အခန်း ၅၁
Vol. 6 Ch. 51
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၅၁) - နှလုံးသားကို ထိုးဖောက်ခြင်း
ရန်တာဖျင်ကို ကျန်းလင်မြို့သို့ ဖမ်းဆီးခေါ်ဆောင်လာပြီဖြစ်ကြောင်း သိရသည်နှင့် တစ်ပြိုင်နက် ရှောင်လွဲလို့မရသော တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်ကို ရန်ရှင်းကျိုး ကြိုတင်သိခဲ့သည်။
ရန်တာဖျင်က ပြဿနာအကြီးအကျယ် ရှာနိုင်သူတော့ မဟုတ်ပေ။ သို့သော် ရန်ရှင်းကျိုးကိုယ်တိုင်က ရန်တာဖျင်၏ အသက်အတွက် ရွှေဒင်္ဂါး တစ်ထောင် ပေးမည်ဟု ကြေညာထားခဲ့ဖူးသည်။ ယခုအခါ တစ်စုံတစ်ယောက်က ရန်တာဖျင်ကို ဖမ်းမိထားပြီဖြစ်ရာ ရန်ရှင်းကျိုးအနေဖြင့်လည်း အခြေအနေမှန်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်အတည်ပြုရန် လိုအပ်လာပြီဖြစ်သည်။
တကယ်တမ်းတွင် ရန်တာဖျင်၏ သိုင်းပညာမှာ နိမ့်ကျလှသည် မဟုတ်။ သူသည် အဆိပ်ခတ်ခြင်းနှင့် ရုပ်ဖျက်ခြင်း အတတ်တို့တွင်လည်း ကျွမ်းကျင်သူ ဖြစ်သည်။ သူ့ကို ဖမ်းဆီးနိုင်ရန်မှာ ပင်လယ်ထဲတွင် အပ်ရှာသကဲ့သို့ ခက်ခဲလှသည်။ သို့သော် အလွန်ခက်ခဲလှသည့်တိုင်အောင် ရန်တာဖျင်သည် တစ်လအတွင်းမှာပင် အဖမ်းခံလိုက်ရသည်မှာ ထိပ်တန်းသိုင်းပညာရှင်တစ်ဦး၏ အကူအညီမပါဘဲနှင့် ဖြစ်နိုင်ရန် အလွန်ခဲယဉ်းပေသည်။
သို့သော် အခြေအနေအားလုံးမှာ ရန်ရှင်းကျိုး၏ ခန့်မှန်းချက်အတွင်းပင် ရှိနေခဲ့၏။ ထို့ကြောင့်လည်း သူက ဝါးဖောင်ဂိုဏ်း၏ တပည့်တစ်ဦးအသွင် ရုပ်ဖျက်ကာ ပတ်ဝန်းကျင်ကို တိတ်တဆိတ် အကဲခတ်နေခြင်း ဖြစ်သည်။ သူ၏ အနီးအနားတွင် မည်သူက ချောင်းမြောင်းနေသည်ကို သိရှိနိုင်ရန်အတွက်ဖြစ်သည်။
[ဝှစ်...]
သူက ဓားကို ဆွဲထုတ်လိုက်ကာ ရန်တာဖျင်ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်၏။ ထို့နောက် ရန်ရှင်းကျိုးက ခြံဝင်းအတွင်း၌ မတ်တပ်ရပ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ အော်လိုက်သည်။
"ရောက်နေရင်လည်း အပြင်ထွက်ခဲ့စမ်း... ဘာကို ပုန်းနေတာလဲ"
ခြံစည်းရိုးအပြင်ဘက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"ညီနောင်ရန်... မင်းရဲ့ သတ်ဖြတ်လိုစိတ်ကတော့ တကယ့်ကို ပြင်းထန်တာပဲ။ ပြီးတော့ မင်းက တော်တော်လည်း ရက်ရောတာပဲနော်။ ရွှေဒင်္ဂါး တစ်ထောင်ကို ဒီအတိုင်းပဲ လွယ်လွယ်လေး ပေးပစ်လိုက်တာလား။ ဒီရန်တာဖျင်က အဲဒီလောက် ရွှေတွေနဲ့ ထိုက်တန်လို့လားကွာ..."
