← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၅၂) - နှစ်ဖက်လက်ဝါးတွန်းထုတ်ချက်

ခုနတင် ဒင်ဒီယန်ကို တရားသေဆုပ်ကိုင်ကာ ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းနေခဲ့သော ရန်ရှင်းကျိုးသည် ရုတ်တရက်ပင် သွေးစွန်းနေသော ဓားကိုဝှေ့ယမ်းကာ ဒင်ဒီယန်ကို ရက်ရက်စက်စက် သတ်ဖြတ်ရန် ကြိုးစားလိမ့်မည်ဟု ဒင်ဒီယန်ကိုယ်တိုင်ရော၊ ဘေးမှ ကြည့်ရှုနေသူများပါ မထင်မှတ်ထားခဲ့ကြပေ။

အပြောင်းအလဲမှာ မြန်ဆန်လွန်းလှသဖြင့် လူတိုင်းကို ကြောင်အသွားစေသည်။

ဘေးလူများမှာ ကြောင်သွားရုံသာ ရှိသော်လည်း တိုက်ခိုက်ခြင်း ခံလိုက်ရသည့် ဒင်ဒီယန်မှာမူ တစ်ခဏအတွင်းမှာပင် အသက်ဘေးနှင့် ရင်ဆိုင်လိုက်ရတော့သည်။

ရန်ရှင်းကျိုး၏ ကျင့်ကြံမှုမှာ ယခုအခါ အတော်အတန် မြင့်မားနေပြီဖြစ်ပြီး သူက ကြိုတင်ကြံစည်ကာ တိုက်ခိုက်ခြင်း ဖြစ်သည်။ သူ၏ ဓားချက်မှာ ဒင်ဒီယန်၏ ဦးခေါင်းကို ဦးတည်ထားပြီး မြန်ဆန်လွန်းလှသည်။ သာမန်သိုင်းသမားတစ်ဦးဆိုလျှင် ဝေခွဲမရဖြစ်နေချိန် မဆိုထားနှင့်၊ အာရုံစိုက်၍ စောင့်နေလျှင်ပင် ရန်ရှင်းကျိုး၏ ပြင်းထန်လှသော ထိုဓားချက်ကို ရှောင်တိမ်းနိုင်ရန် ခဲယဉ်းလိမ့်မည်။

ဒင်ဒီယန်မှာ ရန်ရှင်းကျိုး၏ စူးရှသော စကားလုံးများကြောင့် စိတ်လွင့်နေမိသော်လည်း အသက်ဘေးနှင့် ရင်ဆိုင်လိုက်ရသော အခိုက်အတန့်တွင်မူ ရုတ်တရက် သတိဝင်လာကာ နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာလိုက်သဖြင့် ရန်ရှင်းကျိုး၏ ဓားချက်ကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။

[ရွှပ်...]

သူ အမြန်ရှောင်လိုက်သော်လည်း သူ၏ အင်္ကျီစတစ်ဖက်မှာ ရန်ရှင်းကျိုး၏ ဓားချက်အောက်တွင် ပြတ်ထွက်ကာ လေထဲသို့ လွင့်ပါသွားတော့သည်။

"အံ့ဩစရာပဲ... ဒါကိုတောင် ရှောင်နိုင်သေးတာလား"

ရန်ရှင်းကျိုးမှာ စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားသည်။ ပထမတစ်ချက် လွဲချော်သွားသော်လည်း သူက ချက်ချင်းပင် ရှေ့သို့ တိုးကာ နောက်ထပ် တစ်ချက် ထပ်မံခုတ်လိုက်ပြန်သည်။ ရန်ရှင်းကျိုးသည် အခွင့်အရေးကို လက်လွတ်မခံဘဲ အဆက်မပြတ် ဖိတိုက်တော့သည်။ သူ အသာစီးရသွားသည်နှင့် သူ၏ သွေးဓားမှာ အလင်းတန်းများအသွင် ပြောင်းလဲသွားသည်။ တစ်ချက်ပြီးတစ်ချက် ပိုမြန်လာသည့် ဓားချက်များကြောင့် ဒင်ဒီယန်မှာ နောက်သို့သာ ဆက်တိုက်ဆုတ်နေရပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရတော့ပေ။

"တော်တော့ ညီနောင်ရန်...”

