အခန်း ၂၄၀
Vol. 12 Ch. 240
အပိုင်း(၂၄၀) အဖြေမရှိ
ချူချယ်က အောက်ဘက်တွင် ကြည့်ရင်း ခေါင်းကို ဆက်တိုက် ခါယမ်းနေ၏။
ဒီလူက သူ့ကိုယ်သူ သွေးဆူလာအောင် ပြောနေပေမဲ့ တကယ့်တကယ်တော့ သူ့ရဲ့ စကားပြောစွမ်းရည်က သာမန်အဆင့်လောက်သာ ရှိသည်။
သို့သော်လည်း ချူချယ်က ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ့ကို ရွာသူကြီးတစ်ယောက်၏ လုပ်ရပ်အဖြစ် အလွန် သဘောတူထောက်ခံမိကြောင်းတော့ ဝန်ခံရပေမည်။
သူပြောနေသော စာချုပ်ဆိုသည်မှာ မည်သည့်အရာမှန်း သေချာမသိသော်လည်း ထူးဆန်းသောအရာနှင့် ပူးတွဲရှင်သန်သူ ဆယ့်ရှစ်ယောက်အပေါ် မည်သည့်အတွက်ကြောင့် ဤမျှ ပြင်းထန်သော တားမြစ်ချုပ်ကိုင်နိုင်စွမ်း ရှိနေရသနည်း။
ယာယီ အစွမ်းပိုင်ရှင် ဆိုသည်မှာရော...
အဲဒါက ဘာလဲ။
ချူချယ်၏ အကြည့်များက ထို ထူးဆန်းသောအရာနှင့် ပူးတွဲရှင်သန်ခြင်း လမ်းစဉ်ရှိသူ ဆယ့်ရှစ်ယောက်အပေါ်သို့ ဝေ့ဝဲသွားခဲ့သည်။
ချူချယ်သည် ထိုပူးတွဲရှင်သန်သူများ၏ လမ်းစဉ်အဆင့်များကို ခန့်မှန်း၍ မရနိုင်ခဲ့ပေ။
ပူးတွဲရှင်သန်ခြင်း လမ်းစဉ်သည် အစွမ်းပိုင်ရှင် လမ်းစဉ်အားလုံးထဲတွင် မှန်းဆရ အခက်ခဲဆုံးသော လမ်းစဉ်တစ်ခု ဖြစ်သည်။
သူတို့၏ စွမ်းရည်အများစုမှာ ပူးတွဲရှင်သန်ရသော ပစ်မှတ်များထံမှ ရရှိလာခြင်း ဖြစ်၏။
ထို့ကြောင့် လူတိုင်း၏ စွမ်းရည်များကလည်း တစ်ယောက်နှင့်တစ်ယောက် တူညီနေခြင်း မရှိပေ။
လမ်းစဉ်အဆင့်များကို ခွဲခြားသိမြင်ရန် အလွန်ခက်ခဲပြီး ရှုပ်ထွေးပွေလီလှသည်ဟုပင် ဆိုနိုင်သည်။
ကမ္ဘာပျက်ကပ် ကျရောက်လာချိန်မှစ၍ ယခုအချိန်အထိ ဤလမ်းစဉ်ကို အထူးတလည် လေ့လာသုတေသန ပြုလုပ်ခဲ့သူဟူ၍ မရှိခဲ့ပေ။
ချန်းရီသည်လည်း ရွာသူကြီး၏ သိပ်မကောင်းလှသော စကားများကို နားထောင်ရင်း နဖူးမှ သွေးကြောများပင် ထောင်ထလာခဲ့သည်။
သေလိုက်ပါတော့... ငါ တကယ်ကို မခံနိုင်တော့ဘူးကွ။
ခင်ဗျားက စကားကောင်းနေတုန်းလား။
ခင်ဗျား အရူးလား။
မနိုင်ရင်လည်း ဆုတ်ကြတော့လေ။
ဒါက ငါ့ရွာမှ မဟုတ်တာ။
ဒါက နတ်ဆင်ရွာလေ... ရွာသားတွေ ကိုယ်တိုင်ကတောင် ဂရုမစိုက်တာကို ငါက ဘာကိစ္စ ဝင်ပါနေရမှာလဲ။
ဆေးလိပ်ငွေ့ တစ်ခွန်းကို ထပ်မံ မှုတ်ထုတ်လိုက်သည်။
မီးခိုးငွေ့တိမ်တိုက်ကို နောက်တစ်ကြိမ် တိုက်ရိုက် ကျယ်ပြန့်သွားစေလိုက်၏။
