← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) ကျွန်တော်က ဘာလို့ ငတုံး မဖြစ်နိုင်ရမှာလဲ

ငွေကိုင်စာရေးမသည် ငွေများနှင့် ခွဲတမ်းလက်မှတ်များကို ကြည့်လိုက်ပြီး လျူအာကျူးအား အတော်လေး အံ့သြသွားဟန်ဖြင့် လှမ်းကြည့်လိုက်သည်။

"ရှင်က ဘယ်ဌာနကလဲ... ပစ္စည်းလာဝယ်တာလား..."

သူမ၏ အတွေ့အကြုံအရ ခရိုင်မြို့ရှိ လူများသည် ပုံမှန်အားဖြင့် အရက်တစ်ပုလင်းကိုပင် ဝယ်သောက်ရန် နှမြောတတ်ကြသည်။ ယခုလို တစ်လစာ လစာငွေထက်ပိုသော ပမာဏကို ထုတ်ကာ အရက်ဆယ်ပုလင်းကို ရုတ်တရက်ကြီး မည်သို့များ ဝယ်နိုင်ရသနည်း။

လူတွေက အရက်သည် ကောက်နှံ၏ အဆီအနှစ်ဟု ဆိုကြသော်လည်း ယင်းကို ထမင်းစားသကဲ့သို့ စား၍မရနိုင်ပေ။

ထို့ကြောင့် သူသည် တစ်ခုခုသော ဌာနမှ ဝယ်ယူရေးကိုယ်စားလှယ်ဖြစ်ရမည်။

လျူအာကျူးသည် ရှင်းပြမနေဘဲ သူမကို တိုက်တွန်းလိုက်သည်။

“ခင်ဗျား ဆွယ်တာထိုးနေရမှာ မဟုတ်ဘူးလား... မြန်မြန် ပစ္စည်းသွားယူပေး..."

ငွေကိုင်စာရေးမမှာ သိချင်စိတ် မပြေပျောက်သွားသဖြင့် သိသိသာသာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ညွှန်ကြားရေးမှူးကျိုးကို တစ်ချက်ကြည့်ပြီးနောက် အရက်များအားလုံးကို လျူအာကျူးဆီသို့ ယူလာပေးလိုက်သည်။

စားဖိုမှူးစုန့်သည် မီးဖိုချောင်ထဲမှ ထွက်လာပြီး အရက်ပုလင်းများကို မက်မက်မောမော ကြည့်နေလေသည်။

“လူလေး... မင်းက တော်တော်လေး လက်ဖွာပြီး သဘောထားကြီးပုံရတယ်... အဘိုးကြီးကျိုးက မင်းကို ထမင်းကျွေးမှတော့ သူကပဲ ထမင်းရော အရက်ရော တိုက်စရာ မလိုပါဘူး... သူက ထမင်းကျွေးပြီး မင်းက အရက်တိုက်ရင်ရော ဘယ်လိုလဲ..."

သူသည် ဤနေရာမှ စားဖိုမှူးဖြစ်သော်လည်း ဟင်းသီးဟင်းရွက် အနည်းငယ် သို့မဟုတ် စင်းထားသော အသားအနည်းငယ်ကို ခိုးယူခြင်းမှာ အလွန်ဆုံးပင်ဖြစ်၏။ သူသည် အရက်များကို ခိုးယူရန် မည်သို့မျှ နည်းလမ်းမရှိခဲ့ဘဲ အထူးသဖြင့် ပြင်းရှသော တရုတ်ရိုးရာအရက်များကို သူ မထိရဲပေ။ လျူအာကျူးက များပြားလှစွာ ဝယ်ယူနေသည်ကို မြင်လိုက်ရသောအခါ အရသာမြည်းစမ်းရန် တစ်ပုလင်းလောက် ရနိုင်မလားဟု သူ တွေးနေမိသည်။

ညွှန်ကြားရေးမှူးကျိုးသည် နောက်ဆုံးတွင် ပြန်လည်ချေပရန် အခွင့်အရေးရသွားသည်။

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလို့ အရက်ပြင်းကို သောက်ရဲရတာလဲ..."

