အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) စက်ဘီးများနှင့် အမ်၁၉၁၁
လျူအာကျူး၏ စက်ဘီးကို ယူဆောင်လာသောအခါ ဝမ်ကျန့်ကျွင်းက သူ့အား မှတ်ပုံတင်ရန် ကူညီပေးခဲ့သည်။
ထိုစဉ် သူသည် စာအုပ်ငယ်တစ်အုပ်ကို ကိုင်ဆောင်ကာ လျှောက်လာပြီး လျူအာကျူးအား ကမ်းပေးလိုက်သည်။
"ဒါကို သေချာသိမ်းထား... နောင်တစ်ချိန် မင်းစက်ဘီးပျောက်သွားရင် ငါတို့ကို ဒီစာအုပ်ယူလာပြီး လာရှာလို့ရတယ်... ပြန်တွေ့နိုင်တဲ့ အခွင့်အရေးရှိတယ်... ပြီးတော့ တစ်နှစ်ကို နှစ်ယွမ်ကျသင့်တဲ့ ယာဉ်နဲ့ရေယာဉ်အသုံးပြုခွန် သွားဆောင်တဲ့အခါကျရင်လည်း ဒ္စာအုပ်ကို ယူသွားဖို့လိုတယ်..."
ရိုးရိုးသားသားဆိုရလျှင် အခွန်ဆောင်ရမည်ဟူသော အချက်က လူအများစု စက်ဘီးမဝယ်ရဲသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်လေသည်။
လျူအာကျူးသည် ဤငွေအနည်းငယ်ကို ဂရုမစိုက်ဘဲ စာအုပ်ငယ်ကို ယူလိုက်သည်။
"ကျေးဇူးပဲ အစ်ကိုဝမ်..."
လျူအာကျူး ပြီးစီးသွားသည်ကို မြင်သောအခါ လွီရှန့်လီသည် အလျင်အမြန် လျှောက်လာကာ လက်ကိုပွတ်သပ်ရင်း ပြောလိုက်သည်။
“ကျူးဇီ... အခု ငါနဲ့လိုက်ခဲ့လို့ရမလား... ငါ မင်းအတွက် ဝါဂွမ်းတွေ သွားယူပေးမယ်..."
လွီရှန့်လီ နောက်ဆုံးတွင် အလျော့ပေးသွားသည်ကို မြင်လိုက်ရသဖြင့် လျူအာကျူးသည် သူ့အား ဆက်လက်အချိန်ဆွဲမနေတော့ချေ။
"ခင်ဗျား အရင်သွားပြင်ဆင်ထားလိုက်... ကျွန်တော် ယုန်တွေ သွားယူပြီး အထည်အလိပ်စက်ရုံမှာ နောက်မှလာတွေ့မယ်..."
"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ..."
လွီရှန့်လီမှာ အလွန်ဝမ်းသာသွားလေသည်။
အကြီးအကဲဖြစ်သူက လှည့်ကာ တိုက်တွန်းလိုက်သည်။
“ဟိုစစ်အင်္ကျီ ယူလာပြီလား..."
"လာပြီ... လာပြီ..."
ဝမ်ကျန့်ကျွင်းက ကျောပိုးအိတ်တစ်လုံးကို သယ်ဆောင်ကာ လျှောက်လာလေသည်။
၎င်းမှာ ကြယ်နီပုံ နှိပ်ထားသည့် ဂုန်နီအိတ်အဖြူဖြင့် ပြုလုပ်ထားသော ခရီးဆောင်ကျောပိုးအိတ်ကြီးတစ်ခု ဖြစ်သည်။ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အလွန်ခိုင်ခံ့ပုံရ၏။
အိတ်မှာ ဖောင်းကားနေပြီး အတွင်းတွင် စစ်အင်္ကျီကို ထည့်သွင်းထားပုံရလေသည်။
ဝမ်ကျန့်ကျွင်းသည် အိတ်ကို စက်ဘီးနောက်ခုံ၏ ဘေးဘက်တွင် သေချာစွာ ချည်နှောင်ပေးရင်း ပြောလိုက်သည်။
"ဒီလိုဆိုရင် အပြင်သွားတဲ့အခါ ပစ္စည်းတွေ သယ်ရတာ အဆင်ပြေလိမ့်မယ်... အထဲက ပစ္စည်းတွေကိုလည်း တခြားသူတွေ မမြင်နိုင်သလို ပျောက်လည်းမပျောက်နိုင်တော့ဘူး..."