ဘေးတွင် ရပ်ကြည့်နေသော ရွှေတိုက်သည် နောက်ဆုံးတွင် အခြေအနေကို သဘောပေါက်သွားပြီး "သက်ညှာတာပေးပါဦး" ဟု အော်ဟစ်တားမြစ်လိုက်သည်။

ရန်ရှင်းကျိုး၏ တိုက်ခိုက်မှုမှာ မြန်ဆန်လွန်းလှသည်။ သူ ဓားကို ဆွဲထုတ်လိုက်ချိန်မှ ဒင်ဒီယန် နောက်သို့ ဆုတ်သွားရချိန်အထိမှာ မျက်တောင်တစ်ခတ်စာမျှသာ ကြာမြင့်သည်။ ထိုခဏအတွင်းမှာပင် ရန်ရှင်းကျိုးက ဆယ်ချက်မက ခုတ်ပြီးပြီဖြစ်သည်။

ရွှေတိုက်က ဝင်ရောက်တားမြစ်ချိန်တွင် ရန်ရှင်းကျိုးက ဒင်ဒီယန်ကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံခုတ်လိုက်သေးရာ ဒင်ဒီယန်မှာ အသက်ရှူပင် မဝတော့ဘဲ ပြန်လည်ခုခံရန် လုံးဝ မစွမ်းသာတော့ပေ။ သူသည် နောက်သို့သာ အပြင်းအထန် ဆုတ်ခွာနေရတော့သည်။

[ဘုန်း]

ခဏအတွင်းမှာပင် သူသည် ခြံဝင်းအတွင်းမှ ခြံစည်းရိုးအုတ်တံတိုင်းအထိ ဆုတ်ခွာသွားရသည်။ သူ၏ နောက်ကျော အုတ်တံတိုင်းနှင့် ထိလိုက်သည်နှင့် ဒင်ဒီယန်သည် အတွင်းအားကို အသုံးပြုကာ အုတ်တံတိုင်းကို "ဘုန်း" ကနဲ အသံမြည်အောင် ဖြိုဖျက်၍ အပြင်ဘက်သို့ လွင့်ထွက်သွားတော့သည်။

ရန်ရှင်းကျိုးသည် ရန်သူကို ဓားဖြင့် အပူတပြင်း လိုက်လံတိုက်ခိုက်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်ပြီး ဓားကို ဓားအိမ်အတွင်း ပြန်ထည့်လိုက်သည်။ ထို့နောက် ခြံစည်းရိုးအပြင်ဘက်သို့ ကြည့်ကာ ရယ်မောလိုက်သည်။

"ကဲ... ငါတို့ရဲ့ ပြိုင်ပွဲကတော့ ဒီမှာတင် ပြီးပြီ။ နှုတ်ဆက်ခဲ့ပါတယ်"

သူသည် ရှေ့သို့ ကျဲကျဲလှမ်းကာ ထွက်ခွာသွားရန် ပြင်တော့သည်။

"..."

"ညီနောင်ရန်... မင်း လုပ်တာကတော့..."

ရန်သူကို ခုတ်ချပြီးနောက် ယခုကဲ့သို့ ထွက်ပြေးသွားခြင်းမှာ အလွန်ပင် သိက္ခာမဲ့လွန်းသည်ဟု သူ ပြောလိုခြင်း ဖြစ်သည်။ သို့သော် ဒင်ဒီယန်၏ အစွမ်းနှင့် ယခု ရန်ရှင်းကျိုး၏ ကျင့်ကြံမှုအဆင့်ကို နှိုင်းယှဉ်လျှင် ဆက်တိုက်ပါက ရန်ရှင်းကျိုး ရှုံးရန်သာ များပေလိမ့်မည်။ အသာစီးရနေချိန်တွင် ချက်ချင်း ဆုတ်ခွာခြင်းမှာ အရှက်ရစရာ ဖြစ်သော်လည်း ပါးနပ်သော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

ကံကောင်းသည်မှာ ရန်ရှင်းကျိုးသည် သိက္ခာစောင့်ရန် သိပ်ဂရုစိုက်ပုံမရသဖြင့် ရွှေတိုက်မှာလည်း ဆက်ပြောမနေတော့ပေ။

"စီနီယာရွှေ... ကျွန်တော် ခင်ဗျားရဲ့ စကားကို နားထောင်ပြီး လက်ညှာတာပေးလိုက်တာနော်၊ မဟုတ်ရင်တော့... ဟင်း....သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ ကြာလှပြီ"

"..."