မရေမတွက်နိုင်သော တွားသွားကောင်များက မြူခိုးနံရံပေါ်သို့ တွယ်တက်သွားကြပြီး ထိုမကောင်းဆိုးဝါး ဝိညာဉ်ဆိုးများဆီသို့ ခုန်အုပ်သွားကြသည်။
အစွမ်းပိုင်ရှင် မကောင်းဆိုးဝါး ဝိညာဉ်ဆိုးများက ပို၍ ပို၍ များပြားလာသည်။
ထိုအချိန်အတွင်း လမ်းစဉ် အဆင့် (၁) နှင့် (၂) အစွမ်းပိုင်ရှင်များက သိသိသာသာ ပိုများလာ၏။
လျှပ်စီးကြောင်းအချို့က မျက်စိရှေ့တွင် ပေါက်ကွဲသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြူရော်နေသော မျက်နှာဖြင့် ချန်းရီကို လှမ်းပြုံးပြနေသော တာအိုဆရာကို မြင်လိုက်ရသည်။
ချန်းရီဘက်တွင် အခြေအနေ ဆိုးရွားနေသည်ကို မြင်သဖြင့် တကူးတက လာရောက် ကူညီပေးခြင်း ဖြစ်ကြောင်း သိသာလှသည်။
ဓားပျံတစ်လက်က ဖြတ်သန်းသွားပြီး လမ်းစဉ် အဆင့် (၁) အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးတစ်ကောင်ကို နေရာတွင်ပင် တိုက်ရိုက် ခုတ်ပိုင်းသတ်ဖြတ်လိုက်သည်။
ဘာကြောင့် လမ်းစဉ် အဆင့် (၁) ဖြစ်ရသနည်း ဆိုသော်...
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဤဓားချက်က အလွန်တရာ သွက်လက်လှပနေသောကြောင့်ပင်။
လမ်းစဉ် အဆင့် (၂) အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးများကို ထိုမျှ လွယ်လွယ်ကူကူ သတ်ဖြတ်၍ မရနိုင်ပေ။
သိသိသာသာ ကွဲပြားခြားနားနေသော ဖိအားများ ရှိသည့် အစွမ်းပိုင်ရှင် အချို့က မြူခိုးများထဲသို့ ဝင်ရောက်လာကြသည်။
ဤအရာက လမ်းစဉ် အဆင့် (၃) ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အံကြိတ်လိုက်ပြီး ချန်းရီကို လှည့်ကြည့်လိုက်သည်။
"သတိထားနော်"
ပြောပြီးသည်နှင့် သူမက မြူခိုးများထဲသို့ ဝင်ရောက်သွားလေသည်။
လူမျက်နှာ ကင်းမြီးကောက်က တိုးတိုးတိတ်တိတ် ထွက်ပေါ်လာပြီး မြူခိုးများထဲမှ အမြီးမှ အဆိပ်ဆူးကို ထုတ်ကာ အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးတစ်ကောင်ထံသို့ ထိုးစိုက်လိုက်၏။
မရဏနတ်သမီးက အမည်းနှင့် အဖြူရောင် ရောယှက်နေသော လူခေါင်း ဝိညာဉ်ဆိုးအချို့ကို ကာကွယ် တားဆီးထားသည်။
ကျန်ရှိနေသော အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးနှစ်ကောင်မှာလည်း လမ်းစဉ် အဆင့် (၃) များ ဖြစ်သည်။
ချန်းရီက လူရိပ်တစ်ခုကို တိုက်ရိုက် ပုံဖော်လိုက်ပြီး ထို လမ်းစဉ် အဆင့် (၃) ဝိညာဉ်ဆိုး နှစ်ကောင်ကို ဘုန်းကြီးဆီသို့ မြှူဆွယ် ခေါ်ဆောင်သွားလေသည်။
