← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၅၃) - ပြတ်သားသော တရားမျှတမှု

ဝှစ်... ဝှစ်...

ရန်ရှင်းကျိုးက လက်ဝါးနှစ်ဖက်ဖြင့် တွန်းထုတ်လိုက်ရာ ဒင်ဒီယန် လွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် လူရိပ်အချို့သည် ဒင်ဒီယန်၏ နောက်သို့ အပူတပြင်း လိုက်ပါသွားကြသည်။ ထိုစဉ်မှာပင် ရွှေတိုက်၏ အသံသည် ရန်ရှင်းကျိုး၏ နားထဲသို့ ပဲ့တင်ထပ်၍ ဝင်ရောက်လာသည်။

"ညီနောင်ရန်... မင်း အဆင်ပြေရဲ့လား"

ရွှေတိုက်သည် ဒင်ဒီယန်ကို တွန်းထုတ်နိုင်ခဲ့သည့်အတွက် ရန်ရှင်းကျိုးကို ချီးမွမ်းနေမည့်အစား သူ၏ အခြေအနေကိုသာ အရင်ဆုံး စိုးရိမ်တကြီး မေးမြန်းရှာသည်။ ထိုစကားကြောင့် ရန်ရှင်းကျိုး၏ စိတ်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရပြီး ဒီနေရာမှာ ရှိနေတဲ့သူတွေထဲမှာ စီနီယာရွှေတစ်ယောက်ပဲ ငါ့အပေါ် စိတ်ရင်းနဲ့ ဂရုစိုက်တာပဲ။ ကျန်တဲ့လူတွေကတော့ ငါ သေသွားရင်တောင် ဝမ်းသာနေကြမယ့်သူတွေပဲ။

ထိုအခိုက်၌ပင် ရင်းနှီးနေသော မိန်းကလေးတစ်ဦး၏ အသံကို အဝေးမှ ကြားလိုက်ရပြန်သည်။

"ကိုရန်... အဆင်ပြေရဲ့လား"

၎င်းမှာ ရွှေစိမ့်၏ အသံဖြစ်သည်။(ဝွန်းးး)

သူမသည် မူလက ဇာတိရပ်ရွာသို့ ပြန်၍ သိုင်းလောကမှ အနားယူရန် ဆုံးဖြတ်ခဲ့သော်လည်း ရန်ရှင်းကျိုး၏ သတင်းကို ကြားရသောအခါ စိတ်မအေးနိုင်ဘဲ ရှိနေခဲ့သည်။ ထို့ကြောင့် ဖခင်ဖြစ်သူ ရွှေတိုက်ပင် မသိအောင် ကျန်းလင်မြို့သို့ မြင်းတစ်စီးဖြင့် တစ်ကိုယ်တော် လာရောက်ကာ ရန်ရှင်းကျိုး၏ သတင်းကို တိတ်တဆိတ် စုံစမ်းနေခဲ့ခြင်း ဖြစ်သည်။

"စိမ့်အာ မင်းက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ"

"သမီး အိမ်ပြန်သွားပြီ မဟုတ်ဘူးလား"

"သမီးက အဖေနဲ့ ထပ်တွေ့ချင်လို့ အိမ်ကနေ ပြန်ထွက်လာတာပါ"

ဖခင်ကို လွမ်း၍ လာသည်ဟု ပြောနေသော်လည်း သူမ၏ မျက်လုံးများကမူ ရန်ရှင်းကျိုးထံမှ မခွာဘဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏ မျက်ခုံးအစုံမှာလည်း တွန့်ချိုးနေပြီး ရန်ရှင်းကျိုး၏ ဒဏ်ရာများမှာ သူမကိုယ်တိုင် ခံစားနေရသလိုပင်ဖြစ်သည်။

[ဒါ အဖေကို လွမ်းတာ မဟုတ်ဘူး၊ ရန်ရှင်းကျိုးကို လွမ်းနေတာပဲ ဒါပေမဲ့ စိမ့်လေးနဲ့ ရှောင်ဖုန်း (ဝမ်ရှောင်ဖုန်း) က ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့တာ အကြာကြီးပဲကို... အခုမှ ရုတ်တရက်ကြီး တခြားတစ်ယောက်ကို စိတ်ဝင်စားသွားတာကတော့ သိပ်တော့ မဟုတ်သေးဘူး... ဒါပေမဲ့ ရှောင်ဖုန်းရဲ့ စရိုက်ကလည်း တကယ့်ကို မေးခွန်းထုတ်စရာပဲ၊ သူက စိမ့်လေးနဲ့ မလိုက်ဖက်တာတော့ အမှန်ပဲ]