လျူအာကျူးတွင် သူ၏ဖခင်နှင့် ဆရာဖြစ်သူကို ကန်တော့ရန်ပင် အရက် အလုံအလောက် မရှိသေးချေ။ ဤလူကို မည်သို့လုပ်၍ ပေးနိုင်မည်နည်း။ သူသည် ချက်ချင်းပင် ပြုံးကာ မေးလိုက်လေသည်။

"စားဖိုမှူးစုန့်... ညွှန်ကြားရေးမှူးကျိုးက ထမင်းကျွေးမယ်... ကျွန်တော်က အရက်တိုက်မယ်ဆိုတော့ ခင်ဗျားက ဘာပေးမှာလဲ... အလကားစားတဲ့ ငတုံးသက်သက်ပဲ လုပ်မှာလား..."

"ဟာ... ငါ အလကားစားတာ ဘာဖြစ်လို့လဲ... ငါ အလကားစားလို့ မရဘူးလား..."

စားဖိုမှူးစုန့်သည် သူ၏ ဟင်းမွှေယောက်ချိုကို ခါယမ်းပြလိုက်ရာ အဓိပ္ပာယ်မှာ ရှင်းလင်းနေသည်။ ဟင်းချက်ရန် အာဏာသည် သူ၏လက်ထဲတွင် ရှိနေခြင်းပင် ဖြစ်၏။

ညွှန်ကြားရေးမှူးကျိုးသည် လျူအာကျူး၏ စကားကို ချက်ချင်း သဘောပေါက်သွားသည်။ စားဖိုမှူးစုန့်က ဤမျှကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သောကြောင့် ဘေးနားတွင် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

လျူအာကျူးက ခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့... ပြဿနာမရှိပါဘူး... ခင်ဗျားက ငတုံးလုပ်ချင်ရင်လည်း ငတုံး လုပ်ပေါ့... ကျွန်တော်တို့ သွားတော့မယ်..."

ထိုသို့ပြောပြီးနောက် သူသည် အရက်ပုလင်းများကို လွယ်အိတ်ထဲသို့ ထည့်လိုက်ကာ လက်ထဲတွင် လေးပုလင်းကို ကိုင်ထားလိုက်သည်။ သူ အပြင်သို့ထွက်သွားပြီး စက်ဘီး၏ ပစ္စည်းတင်အိတ်ထဲသို့ အတူတကွ ထည့်လိုက်ပြီးနောက် ၎င်းတို့ကို သူ၏ နေရာလွတ်ထဲသို့ တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။

သူတို့နှစ်ယောက် ထွက်သွားသည်ကို မြင်သောအခါ စားဖိုမှူးစုန့်သည် မကျေမချမ်းဖြင့် အပြင်သို့ လိုက်ထွက်လာပြီး လျူအာကျူးကို အော်ပြောလိုက်လေသည်။

"နေဦး... မင်းက ဘာသဘောလဲ လူလေးရဲ့... ငါ အလကားစားတာ ဘာဖြစ်လို့လဲ... ငါ အလကားစားလို့ မရဘူးလား... ဒီလမ်းပေါ်က ဘယ်သူ့ကိုမဆို မေးကြည့်လိုက်... ငါ အလကားစားလို့မရဘူးလို့ ဘယ်သူပြောရဲလဲ..."

လမ်းပေါ်တွင် သွားလာနေကြသော လူများသည် စားဖိုမှူးစုန့်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေကြသည်။

ယနေ့ ဤလူ ဘာဖြစ်နေသနည်း။ သူသည် ငတုံးတစ်ယောက်ဖြစ်ကြောင်း နေ့ခင်းကြောင်တောင်ကြီးတွင် အော်ဟစ်နေရန်အတွက် အရက်မည်မျှပင် သောက်ထားခဲ့သနည်း။

လျူအာကျူးသည် လေးစားစွာဖြင့် လက်မထောင်ပြလိုက်လေသည်။

"ရပါတယ်... တကယ်ရပါတယ်... သို့ပေမဲ့ ဒီနေ့ ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိသေးတယ်... ခင်ဗျား နောက်နေ့မှပဲ ငတုံး ဆက်လုပ်လိုက်ပါ..."