ဘုန်းကြီးက သူ့ကို ဝိုင်းရံတိုက်ခိုက်နေသော ဝိညာဉ်ဆိုးအချို့ကို ရှင်းလင်းပြီးခါစ ဖြစ်ကာ စက္ကန့်အနည်းငယ်မျှ အနားယူပြီးမှ ဆက်တိုက်ရန် ပြင်ဆင်နေ၏။
သို့သော် အလွန်တရာ အမြင်ကတ်ဖွယ်ကောင်းသော လူရိပ်တစ်ခုက သိသာထင်ရှားလှသည့် ဖိအားများပါရှိသော အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးနှစ်ကောင်ကို နောက်မှ ဆွဲခေါ်လာသည်ကို မြင်လိုက်ရသည်။
ဘုန်းကြီးမှာ ရင်ထဲမှ ဒေါသများကို မျိုချ၍လည်းမရ၊ ထွေးထုတ်၍လည်း မရအောင် ဖြစ်သွားတော့သည်။
ဘုန်းကြီးသည် တကယ်ကို အထုအထောင်း ခံနိုင်လွန်းသည်ဟုတော့ ဝန်ခံရပေမည်။
သူ့၏ အလွန် ကြွားလုံးထုတ်လွန်းသော ဝင်ရောက်လာမှုက အလကားတော့ မဟုတ်ခဲ့ချေ။
ဝိညာဉ်ဆိုးအချို့၏ ဝိုင်းဝန်း ထိုးကြိတ်မှုကို ခံရသော်လည်း မသေသေးပေ။
ချန်းရီသည် အနည်းငယ် လှမ်းကြည့်လိုက်ရာ တစ်ကိုယ်လုံး မည်းနက်နေပြီး အမြင့်မှာ နှစ်ထပ်တိုက် တစ်လုံးစာခန့် မြင့်မားသော အရာကြီးတစ်ခုကို မြင်လိုက်ရသည်။
ထိုမျှမက ဤလူသန်ကြီးတွင် ခေါင်းသုံးလုံးနှင့် လက်မောင်းလေးဖက် ပါရှိနေသေးသည်။
ချန်းရီ၏ မျက်လုံးများက အရူးအမူး တုန်လှုပ်သွားတော့သည်။
ဒါက... ဒါက တိုက်တန် လမ်းစဉ် အဆင့် (၄) ပဲ။
အသွင်ပြောင်းပြီးသား ဝိညာဉ်ဆိုးကြီးပါလား။
ဘာကြောင့် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ရသနည်း ဆိုလျှင်...
အဓိကအားဖြင့် ဤဝိညာဉ်ဆိုးကြီးထံမှ ထွက်ပေါ်နေသော အငွေ့အသက်များသည် ထယ်ရှီးနှင့် အလွန် တူညီနေသောကြောင့်ပင် ဖြစ်သည်။
၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိအားများသည် အခြားသော လမ်းစဉ် အဆင့် (၃) ဝိညာဉ်ဆိုးများနှင့် သိသိသာသာ ကွဲပြားနေသည်။
ချန်းရီက တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အသွင်ပြောင်းပြီးသား တိုက်တန် လမ်းစဉ် အဆင့် (၄)။
ဘုရားရေ... ငါက လမ်းစဉ် အဆင့် (၂) ပဲ ရှိသေးတာလေ။
လမ်းစဉ် အဆင့် (၄) တိုက်တန်ကို ရင်ဆိုင်ခိုင်းနေတာလား။
ခုနက လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် ဝိညာဉ်ဆိုးတွေကို ရင်ဆိုင်ရတာတောင် အတော်လေးကို အနိုင်နိုင် ဖြစ်နေခဲ့တာ။
အခု လမ်းစဉ် အဆင့် (၄) ကို ရင်ဆိုင်ခိုင်းတယ်... ဒါတောင် အသွင်ပြောင်းပြီးသား တိုက်တန်ကြီးကိုလား။
