒါမှမဟုတ် စာချုပ်ရဲ့ အစွမ်း ကျွန်တော့်ကို သုံးစေချင်တာလား"

ရွာသူကြီး၏ အသံက တည်ငြိမ်နေသော်လည်း ထိုအသံထဲတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများနှင့် မတတ်သာတော့သည့် အခြေအနေများကို ဖုံးကွယ်ထား၏။

"ရွာပျက်သွားတာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ... ချန်ရုံကု... ကျွန်မ ဒီလိုအခြေအနေ ဖြစ်နေပြီကို ရှင်က ကျွန်မကို လူလို့ ထင်နေသေးတာလား"

စူးရှပြီး ရက်စက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

စကားပြောလိုက်သူမှာ ဆုမန်ရှန်း ဖြစ်၏။

ယခင်က လူတိုင်း အားကျရသည့် ဤအင်တာနက်ပေါ်မှ အမျိုးသမီးသရုပ်ဆောင်လေး၏ အသံထဲတွင် ယခုအခါ ရူးသွပ်မှုများ၊ ကောက်ကျစ်မှုများနှင့် နက်ရှိုင်းလှသော အမုန်းတရားများ ကိန်းအောင်းနေလေသည်။

"ရှင်လိမ်တာကို ခံရပြီး အဲဒီ သောက်ကျိုးနည်း စာချုပ်ကိုသာ လက်မှတ်မထိုးခဲ့ရင် ကျွန်မ ဒီနေရာမှာ ရှိနေပါ့မလား"

ရွာသူကြီးက ဆုမန်ရှန်းကို လှည့်မကြည့်ပေ။

သူက စကားပြောနှုန်းကို အနည်းငယ် မြှင့်လိုက်ရုံသာ ဖြစ်၏။

"ဆုမန်ရှန်း... စာချုပ်ကို မင်းဘာသာ လက်မှတ်ထိုးခဲ့တာ... ငါ မင်းကို အတင်းအကျပ် မလုပ်ခဲ့ဘူး"

"ပြီးတော့ မင်းက အခု လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေပြီ... အစွမ်းပိုင်ရှင် ဖြစ်ချင်တဲ့သူတွေ အများကြီး ရှိပေမဲ့ မဖြစ်နိုင်ကြဘူး... မင်းက ဘာကို မကျေနပ်ရသေးတာလဲ"

"ကမ္ဘာတစ်ဝန်းလုံးမှာ လူ ၉၉ ရာခိုင်နှုန်းကျော် သေဆုံးသွားခဲ့ပြီ"

"ငါတို့တွေ မြို့တွေနားကိုတောင် မကပ်ရဲကြဘူး"

"မင်းကတော့ အသက်ရှင်နေသေးတယ်"

"နတ်ဆင်ရွာသာ မရှိခဲ့ရင် မင်းလည်း အခုချိန် တခြားလူတွေလိုပဲ ဘယ်ချောင်မှာ သေပြီး ပုပ်ပွနေမလဲဆိုတာ မသိနိုင်ဘူး"

"ဟားဟားဟား..."

"ချန်ရုံကု... ပြောတာ သိပ်ကောင်းတာပဲ... အရင်တုန်းက ကျွန်မလည်း ရှင်လိမ်တာကို ဒီလိုပဲ ခံခဲ့ရတာ"

ဩရှရှနှင့် အငြိုးတကြီး အသံတစ်သံက ဆုမန်ရှန်း ပြောမည့်စကားကို ကြားဖြတ် ပြောလိုက်သည်။

"ကျွန်မတို့က အခု လူလည်းမဟုတ် သရဲလည်းမဟုတ် ဖြစ်နေပြီ... သေနေတာနဲ့ ဘာကွာတော့လို့လဲ"

"ချန်ရုံကု... ရွာသူကြီး... ဒီနေရာမှာ နေ့တွေလတွေ ဘယ်လိုကုန်လွန်သွားမှန်းတောင် မသိရဘဲ နေ့တိုင်း နားထဲမှာ ထူးဆန်းတဲ့ တီးတိုးသံတွေကို သည်းခံနေရတဲ့ ခံစားချက်မျိုးကို ရှင် ခံစားဖူးလား"

"ချန်ရုံကု... အရင်တုန်းက ရွာအတွက်ဆိုရင် ကျွန်မ ဘာမဆို လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်"