ရန်ရှင်းကျိုးသည် ဒင်ဒီယန်ကို စကားများဖြင့် ရှုတ်ချကာ အာရုံလွှဲခဲ့ပြီးနောက် ဓားဖြင့် ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မျက်နှာချင်းဆိုင် တိုက်ခိုက်မှုဟု ဆိုသော်လည်း တကယ်တမ်းတွင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းသာ ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက ဒင်ဒီယန်ကို ဤမျှအထိ ဖိအားပေးနိုင်လိမ့်မည် မဟုတ်ပေ။ ယခုမူ သူက အသာစီးရသွားပြီးမှ ဘာမှမသိသော လူဖြူစင်လေးအလား လုပ်နေသည်မှာ လူတိုင်းကို အံ့အားသင့်စေတော့သည်။

အရှက်မရှိသောသူများကို တွေ့ဖူးသော်လည်း ရန်ရှင်းကျိုးကဲ့သို့ အရှက်မရှိသော သိုင်းဆရာကြီးမျိုးကိုမူ လူတိုင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

အမှန်တကယ်တွင် မျက်စိရှိသူတိုင်း သိနိုင်သည်မှာ ရန်ရှင်းကျိုး၏ လက်ရှိကျင့်ကြံမှုအဆင့်သည် ဒင်ဒီယန်လောက် မတော်သော်လည်း အလွန်အမင်း ကွာခြားခြင်း မရှိတော့ပေ။ ထိုသို့သာ မဟုတ်ပါက ဒင်ဒီယန်ကဲ့သို့ ထိပ်တန်းပညာရှင်တစ်ဦးကို အသာစီးရအောင် ဖိတိုက်နိုင်မည် မဟုတ်ပေ။

ပရိယာယ်သုံး၍ တိုက်ခိုက်သည်ဆိုဦးတော့၊ ဒင်ဒီယန်ကဲ့သို့ ပညာရှင်တစ်ဦးကို ထိုသို့ တိုက်ခိုက်နိုင်ရန်မှာ မည်သူမဆို လုပ်နိုင်သည့် အရာမဟုတ်ပေ။ ရန်ရှင်းကျိုးကဲ့သို့ စွမ်းရည်ရှိသူမှာလည်း ဤလောကတွင် လက်ချိုးရေတွက်၍ပင် ရပေလိမ့်မည်။

ထိုမျှ အဆင့်မြင့်သော ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်နှင့် မျက်နှာပြောင်တိုက်ကာ လိမ်ညာနေခြင်းမှာ ဘေးလူများကို တကယ့်ကို အံ့ဩစေသည်။ သိုင်းဆရာကြီးများထဲတွင်လည်း ဤမျှအထိ အရှက်မရှိသောသူ ရှိနိုင်သည်ကို ယခုမှ သိကြရတော့သည်။

ရန်ရှင်းကျိုးသည် ဝန်လေးခြင်းမရှိဘဲ ထွက်ခွာသွားရာ ခဏအတွင်းမှာပင် ခြံဝင်း၏ တစ်ဝက်ကျော်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုစဉ်မှာပင် ဒင်ဒီယန်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

"မပြေးနဲ့ဦး"

[ဝှစ်...]

ဒင်ဒီယန်သည် ခြံစည်းရိုးအပြင်ဘက်မှ ခြံထဲသို့ လေပွေတစ်ခုအလား ပြန်လည် ခုန်ဝင်လာပြီး ရန်ရှင်းကျိုး၏ နောက်ကျောဘက်သို့ ပြေးဝင်ကာ ဟိန်းဟောက်လိုက်သည်။

"ငါ့ရဲ့ လက်ဝါးချက်ကို ခံစမ်း"

သူ၏ အဆင့်အတန်းအရဆိုလျှင် ရန်ရှင်းကျိုးကို နောက်ကျောမှ မတိုက်ခိုက်သင့်သော်လည်း ယခုမူ သူသည် ဒေါသအလွန်အမင်း ထွက်နေသဖြင့် ထိုအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ရန်ရှင်းကျိုးကို အမြန်ဆုံး သတ်ပစ်ရန်သာ စိတ်အားထက်သန်နေတော့သည်။

