← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အခန်း (၆၉) ရွာသူရွာသားများ၏ ကျောထောက်နောက်ခံ

လျူရှောင်ဟုသည် အောက်သို့ဆင်းရန် ရုန်းကန်နေခဲ့သော်လည်း လျူအာကျူး၏စကားများကို ကြားပြီးနောက်တွင် နားလည်သွားလေသည်။ သူက ငိုယိုလျက် ပြောလေသည်။

"ဦးလေး... သား မသွားနိုင်ဘူး... သား ပညာသင်လို့ ပြီးတော့မှာ..."

"ဘာပညာသင်ရမှာလဲ... အိမ်ပြန်မယ်... ဦးလေးက မင်းကို ကျွေးမွေးစောင့်ရှောက်မယ်..."

လျူအာကျူးသည် မှုန်ကုပ်နေသော မျက်နှာဖြင့် အပြင်သို့ ထွက်လာရင်း ပြောလိုက်သည်။

သို့သော် အနီးတွင်ရပ်နေသော ပန်းပဲဆရာမှာမူ မကျေမနပ်ဖြစ်သွားလေသည်။ သူသည် ကြိမ်လုံးတစ်ချောင်းဖြင့် သူတို့၏လမ်းကို ပိတ်ရပ်လိုက်သည်။

“ဟေး ဟေး ဟေး... မင်းက ဘယ်သူလဲ... ဒီနေရာကို ကျူးကျော်ဝင်ရောက်လာပြီး ငါ့လူကို လုယူသွားမလို့လား..."

"ကလေးက ခင်ဗျားကို ဆရာတစ်ယောက်အနေနဲ့ သတ်မှတ်ထားတာဆိုတော့ ခင်ဗျား သူ့ကိုရိုက်ရင်လည်း ကျွန်တော် ဘာမှမပြောနိုင်ပါဘူး... ဒါကို သူ့မိဘတွေကလည်း ခွင့်ပြုထားပြီးသားပါ..."

"ဒါပေမဲ့ အခု ကျွန်တော်တို့က ခင်ဗျားဆီကနေ ပညာမသင်ချင်တော့ဘူး... အဲဒါကို ကျွန်တော်တို့က ထွက်သွားလို့တောင် မရဘူးလို့ ပြောချင်တာလား..."

လျူအာကျူးက အေးစက်စွာ ပြောလိုက်လေသည်။

ပန်းပဲဆရာက နှုတ်ခမ်းကို တွန့်လိုက်သည်။

"မင်းက ဘယ်သူ့ရှေ့မှာ လာပြီး အာခံနေတာလဲ ကောင်လေး... ပြီးတော့ ဒီနေရာကို ဘယ်လိုနေရာလို့ ထင်နေတာလဲ... မင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရမယ် ထင်နေလား... ငါက သူ့ကို ပညာတွေ အများကြီး သင်ပေးထားတာ... အဲဒီအတွက် မင်းက ဘာပြောချင်သေးလဲ..."

ပညာရပ်ဆိုသည်မှာ အလကားသာ ဖြစ်ပေသည်။

လျူအာကျူးသည် ထိုလူအား ပြန်လည်တုံ့ပြန်ရန် အချိန်မဖြုန်းတော့ဘဲ ရှောင်ဟုကို ကျောပေါ်ပိုးကာ အပြင်သို့ ထွက်လာခဲ့လေသည်။

သူ တံခါးပေါက်မှ ထွက်လိုက်သည်နှင့် ပန်းပဲဆရာ၏ဇနီး ပြန်ရောက်လာသည်နှင့် တိုးလေသည်။ လျူရှောင်ဟုကို ကျောပိုးထားသည်ကို မြင်သောအခါ သူမက ကမန်းကတန်း မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ..."

"ဘာမှမဖြစ်ပါဘူး... သူတို့က ပညာမသင်တော့ဘူးလို့ ပြောနေတယ်..."