သူ စကားစပြောချိန်တွင် ခြံစည်းရိုးအပြင်ဘက်၌ ရှိနေသော်လည်း စကားဆုံးသွားချိန်တွင်မူ ခြံဝင်းတံခါးမှ ခြံထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက ရန်တာဖျင်၏ အလောင်းကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဆရာကို သစ္စာဖောက်ပြီး ဘိုးဘေးတွေကို စော်ကားတဲ့သူကတော့ သေထိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ ညီနောင်ရန်... မင်းရဲ့ ဒီလို ထင်ပေါ်ကျော်ကြားလွန်းတဲ့ အပြုအမူတွေက နောက်ဆိုရင် အင်အားကြီးတဲ့ ပုဂ္ဂိုလ်တွေကို အလွယ်တကူ အဖတ်ဆည်မရအောင် အငြိုးအတေး ဖြစ်စေလိမ့်မယ်..."
"ဒီလောကမှာ ခင်ဗျားကလွဲရင် တခြား ထိပ်တန်းပညာရှင်တွေ ရှိသေးလို့လား"
ရွှေတိုက်သည် ခေတ္တကြောင်အမ်းသွားပြီးနောက် ပြန်လည်ပြောဆိုလိုက်သည်။
"မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ"
တောင်ပိုင်း၏ သူရဲကောင်းလေးဦးအနက် တစ်ဦးဖြစ်သော ရွှေတိုက်သည် ဤလောကတွင် ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ တစ်လောကလုံးတွင် သူ့ကို အနိုင်ယူနိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရလိမ့်မည်။ ရန်ရှင်းကျိုး၏ ကျင့်ကြံမှုအဆင့်မှာလည်း သူ့ထက် မနိမ့်ကျနိုင်သည့်အပြင် ပါးနပ်လွန်းပြီး အရှက်အကြောက်လည်း မရှိသည့်သူ ဖြစ်သည်။ ထိုသို့သောသူအတွက် စိုးရိမ်ပေးနေရန် မလိုဘဲ သူ့ကို ရန်သူပြုမည့်သူများကိုသာ စိုးရိမ်ပေးသင့်သည်ဟု ရွှေတိုက်က တွေးမိသွားပြီးနောက် သဘောတကျ ရယ်မောလိုက်သည်။
"ငါက အပိုတွေ တွေးနေမိတာပဲ ညီနောင်ရန်ရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီလောကမှာ ဘယ်သူက မင်းကို ရန်စရဲမှာလဲ"
"စီနီယာရွှေ... ကျွန်တော် တစ်ယောက်ယောက်နဲ့ စာရင်းရှင်းပြီးတာနဲ့ ကျွန်တော်တို့ အတူတူ သောက်ကြတာပေါ့ဗျာ"
"ဒင်ဒီယန်... ဆင်းလာခဲ့စမ်း မင်း ငါနဲ့ တိုက်ချင်နေတာ မဟုတ်လား။ ဘာကို စောင့်နေတာလဲ။ လာစမ်း... မင်းရဲ့ အစွမ်းကို ပြစမ်း”
အိမ်ခေါင်မိုးနောက်ကွယ်မှ ဒင်ဒီယန်၏ ပုံရိပ်သည် ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ သူက လေးနက်သော အသံဖြင့် ဆိုသည်။