ရန်ရှင်းကျိုးသည် လေတိုးသံကို နားထောင်ကာ ရန်သူ၏ တည်နေရာကို ခန့်မှန်းလိုက်သည်။ သူသည် လှည့်မကြည့်ဘဲ ဓားကို နောက်ပြန် ဝှေ့ယမ်းလိုက်၏။ ဓားချက်၏ ထောင့်မှာ အလွန်ထူးဆန်းလှပြီး ဒင်ဒီယန်၏ အောက်ပိုင်းကို ရည်ရွယ်ကာ ထောင့်ဖြတ် အပေါ်သို့ ခုတ်လိုက်ခြင်း ဖြစ်သည်။ ဒင်ဒီယန်သည် အမြန်ဆုတ်ခွာကာ ရှောင်လိုက်ပြီး သူ၏ ဓားကို ဆွဲထုတ်၍ ရန်ရှင်းကျိုး၏ ခါးနောက်ဘက်သို့ ထိုးသွင်းလိုက်ပြန်သည်။

ရန်ရှင်းကျိုးသည် လေထဲသို့ ရုတ်တရက် ခုန်တက်လိုက်ကာ ကိုယ်ကို တစ်ပတ်လှည့်၍ ဓားကို ရှောင်လိုက်ပြီး သူ၏ သွေးဓားဖြင့် ဒင်ဒီယန်၏ လည်ပင်းကို ခုတ်ချလိုက်သည်။

သူတို့နှစ်ဦးသည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာ တိုက်ခိုက်နေကြပြီး ခဏအတွင်းမှာပင် ဆယ်ကြိမ်ကျော် ပြိုင်ဆိုင်ပြီးသွားပြီ ဖြစ်သည်။ လက်နက်ချင်း ထိခိုက်သံများက လေထုထဲ၌ ပဲ့တင်ထပ်နေပြီး ဘေးမှ ကြည့်နေသူများမှာမူ မျက်စိပင် လည်သွားကြကာ သူတို့ မည်သို့ လှုပ်ရှားနေသည်ကိုပင် မမြင်နိုင်တော့ဘဲ ထိတ်လန့်နေကြတော့သည်။

ခုနက ရန်ရှင်းကျိုး၏ အရှက်မရှိသော အပြုအမူများကြောင့် သူ့ကို အထင်သေးခဲ့ကြသူများပင်လျှင် ယခုကဲ့သို့ ဒင်ဒီယန်နှင့် တိုက်ရိုက်ရင်ဆိုင်နေမှုကို မြင်ရသောအခါ ရန်ရှင်းကျိုး မည်မျှအစွမ်းထက်သည်ကို အမှန်တကယ် နားလည်သွားကြတော့သည်။

သိုင်းလောကတွင် ဒင်ဒီယန်သည် ရှင်သန်ခြင်းအလင်းကျမ်း (ရှန်ကျောက်ကျင့်) ကို ကျွမ်းကျင်ထားပြီး တစ်လောကလုံးတွင် အနှိုင်းမဲ့ ဖြစ်သည်ဟု ကောလာဟလများ ထွက်နေသော်လည်း သူ မည်မျှ စွမ်းသည်ကိုမူ မည်သူမျှ ပုံဖော်မကြည့်နိုင်ကြပေ။

ယခု ရန်ရှင်းကျိုးနှင့် ဒင်ဒီယန်တို့၏ တိုက်ပွဲကို မြင်ရမှသာလျှင် စစ်မှန်သော သိုင်းဆရာကြီးဟူသည်မှာ မည်သို့ရှိသည်ကို လူတိုင်း သဘောပေါက်သွားကြတော့သည်။

ရန်ရှင်းကျိုးနှင့် ဒင်ဒီယန်တို့သည် နေရာ၌ပင် ဝိညာဉ်ပုံရိပ်နှစ်ခုအသွင် ပြောင်းလဲသွားကြပြီး သူတို့၏ ဓားချက်များမှာ အလင်းတန်းများနှင့် သွေးရောင်စွမ်းအင်များအဖြစ် ခြံဝင်းအတွင်း လိမ့်ဆင်းနေတော့သည်။ လေထုကို ဆွဲဖြဲသံများမှာလည်း ခြံဝင်းတစ်ခုလုံး ပဲ့တင်ထပ်နေ၏။ ကြည့်နေသူတိုင်း၏ မျက်နှာများမှာ အရောင်ပြောင်းသွားကြကာ မျက်လုံးများမှာလည်း တောက်ပလာပြီး ရင်တုန်ပန်းတုန်ဖြင့် အားရပါးရ အော်ဟစ်အားပေးကြတော့သည်။ အဘိုးအိုတစ်ဦးက တိုးညင်းစွာ ရေရွတ်လိုက်မိသည်။