ခုနကလည်း ချန်းရီသည် လမ်းစဉ် အဆင့် (၃) တိုက်တန်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။
သို့သော် ထိုအရာက အသွင်မပြောင်းရသေးဘဲ အနည်းငယ် ပိုသန်မာကာ ရင်ဆိုင်ရန် အနည်းငယ် ပိုခက်ခဲရုံမျှသာ ဖြစ်သည်။
သို့သော် ယခု ခေါင်းသုံးလုံး၊ လက်လေးဖက်ဖြင့် အသွင်ပြောင်းထားသော တိုက်တန်ကြီးကမူ၊ မပြည့်စုံသော ဝိညာဉ်ဆိုးသာ ဖြစ်နေဦးတော့ ချန်းရီကို မျှော်လင့်ချက် ကင်းမဲ့သွားသလို ခံစားရစေသည်။
"ရွာသူကြီး... ခင်ဗျား ဒီနေ့ပြီးဦးမှာလား"
ဆေးလိပ်တစ်လိပ်လုံးကို တစ်ရှိုက်တည်းနှင့် အကုန် ဖွာရှိုက်လိုက်ပြီး ဆေးလိပ်ငွေ့များကို တိုက်ရိုက် မှုတ်ထုတ်ကာ မီးခိုးတိမ်တိုက်ကို အနည်းငယ် ပို၍ ထူထဲသွားစေလိုက်သည်။
ပိုမိုများပြားလှသော တွားသွားကောင်များက မီးခိုးငွေ့များထဲမှ ရုန်းထွက်ပေါ်လာကြ၏။
ပုရွက်ဆိတ်တပ်ကြီး တစ်ခုအလား ပြည့်နှက် ကျပ်ညပ်နေသည်။
ချန်ရုံကုက စကားပြောပြီးနောက် ပတ်ဝန်းကျင်မှာ အနည်းငယ် တိတ်ဆိတ်သွားပြီး ရွာသားများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြကာ ထိုအချိန်၌ မည်သူကမျှ ထောက်ခံအားပေးခြင်း မရှိခဲ့ပေ။
ချန်ရုံကု၏ မျက်လုံးများက တဖြည်းဖြည်း မှေးမှိန်သွားသည်။
နတ်ဆင်ရွာကြီးက ဒီနေ့မှာပဲ အဆုံးသတ်သွားတော့မှာလား။
နောင်ကျရင်...
နတ်ဆင်ရွာဆိုတာ ရှိတော့မှာ မဟုတ်ဘူးလား။
ဟားဟားဟား။
တကယ်ကို ရယ်စရာကောင်းလိုက်တာ။
ငါက ဒီလောက်တောင် လုပ်ပေးခဲ့တာတောင် နောက်ဆုံးတော့ ရွာကို ဂရုစိုက်တာ ငါတစ်ယောက်တည်းပဲ ရှိတာကိုး။
သို့သော် ထိုအချိန်လေးမှာပင်။
လူငယ်တစ်ယောက်က လက်ကိုမြှောက်ကာ ထွက်လာခဲ့သည်။
"ရွာသူကြီး... ကျွန်တော် လုပ်မယ်"
ထိုလူငယ်မှာ အသက် (၂၀) ပင် မပြည့်သေးလောက်ပေ။ လူငယ်ဟု ဆိုရမည့်အစား လူပျိုလေးဟု ဆိုရမည် ဖြစ်သည်။
ချန်ရုံကုက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး နောက်ကျိနေသော မျက်လုံးအိုကြီးများဖြင့် အရှေ့ရှိ လူငယ်ကို စိုက်ကြည့်လိုက်၏။
"သေချာလို့လား... မင်းသေရမှာနော်"
"ရွာသူကြီး... ခင်ဗျားသာ မရှိခဲ့ရင်... ဒီရွာသာ မရှိခဲ့ရင် ကျွန်တော် စောစောကတည်းက သေနေလောက်ပြီ"
"ဘယ်သူမှမသိတဲ့ တောထဲမှာ သေရမယ့်အစား ရွာအတွက် တစ်ခေါက်လောက်တော့ ကြိုးစားကြည့်ချင်တယ်"
"သေရမယ် ဆိုရင်တောင် ဒီသရဲတွေကို ငရဲပြည်အထိ အတူတူ ဆွဲခေါ်သွားဦးမယ်"