"ကျွန်မ မရူးဘဲနဲ့ ဆက်ပြီး တောင့်ခံနိုင်မယ်လို့ ထင်ခဲ့တာ"

"ဒါပေမဲ့ အခုတော့ ကျွန်မ မှားသွားပြီ... ကျွန်မ နောင်တရနေပြီ"

"ဟီး... ဟီး... ဟီး"

"ရှင်တို့အားလုံး သေသွားရင် အကောင်းဆုံးပဲ... အားလုံး သွားသေလိုက်ကြ"

"ဟားဟား"

"လာခဲ့လေ... ချန်ရုံကု... ငါ့ဆီမှာ လာအစားခံလိုက်... ငါ စားချင်နေတာ ကြာလှပြီ"

မရေမတွက်နိုင်သော ရူးသွပ်မှုများနှင့် ကောက်ကျစ်သည့် အသံများက ရွာသူကြီးထံသို့ ပြေးဝင်လာကြသည်။

ချန်ရုံကုက တိတ်ဆိတ်စွာ နားထောင်နေသည်။

သို့သော် ရွာသူများမှာမူ ကြောက်လန့်လွန်း၍ မျက်နှာများ ဖြူရော်နေကြပြီ ဖြစ်သည်။

သူတို့က နောက်သို့ ဆုတ်ချင်နေကြသော်လည်း သူတို့၏ အနောက်ဘက်တွင်လည်း ကြောက်မက်ဖွယ်ရာ ဝိညာဉ်ဆိုးများက အပြည့်ရှိနေသည်။

ချန်ရုံကုက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

"ပါးစပ်ပိတ်ထားကြ"

ထိုသို့ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆယ့်ရှစ်ယောက်စလုံး တိတ်ဆိတ်သွားကြပြီး တစ်စုံတစ်ယောက်က ရူးသွပ်စွာ ဆဲဆိုချင်နေလျှင်ပင် အံ့ဖွယ်စွမ်းအားတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရလေသည်။

စကားတစ်ခွန်းမျှပင် ပြောထွက်မလာတော့ချေ။

အံ့ဖွယ်စွမ်းအားတစ်ခုက သူတို့ကို ထိန်းချုပ်ထားသကဲ့သို့ ပုံပေါက်နေသည်။

ရွာသူကြီးက ရွာသူများဘက်သို့ လှည့်ကြည့်လိုက်၏။

သူ၏ အနောက်ဘက်တွင် ရူးသွပ်နေသူ ဆယ့်ရှစ်ယောက် ရှိနေပြီး ရှေ့တွင်မူ သူ၏အပေါ် မျှော်လင့်ချက်များ ထားရှိနေကြသည့် ရွာသူရွာသား ရာပေါင်းများစွာ ရှိနေလေသည်။

ယခုဖြစ်ရပ်လေး ပြီးသွားပြီးနောက်တွင်တော့ ရွာသူများစွာ၏ မျက်လုံးများထဲ၌ သူ၏အပေါ် သံသယဝင်သည့် အရိပ်အယောင်များ ပေါ်လာကြ၏။

အချို့သော မျက်လုံးများထဲတွင်တော့ ရွံရှာမုန်းတီးသည့် အမူအရာများပင် ပါဝင်နေသေးသည်။

ချန်ရုံကုက ဝိညာဉ်ဆိုးများကို ခုခံနေဆဲဖြစ်သည့် အစွမ်းပိုင်ရှင် အနည်းငယ်ကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

"အားလုံးပဲ... နည်းနည်းလောက် ထပ်ပြီး တောင့်ခံထားပေးပါ... ချက်ချင်း အဆင်ပြေသွားတော့မှာပါ"

ချန်းရီက စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်သည်။

သောက်ကျိုးနည်း... ခင်ဗျား ချက်ချင်း အဆင်ပြေမယ့်အချိန်ထိ စောင့်နေရရင် ဘယ်လိုမှ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။

ယခင်က အသုံးပြုခဲ့သော ငိုကြွေးပူဆွေးခြင်း အစွမ်းကြောင့် ဝိညာဉ်ဆိုး အများအပြားကို ရှင်းလင်းနိုင်ခဲ့သည်။