ထိုသို့ပြောရင်း ဝမ်ကျန့်ကျွင်းက အိတ်ကို အဓိပ္ပာယ်ပါပါ ပုတ်ပြလိုက်သည်။
လျူအာကျူး သဘောပေါက်သွား၏။ အတွင်းတွင် အခြားသော ပစ္စည်းကောင်းများ ရှိနေပုံရလေသည်။
"ကောင်းပါပြီ... ကျေးဇူးပဲ အစ်ကိုဝမ်..."
လျူအာကျူးသည် ကျေးဇူးတင်စကားဆိုရင်း ခေါင်းညိတ်ပြကာ စက်ဘီးပေါ်ခွ၍ ထွက်ခွာသွားသည်။
လွီရှန့်လီသည်လည်း အလျင်စလို ထွက်ခွာသွား၏။
အပြင်လူများ ထွက်ခွာသွားပြီးနောက် အကြီးအကဲက ဝမ်ကျန့်ကျွင်းကို စူးရဲစွာ ကြည့်လိုက်သည်။
“မင်းကောင်... လူကောင်းလုပ်တဲ့ ဂုဏ်သတင်းကိုတော့ မင်းချည်းပဲ ယူသွားတယ်... ပြောစမ်း... သူ့ကို လျှို့ဝှက်ပြီး ဘာတွေပေးလိုက်တာလဲ..."
သူ၏ အကြံအစည်လေး ပေါ်သွားသောအခါ ဝမ်ကျန့်ကျွင်းက အနေခက်စွာဖြင့် ပြောလိုက်သည်။
"သူက ကျွန်တော့်သားလေးရဲ့ အသက်ကို ကယ်ခဲ့တာလေ... အဲဒါကြောင့် သူ့ကို လွယ်အိတ်တစ်လုံးရယ်... ဘရောင်းနင်းသေနတ်တစ်လက်ရယ်... ကျည်ဆန် အတောင့်နှစ်ဆယ်ရယ် ပေးလိုက်တာပါ... အကုန်လုံးက သိမ်းဆည်းရမိထားတဲ့ ပစ္စည်းတွေပါ... စိတ်မပူပါနဲ့..."
အကြီးအကဲက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"သေနတ်အတွက် ခွင့်ပြုချက်ကတ် ယူထားရဲ့လား..."
"ယူထားတယ်... ယူထားတယ်..."
ဝမ်ကျန့်ကျွင်းက အဆက်မပြတ် ခေါင်းညိတ်ပြလိူက်သည်။
"ဟွန်း... သွား... သွားပြီး အလုပ်သွားလုပ်တော့..."