ချန်ရုံကု၏ ရင်ထဲတွင် ပူနွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ခုနက အလွန်အေးစက်နေသော နှလုံးသားက ရုတ်တရက် အနည်းငယ် နွေးထွေးသွားခဲ့သည်။
"မင်း... ကောင်းပြီ"
"မင်း နာမည် ဘယ်လိုခေါ်လဲ"
"ယွီထောင်းပါ"
ချန်ရုံကု ပြန်စဉ်းစားမိသွားသည်။ ဤလူငယ်သည် ပြီးခဲ့သည့်အကြိမ် မြူခိုးမြို့သို့ လာစဉ်က လမ်းမှ ကောက်ရလာခဲ့ခြင်း ဖြစ်သည်။
လူငယ်မှာ မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်းနှင့်ဖြစ်ပြီး ကြည့်လိုက်သည်နှင့် ဖြောင့်မတ်မှန်ကန်မည့်ပုံ ပေါ်နေသည်။
သို့သော် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အနည်းငယ်တော့ တောင့်တင်းနေသည့်ပုံ ပေါက်နေ၏။
ဤအနည်းငယ် နုနယ်နေသော မျက်နှာလေးသာ မဟုတ်ပါက ဤသူကို တည်ကြည်လေးနက်သော လူလတ်ပိုင်း တစ်ယောက်ဟုပင် ထင်မှတ်သွားကြပေလိမ့်မည်။
ယခင်က ချန်ရုံကုသည် ဤကောင်လေးကို စိတ်ထဲမှနေ၍ မှတ်ချက်ချခဲ့ဖူးသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှ ရင့်ကျက်နေပါက နောင်တွင် မိန်းမရရန် ခက်ခဲလိမ့်မည်ဟု တွေးခဲ့ဖူးသည်။
သို့သော် ယခုလို အချိန်မျိုးတွင် ဤကောင်လေးက ထွက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ချန်ရုံကုဟူသော အဘိုးအိုသည် သူ အရင်က တွေးခဲ့ဖူးသော မှတ်ချက်များအတွက် စိတ်ထဲမှနေ၍ တောင်းပန်လိုက်သည်။
"ရွာသူကြီး... ကျွန်တော့်ကိုပါ ထည့်တွက်လိုက်"
"ခွေးကောင်လေး... မင်းက ငါ့ကိုတောင် တစ်ခွန်း မခေါ်ဘူး... ရိုးသားတဲ့သူတွေရဲ့ စိတ်ထဲမှာ အကြီးမားဆုံး အရာတွေ ဖုံးကွယ်ထားတတ်တယ် ဆိုတာ တကယ်ပဲ"
အနည်းငယ် ပျင်းရိပျင်းတွဲ အသံတစ်ခု ထွက်ပေါ်လာ၏။
ဤတစ်ကြိမ် ထွက်လာသူမှာ နှုတ်ခမ်းမွေး ရေးရေးလေးနှင့် အသက် (၂၇)၊ (၂၈) နှစ် အရွယ်ခန့် ယောက်ျား တစ်ယောက် ဖြစ်သည်။
ထိုလူငယ်မှာ အလွန်ပိန်ပါးပြီး ကိုယ်ပေါ်ရှိ တီရှပ်က အနည်းငယ် ပွယောင်းနေသဖြင့် အင်္ကျီထဲတွင် လူက လှုပ်လီလှုပ်လဲ့ ဖြစ်နေသကဲ့သို့ ခံစားရစေသည်။
သို့သော် သူ၏ မျက်လုံးများကမူ အလွန် တောက်ပနေ၏။
"ယန်ကျိုး... မင်း"
"ရွာသူကြီး... ကိစ္စတိုင်းမှာ တစ်ယောက်ယောက်ကတော့ လုပ်ရမယ့် အချိန်မျိုးတွေ ရှိနေတတ်တာပဲ... ကျွန်တော့်ကိုပါ အဲဒီထဲက တစ်ယောက် အနေနဲ့ သတ်မှတ်ပေးပါ"