သို့သော် ယခုကြည့်ရသည်မှာ ထိုဝိညာဉ်ဆိုးများက လျော့နည်းမသွားသည့်အပြင် များစွာ ပိုတိုးလာသကဲ့သို့ပင်။

နေရာတိုင်းတွင် အပြည့်ဖြစ်နေ၏။

အထူးသဖြင့် ၎င်းတို့ထဲမှ လမ်းစဉ် အဆင့် (၃) ဝိညာဉ်ဆိုး အကောင်အတော်များများက လူကို အလွန် ခေါင်းကိုက်စေသည်။

ထိုအထဲမှ နင်ဂျာ လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် ဖြစ်ဟန်တူသည့် ဝိညာဉ်ဆိုးတစ်ကောင်က ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် လုံးဝကို ကာကွယ်ရန် ခက်ခဲလွန်းလှသည်။

သူ၏ မီးခိုးငွေ့ မြူခိုးကသာ ထိုကောင်ကို ကွက်တိ နှိမ်နင်းနိုင်စွမ်း မရှိခဲ့လျှင်...

သူကိုယ်တိုင်လည်း ထိုကောင်၏ တိုက်ခိုက်ခြင်းကို ခံရနိုင်ချေ ရှိလေသည်။

ရွာသူကြီးက ရွာသားတစ်ယောက်ချင်းစီ၏ မျက်နှာပေါ်ရှိ အမူအရာများကို ကြည့်ရင်း အလွန် တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်၏။

"အားလုံးပဲ... ဒီတစ်ကြိမ်က နတ်ဆင်ရွာရဲ့ ရွာသူကြီးတစ်ယောက်အနေနဲ့ ခင်ဗျားတို့ကို စကားပြောခွင့်ရတဲ့ နောက်ဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နိုင်တယ်"

"နောက်ထပ် မိနစ်အနည်းငယ်လောက် ကြာရင် နတ်ဆင်ရွာဆိုတာ ဆက်ရှိချင်မှ ရှိတော့မှာ"

"ဒါပေမဲ့ ကျွန်တော် ချန်ရုံကုက လိပ်ပြာမလုံတဲ့ အလုပ်မျိုးကို တစ်ခါမှ မလုပ်ခဲ့ဖူးဘူး"

ချန်ရုံကုက နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် သူ၏မျက်နှာက အနည်းငယ် နီမြန်းလာပြီး သူ၏ အမူအရာကလည်း အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

ရွာသူကြီး၏ စကားကို ကြားသောအခါ လူအများစု၏ မျက်လုံးများက အလွန် အံ့ဩသွားကြပြီး အထင်သေးသည့် အကြည့်များလည်း ပါဝင်နေ၏။

သို့သော် လူအများစုက သူတို့၏ မျက်လုံးများဖြင့် ဘိုးဘေးကြီး ဆယ့်ရှစ်ပါးနှင့် ရွာသူကြီးကြားတွင် အပြန်အလှန် ကြည့်ရှုနေကြသည်။

ထိုအမူအရာများက စကားများဖြင့် ဖော်ပြရန်ပင် မလိုအပ်တော့ချေ။

ရွာသူကြီးက စကားပြောနှုန်းကို မြှင့်ကာ ပြောလိုက်၏။

"အားလုံးပဲ... နတ်ဆင်ရွာသာ မရှိခဲ့ရင်... နတ်ဆင်ကြီးရဲ့ အကာအကွယ်သာ မရှိခဲ့ရင် ဒီရွာက ဒီလောက်လူတွေ အများကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

"လူ တစ်ထောင် အသက်ရှင်ဖို့ နေနေသာသာ... ငါးဆယ်တောင် ခဲယဉ်းလိမ့်မယ်"

"ဘိုးဘေး ဆယ့်ရှစ်ပါး တစ်ယောက်ချင်းစီက ဘိုးဘေးတွေ မဖြစ်လာခင်တုန်းက အားလုံး သူတို့သဘောဆန္ဒအရ လုပ်ခဲ့ကြတာ"

"အစွမ်းပိုင်ရှင်တွေ ဖြစ်လာပြီး နတ်ဆင်ကြီးနဲ့ ပူးတွဲရှင်သန်ပြီး ရွာကို အကာအကွယ် ပေးခဲ့ကြတာ"

"ရွာက သူတို့ကို ရွာရဲ့ အစောင့်အရှောက် နတ်ဘုရားတွေအဖြစ် ပူဇော်ပသခဲ့ကြတယ်"