ပန်းပဲဆရာက စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

"ဟင်... ဘာလို့ မသင်တော့တာလဲ... ငါတို့က သူ့ကို မိသားစုပညာတွေ အကုန်သင်ပေးထားပြီးပြီလေ... သူက နင့်အတွက် အလုပ်တောင် မလုပ်ပေးရသေးဘူး... အိုစာမင်းစာ ကျွေးမွေးဖို့ဆိုတာ ဝေးသေး..."

"မရဘူး မရဘူး... သူ့ကို အောက်ချပေး... ရှောင်ဟု မြန်မြန်ဆင်းပြီး မီးမွှေးပေးစမ်း... ငါ ထမင်းချက်ရဦးမယ်..."

ပန်းပဲဆရာ၏ဇနီးသည် လျူရှောင်ဟုကို ဆွဲယူရန် လက်လှမ်းလိုက်လေသည်။

လျူအာကျူးသည် တွေဝေခြင်းမရှိဘဲ သူ၏သေနတ်ကို ထုတ်ယူကာ ဘေးကင်းလုံခြုံရေးခလုတ်ကို ဖြုတ်လိုက်သည်။

"တားရဲရင် တားကြည့်လေ..."

ပန်းပဲဆရာ၏ဇနီးမှာ လန့်သွားပြီး ကမန်းကတန်း ရှောင်ဖယ်သွားသည်။

သို့သော် ပန်းပဲဆရာမှာမူ အလွန်ဒေါသထွက်သွားလေသည်။ သူက အော်ဟစ်ဆဲဆိုလိုက်သည်။

"မင်းမှာပဲ သေနတ်ရှိတယ် ထင်နေလား... သား... သွားပြီး ငါ့ရဲ့ အမဲလိုက်သေနတ်ကို ယူခဲ့... ငါ့ရဲ့ လီမိသားစုကျေးရွာကနေ လူလာလုရဲလောက်အောင် မင်းက တော်တော်သတ္တိကောင်းနေပါလား..."

မကြာမီတွင် ပန်းပဲဆရာ၏ သေနတ်ကို ယူလာခဲ့ကြသည်။ သူက သေနတ်ဖြင့် လျူအာကျူးကို ချိန်လိုက်သည်။

“သတ္တိရှိရင် တစ်ချက်လောက် ပစ်ကြည့်လိုက်စမ်း..."

ဒိုင်း…

လျူအာကျူးသည် ပန်းပဲဆရာ၏ ခြေရင်းသို့ တိုက်ရိုက် သေနတ်တစ်ချက် ပစ်လိုက်ပြီး ပြန်လည်တုံ့ပြန်လိုက်သည်။

"ခင်ဗျား ပစ်ကြည့်လိုက်ပါလား..."

ပန်းပဲဆရာသည် ကြောက်လန့်တကြား တုန်လှုပ်သွားပြီး နောက်သို့ ဆုတ်ပြေးလေတော့သည်။

လျူအာကျူး တကယ်ပစ်ရဲမည်ဟု သူ မထင်ထားခဲ့ပေ။

လူအများစုတွင် သေနတ်များရှိကြသော်လည်း ကျည်ဆန်များမှာ ရရှိရန် ခဲယဉ်းလှပေသည်။ ထို့ပြင် သေနတ်သံထွက်ပေါ်သွားသည်နှင့် ပြဿနာမှာ ပိုမိုကြီးထွားသွားမည်ဖြစ်သည်။ ပန်းပဲဆရာသည် လျူအာကျူးကို ခြောက်လှန့်ရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ထိုလူက ဤမျှဒေါသကြီးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သေနတ်သံကြောင့် ပန်းပဲဆရာ၏ မိသားစုမှာ နောက်ဆုတ်သွားကြသည်။

လီမိသားစုကျေးရွာမှ လူများသည်လည်း ရောက်လာကြပြီး ဘာတွေဖြစ်နေသည်ကို သိရန် အုံရုံးကာ ကြည့်ရှုနေကြလေသည်။

လူအုပ်ကြီး များပြားလာသည်ကို မြင်သောအခါ ပန်းပဲဆရာ၏ဇနီးသည် ရုတ်တရက် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး စတင်ငိုကြွေးတော့သည်။

"အားလုံးပဲ လာကြည့်ကြပါဦး... ဒီနှလုံးသားမရှိတဲ့လူက ငါ့အိမ်ကို ပညာလာသင်မယ်ဆိုပြီးတော့ အခု ပညာလည်းတတ်ရော ထွက်သွားချင်နေပြီတဲ့... ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ..."

ဤစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ရွာသူရွာသားများအားလုံးက သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြသည်။

သူတို့အားလုံးသည် ရှေးရိုးရာဓလေ့ကို ယုံကြည်ကြပေသည်။ ပညာသင်တပည့်တစ်ယောက်သည် ဆရာ့အိမ်သို့ ပညာသင်ရန် ဝင်ရောက်လာပါက အနည်းဆုံး သုံးနှစ်တာ အခမဲ့ လုပ်အားပေးရမည်ဖြစ်ပြီး ဆရာ၏ အိုမင်းမစွမ်းအချိန်တွင် ကျွေးမွေးစောင့်ရှောက်ရမည် ဖြစ်သည်။

အကယ်၍ တစ်ယောက်ယောက်က ကတိဖျက်ခဲ့ပါက သူတို့တွင် အနာဂတ်ရှိမည်မဟုတ်ဘဲ ရွာသူရွာသားများကလည်း သူတို့ကို အထင်သေးကြမည် ဖြစ်သည်။

လျူအာကျူးသည် လျူရှောင်ဟု၏ ဂုဏ်သိက္ခာကို အပျက်ခံမည် မဟုတ်ပေ။ သူက ချက်ချင်းပင် ပြောလိုက်သည်။

"ကျွန်တော့်တူက ခင်ဗျားဆီမှာ ပညာသင်နေတာ နှစ်ဝက်ကျော်နေပြီ မဟုတ်လား... အခုအချိန်အထိ ပန်းပဲပညာကို မေ့ထားလိုက်ဦး... ခင်ဗျားက သူ့ကို ပစ္စည်းတွေ ဘယ်လိုခွဲခြားရမလဲဆိုတာကိုတောင် အခုမှ စသင်ပေးတာလေ... အဲဒါတောင် ကျွန်တော်တို့က အသားတစ်ပန်းကန်နဲ့ စည်သွတ်ဘူးတစ်ဘူး ပို့ပေးလိုက်လို့ သင်ပေးတာ... အဲဒီအပေါ်မှာ ခင်ဗျားက ကလေးကို မတ်တတ်တောင် မရပ်နိုင်အောင် ရိုက်နှက်ထားသေးတယ်..."

"ခင်ဗျားသာ သူ့ကို တကယ် ပညာသင်ပေးခဲ့မယ်ဆိုရင် သူ အရိုက်ခံရတာ အဆဲခံရတာတွေကို ကျွန်တော် လက်ခံပေးလို့ရတယ်... ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်များ ရင်ဘတ်ကို လက်ဖိပြီး မဟာဆရာကြီးရှေ့မှာ ကလေးကို သေချာသင်ပေးခဲ့ပါတယ်ဆိုပြီး သစ္စာဆိုရဲလား..."

ဤခေတ်ကာလတွင် ထိုကဲ့သို့ သစ္စာဆိုခြင်းသည် အတိတ်က နတ်ဘုရားများ သို့မဟုတ် ဗုဒ္ဓရှေ့တွင် သစ္စာဆိုခြင်းထက် ပို၍ အကျိုးသက်ရောက်မှု ရှိလေသည်။

ပန်းပဲဆရာ လင်မယားမှာ ချက်ချင်းပင် အကြောက်လွန်သွားကြပြီး တတွတ်တွတ် ရေရွတ်နေကာ ပြန်မဖြေရဲကြတော့ပေ။