"ရန်ရှင်းကျိုး... မင်း ဒီတစ်ခါတော့ ထပ်ပြီး ထွက်မပြေးတော့ဘူးလား"
ရန်ရှင်းကျိုးက သူ၏လက်ထဲမှ သွေးများပေကျံနေသော ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်ကာ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"မင်းက လူအပဲ ငါက မင်းကို မနိုင်မှန်း သိသိကြီးနဲ့ ဘာလို့ မပြေးဘဲ နေမလဲ။ အသတ်ခံရဖို့ စောင့်နေရမှာလား"
ထိုအခိုက်၌ ဒင်ဒီယန်သည် အိမ်ခေါင်မိုးပေါ်မှ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့သည်။ ထို့နောက် သူက ဟင်းလင်းပြင်ကို နင်းလျက်ပင် လေထဲမှ သစ်ရွက်လေးတစ်ရွက်အလား တိတ်ဆိတ်စွာ ဆင်းသက်လာခဲ့သည်။
သာမန်လူတစ်ဦးသည် အမြင့်မှ ပြုတ်ကျပါက အရာဝတ္ထုကြီးတစ်ခု ပြုတ်ကျသကဲ့သို့ ကျယ်လောင်သော အသံကို ဖြစ်စေလိမ့်မည်။ သိုင်းပညာရှင်တစ်ဦးတောင် ကိုယ်ဖော့ပညာကို သုံး၍ ခုန်ဆင်းပါက မြေပြင်နှင့် ထိတွေ့ချိန်တွင် အရှိန်ကို လျှော့ချနိုင်ရန် ခြေထောက်ကို အသုံးပြု၍ အားကို ဖြန့်ထုတ်ရပေလိမ့်မည်။
ဒင်ဒီယန်ကမူ အမိုးစွန်းပေါ်မှ နူးညံ့စွာ လွင့်ကျလာခြင်း ဖြစ်သည်။ ဂွမ်းစလေးတစ်ခုကဲ့သို့ အလေးချိန် မရှိသလိုပင်။ သူသည် ရန်ရှင်းကျိုး၏ ရှေ့တည့်တည့်တွင် ဆင်းသက်လိုက်ပြီ...
"ဒီတစ်ခါတော့ မင်း ပြေးချင်ရင်တောင် ပြေးလို့ရမှာ မဟုတ်တော့ဘူး"
ဒင်ဒီယန်၏ ကိုယ်ဖော့ပညာကို မြင်လိုက်ရသောအခါ ရန်ရှင်းကျိုး၏ မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားသည်။ သို့သော် သူ၏ တည်ငြိမ်နေသော မျက်နှာက ချက်ချင်းဆိုသလို အပြုံးအဖြစ် ပြောင်းလဲသွားသည်။
"အာ... ထွက်ပြေးလို့ မရလည်း ကိစ္စမရှိပါဘူး။ စီနီယာရွှေ ဒီမှာ ရှိနေတာပဲ။ မင်း ငါ့ကို သတ်လို့ ရမှာ မဟုတ်ပါဘူး"
"..."
"..."
သူ့စကားအရ ဆိုလျှင် ဒင်ဒီယန်ကို မယှဉ်နိုင်ပါက ရွှေတိုက်ကို ဝန်လေးခြင်း မရှိဘဲ ချက်ချင်း အကူအညီ တောင်းတော့မည်မှာ အသေအချာပင်ဖြစ်သည်။
လူအများမှာ သူရဲဘောကြောင်သူများကို တွေ့ဖူးကြသော်လည်း ထိုသူများမှာ သာမန်လူများသာ ဖြစ်ကြသည်။ ယေဘုယျအားဖြင့် ဓားသွားပေါ်တွင် အသက်ရှင်နေကြသော သိုင်းလောကသားများမှာ သေရမည်ကို ထိုမျှလောက် မကြောက်ကြပေ။ တကယ်တမ်း ကြောက်နေလျှင်ပင် လူပုံအလယ်တွင် ထိုသို့ ပြသလေ့ မရှိကြပေ။ ဒင်ဒီယန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ရန်ရှင်းကျိုး... မင်းမှာ အရှက်ဆိုတာရော ရှိရဲ့လား။ ဒီလိုစကားမျိုးကို ဘယ်လိုတောင် ပြောထွက်ရတာလဲ"