ယန်ကျိုးက ယွီထောင်း၏ ပခုံးကို ပုတ်လိုက်သည်။
ယွီထောင်းက ယန်ကျိုးကို အလွန် လေးနက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး ကိုယ်ကို ဘေးသို့ အနည်းငယ် ရွှေ့ရပ်လိုက်၏။
ဤသူနှစ်ယောက် အတူတူ ရပ်နေပါက သူတို့နှစ်ယောက်၏ အသက်ကို ပြောင်းပြန်ထင်သွားစေမည့် ခံစားချက်မျိုးကို အမြဲပေးစွမ်းနိုင်သည်။
ချန်ရုံကုမှာ ဘာပြောရမှန်း မသိတော့ပေ။
ယန်ကျိုးသည် နတ်ဆင်ရွာသို့ စောစောကတည်းက ရောက်ရှိလာသူ ဖြစ်ပြီး သူ အလွန် သဘောကျလေးစားရသော သူတစ်ယောက်ဟု ဆိုနိုင်သည်။
ပုံမှန်နေ့ရက်များတွင် ရွာထဲ၌ ဟိုဟိုဒီဒီ လျှောက်သွားနေတတ်သော်လည်း သူက အလွန် အားကိုးရပြီး ယုံကြည်စိတ်ချရသူ ဖြစ်သည်။
ရှောင်ကျန်း သေဆုံးသွားချိန်တွင် ချန်ရုံကုက ယန်ကျိုးကို သူ၏ လက်ထောက် ဖြစ်လာစေရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် ယခုတော့...
ယန်ကျိုး၏ မျက်လုံးများထဲရှိ ပြတ်သားခိုင်မာမှုများက ချန်ရုံကုကို ငြင်းဆန်ရန် စကားများ ထွက်မလာအောင် တားဆီးထားသကဲ့သို့ ဖြစ်နေသည်။
"ယာယီ အစွမ်းပိုင်ရှင်ဆိုတာလည်း အစွမ်းပိုင်ရှင်ပါပဲ"
"ငါ ကျန်းလုံကန်း လည်း ဒီလိုအခွင့်အရေးမျိုးကို နောက်ချန်နေလို့ ဘယ်ဖြစ်မှာလဲ"
"ရွာသူကြီး... ဒီလိုကိစ္စမျိုးမှာ ခင်ဗျား ကျွန်တော့်ကို မေ့ထားလို့ မရဘူးလေ"
"ကျန်းလုံ... မင်း"
ထွက်လာသူမှာ အစိမ်းရောင် လက်တိုအင်္ကျီကို ဝတ်ဆင်ထားသော တောင့်တင်းကြံ့ခိုင်သည့် ယောက်ျား တစ်ယောက်ဖြစ်ပြီး လက်ခုံပေါ်ရှိ သွေးကြောများက နဂါးများ ရစ်ခွေနေသကဲ့သို့ ထင်ရှားနေ၏။
ဤသူမှာ နတ်ဆင်ရွာ၏ လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင် ဖြစ်ပြီး ပုံမှန်အားဖြင့် အလုပ်ကို အလွန် ကြိုးစားသူ ဖြစ်သည်။
တကယ်တော့ နတ်ဆင်ရွာ၏ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ယောက်အနေဖြင့် ရွာကို ပြန်လည်တည်ဆောက်နေရသည့် အခြေအနေကြောင့် ပုံမှန်နေ့ရက်များတွင် အလုပ်သိပ်မများလှပေ။
လူတိုင်းက ခက်ခဲစွာ ရရှိလာသော အေးချမ်းမှုကို အလွန် တန်ဖိုးထားကြသဖြင့် ရှုပ်ထွေးသော လုံခြုံရေး ပြဿနာ ဖြေရှင်းစရာများလည်း မရှိခဲ့ပေ။
ထို့ကြောင့် အလုပ်မရှိချိန်များတွင် ကျန်းလုံကန်းသည် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ကို ခေါ်ဆောင်ကာ ရွာ၏ အိမ်များ၊ လမ်းများကို ပြုပြင် ထိန်းသိမ်းပေးလေ့ ရှိသည်။