"ဒါမှပေါ့..."

လျူအာကျူး၏ လေးစားနေသော အမူအရာကို မြင်လိုက်ရသောအခါ စားဖိုမှူးစုန့်သည် အောင်ပွဲခံသည့်ဟန်ဖြင့် စားသောက်ဆိုင်ထဲသို့ ပြန်ဝင်သွားသည်။

သူ စားသောက်ဆိုင်ထဲသို့ ပြန်ဝင်သွားသည်နှင့် ညွှန်ကြားရေးမှူးကျိုးမှာ ဆက်၍မအောင့်ထားနိုင်တော့ပေ။

"ဟားဟားဟား... အလိုလေး... ငါ တကယ့်ကို မအောင့်ထားနိုင်တော့ဘူး... မင်းက တော်တော် ဆိုးတဲ့ကောင်လေးပဲ... စားဖိုမှူးစုန့်ကို လူအများကြီးရှေ့မှာ သူက ငတုံးပါလို့ ဝန်ခံခိုင်းလိုက်တာ... သူတော့ တစ်သက်လုံး အဲ့နာမည်ပြောင်ကို ဖြုတ်ချနိုင်တော့မှာ မဟုတ်ဘူး..."

"အဲ့လူက ပါးစပ်သရမ်းနေတာကိုး... သူ့ရဲ့ အကျင့်ဆိုးကို ကုစားပေးလိုက်တာပါ..."

လျူအာကျူးက ရယ်မောရင်း ပြောလေသည်။

ညွှန်ကြားရေးမှူးကျိုးသည် အလွန် ကျေနပ်သွားပြီး လျူအာကျူးကို ပို၍ပင် သဘောကျသွားသည်။

"သွားရအောင်... သွားရအောင်... ငါတို့ စားဖို့ တခြားနေရာတစ်ခု သွားရှာကြမယ်..."

"မသွားတာပဲ ကောင်းပါတယ်... အခုရက်ပိုင်းတွေမှာ နိုင်ငံပိုင်စားသောက်ဆိုင်ကတောင် ကောင်းကောင်းမွန်မွန် စားစရာ မရှိဘူးဆိုတာ ကျွန်တော် မြင်နေရတယ်လေ..."

လျူအာကျူးက ခေါင်းခါလျက် ငြင်းဆန်လိုက်လေသည်။

သူသည် ရရှိနိုင်သော ဟင်းလျာများကို ခုလေးတင် ကြည့်ခဲ့ပြီးဖြစ်လေသည်။ ဟင်းရွက်ကြော်၊ အာလူးမျှင်ကြော်နှင့် မုန်လာဥချဉ်ဖတ်တို့သာ ရှိလေသည်။

လျူအာကျူးသည် ဤဟင်းလျာသုံးမျိုးစလုံးကို မကြိုက်နှစ်သက်သလို အခြားသော နိုင်ငံပိုင်စားသောက်ဆိုင်များတွင်လည်း သိပ်ပိုကောင်းနေမည် မဟုတ်ပေ။

နိုင်ငံပိုင်စားသောက်ဆိုင်များသို့ သွားကာ ဝက်သားနီချက်ကို အမြဲတစေ ဝယ်စားလေ့ရှိသော ဝိညာဉ်ကူးပြောင်းလာသူ နောင်တော်များအကြောင်းကို သူ တွေးတောမိလိုက်သည်။ ယင်းမှာ သူတို့သည် မြို့ကြီးပြကြီးများတွင် ရှိနေသောကြောင့်သာ ဖြစ်တန်ရာပြီး ဤနေရာမှာမူ သေးငယ်သော ခရိုင်မြို့လေးတစ်မြို့သာ ဖြစ်လေသည်။

ညွှန်ကြားရေးမှူးကျိုးသည်လည်း အနည်းငယ် အနေရခက်သွားသည်။

“အဲ့ဒါဆိုရင်လည်း နေပါစေ... နောက်မှပဲ စားစရာကောင်းကောင်းတစ်ခု ငါ ယူလာခဲ့မယ်... ငါ့အိမ်ကို လာခဲ့လေ... ငါ့မိန်းမရဲ့ ဟင်းချက်လက်ရာကလည်း မဆိုးပါဘူး..."