အကြီးအကဲမှာ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားသည်။
မည်သို့ပင်ဆိုစေ ဝမ်ကျန့်ကျွင်းမှာ သူ၏ လက်အောက်ငယ်သား ဖြစ်သည်။ ထိုကောင်လေး၏ မိသားစု အခက်အခဲဖြစ်နေသည်ကို သူ သဘာဝကျကျပင် သိထား၏။ ယခင်က ကောက်နှံချေးငှားရန် နေရာအနှံ့ လိုက်လံတောင်းခံခဲ့ပြီး သူ့ထံသို့ပင် ရောက်လာခဲ့ဖူးသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း သူသည် ရုတ်တရက် ကောက်နှံချေးငှားရန် မလိုတော့ဘဲ အကြောင်းရင်းမှာလည်း အထူးတလည် ပြောနေရန် မလိုတော့ချေ။
သာမန်အချိန်တွင်သာဆိုလျှင် သေနတ်နှင့် ကျည်ဆန်များကို ဤမျှပေါ့ပေါ့ဆဆ ပေးဝံ့သော ဤကောင်ကို သူ သေချာပေါက် ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်လေသည်။
သို့သော် ယခုမူ ဝမ်ကျန့်ကျွင်း၏ လုပ်ရပ်က ထိုကောင်လေးမှာ ကျေးဇူးဆပ်တတ်သူတစ်ဦးဖြစ်ကြောင်း သူ့ကို ခံစားရစေသည်။ နောင်တစ်ချိန်တွင် ယုံကြည်ရသော လက်ထောက်တစ်ဦးအဖြစ် ရာထူးတိုးပေးမည်ဆိုပါက စိုးရိမ်စရာ သိပ်ရှိမည် မဟုတ်ပေ။
အကြီးအကဲက သူ့အပေါ် တန်ဖိုးထားမှု အဆင့်တစ်ဆင့် တက်သွားသည်ကို ဝမ်ကျန့်ကျွင်း မသိခဲ့ပေ။ သူသည် သက်ပြင်းတစ်ချက်ချကာ အကြီးအကဲ၏နောက်မှ တာဝန်ကျအခန်းတွင်းသို့ လိုက်ဝင်သွားသည်။
လျူအာကျူးသည် သူ့စက်ဘီးကို နင်းကာ တိတ်ဆိတ်သော ထောင့်တစ်နေရာသို့ သွားလိုက်သည်။
သူသည် ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်၏။ မည်သူမျှ မရှိကြောင်း သေချာသော်လည်း ယုန်များကို တိုက်ရိုက် ထုတ်ယူခြင်း မပြုခဲ့ပေ။ ယင်းအစား သူသည် ယုန်များကို အိတ်ထဲသို့ တိုက်ရိုက်ထည့်ရန် ရည်ရွယ်ကာ ကျောပိုးအိတ်ကို အရင်ဖွင့်လိုက်လေသည်။
အိတ်ကို ဖွင့်လိုက်ပြီးနောက် ပထမဆုံး မြင်လိုက်ရသည်မှာ အစိမ်းပုပ်ရောင် စစ်အင်္ကျီတစ်ထည် ဖြစ်လေသည်။
လျူအာကျူးသည် စစ်အင်္ကျီကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။ သူသည် ချက်ချင်းပင် ပိုမိုနွေးထွေးသွားသလို ခံစားလိုက်ရပြီး ခဏအကြာတွင် အနည်းငယ်ပင် ပူလာလေသည်။
ဤခေတ်ကာလတွင် လူများ ဆင်းရဲကြသော်လည်း အသုံးပြုထားသော ပစ္စည်းများမှာ အလွန်ခိုင်ခံ့ကောင်းမွန်ကြောင်း ဆိုရမည်ဖြစ်လေသည်။
ဝမ်ကျန့်ကျွင်း ပေးလိုက်သော ကျောပိုးအိတ်ထဲတွင် အခြားအရာ သုံးခု ရှိနေသေး၏။
မဟာဆရာကြီး၏ ဘေးတိုက်ရုပ်ပုံပါ ရင်ထိုးတပ်ဆင်ထားပြီး ပြည်သူကို အလုပ်အကျွေးပြုပါဟူသော စာလုံးကြီးများ ရေးသားထားသည့် အဝါရောင်
စစ်လွယ်အိတ်တစ်လုံး ပါရှိသည်။
၎င်းမှာ ထိုအချိန်က ရေပန်းစားသော ဖက်ရှင်ပစ္စည်းတစ်ခုလည်းဖြစ်၏။
သို့သော် လျူအာကျူးက ဤအိတ်ကို ကြည့်လိုက်သည့်အခါ သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များနှင့် နှိုင်းယှဉ်လျှင် တစ်ခုခု လိုအပ်နေသလို အမြဲခံစားနေရလေသည်။