သို့သော် ယခုအချိန်တွင် ရွာထဲရှိ အိမ်များမှာ အပျက်အစီး ပုံကြီးများ အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ရွာသူကြီး... ကျွန်တော်က လုံခြုံရေး အရာရှိ တစ်ယောက်ပါ... ရွာကို ကာကွယ်ဖို့က ကျွန်တော့်ရဲ့ အလုပ်ပဲလေ"
"ဒီထမင်းကို စားပြီး ဒီယူနီဖောင်းကို ဝတ်ထားမှတော့ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပေါ့"
ကျန်းလုံကန်းက ပြုံး၍ ပြောလိုက်သည်။ သူ၏ အသံမှာ ညဘက်တွင် အရက်အတူတူ သောက်ကြမည်ဟု ပြောနေသည့်အလား အလွန် သာမန်ကာလျှံကာ နိုင်လှသည်။
ဤတစ်ကြိမ်တွင်မူ ချန်ရုံကု၏ မျက်ဝန်းများ အမှန်တကယ်ပင် နီရဲလာခဲ့တော့သည်။
သူ့ရှေ့တွင် ရှိနေသော ဤလူသုံးယောက်ကို ကြည့်ရင်း...
ခဏတာမျှ ဘာစကားကို ပြောရမှန်း မသိတော့ပေ။
ချန်းရီသည် ဤအဘိုးကြီး ဘာဆက်လုပ်မည်ကို အမြဲတစေ စောင့်ကြည့်နေခဲ့သည်။
ကံကောင်းစွာဖြင့် ထို လမ်းစဉ် အဆင့် (၄) ခေါင်းသုံးလုံးနှင့် လက်လေးဖက်ပါသော တိုက်တန် ဝိညာဉ်ဆိုးကြီးက ထိုနေရာတွင်သာ ရပ်နေပြီး ဘာမှ ဝင်မလုပ်သေးပေ။
သို့သော် ဘာမှမလုပ်လျှင်ပင် ထိုနေရာရှိ လူအချို့ကို အလွန် ပြင်းထန်သော အန္တရာယ် ခံစားချက်ကြီးကို ပေးစွမ်းနေသည်။
မလှမ်းမကမ်းမှ ဤဘက်ကို ကြည့်နေသော ချန်းရီသည် အာရုံများစွာကို ခွဲဝေ အသုံးပြုနေရသဖြင့် ဤမြင်ကွင်းကိုလည်း တွေ့မြင်ခဲ့ရသည်။
ဤအချိန်တွင် သူလည်း ဘာပြောရမှန်း မသိအောင် တိတ်ဆိတ်သွားမိသည်။
ဤလူသုံးယောက်က ထူးဆန်းသောအရာများနှင့် အသေအကြေ သွားရောက် တိုက်ခိုက်မည့် ကိစ္စကို အလွန် ပေါ့ပေါ့ပါးပါးသာ ပြောဆိုနေကြ၏။
ဒါက လူသေနိုင်တဲ့ ကိစ္စကြီးလေ။
သူတို့ကတော့ လုံးဝကို ဂရုမစိုက်ကြချေ။
ချန်းရီက သူ့ကိုယ်သူ စိတ်ထဲမှ ပြန်လည် မေးခွန်းထုတ်မိသည်။
ဒီရွာသားတွေအတွက် ငါကရော အသက်ကို စတေးနိုင်ပါ့မလား။
ချန်းရီသည် သူ့ကိုယ်သူ အလျင်အမြန် အဖြေပေးလိုက်သည်။ "အရူးလား... ဒီရွာသားတွေနဲ့ မင်းက သိတာ ရက်ပိုင်းပဲ ရှိသေးတာကို... မင်းက သူတို့အတွက် အသေခံမှာလား... တုံးလိုက်တာ"
"အစားတွေများ အစားလွန်ပြီး ဦးနှောက်များ ချို့ယွင်းသွားတာလား"
ချန်းရီက နောက်ထပ်တစ်ကြိမ် စိတ်ထဲမှ မေးခွန်းထုတ်မိပြန်သည်။ တကယ်လို့များ ထယ်ရှီး၊ စွန်းချန်းချန်းနဲ့ ချူချယ်တို့အတွက် ဆိုရင်ရော...