"ကောင်းပါပြီ... အားတဲ့အခါ ကျွန်တော် သေချာပေါက် လာခဲ့ပါ့မယ်... အခု ညွှန်ကြားရေးမှူးရဲ့ ကိစ္စကို အရင်ပြောကြရအောင်..."

လျူအာကျူးသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အသံကို နှိမ့်လိုက်လေသည်။

"ဒီကိစ္စ အောင်မြင်ဖို့အတွက် အသား ဘယ်လောက်လောက် လိုမယ်လို့ထင်လဲ..."

ညွှန်ကြားရေးမှူးကျိုးသည် ဤအကြောင်းကို မည်သို့စကားစရမည်နည်းဟု တွေးတောနေခဲ့ခြင်း ဖြစ်၏။ လျူအာကျူးက အရင်ဦးဆောင်၍ ပြောလာသည်ကို ကြားသောအခါ သူက ကမန်းကတန်း ပြောလိုက်လေသည်။

"အနည်းဆုံးတော့ တောဝက်တစ်ကောင်ပေါ့... အဲ့ထက်နည်းရင်တော့ ကိစ္စပြီးဖို့ ခက်လိမ့်မယ်... ဘာလို့လဲဆိုတော့ ဒီကိစ္စကို မျက်စိကျနေတဲ့လူတွေ အတော်များများ ရှိနေလို့လေ..."

သူက ဈေးနှုန်းကို မပြောသည်ကို မြင်သောအခါ လျူအာကျူးက တိုက်ရိုက်ပင် မေးလိုက်ရလေသည်။

"အလကား ပေးရမှာလား..."

ညွှန်ကြားရေးမှူးကျိုးသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်ဟန်ဖြင့် သူ၏ နဖူးကို ရိုက်လိုက်လေသည်။

“ငါ့ဦးနှောက်ကိုပဲ ကြည့်ပါဦး... မင်းကို ပြောဖို့ မေ့သွားတယ်... တောဝက်ကို အလကားပေးလို့ မရဘူး... မဟုတ်ရင် တစ်ယောက်ယောက်က မိသွားပြီး လာဘ်ပေးလာဘ်ယူလုပ်တယ်လို့ ပြောရင် မကောင်းဘူးလေ... သို့ပေမဲ့ ဈေးနှုန်းကတော့ ဈေးကွက်ပေါက်ဈေးအတိုင်းပဲ ရနိုင်မယ်... အလွန်ဆုံးအနေနဲ့ မင်းကို တခြားနည်းလမ်းတွေနဲ့ ငါ လျော်ကြေးပေးပါ့မယ်..."

"ဥပမာအနေနဲ့ဆိုရင်ရော..."

လျူအာကျူးသည် အနာဂတ်တွင် အငြင်းပွားမှုများ မဖြစ်ပေါ်စေရန် ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်းဖြစ်စေရန်သာ ပို၍ သဘောကျလေသည်။

လက်ဆောင်ပေးခြင်းကို ရှင်းလင်းစွာ မပြောဆိုခဲ့သောကြောင့် လက်ဆောင်ပေးခြင်းမှသည် ရန်ငြိုးအဖြစ်သို့ ပြောင်းလဲသွားသည့် အဖြစ်အပျက်ပေါင်း များစွာ ရှိခဲ့ဖူးလေသည်။

ထောက်ပံ့ရေးနှင့်သမဝါယမအသင်းကို စီမံအုပ်ချုပ်ရသော ညွှန်ကြားရေးမှူးကျိုးသည်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုလုပ်ကိုင်လေ့ ရှိသူဖြစ်လေသည်။ လျူအာကျူးက လှည့်ပတ်မနေသည်ကို မြင်သောအခါ သူက သဘောကျစွာဖြင့် လျူအာကျူး၏ ပခုံးကို ပုတ်လိုက်လေသည်။

“မင်းက မဆိုးပါဘူး ကောင်လေးရာ... ငါ့မှာသာ သမီးတစ်ယောက်ရှိရင် ဘာပဲဖြစ်ဖြစ် မင်းနဲ့ ပေးစားမိမှာပဲ... လျော်ကြေးအတွက်တော့ မင်း စိတ်ချထားလို့ ရပါတယ်... မင်းကို သေချာပေါက် ကျေနပ်စေရမယ်... ပြီးတော့ တန်ဖိုးချင်းလည်း ညီမျှစေရပါမယ်..."