"ငါ အရှက်မရှိဘူး ဆိုရင်တောင် မင်းရဲ့ အရှက်မရှိမှုနဲ့တော့ မယှဉ်နိုင်ပါဘူးကွာ"
"မင်း ဘာကို ဆိုလိုတာလဲ"
"ဒီလူက ဘယ်သူလဲ"
"ဒါက ရန်တာဖျင်ပဲပေါ့"
"သူက ဘယ်သူ့တပည့်လဲ"
"သူက စီနီယာ မေနျန့်ရှန်းရဲ့ တပည့်ပေါ့"
"ဟုတ်တယ်။ သူက မေနျန့်ရှန်းရဲ့ တပည့်ပဲ။ သူ့ရဲ့ စီနီယာ ဝမ်ကျန့်ရှန်းကလည်း မေနျန့်ရှန်းရဲ့ တပည့်ပဲ။ သူ့ရဲ့ ဂျူနီယာ ချီချန့်ဖာကလည်း မေနျန့်ရှန်းရဲ့ တပည့်ပဲ။ သူတို့ သုံးယောက်ဟာ လျန်ဝူ ဧကရာဇ်ရဲ့ ရတနာတွေနဲ့ ပတ်သက်နေတဲ့ လျန်ချန်ကျမ်းစာ ကြောင့် သူတို့ရဲ့ ဆရာကို သစ္စာဖောက်ပြီး သတ်ခဲ့ကြတယ်"
"ကံဆိုးတာက သူတို့ဟာ အသုံးမကျတဲ့ အချည်းနှီးတွေ ဖြစ်နေတာပဲ။ သူတို့ သုံးယောက်ပေါင်းပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာတောင် မေနျန့်ရှန်းကို ပွဲချင်းပြီး မသတ်နိုင်ခဲ့ကြဘူး။ မေနျန့်ရှန်းက ယန်ဇီမြစ်ထဲကို ခုန်ချပြီး ကုန်တင်သင်္ဘော တစ်စင်းရဲ့ အောက်ခြေမှာ ပုန်းအောင်းပြီး ထွက်ပြေးခဲ့တယ်။ နောက်ဆုံးမှာ သူက သင်္ဘောပေါ်ကို တက်လာပြီး ဒင်ဒီယန်လို့ ခေါ်တဲ့ လူငယ်လေး တစ်ယောက်ကို လျန်ချန်ကျမ်းစာ နဲ့ ရှင်သန်ခြင်းအလင်းကျမ်း (ရှန်ကျောက်ကျင့်)ကို လွှဲပြောင်းပေးခဲ့တယ်။ ညီနောင်ဒင်... ငါပြောတာ မှန်တယ်မလား"
"မှန်ပါတယ်။ အဘိုးအို မေက ကျွန်တော့်ကို ရှင်သန်ခြင်းအလင်းကျမ်း နဲ့ လျန်ချန်ကျမ်းစာ ကို တကယ်ပဲ ပေးအပ်ခဲ့တာပါ"
"ဒါပေါ့... မင်းက ကျမ်းနှစ်စောင်လုံးကို ရရှိထားပြီး မေနျန့်ရှန်းရဲ့ အမွေကို ဆက်ခံထားတဲ့သူပဲ။ သူ့ကို မင်းရဲ့ ဆရာတစ်ဝက်လို့ ခေါ်ရင်လည်း မမှားဘူး မဟုတ်လား"
"မမှားပါဘူး"