ရွာသူရွာသားများသည် ဤသည်ကို မြင်သောအခါ ဘာတွေဖြစ်နေသည်ကို နားလည်သွားကြသည်။

ထို့အပြင် မည်သူမျှ လူမိုက်များ မဟုတ်ကြပေ။ လူတိုင်းသည် ပန်းပဲဆရာက လျူရှောင်ဟုကို အမြဲတမ်း ရိုက်နှက်ဆဲဆိုနေကြောင်းကို ကြားဖူးကြသည်။ ယခုအခါ ကလေးငယ်၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေသည်ကို မြင်သောအခါ အချို့သော သက်ကြီးရွယ်အို ရွာသူရွာသားများမှာ သူ့အတွက် စိတ်မကောင်းဖြစ်ကာ သနားဂရုဏာသက်၍ မျက်ရည်များပင် ဝဲလာကြသည်။

အဘိုးအိုတစ်ဦးက သူ၏ တောင်ဝှေးဖြင့် ပန်းပဲဆရာကို ချိန်ရွယ်ကာ ဝေဖန်လိုက်သည်။

"လီဖန်... မင်းက ကလေးတစ်ယောက်ကို ဒီလောက်တောင် ရိုက်ရက်ရသလား..."

ပန်းပဲဆရာသည် မိမိရွာသားများက သူ့ကို မကူညီဘဲ အနိုင်ကျင့်မည်ဟု မထင်ထားခဲ့ပေ။ သူက ချက်ချင်းပင် ဒေါသထွက်သွားလေသည်။

"ခင်ဗျားတို့က ဘာသိလို့လဲ... ကျွန်တော် ပညာသင်တုန်းကလည်း ဒီအတိုင်းပဲ သင်ခဲ့ရတာ... သူ့ကို ကူညီတဲ့ ဘယ်သူမဆို နောက်ဆို ကျွန်တော့်ဆီကို အိုးတွေ လယ်ယာသုံးပစ္စည်းတွေ လာမပြင်ကြနဲ့တော့..."

ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ ချက်ချင်း တိတ်ဆိတ်သွားကြသည်။

မည်သို့ပင်ဖြစ်စေ အိမ်ထောင်စုတိုင်းသည် ပန်းပဲဆရာကို လိုအပ်သည့်အချိန်များရှိကြပြီး သူတို့သည် သူ့ကို မစော်ကားလိုကြပေ။

လျူအာကျူးသည် ပန်းပဲဆရာကို ထပ်ပြောရန် အချိန်မဖြုန်းတော့ပေ။ အဖြစ်မှန်များ ရှင်းလင်းသွားပြီဖြစ်ရာ ဘယ်သူမှားပြီး ဘယ်သူမှန်သည်ကို လူတိုင်းသိသွားခြင်းကပင် လုံလောက်နေပြီ ဖြစ်လေသည်။

သူသည် လျူရှောင်ဟုကို စက်ဘီးနောက်ခုံတွင် တင်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။

သို့သော် ပန်းပဲဆရာသည် ပြေးလာပြီး စက်ဘီးကို ပိတ်ရပ်ကာ အော်ဟစ်လိုက်သည်။

"မင်း ထွက်သွားချင်ရင် သွားလို့ရတယ်... ဒါပေမဲ့ ငါ့မိသားစုက သူ့ကို နှစ်ဝက်ကျော် ကျွေးမွေးထားတာ... အဲဒီစားစရိတ်ကို မင်း ပေးခဲ့ရမယ်..."

"ကျွန်တော့်တူက ခင်ဗျားအတွက် အလုပ်မလုပ်ပေးခဲ့ဘူးလား... ခင်ဗျားတို့မိသားစုရဲ့ ထင်းတွေက ခင်ဗျားတို့ ဖင်ထဲကနေ ထွက်လာတာလား... ခင်ဗျားတို့ သောက်သုံးနေတဲ့ရေတွေက သေးတွေနဲ့ လုပ်ထားတာလား..."

"ကျွေးမွေးတဲ့အကြောင်း ပြောရမယ်ဆိုရင်... ခင်ဗျားကလေး သုံးယောက်က ဘယ်လောက်တောင် တောင့်တင်းခိုင်မာနေလဲဆိုတာ ကြည့်လိုက်စမ်း... ကျွန်တော့်တူကတော့ အရိုးနဲ့အရည်ခွံပဲ ကပ်နေပြီ... အဲဒါကို ခင်ဗျားက စားစရိတ်ကို ပြောရဲသေးတယ်ပေါ့လေ..."