"စဉ်းစားကြည့်လေ... ကုန်တိုက်ဖွင့်တဲ့အခါ ဆိုင်ကို ဆွဲဆောင်ဖို့အတွက် အဖိုးတန်ပစ္စည်း အချို့ သေချာပေါက် လိုအပ်လိမ့်မယ်... နာရီတွေ၊ ရေဒီယိုတွေနဲ့ အပ်ချုပ်စက်တွေက မရှိမဖြစ်တွေလေ... လိုက်ကာ ကင်မရာတစ်လုံးတောင် ရနိုင်တယ်လို့ ပြောကြတယ်..."

ဤတစ်ကြိမ်တွင်မူ လျူအာကျူးသည် အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ရလေသည်။

“လိုက်ကာကင်မရာ ဟုတ်လား...အဲ့တာက ယွမ်တစ်ထောင်ကျော်လောက် တန်တယ် မဟုတ်ဘူးလား... တစ်ယောက်ယောက်က ကြိုမှာထားတာများရှိလို့လား..." (လိုက်ကာကင်မရာဆိုတာက အရင်ခေတ် ဇာတ်လမ်းတွေမှာမြင်ဖူးကြမှာပါ။ အောက်က ခြေထောက်ရှည်နဲ့ ရိုက်ခါနီးကျ ကင်မရာမန်းက သူ့ခေါင်းကို ကင်မရာမှာပါတဲါ လိုက်ကာအုပ်ပြီး ရိုက်ရတာပါ)

ညွှန်ကြားရေးမှူးကျိုးက ရယ်မောကာ လက်ခါပြလိုက်သည်။

"ဒီခရိုင်လေးထဲမှာ ဘယ်သူက အဲဒါကို ဝယ်နိုင်မှာလဲ... ဆိုင်ကို လူစိတ်ဝင်စားအောင် ဆွဲဆောင်ဖို့အတွက် သက်သက် ယူလာတာပါ... ရောင်းရမယ်လို့တော့ မမျှော်လင့်ထားပါဘူး... နောက်ကျရင်တော့ တခြားနေရာတွေကို ဆွဲဆောင်ဖို့အတွက် ပို့လိုက်မှာပေါ့..."

ရယ်မောကာ နောက်ပြောင်နေသော ညွှန်ကြားရေးမှူးကျိုးသည် လျူအာကျူး၏ အနည်းငယ် လှုပ်ရှားသွားသော မျက်နှာအမူအရာကို သတိမပြုမိခဲ့ပေ။

သူ၏ ယခင်ဘဝတွင် မိသားစုနှင့် ကွဲကွာသွားပြီးနောက် သူသည် သူတို့နှင့်အတူ ဓာတ်ပုံတစ်ပုံ ရိုက်ချင်ခဲ့သော်လည်း အခွင့်အရေး မရခဲ့ပေ။

နောက်ပိုင်းတွင် သူ၏ မိသားစုများ ကွယ်လွန်သွားသောအခါ ဓာတ်ပုံရိုက်ရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားခဲ့ရသည်။

သူ့မှာသာ ကင်မရာတစ်လုံးရှိခဲ့လျှင် သူ လိုချင်သလို သူ၏ မိသားစုကို ကိုယ်တိုင်ဓာတ်ပုံရိုက်ပေးနိုင်မည်ဖြစ်၏။

သို့ရာတွင် လျူအာကျူးသည် ဤအတွေးကို လျင်မြန်စွာပင် ဖယ်ရှားလိုက်သည်။

စက်ဘီးသည်ပင် တောင်ပေါ်သားများအတွက် အလွန်ကြီးမားသော အံ့သြတုန်လှုပ်မှုတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