ထိုသို့ တွေးတောနေစဉ်မှာပင် ရန်ရှင်းကျိုးသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ပြုံး၍ ဆိုလိုက်၏။

"စီနီယာ... စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခုချက်ချင်းတော့ မသေနိုင်သေးပါဘူး မိန်းကလေး ရွှေစိမ့်လည်း ရောက်နေတာလား။ ဟဲဟဲ... ကျွန်တော်လို လူတစ်ယောက်အတွက် ဒီလောက် လူအများကြီး ရောက်လာကြတာကို တကယ်ပဲ ဂုဏ်ယူမိပါတယ်"

သူ၏ မျက်နှာမှာ ဖြူလျော်နေပြီး ဒဏ်ရာများ ဗလပွဖြစ်နေသည်ကို မြင်ရသောအခါ ရွှေစိမ့်က သက်ပြင်းတစ်ချက်ချရင်း ဆိုသည်။

"ကိုရန်... အဆင်ပြေတာ မြင်ရတော့ ဝမ်းသာလိုက်တာ... ကျွန်မ... ကျွန်မ ခုနက တကယ့်ကို ထိတ်လန့်သွားတာ"

"ဘာမှမဖြစ်ပါဘူး။ ငါသာ သူတို့ကို မနိုင်ဘူးဆိုရင် အကြာကြီးကတည်းက ထွက်ပြေးသွားတာ ကြာလှပြီ"

သူမ တွေ့ဖူးသမျှ သိုင်းသမားတိုင်းမှာ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို အလေးထားကာ ခန့်ညားထည်ဝါစွာ နေလေ့ရှိကြသည်။ သူမ၏ မောင်ဝမ်းကွဲ ဝမ်ရှောင်ဖုန်းပင်လျှင် အမြဲတမ်း တည်တည်တံ့တံ့နေတတ်ပြီး ပြုံးခဲလှသည်။ ထို့ကြောင့် သူမကိုယ်တိုင်လည်း ကျင့်ဝတ်များကို အမြဲစောင့်ထိန်းရပြီး အမှားလုပ်မိ၍ ဘေးလူများ၏ ကဲ့ရဲ့ခြင်းကို ခံရမည်ကို အမြဲစိုးရိမ်နေခဲ့ရသည်။ အထူးသဖြင့် လူပုံအလယ်တွင် ရွှေမိသားစု၏ ဂုဏ်သိက္ခာကို မကျဆင်းစေရန် အမြဲသတိထားနေခဲ့ရသည်။

သို့သော် ရန်ရှင်းကျိုးမှာမူ မည်သည့်စည်းမျဉ်းကိုမျှ ဂရုမစိုက်ဘဲ သူလုပ်ချင်ရာကိုသာ လုပ်တတ်သူ ဖြစ်သည်။ မနိုင်လျှင် ထွက်ပြေးမည်၊ မယှဉ်နိုင်လျှင် နောက်ဆုတ်မည်။ အသာစီးရလျှင် မောက်မာရိုင်းစိုင်းတတ်ပြီး အခြေအနေမဟန်လျှင် ထွက်ခွာသွားတတ်သည်။ သူသည် အရှက်တရားဟူသည်ကို မသိဘဲ သူ၏ အောက်တန်းကျသော လုပ်ရပ်များမှာ တကယ့်ကိုပင် စက်ဆုပ်ဖွယ်ကောင်းလှသည်။

သို့သော်လည်း ထိုသို့သောလူသည်ပင် မိန်းကလေးတစ်ဦးကို ကယ်တင်ရန် သွေးဓားဂိုဏ်း၏ ပညာရှင်ကို တိုက်ခိုက်ခဲ့သည်။ လမ်းတွင် အကြိမ်အနည်းငယ်သာ ဆုံဖူးသော လူတစ်ဦးအတွက် ကျင့်ကျိုးမြို့ဝန်ရုံးကို စီးနင်းကာ မြို့ဝန် လင်ထွေးစိကို သတ်ပစ်ခဲ့သည်။ ထို့နောက် သွေးဓားဘိုးဘေးနှင့် တိုက်ခိုက်ခဲ့ကာ ဝမ်ကျန့်ရှန်းကို သတ်ဖြတ်ခဲ့ပြီး ရွှေစိမ့်ကိုလည်း သွေးဓားဘိုးဘေးလက်မှ ကယ်တင်ပေးခဲ့သည်။ ရန်တာဖျင်အတွက်လည်း ရွှေဒင်္ဂါး တစ်ထောင် ဆုငွေထုတ်ခဲ့သေးသည်။