"ဒါ... ဒါက တကယ့် နတ်ဘုရားသိုင်းပဲ အံ့မခန်း ဓားသိုင်းပါတကား"

ရွှေတိုက်သည် စိတ်လှုပ်ရှားမှုကြောင့် နဖူးမှ ချွေးစက်များ ထွက်လာကာ ရှေ့သို့ တိုးလာပြီး သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ယခုအချိန်တွင် ရန်ရှင်းကျိုးနှင့် ဒင်ဒီယန်တို့သည် အပြင်းအထန် တိုက်ခိုက်နေကြရာ အနိုင်အရှုံးနှင့် အသက်ဘေးမှာ တစ်ခဏအတွင်းပင် ဖြစ်သွားနိုင်သည်။ တစ်ဦးဦး ရှုံးနိမ့်သွားပါက သူတို့၏ အသက်ကို အချိန်မီ ကယ်နိုင်ရန် ရွှေတိုက်အနေဖြင့် မသေချာတော့ပေ။

ထိုအချိန်မှာပင် ခြံစည်းရိုးအပြင်ဘက်မှ လူအချို့ ထပ်မံ ဝင်ရောက်လာကြသည်။ သူတို့မှာ ဖုန်းယွင်ချွမ်း နှင့် ပန်းကြွေရေစီးမှ အခြားသူများ ဖြစ်ကြသည်။ သူတို့ ရောက်လာသည်ကို မြင်သောအခါ ရွှေတိုက်သည် စိတ်သက်သာရာရသွားကာ ရှေ့သို့ အမြန်လှမ်း၍ ဆိုလိုက်သည်။

"ညီနောင်တို့... ဒီနှစ်ယောက် တိုက်နေကြပြီ။ အသက်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်လာရင် သူတို့ကို တားဖို့ ကူညီပေးကြပါဦး။ ကျွန်တော် တစ်ယောက်တည်းနဲ့ မတားနိုင်မှာ စိုးလို့ပါ"

ခြံဝင်းထဲမှ ဒင်ဒီယန်နှင့် ရန်ရှင်းကျိုးကို ကြည့်ကာ အဖွဲ့ခေါင်းဆောင်လူထျန်းရွှူး က မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"ဒီကောင်လေးက ဒီလောက်တောင် အစွမ်းထက်လာတာလား"

သူက သူ၏ ဓားမကို ဆွဲထုတ်လိုက်ကာ "အားလုံး အတူတူ ရှေ့တိုးကြစမ်း ငါတို့ထဲက တစ်ယောက်နှစ်ယောက်တည်းနဲ့တော့ သူတို့ကို တားနိုင်မှာ မဟုတ်ဘူး"

သူ၏ အကဲခတ်မှုမှာ တိကျလှ၏။ ရန်ရှင်းကျိုးနှင့် ဒင်ဒီယန်တို့၏ တိုက်ပွဲကို ကြည့်ရုံဖြင့် သူတို့ မည်မျှ ကြောက်စရာကောင်းသည်ကို သူ သိရှိသည်။ သူတို့နှစ်ဦးကို ခွဲထုတ်နိုင်ရန်မှာ အားလုံး စုပေါင်းတိုက်ခိုက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

ထိုအခိုက်၌ ရန်ရှင်းကျိုးသည် ရုတ်တရက် ဟောက်လိုက်ပြီး သူ၏ လက်ထဲမှ သွေးဓားကို လွှတ်ထုတ်လိုက်ရာ လျှပ်စီးအလား ဒင်ဒီယန်၏ ရင်ဘတ်ဆီသို့ ပျံသန်းသွားတော့သည်။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးကာ လက်ဝါးနှစ်ဖက်လုံးဖြင့် အားကုန် တွန်းထုတ်လိုက်၏။ ဤတွန်းထုတ်လိုက်သည့် အရှိန်အဟုန်မှာ မြို့ရိုးကို ဖြိုဖျက်နိုင်ပြီး တောင်တန်းကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေနိုင်သည့်အားမျိုးဖြစ်သည်။

ဤလက်ဝါးချက်မှာ သွေးဓားကျမ်းစာထဲမှ သိုင်းကွက်မဟုတ်သလို ရွှေစာရွက်ပေါ်မှ နည်းစနစ်လည်း မဟုတ်ပေ။ ၎င်းမှာ ရန်ရှင်းကျိုးက လေနက်ခံတပ်၏ ခေါင်းဆောင်ဟောင်းထံမှ သင်ယူခဲ့သော လက်ဝါးသိုင်း ဖြစ်သည်။