သူသည် ရေဒီယိုနှင့် နာရီကိုလည်း ရယူလိုသေးရာ ယင်းက သေချာပေါက် ပို၍ပင် အံ့အားသင့်စရာ ဖြစ်လာမည်သာဖြစ်၏။

အကယ်၍ သူက ကင်မရာတစ်လုံးကိုပါ ထပ်ပေါင်းထည့်လိုက်မည်ဆိုပါက ယင်းမှာ အလွန်မာနထောင်လွှားလွန်းရာကျပြီး သေချာပေါက် ကံဆိုးမှုများကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။

"စိတ်မပူပါနဲ့ ညွှန်ကြားရေးမှူးကျိုး... တောဝက်ကိစ္စကို ကျွန်တော် တာဝန်ယူပါတယ်... အချိန်ကျလာရင်တော့ နာရီနဲ့ ရေဒီယိုကို ကျွန်တော့်အတွက် ချန်ထားပေးပါဦး..."

လျူအာကျူးက ပြုံးလျက် ကတိပေးလိုက်လေသည်။

သူသည် တောဝက်ကို ယခုချက်ချင်း ထုတ်ပေးရန် အစီအစဉ်မရှိပေ။ သို့မဟုတ်ပါက သူတို့ တောင်းဆိုသည်နှင့် တစ်ပြိုင်နက်ရှိသည်ဟု ပြောလိုက်လျှင် မည်သူမဆို သူ၏ ဇာစ်မြစ်အပေါ် မသင်္ကာဖြစ်လာပေလိမ့်မည်။

ညွှန်ကြားရေးမှူးကျိုးမှာ အလွန် ဝမ်းသာသွားလေသည်။

"ကောင်းတယ်... ကောင်းတယ်... မင်း လုပ်နိုင်မယ်ဆိုတာ ငါ သိသားပဲ... တစ်ယောက်ယောက် ဒီနေရာကို လာခဲ့ဦး... ကျူးဇီအတွက် ပစ္စည်းတွေ ကူတင်ပေးလိုက်ကြ..."

ထောက်ပံ့ရေးနှင့်သမဝါယမအသင်းမှ လူတစ်ယောက်သည် တစ်အိတ်လျှင် ဆယ်ကျင်းစီပါဝင်သော ဂျုံမှုန့်ဖြူနှင့် ဆန်အိတ်နှစ်အိတ်ကို သယ်ဆောင်ကာ ထွက်လာခဲ့လေသည်။

ယခုလက်ရှိ မြို့ပြအိမ်ထောင်စုစာရင်းဖြင့်ပင်လျှင် တစ်လလျှင် ပျမ်းမျှ ထောက်ပံ့ပေးသော ကောက်နှံကောင်း ပမာဏမှာ သုံးကျင်းထက် မပိုကြောင်းကို သိထားရမည် ဖြစ်လေသည်။

လျူအာကျူးသည် အခြားသူတစ်ယောက်အတွက် နှစ်ဝက်စာထက်ပိုသော ကောက်နှံကောင်း ခွဲတမ်းများကို ရုတ်တရက် ရရှိခဲ့ပြီး သူသာ ပိုလိုချင်ပါက ရနိုင်ကြောင်းကိုလည်း သေချာပေါက် သိထားသည်။

ဘဝတွင် ခေါက်ဆွဲ သုံးပန်းကန်ဟူသော အချက်သည် အမှန်တကယ်ပင် အသုံးဝင်လှသည်ဟု ဆိုရမည်ဖြစ်လေသည်။

လျူအာကျူးသည် ဆန်နှင့် ဂျုံမှုန့်မျှဖြင့် ကျေနပ်မနေခဲ့ပေ။ သူသည် ဟင်းသီးဟင်းရွက် အချို့ကိုလည်း ဝယ်ယူချင်သေးလေသည်။

ညွှန်ကြားရေးမှူးကျိုးသည် တုံ့ဆိုင်းမနေဘဲ လျူအာကျူးကို ဂိုဒေါင်သို့ ခေါ်သွားကာ လတ်ဆတ်သောအရာများကို ရွေးချယ်ခွင့် ပေးလိုက်လေသည်။