လျူအာကျူးက ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်လိုက်လေသည်။

ပန်းပဲဆရာ၏ မျက်နှာမှာ အဆဲခံရသဖြင့် နီတစ်ခါ ဖြူတစ်လှည့် ဖြစ်သွားပြီး စကားမပြောနိုင်သော်လည်း သူတို့ကို ဖြတ်သွားခွင့်မပြုဘဲ ခေါင်းမာနေသည်။

လျူအာကျူးသည် အတင်းအဓမ္မ ဖြတ်သွားရန် စဉ်းစားနေခဲ့လေသည်။

လူအုပ်ကြီး၏ အပြင်ဘက်မှ ကျယ်လောင်သော ဆဲဆိုသံတစ်ခု ထွက်ပေါ်လာလေသည်။

"လီဖန်... မင်းရဲ့ ဘိုးဘေးတွေ@#$&&.. မင်း ကျူးဇီကို ထိရဲရင်တော့ ငါ မင်းနဲ့ အသေအကြေ တိုက်ခိုက်ပစ်မယ်..."

လျူတာ့ကန်းသည် ဆေးဖက်ဝင်အပင်များပါသော ခြင်းတောင်းကို ကျောတွင်လွယ်ထားလျက် တံစဉ်းတစ်ချောင်းကို ဝှေ့ယမ်းကာ လူအုပ်ထဲသို့ ပြေးဝင်လာသည်။ သူ၏ မျက်လုံးများမှာ နီရဲနေပြီး ပန်းပဲဆရာဆီသို့ ပြေးဝင်သွားလေသည်။

သူ၏ လူသတ်ချင်နေသော အကြည့်ကို မြင်သောအခါ ပန်းပဲဆရာမှာ ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်ပြေးလေတော့သည်။

လျူတာ့ကန်းသည် လျူအာကျူးကို ကွယ်ထားပေးပြီး သူ၏ တံစဉ်းကို အရူးအမူး ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။

"လီမိသားစုကျေးရွာက လူတွေကို အနိုင်ကျင့်နေတာလား... အခု ကျူးဇီကို တစ်ယောက်ယောက်များ ထိရဲရင်တော့ ငါ အသက်ပေးပြီး တိုက်ခိုက်ပစ်မယ်... ငါ တစ်ယောက်ကို သတ်ရင် ငါ့အတွက် အရှုံးမရှိဘူး... နှစ်ယောက်ကို သတ်ရင် မင်းတို့က အရှုံးပေါ်တာပဲ... လာခဲ့ကြလေ..."

ရွာသူရွာသားများသည် ပန်းပဲဆရာကို မစော်ကားလိုကြသော်လည်း သူ၏အကြောင်းကြောင့် ထိခိုက်ဒဏ်ရာ မရလိုကြသဖြင့် ကမန်းကတန်း နောက်ဆုတ်သွားကြသည်။

ထိုစဉ် လျူတာ့ကန်း၏ ဇနီးသည်လည်း တံစဉ်းတစ်ချောင်းကို ဝှေ့ယမ်းကာ လူအုပ်ထဲသို့ ပြေးဝင်လာပြီး သွေးဆာနေသော မျက်လုံးများဖြင့် လျူအာကျူး၏ အနီးတွင် ရပ်ကာ အသေအကြေ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။

ဤမြင်ကွင်းကြောင့် လူများမှာ ကြောက်လန့်သွားကြပြီး ပို၍ပင် ဝေးရာသို့ ဆုတ်ခွာသွားကြလေသည်။

ဤသည်ကို မြင်သောအခါ လျူအာကျူးသည် သူတို့နှစ်ဦးကို မြန်မြန်ဆန်ဆန် ဖြောင်းဖျရန် ကြိုးစားလိုက်သည်။

“ဦးလေး... အဒေါ်... ကျွန်တော် ဘာမှမဖြစ်ပါဘူး... စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့..."

"ကျူးဇီ... မစိုးရိမ်နဲ့... ငါတို့ ဒီနေရာမှာရှိတယ်... မင်းကို တစ်ယောက်ယောက်များ ထိရဲရင်တော့ ငါ အသေအကြေ တိုက်ခိုက်ပစ်မယ်..."