"သူတို့သာ မရှိခဲ့ရင် ရွာဆိုတာ ရှိနေမှာ မဟုတ်တော့ဘူး"

"အင်းပေါ့... ထူးဆန်းတဲ့အရာနဲ့ ပူးတွဲရှင်သန်ခြင်း လမ်းစဉ် အစွမ်းပိုင်ရှင်တွေက ထူးဆန်းတဲ့အရာတွေရဲ့ လွှမ်းမိုးမှုဒဏ်ကို မရှောင်လွှဲနိုင်ကြဘဲ နောက်ဆုံးမှာတော့ ကောက်ကျစ်တဲ့ မိစ္ဆာတွေ ဖြစ်လာကြတာပဲ"

"ဒါပေမဲ့... ကျွန်တော် ချန်ရုံကုက အရင်တုန်းက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဘယ်တော့မှ နောင်တမရဘူး"

"ခင်ဗျားတို့က ဆဲဆိုချင်ရင်... မုန်းတီးချင်ရင် ကျွန်တော့်နာမည်ကိုပဲ မှတ်ထားပါ... လူမှားပြီး မဆဲကြပါနဲ့"

ရွာသူကြီးက ဤစကားများကို မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ ပြောထွက်လာသည်ကို ကြားလိုက်ရသောအခါ ရွာသူများ၏ မျက်လုံးများလည်း ပြောင်းလဲသွားကြသည်။

ယခင်က ရွာသူကြီးအပေါ် သံသယဝင်ခဲ့သူများလည်း ယခုအခါတွင် ခေါင်းငုံ့သွားကြလေပြီ။

ခဏချင်းအတွင်းမှာပင် သူတို့၏ မျက်နှာများ နီမြန်းလာကာ နားရွက်များပင် ပူထူလာပြီး အနည်းငယ် ရှက်ရွံ့သွားကြ၏။

"အခုတော့ ရွာက အန္တရာယ်နဲ့ ကြုံတွေ့နေရပြီ... ရွာကို ကာကွယ်ဖို့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် မတ်တတ်ရပ်ဖို့ လိုအပ်နေပြီ"

ရွာသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရွာသူကြီးက မည်သည့်အဓိပ္ပာယ်ဖြင့် ပြောနေမှန်း ချက်ချင်း နားမလည်နိုင်အောင် ဖြစ်သွားကြသည်။

သူတို့လို သာမန်လူတွေကို ရွာကို ကာကွယ်ခိုင်းမလို့လား။

ဒီလိုလုပ်ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သာမန်လူတွေက ဒီထူးဆန်းတဲ့ အရာတွေနဲ့ ဝိညာဉ်ဆိုးတွေကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ။

"ရွာသူကြီး... ဘာအဓိပ္ပာယ်လဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပါဦး"

လူငယ်တစ်ယောက်က အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

ချန်ရုံကုက စကားပြောနှုန်းကို မြန်မြန်ဆန်ဆန်ဖြင့် ဖြေကြားလိုက်၏။

"ဘိုးဘေး ဆယ့်ရှစ်ပါးဆီက ကောင်းချီးကို ရယူပြီး ယာယီ အစွမ်းပိုင်ရှင် ဖြစ်လာပြီး ရွာကို ကာကွယ်ဖို့ပဲ"

"ဒါပေမဲ့... နှစ်ဆယ့်လေးနာရီ ပြည့်ပြီးသွားရင် အဲ့ဒီလူတွေ... သေသွားလိမ့်မယ်"

"လုပ်ချင်တဲ့သူ ရှိလား"

ချန်ရုံကု၏ နောက်ဆုံးစကားက အော်ဟစ်လိုက်ခြင်းပင် ဖြစ်၏။

ရွာသူကြီးက ဤစကားကို အော်ဟစ်လိုက်ချိန်တွင် သူ၏ လည်ပင်းမှ သွေးကြောများပင် ထောင်ထနေလေသည်။

ချန်ရုံကုသည် အမှန်တကယ်ကို အလွန် ညံ့ဖျင်းလှသော စကားဟောပြောသူ တစ်ယောက်ဖြစ်ကြောင်း ဝန်ခံရမည်ပင်။

ဆက်ရန်...

All Chapters