လျူအာကျူးသည် ငရုတ်ပွစိမ်းများ၊ အာလူးများနှင့် အခြားအရာများအပြင် မှိုခြောက်များနှင့် ပဲကြာဆံများပင် ရှိနေကြောင်းကို တွေ့ရှိခဲ့လေသည်။ သူသည် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် အခြားသော ဟင်းခတ်အမွှေးအကြိုင်အချို့နှင့်အတူ တော်တော်များများကို စုဆောင်းလိုက်လေသည်။ ယင်းမှာ ကြီးမားသော ရိတ်သိမ်းမှုတစ်ခုပင်ဖြစ်၏။

ဤနည်းဖြင့် သူ ပြန်ရောက်သွားသောအခါ သူ၏ ဟင်းချက်စွမ်းရည်ကို ထုတ်ပြနိုင်ပြီး သူ ချက်ချင်သမျှကို ချက်ပြုတ်နိုင်မည် ဖြစ်လေသည်။

အဆင်ပြေစေရန်အတွက် သူသည် မြေအိုးတစ်လုံးနှင့် သံဒယ်အိုးတစ်လုံးကိုလည်း ဝယ်ယူခဲ့သည်။

ညွှန်ကြားရေးမှူးကျိုးထံသို့ ငွေများနှင့် ခွဲတမ်းလက်မှတ်များကို ပေးအပ်၍ ရှင်းလင်းပြီးနောက် လျူအာကျူးက သူ့အား နို့မှုန့်ကဲ့သို့သော အရာများကို မျက်ခြေမပြတ် စောင့်ကြည့်ပေးရန် တောင်းဆိုခဲ့ပြီးနောက် သူ၏စက်ဘီးကို စီးကာ ထွက်ခွာသွားသည်။

နိုင်ငံပိုင်စားသောက်ဆိုင်၌။

ဗလတောင့်တောင့်နှင့် ထိပ်ပြောင်ပြောင် လူတစ်ယောက် ဝင်လာသည်။ စားဖိုမှူးစုန့်က သူ၏ ဟင်းမွှေယောက်ချိုဖြင့် အလုပ်မရှိ အလုပ်ရှာ ကစားနေသည်ကို မြင်သောအခါ သူက မနောက်ဘဲ မနေနိုင်တော့ပေ။

"ဟေ့... ငတုံးကြီးစုန့်က ဟင်းမွှေယောက်ချိုနဲ့ ကစားနေတာလား... ပျော်စရာကောင်းလား... မင်း ဂွပြဲဘောင်းဘီ ဝတ်ထားသလားဆိုတာ ငါ့ကို ပြစမ်းပါဦး..."

စားဖိုမှူးစုန့်က ဒေါသတကြီးဖြင့် ဆဲရေးလိုက်လေသည်။

"ထိပ်ပြောင်အိုကြီး... မင်းမှာ တစ်ခုခု မှားယွင်းနေလို့လား... ငါက မင်းကို ရန်သွားစမိလို့လား... မင်း ဝင်လာလာချင်း ငါ့ကို ငတုံးလို့ ခေါ်ရအောင်..."

"ငါက မင်းကို အဲ့လိုခေါ်တာ ဟုတ်လား... ခုနလေးတင် လမ်းတစ်လျှောက်လုံးမှာ 'ငါ အလကားစားတဲ့ ငတုံးဖြစ်တာ ဘာဖြစ်လို့လဲ... ငါက ငတုံးမဟုတ်ဘူးလို့ ဘယ်သူပြောရဲလဲ' ဆိုပြီး အော်နေတာ ဘယ်သူလဲ..."