ဤလုပ်ရပ်တစ်ခုချင်းစီမှာ သိုင်းလောကကို တုန်လှုပ်စေနိုင်သည့် ရှားပါးလှသော သူရဲကောင်းဆန်သည့် လုပ်ရပ်များ ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်ခဲ့သူမှာ ရန်ရှင်းကျိုး ဖြစ်နေခဲ့သည်။

သူ၏ လုပ်ဟန်မှာ ဆန်းကြယ်လွန်းလှသော်လည်း သူသည် စိတ်နှလုံးဖြူစင်သော သူရဲကောင်းတစ်ဦး ဖြစ်သည်ဟူသောအချက်ကို ဖုံးကွယ်၍ မရပေ။ အထူးသဖြင့် ကျင့်ကျိုးမြို့ဝန်ရုံးသို့ နေ့ခင်းကြောင်တောင် ဝင်ရောက်စီးနင်းခဲ့သည့် အဖြစ်အပျက်မှာ တစ်လောကလုံးကို ဟိုးဟိုးကျော်သွားစေခဲ့ပြီး သိုင်းလောကသားများစွာမှာ ထိုသတင်းကို ကြားရချိန်တွင် အားရကျေနပ်ကာ ထိုသူရဲကောင်းအတွက် သောက်စားအောင်ပွဲခံချင်စိတ်များပင် ပေါ်ပေါက်ခဲ့ကြသည်။

ရွှေစိမ့်သည် ကနဦးတွင် ရန်ရှင်းကျိုးကို အလွန်မုန်းတီးခဲ့သော်လည်း သူ့အကြောင်းကို ပိုမိုသိရှိလာသောအခါတွင်မူ ရန်ရှင်းကျိုးသည် တကယ့်ကို ပွင့်လင်းရိုးသားသောသူ ဖြစ်ကြောင်း သိမြင်လာရသည်။ သူ၏ စကားများမှာ သူရဲဘောကြောင်ပုံ ပေါက်နိုင်သော်လည်း သူ၏ လုပ်ရပ်များမှာမူ လုံးဝ သူရဲဘောမကြောင်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် သာမန်လူထက် ပိုမိုသော သတ္တိနှင့် မာန်မာနရှိသူ ဖြစ်သည်။

"မနိုင်ရင် ထွက်ပြေးမယ်" ဟူသော ရန်ရှင်းကျိုး၏ စကားကို ကြားရသောအခါ ရွှေစိမ့်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ - [ဒီတစ်လောကလုံးမှာ လူအများကြီးရဲ့ ရှေ့မှာ "ထွက်ပြေးမယ်" ဆိုတဲ့ စကားကို ဒီလောက် ယုံကြည်မှုအပြည့်နဲ့ ပြောရဲတာ ကိုရန် တစ်ယောက်ပဲ ရှိလိမ့်မယ်] ဟု တွေးတောမိတော့သည်။

သိုင်းလောကသား အများစုမှာ အသက်ထက် သိက္ခာကို ပို၍ တန်ဖိုးထားကြသည်။ လူများလေလေ သိက္ခာကို ပို၍ ဂရုစိုက်လေလေ ဖြစ်ပြီး မိမိ၏ အားနည်းချက်ကို ပြမိကာ မျက်နှာပျက်မည်ကို စိုးရိမ်ကြစမြဲ ဖြစ်သည်။ သို့သော် ရန်ရှင်းကျိုးကမူ ထိုအရာများကို အမှုမထားဘဲ မည်သည့်အခါမျှ ဆရာကြီးတစ်ဦးအလား ဟန်ဆောင်ခြင်း မရှိခဲ့ပေ။

ထို့အပြင် သူကိုယ်တိုင်လည်း သူ့ကိုယ်သူ သိုင်းဆရာကြီးတစ်ဦးဟု တစ်ခါမျှ မသတ်မှတ်ခဲ့ပုံ ရလေသည်။