မကြာမီတွင် သူ မှတ်မိသွားသည်။ ၎င်းမှာ အနီရောင်လက်ပတ် လိုအပ်နေခြင်းဖြစ်ပြီး ထိုသို့ဆိုလျှင် သူသည် တရားဝင် ဝင်ရောက်ဖျက်ဆီး လုယူနိုင်မည် ဖြစ်သည်။
လျူအာကျူးသည် ခေါင်းခါလိုက်ပြီး လွယ်အိတ်ကို သူ၏ပခုံးပေါ်တွင် လွယ်လိုက်သည်။ နောင်တစ်ချိန်တွင် ဤအရာက သူ၏ နေရာလွတ်အတွက် အကာအကွယ်တစ်ခု ဖြစ်လာနိုင်သည်။
ထိုအိတ်ထဲမှ တောဝက်ကြီးတစ်ကောင်ကို ဆွဲထုတ်ခြင်း မပြုသရွေ့ မည်သူကမျှ သူ့ကို သံသယဝင်မည် မဟုတ်ပေ။
ထို့နောက် ထိုသေနတ် ပါရှိလေသည်။
ဘရောင်းနင်း အမ်၁၉၁၁ တစ်လက်ဖြစ်၏။
စစ်သုံးသေနတ်များ၏ ဘုရင်ဟု လူသိများပြီး နောင်လာမည့် မျိုးဆက်များတွင်ပင် လူအများအပြား နှစ်သက်ကြသေးသည်။
ဝမ်ကျန့်ကျွင်းမှာ တကယ့်ကို သစ္စာရှိကြောင်း လျူအာကျူး စိတ်ထဲမှ တွေးလိုက်မိသည်။ ဤအရာကို ခေါင်းဆောင်တစ်ဦးအား လက်ဆောင်အဖြစ် ပေးမည်ဆိုလျှင် ဂုဏ်ယူစရာဖြစ်မည် ဖြစ်သော်လည်း သူက လျူအာကျူးအား ပေးခဲ့လေသည်။
သူသည် နောက်မှ ကလေးကို ကြည့်ရှုရန်နှင့် တစ်ခုခု ကူညီပေးနိုင်ခြင်းရှိမရှိ သိရန် သူ၏အိမ်သို့ သွားရောက်လည်ပတ်မည် ဖြစ်လေသည်။
လျူအာကျူးသည် သေနတ်ကို လွယ်အိတ်ထဲသို့ ထိုးထည့်လိုက်သော်လည်း တကယ့်လက်တွေ့တွင်မူ သူ၏ နေရာလွတ်ထဲ၌ သိမ်းဆည်းလိုက်ခြင်း ဖြစ်လေသည်။
ထို့နောက် သူသည် သတိလစ်အောင် ရိုက်ထားသော တောယုန်နှစ်ကောင်ကို သူ၏ စိတ်အာရုံနေရာလွတ်ထဲမှ ထုတ်ယူကာ အိတ်ထဲသို့ ထည့်လိုက်သည်။
နေရာလွတ်ထဲမှ ထွက်လာပြီးနောက် တောယုန်များ အသက်ပြန်ရှူလာသည်ကို ကြည့်ရင်း သူက အနည်းငယ် စိတ်ပျက်သွားမိလေသည်။
အကြောင်းရင်းတစ်ခုခုကြောင့် ဤနေရာလွတ်တွင် ကောက်နှံများကို ရှင်းလင်းစွာ စိုက်ပျိုးနိုင်ပြီး ရေရှိသော်လည်း အတွင်းသို့ ထည့်လိုက်သော မည်သည့်သက်ရှိသတ္တဝါမဆို ချက်ချင်းပင် အချိန်ရပ်တန့်မှုဖြစ်စဉ်ဖြစ်သွားကာ ၎င်းတို့ကို မွေးမြူရန် မဖြစ်နိုင်တော့ချေ။
ငါးမွေးမြူခြင်းကရော အဆင်ပြေနိုင်မလားဟု သူ စဉ်းစားမိလေသည်။ မည်သို့ပင်ဆိုစေ ထိုရေမှာ အသက်ရှိသောရေနှင့်တူပြီး ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေကြောင်း ရှင်းလင်းလှပေသည်။ နောက်မှ လေ့လာရန်အတွက် ငါးတစ်ကောင် သွားယူမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
လျူအာကျူးသည် စက်ဘီးကို နင်းကာ အထည်အလိပ်စက်ရုံဆီသို့ အလျင်အမြန် ထွက်ခွာသွားလေသည်။
လမ်းပေါ်ရှိ လူအားလုံးက သူ့ကို မြင်သောအခါ စပ်စုလိုသော အကြည့်များဖြင့် ကြည့်ကြလေသည်။
မည်သို့ပင်ဆိုစေ လျူအာကျူးသည် လွယ်အိတ်တစ်လုံးနှင့် ခရီးဆောင်ကျောပိုးအိတ်တစ်လုံးကို သယ်ဆောင်ထားပြီး ခရီးပန်းနေပုံရသည်။ သူသည် အခြားမြို့မှ စက်ဘီးဖြင့် ရောက်လာခြင်း ဖြစ်နိုင်သလား။
တစ်စုံတစ်ယောက်ကပင် အော်မေးလိုက်သည်။
“ဟေး လူလေး... မင်းက သတင်းစာရောင်းတာလား... တစ်စောင် ဘယ်လောက်လဲ..."