ယခင်ကဆိုလျှင် ချန်းရီသည် "လုံးဝ မဖြစ်နိုင်ဘူး" ဟူသော အဖြေကို တုံဆိုင်းခြင်း အလျဉ်းမရှိဘဲ ပေးလိုက်မည် ဖြစ်သည်။
သို့သော် ယခုတော့...
ပြီးခဲ့သည့်အကြိမ်က ထယ်ရှီးသည် သူ မြူခိုးကျွန်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရသည်ကို မြင်သောအခါ ကားပေါ်မှ တုံဆိုင်းခြင်း အလျဉ်းမရှိဘဲ ခုန်ဆင်းလာကာ လာရောက် ရှာဖွေပေးခဲ့သည်။
ချူချယ်ကောပဲ။
စွန်းချန်းချန်းလည်း အတူတူပဲ။
ချန်းရီသည် ဤမေးခွန်းကို ဖြေရန် နည်းလမ်း မရှိခဲ့ပေ။
"ရွာသူကြီး... ကျွန်တော့်ကိုပါ ထည့်တွက်လိုက်ပါ... ကျွန်တော်က လုံခြုံရေး အရာရှိပါ... ဒီကိစ္စက ကျွန်တော့်ရဲ့ တာဝန်ပဲလေ"
"ရွာသူကြီး... ကျွန်တော်လည်း ပါမယ်"
"ရွာသူကြီး... ကျွန်တော်က အသက်ကြီးနေပါပြီ... နေရမယ့်အချိန်လည်း သိပ်မကျန်တော့ပါဘူး"
ဆက်ရန်...
နောက်လာမယ့်အပိုင်းတွေမှာ... ဒီဘိုးဘေးတွေဆီကနေ ယာယီအစွမ်းတွေရသွားမယ့် သာမန်လူတွေက ဝိညာဉ်ဆိုးတွေကိုရှင်းပြီး ဒီကပ်ဘေးကြီးကိုတားနိုင်မှာလား၊ ချန်းချီရဲ့ဓားကရော တတိယအသွင်ကို ထုတ်သုံးနိုင်လား၊ ဒုတိယအသွင်မှာတင် အဆင့်ကျော်သတ်လို့ရလောက်အောင် စွမ်းနေတဲ့ဒီဓားက တတိယအသွင်သာ ထုတ်သုံးရင် ဘယ်လိုတွေတောင် ဖြစ်သွားနိုင်လဲ၊ ဒါတောင် နံပါတ်စဉ် ၂၀၀၀ ပဲရှိသေးတာ နံပါတ်စဉ် ၁၀၀၀ ဖြစ်လာမယ့် ချန်းရီရဲ့ ပစ်ကပ်ကားက ဘယ်လောက်တောင် စွမ်းသွားနိုင်လဲ၊ ချန်းရီကရော ဒီကပ်ဘေးပြီးရင် အဆင့်(၃) ကို တက်သွားမှာလား၊ ဒီနတ်ဆင်ကြီး ကိစ္စပြီးရင် ရှေ့ဆက် ဘယ်လိုထူးဆန်းတဲ့အရာတွေ ဆက်ကြုံရဦးမှာလဲ၊ တစ်ခြားအစွမ်းပိုင်ရှင်တွေနဲ့ရော တွေ့ဦးမှာလား စတာတွေကိုဆက်ပြီးစောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော်။