ထိပ်ပြောင်အိုကြီးသည် စားဖိုမှူးစုန့် အော်ဟစ်နေသည့်ပုံစံကို အတိအကျ အတုခိုးပြလိုက်ပြီးနောက် အပြစ်ကင်းစင်သည့်ဟန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်လေသည်။

"မင်းက ငတုံးမဟုတ်ဘူးလို့ ငါ မပြောရဲပါဘူး... ဒါပေမဲ့ အခု မင်းက ထပ်ပြီး ဒေါသထွက်နေပြန်ပြီ... မင်းရဲ့ ဦးနှောက်က တစ်မိနစ်နဲ့တစ်မိနစ် မတူဘဲ ပြောင်းလဲနေတော့ တကယ့်ကို ပုံမှန်မဟုတ်ဘူးလို့ ငါ ထင်တယ်..."

စားဖိုမှူးစုန့်သည် တစ်ခဏမျှ ကြောင်အသွားပြီးနောက် နောက်ဆုံးတွင် သူ အလှောင်ခံလိုက်ရကြောင်းကို သဘောပေါက်သွားသည်။

"မင်းတို့ရဲ့ ဘိုးဘေးတွေ@#$&&@.. ကျိုးပေါင်ချွမ်နဲ့ ဟိုကောင်စုတ်လေး... ငါ မင်းတို့ကို သတ်ပစ်မယ်..."

စားဖိုမှူးစုန့် အပြင်သို့ပြေးထွက်ကာ စာရင်းရှင်းရန် မသွားနိုင်မီမှာပင် နောက်ထပ် ဖောက်သည်နှစ်ယောက် ဝင်လာပြီး သူ့ကို မြင်မြင်ချင်း နှုတ်ဆက်လိုက်ကြသည်။

"ဟေ့... မင်္ဂလာပါ ငတုံးကြီးစုန့်..."

"ငတုံးစားဖိုမှူးက ဒီနေ့ ဘာဟင်းတွေ ချက်ထားလဲ..."

စားဖိုမှူးစုန့်မှာ မျက်ဆန်လန်လုမတတ် ဒေါသထွက်သွားသည်။ သူက အသံကျယ်ကျယ်ဖြင့် ဆဲရေးလိုက်၏။

"မင်းတို့ အမေတွေဆီပဲ သွားကြ... ငါ ဒီနေ့ ယီးမှ ဟင်းမချက်ဘူး..."

သို့ရာတွင် သူ ထိုရိုင်းစိုင်းသော စကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူအနည်းငယ် ထပ်မံဝင်ရောက်လာကြပြီး သူ့ကို 'ငတုံးစားဖိုမှူး' ဟု နှုတ်ဆက်ကြပြန်သည်။

အချိန်တိုအတွင်းမှာပင် စားသောက်ဆိုင်သည် တကယ်ပင် လူပြည့်သွားခဲ့ပြီး အပြင်ဘက်တွင် တန်းစီနေသူများပင် ရှိနေသည်။ လူတိုင်းက အော်ဟစ်နေကြသည်။

"ငတုံးစုန့်... မြန်မြန် ကြော်စမ်းပါ... ငါတို့အားလုံး ဆာလောင်နေပြီ..."

အကယ်၍ သာမန်အရပ်သားများသာဆိုလျှင် တစ်မျိုးဖြစ်သော်လည်း ရပ်ကွက်ကော်မတီမှ လူများကပါ လာရောက်စားသောက်ကြသည်။ စားဖိုမှူးစုန့်သည် ဒေါသတကြီးဖြင့် ဟင်းချက်ရန် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။

ထိုအချိန်တွင် စားသောက်ဆိုင်ခန်းမတစ်ခုလုံးသည် ပျော်ရွှင်ဖွယ်ကောင်းသော လေထုဖြင့် ပြည့်နှက်နေသည်။ ထမင်းတစ်နပ်စာ အချိန်လေးအတွင်းမှာပင် 'ငတုံးစုန့်' ဟူသော နာမည်ပြောင်မှာ အခိုင်အမာ တည်တံ့သွားခဲ့လေပြီ။

ထိုအချိန်မှစ၍ ဤလမ်းပေါ်တွင် လူများကို အမြဲတမ်း ခြိမ်းခြောက်လေ့ရှိသော စားဖိုမှူးစုန့်ဆိုတာ တစ်ယောက်လျော့သွားခဲ့ပြီး ငတုံးစုန့်ဆိုတာတစ်ယောက် ပိုလာခဲ့လေသည်။

All Chapters