လျူအာကျူးသည် သူ မည်သည့်အရာမျှ မရောင်းကြောင်း ပြသရန် ထိုသူအား လက်ဝှေ့ယမ်းပြကာ ဆက်လက် စီးနှင်သွားလေသည်။
သူ အထည်အလိပ်စက်ရုံ၏ ဂိတ်ပေါက်သို့ ရောက်ရှိသောအခါ ဂိတ်စောင့်မှာ လုံခြုံရေးဌာနမှ မုတ်ဆိတ်မွေးနှင့်လူတစ်ဦးနှင့် စစ်တုရင် ကစားနေသော အဘိုးအိုတစ်ဦး ဖြစ်လေသည်။
လုံခြုံရေးဌာန ယူနီဖောင်းဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး လူတစ်ဦးကလည်း ကစားပွဲကို စူးစိုက်စွာကြည့်နေပြီး လျူအာကျူး ရောက်လာသည်ကို မည်သူမျှ မမြင်ကြပေ။
လျူအာကျူးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လွီရှန့်လီမှာ ဤနေရာတွင် သူ့ကို စောင့်မနေကြောင်း တွေ့လိုက်ရသည်။ သူသည် ကင်းစောင့်တဲ ပြတင်းပေါက်ဆီသို့ ကိုင်းညွတ်ကာ စီးကရက် သုံးလိပ်ကို ပစ်ထည့်လိုက်ရုံသာ တတ်နိုင်လေသည်။
"လူကြီးမင်းတို့... တစ်ယောက်လောက် ညွှန်ကြားရေးမှူးလွီကို သွားခေါ်ပေးပြီး သူလိုချင်တဲ့ပစ္စည်းတွေ လာပို့တယ်လို့ ပြောပေးလို့ရမလား..."
ဂိတ်စောင့်နှင့် မုတ်ဆိတ်မွေးနှင့်လူမှာ သူတို့၏ ကစားပွဲတွင်သာ အာရုံစိုက်နေကြပြီး ခေါင်းပင် လှည့်မကြည့်ကြပေ။
ကစားပွဲကို ကြည့်နေသော ပိန်ပိန်ပါးပါး လူကလည်း စိတ်မရှည်စွာဖြင့် လှမ်းကြည့်လိုက်သည်။ သူက အလုပ်များနေသည်ဟု ပြောတော့မည့်ဆဲဆဲတွင် ထိုစီးကရက်သုံးလိပ်မှာ တကယ်တော့ မူတန်စီးကရက်များ ဖြစ်နေကြောင်း မြင်လိုက်ရသည်။
သူသည် ရှေ့သို့ တိုးလာကာ စီးကရက်သုံးလိပ်စလုံးကို သူ၏အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး လျူအာကျူးအား ပြုံး၍ ကြည့်လိုက်သည်
"လူလေး... မင်းက ညွှန်ကြားရေးမှူးလွီရဲ့ ဆွေမျိုးလား..."
"မဟုတ်ပါဘူး... ညွှန်ကြားရေးမှူးလွီက ပစ္စည်းတချို့ လာပို့ခိုင်းလို့ပါ..."