လျူတာ့ကန်းက ပြင်းထန်သော ဒေါသဖြင့် လျူအာကျူးကို ကာကွယ်ပေးထားသည်။

လျူတာ့ကန်း၏ ဇနီးသည်လည်း သူမ၏ ထက်မြက်သော တံစဉ်းကို ကိုင်ထားပြီး လူတစ်ယောက်ကို မသတ်ရမချင်း ရပ်တန့်မည်မဟုတ်သည့်ပုံ ပေါက်နေသည်။

ဤသည်က လျူအာကျူးကို အလွန် စိတ်လှုပ်ရှားသွားစေသည်။ သူသည် သူ၏စက်ဘီးကို အပြင်သို့ မြန်မြန်ဆန်ဆန် တွန်းထုတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာမှာ အခြားသူတစ်ဦး၏ နယ်မြေဖြစ်လေသည်။

ပန်းပဲဆရာသည် ဤတစ်ကြိမ်တွင် သူတို့ကို မတားရဲတော့ဘဲ အလွန် ရိုင်းစိုင်းလှသော စကားအချို့ကိုသာ တတွတ်တွတ် ရေရွတ်နေလေတော့သည်။

လျူအာကျူးနှင့် အခြားသူများ သိပ်မဝေးခင်မှာပင် အဝေးမှ ကလေးများ၏ အော်ဟစ်သံများကို ကြားလိုက်ရလေသည်။

"သူတို့ ဟိုမှာ... ဟိုနားလေးမှာ..."

"အစ်ကိုကျူးဇီကို လီမိသားစုကျေးရွာက လူတွေက အနိုင်ကျင့်နေကြတယ်..."

လျူတာ့ကန်း၏ ဒုတိယသမီးသည် သူမ၏ မောင်လေးကို ချီထားလျက် လျူကျေးရွာမှ ရွာသူရွာသား အုပ်စုကြီးကို ဦးဆောင်ကာ ပြေးလာသည်ကို မြင်လိုက်ရသည်။

လျူကျေးရွာမှ လူများသည် ပေါက်ပြားများ၊ ဂေါ်ပြားများကို ကိုင်ဆောင်ထားကြပြီး အချို့မှာ သေနတ်များပင် ပါလာကြလေသည်။ သူတို့အားလုံး ပြေးလာကြပြီး လျူအာကျူးကို ဝိုင်းရံထားလိုက်ကြသည်။

"ကျူးဇီ... မင်း ဘာဖြစ်သေးလဲ..."

"မင်းကို အနိုင်မကျင့်လိုက်ကြဘူး မဟုတ်လား..."

"အဲဒီကောင်တွေ မင်းကို မရိုက်လိုက်ကြဘူး မဟုတ်လား..."

"မြန်မြန်ပြောစမ်း... မင်းကို ဘယ်သူ အနိုင်ကျင့်တာလဲ... ငါ သူတို့ကို ပေါက်ပြားနဲ့ ပေါက်သတ်ပစ်မယ်..."

လျူကျေးရွာမှ လူများသည် ဖြောင့်မတ်သော ဒေါသဖြင့် အော်ဟစ်လိုက်ကြသည်။ ရွာထဲတွင် အလေးစားရဆုံးဖြစ်ပြီး သွားများအားလုံး ကျွတ်နေပြီဖြစ်သော ဘိုးဘေးပင်လျှင် တရားမျှတမှုအတွက် ကြီးမားသော ဗြောက်အိုးကြီးတစ်ခုကို ကိုင်ဆောင်ကာ ထွက်လာခဲ့သည်။

"ငါ သေတဲ့အခါကျရင် ဖောက်ဖို့ ဒီဗြောက်အိုးကို သိမ်းထားတာ... ဒါပေမဲ့ အခု ကျူးဇီကို တစ်ယောက်ယောက်များ အနိုင်ကျင့်ရဲရင်တော့ ငါ မသေခင် သူတို့ကို အရင်ဖောက်ခွဲပစ်မယ်..."

All Chapters