"မင်းက မေနျန့်ရှန်းရဲ့ တပည့်တစ်ဝက် ဖြစ်နေပြီး သူ့ရဲ့ တပည့်ရင်း သုံးယောက်က ဆရာကို သစ္စာဖောက်ပြီး သတ်ခဲ့တာတောင် မင်းက ဘာတွေ လုပ်နေခဲ့တာလဲ။ မင်းဟာ သိုင်းပညာကို ကြိုးစားကျင့်ကြံပြီး အစွမ်းထက်လာတဲ့အခါ မေနျန့်ရှန်းအတွက် လက်စားချေပေးပြီး ဂိုဏ်းကို သန့်စင်ပေးရမှာ။ ဒါပေမဲ့ မင်းက ဘာလုပ်ခဲ့လဲ။ ရတနာလမ်းညွှန် ကျမ်းစာကို ရပြီးတဲ့နောက် မိန်းမတစ်ယောက် နောက်ကိုပဲ အရူးအမူး လိုက်နေခဲ့တယ်။ မေနျန့်ရှန်းရဲ့ ကျေးဇူးတရားတွေနဲ့ အငြိုးအတေးတွေကို မင်း လုံးဝ မေ့လျော့နေခဲ့တယ်။ ဝမ်ကျန့်ရှန်းက ကျင့်ကျိုးမြို့မှာ နေတာ။ မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် သူ့ကို သတ်ဖို့က လက်ဖျောက်တစ်ချက်တီးသလောက်တောင် မခက်ဘူး။ မင်းလည်း ကျင့်ကျိုးမှာပဲ၊ သူလည်း ကျင့်ကျိုးမှာပဲ။ သူကတော့ ကျင့်ကျိုးမြို့မှာ နာမည်ကျော် ဆရာကြီးဝမ်၊ သူဌေးကြီးဝမ် ဖြစ်နေပြီ။ မင်း ဘာလို့ သူ့ကို သွားမသတ်တာလဲ"
ဒင်ဒီယန်၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်သွားသည်။ သူသည် ရန်ရှင်းကျိုး၏ မျက်လုံးများကို မကြည့်ရဲဘဲ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ငါ... ငါက အကျဉ်းကျနေခဲ့တာလေ။ ဝမ်ကျန့်ရှန်းက ကျင့်ကျိုးမြို့မှာ နာမည်ကြီးနေမှန်း ငါ မသိခဲ့ဘူး..."
"အလကား လျှောက်ပြောမနေနဲ့"
"မင်း မသိဘူး ဟုတ်လား။ မသိရင် စုံစမ်းလို့ မရဘူးလား။ မင်းမှာ နားတွေ မရှိဘူးလား၊ ပါးစပ်တွေ မရှိဘူးလား။ မင်း မကြားနိုင်ဘူးလား၊ မမေးနိုင်ဘူးလား။ တောက်... မင်း ထောင်ထဲမှာ အကျဉ်းကျနေတုန်းက လင်ထွေးစိက မင်းရဲ့ ညှပ်ရိုးကို ဖောက်၊ ဖနောင့်ကြောတွေကို ဖြတ်ထားတာတောင် မင်းက အသာတကြည် ခံနေခဲ့တယ်။ မိန်းမတစ်ယောက်အတွက်နဲ့ မင်းရဲ့ မိဘတွေ၊ ညီအစ်ကိုတွေကို ပစ်ပယ်ခဲ့တယ်။ မိန်းမတစ်ယောက်အတွက်နဲ့ သေဆုံးသွားပြီဖြစ်တဲ့ မေနျန့်ရှန်းကိုရော၊ မင်းရဲ့ သိုင်းလောက မိတ်ဆွေတွေကိုရော မင်း သစ္စာဖောက်ခဲ့တယ်။ ကောင်းကင်၊ မြေကြီး၊ ဧကရာဇ်၊ မိဘနဲ့ ဆရာ... ဘယ်သူ့အပေါ်မှာမှ မင်းက တာဝန်မကျေခဲ့ဘူး။ အဲဒါကိုတောင် ငါ့ကို အရှက်မရှိဘူးလို့ ပြောရဲသေးတာလား"
ရန်ရှင်းကျိုး စကားပြောရင်းနှင့်ပင် ရှေ့သို့ အဟုန်ဖြင့် ပြေးဝင်သွားသည်။ သူ၏ သွေးစွန်းနေသော ဓားမှာ ဒင်ဒီယန်၏ နဖူးတည့်တည့်သို့ ဦးတည်ပြီး....
"ငါတို့နှစ်ယောက်ထဲမှာ ဘယ်သူက ပိုပြီး အရှက်မရှိတာလဲဆိုတာ ကြည့်ကြသေးတာပေါ့!"
***