လျူအာကျူးက ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပြီ... ခဏစောင့်ဦး... ငါ မင်းအတွက် သွားခေါ်ပေးမယ်..."
ပိန်ပိန်ပါးပါးလူသည် ချက်ချင်းပင် ထွက်သွားပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ စက်ရုံထဲသို့ လမ်းလျှောက်ဝင်သွားလေသည်။
ဂိတ်စောင့်က သူ့ကို လှမ်းကြည့်ပြီး စဉ်းစားမိသည်။
“ရှိုးဟောက်တစ်ယောက် ဒီနေ့ဘာဖြစ်နေတာလဲ... ဘာလို့ လူငယ်လေးတစ်ယောက်အပေါ် ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ..."
"ဆေးမှားသောက်ထားတာ နေမှာပေါ့..."
မုတ်ဆိတ်မွေးနှင့်လူက တီးတိုးရေရွတ်လိုက်ပြီးနောက် စစ်တုရင်ရုပ် နှစ်ရုပ်၏ နေရာများကို တိတ်တဆိတ် လဲလှယ်လိုက်သည်။
ဂိတ်စောင့်က အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ချက်ချင်းပင် ဒေါသထွက်သွားသည်။
"အရှက်မရှိတဲ့ကောင်... စောစောကမှ မင်းရဲ့စစ်သားက မြစ်ကိုတောင် မဖြတ်ရသေးဘူး... အခု ငါ့ဗိုလ်ချုပ်ဘေးကို ရောက်နေပြီလား..."
မုတ်ဆိတ်မွေးနှင့်လူက အောင်ပွဲခံသည့်ဟန်ဖြင့် ပြောလိုက်သည်။
"အဘိုးက ဘာသိလို့လဲ... ဒီအဖွဲ့က ရန်သူ့နောက်တန်း လက်နက်ကိုင်အဖွဲ့လေ... သူတို့က အဘိုးရဲ့ဘေးမှာ အချိန်အတော်ကြာကတည်းက ပုန်းအောင်းနေခဲ့တာ... အဘိုးက သတိမထားမိတာပါ... ဟိုတုန်းက ဂျပန်ငပုလေးတွေလည်း ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေကို သတိမထားမိခဲ့ကြဘူး မဟုတ်လား... ရန်သူ့နောက်တန်း လက်နက်ကိုင်အဖွဲ့ကို အသုံးမကျဘူးလို့ ထင်နေတာလား..."
ဂိတ်စောင့်မှာ ဒေါသထွက်သွားသော်လည်း ရန်သူ့နောက်တန်း လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်၍ ဆိုးဆိုးရွားရွား မပြောရဲပေ။ သူ ရှုံးတော့မည်ကို မြင်လိုက်ရသဖြင့် မုတ်ဆိတ်မွေးနှင့်လူ၏ ခေါင်းကို ရိုက်ချလိုက်သည်။
မုတ်ဆိတ်မွေးနှင့်လူမှာ မှင်သက်သွား၏။
"အဘိုးချင်... ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ..."
"ငါက မင်းရဲ့ လူကြီးလေ... မင်းကို တစ်ချက်ရိုက်တာ ဘာဖြစ်လဲ... မင်းက လူကြီးတွေကို မရိုမသေ လုပ်တော့မလို့လား... ယုံချင်ယုံ မယုံချင်နေ... မင်းအဖေဆီ သွားတိုင်လိုက်မယ်..."
ဂိတ်စောင့်က အောင်ပွဲခံသည့်ဟန်ဖြင့် ပြောလိုက်သည်။
အောင်မြင်စွာ တန်ပြန်တိုက်ခိုက်ခံလိုက်ရသော မုတ်ဆိတ်မွေးနှင့်လူမှာ မျက်နှာနီမြန်းသွားသည်။ အဘိုးချင်အား တိုင်တောခွင့် မပြုရဲပေ။ သို့မဟုတ်ပါက အသက်သုံးဆယ်ကျော်အရွယ်တွင် မိမိ၏ဖခင်အရင်းထံမှ အရိုက်ခံရခြင်းမှာ အလွန် ရှက်စရာကောင်းမည် ဖြစ်သည်။