ခေါင်းဆောင်ဟောင်း၏ အဆိုအရ ဤအရာမှာ ပြည့်စုံသော သိုင်းကွက် မဟုတ်ဘဲ တစ်ပိုင်းတစ်စသာ ဖြစ်သည်။ သူသည် အမှတ်မထင် ပညာရှင်တစ်ဦးနှင့် ဆုံတွေ့ခဲ့စဉ်က ထိုပညာရှင်က သူ့ကို ဤတစ်ကွက်တည်းသော နည်းစနစ်ကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ တစ်ကွက်တည်းသာ ဖြစ်သော်လည်း အလွန်အစွမ်းထက်လှသည်။ အတိတ်ကာလက ခေါင်းဆောင်ဟောင်းသည် အင်အားကြီးသော ရန်သူနှင့် တွေ့သည့်အခါတိုင်း ဤသိုင်းကွက်ကို သုံးလိုက်သည်နှင့် ရန်သူတိုင်းမှာ ချက်ချင်း လဲကျသွားရစမြဲပင်ဖြစ်သည်။

ယခုအခါ သူသည် ဤသိုင်းကွက်ကို ထုတ်သုံးလိုက်ချိန်တွင် သူ၏ လက်ဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ တစ်ကိုယ်လုံးရှိ အားအင်အားလုံးကို ထူးဆန်းသော စွမ်းအားတစ်ခုက ပေါင်းစပ်ပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထိုစွမ်းအားမှာ ခြေဖဝါးမှသည် ခါး၊ ထိုမှတစ်ဆင့် လက်ဖျားများဆီသို့ အဆစ်အမြစ်တိုင်းကို ဆက်သွယ်ကာ စီးဆင်းသွားတော့သည်။ ဤတိုက်ကွက်ကို ထုတ်ဖော်လိုက်ပြီးနောက် ရန်ရှင်းကျိုးသည် ဖော်ပြမတတ်အောင်ပင် အားရမှုကို ခံစားလိုက်ရသည်။

ဒင်ဒီယန်၏ မျက်နှာမှာ အကြီးအကျယ် ပျက်သွားသည်။ ရန်ရှင်းကျိုး၏ သွေးရောင်ဓားကို ရှောင်တိမ်းပြီးနောက်တွင်မူ ဤနှစ်ဖက်လက်ဝါး တွန်းထုတ်ချက်ကို သူ မရှောင်နိုင်တော့ပေ။ သူသည် ချက်ချင်းပင် လက်နှစ်ဖက်ကို မြှောက်ကာ ရန်ရှင်းကျိုး၏ လက်ဝါးချက်ကို ဆီးကြို၍ ခုခံလိုက်တော့သည်။

[ဘုန်း]

လက်ဝါးချင်း ထိမိသွားသောအခါ ဒင်ဒီယန်သည် ငြီးတွားသံ တစ်ချက် ထွက်ပေါ်လာပြီး သူ၏ ကိုယ်မှာ မြေပြင်မှ လွင့်တက်သွားကာ အဝေးရှိ အုတ်တံတိုင်းကို သွားရောက် ရိုက်မိတော့သည်။ သူသည် ခုနက ပေါက်နေသော အပေါက်အတိုင်းပင် အပြင်ဘက်သို့ လွင့်ထွက်သွားလေတော့သည်။

ရန်ရှင်းကျိုး၏ ကိုယ်မှာ တုန်လှုပ်သွားပြီး အားအင်ကုန်ခမ်းကာ ပျော့ခွေသွားတော့သည်။ သူ၏ အတွင်းအားများမှာ လုံးဝ ကုန်ဆုံးသွားပြီ ဖြစ်၏။ သူသည် လွင့်ထွက်သွားသော ဒင်ဒီယန်ကို ကြည့်ကာ အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီးနောက် ကိုယ်ကို ကိုင်းညွတ်ကာ ဒူးတစ်ဖက် ထောက်လျက် အဆက်မပြတ် ချောင်းဆိုးနေတော့သည်။ သူသည် ဆက်လက် မတ်တပ်မရပ်နိုင်တော့ပေ။

နောက်ဆုံး တိုက်ကွက်က သူ၏ အားအင်အားလုံးကို ခမ်းခြောက်သွားစေခဲ့ပြီ ဖြစ်သည်။

***

All Chapters