ရွှေစိမ့်က သူ့ကို ချစ်ခင်စုံမက်သော မျက်ဝန်းများဖြင့် ကြည့်၍ ပြုံးနေသည်ကို မြင်သောအခါ ရန်ရှင်းကျိုးမှာ အနည်းငယ် ကြောင်အသွားပြီး [ဒီကောင်မလေး ငါ့ကို တကယ်ပဲ စိတ်ဝင်စားနေတာလား]ဟု တွေးလိုက်မိသည်။

ယခုအချိန်တွင် သူသည် အခြေချ နေထိုင်ရန် သို့မဟုတ် ဂုဏ်သရေရှိ မိန်းကလေးများကို ဖျက်ဆီးရန် စိတ်ကူးမရှိပေ။ သူ အနှစ်သက်ဆုံးအရာမှာ သိုင်းလောကမှ စရိုက်ပျက်သော မိန်းမများကို မြှူဆွယ်ခြင်းနှင့် ပြည့်တန်ဆာရုံများသို့ သွားရောက်ခြင်းသာ ဖြစ်သည်။ ထိုသို့သောသူများနှင့် နေရချိန်တွင် ရန်ရှင်းကျိုး၌ မည်သည့် အပြစ်ရှိစိတ်မျှ မရှိပေ။ သူတို့နှင့် ပျော်ပါးပြီးလျှင် မည်သူကမျှ မည်သူ့ကိုမျှ တာဝန်ယူစရာ မလိုဘဲ ခွဲခွာသွားနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ရွှေစိမ့်ကဲ့သို့သော မိန်းကလေးမျိုးကိုမူ သူ ဝေးဝေးက ရှောင်ချင်သည်။ အကယ်၍ သူမကို သွားရောက်ပတ်သက်ပြီးမှ ပြန်လည်ငြင်းပယ်လိုက်မည်ဆိုလျှင် ထိုလုပ်ရပ်မှာ တကယ့်ကို ယုတ်မာရာ ရောက်ပေလိမ့်မည်။

သူ ရွှေစိမ့်ကို စကားတစ်ခွန်းပြောရန် ပြင်လိုက်စဉ်မှာပင် ဝှစ် ကနဲ အသံနှင့်အတူ ဒင်ဒီယန်နှင့် ဖုန်းယွင်ချွမ်းတို့သည် ခြံစည်းရိုးကို ကျော်၍ ပြန်လည် ရောက်ရှိလာကြသည်။ ဒင်ဒီယန်မှာ ဖုန်မှုန့်များနှင့် ရွှံ့များပေကျံကာ အတော်ပင် ကြည့်ရဆိုးနေသည်။ သူသည် ခြံထဲသို့ ပြန်လည် ခုန်ဝင်လာပြီးနောက် ရန်ရှင်းကျိုးကို စိုက်ကြည့်ကာ ဆိုသည်။

"မင်း ခုနက သွေးဓားဂိုဏ်းရဲ့ ဓားသိုင်းကို သုံးနေပြီးမှ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး လက်ဝါးသိုင်းကို ပြောင်းသုံးလိုက်တာလဲ။ ညီနောင်ရန်... မင်းက မင်းရဲ့ အစွမ်းအစအမှန်ကို ဖုံးကွယ်ထားတာပဲ။ ငါ့ရဲ့ သတိကို လျော့နည်းသွားအောင် အားနည်းချင်ဟန် ဆောင်ခဲ့ပြီး သွေးဓားဂိုဏ်းရဲ့ သိုင်းကွက်တွေနဲ့ ငါ့ကို အာရုံရှုပ်အောင် လုပ်ခဲ့တယ်။ အဆုံးသတ်ကျမှ မင်းရဲ့ အစွမ်းအစအမှန် ဖြစ်တဲ့ လက်ဝါးသိုင်းနဲ့ ငါ့ကို တွန်းထုတ်လိုက်တာပဲ။ ဟဲဟဲ... မင်းရဲ့ တကယ့် အစွမ်းက ဓားသိုင်း မဟုတ်ဘဲ လက်ဝါးသိုင်း ဖြစ်နေတာကိုး”

"မင်းက တကယ်ကို တော်တဲ့သူပဲ ဒီလောက် အကြာကြီး ရန်သူတွေနဲ့ တိုက်ခိုက်နေချိန်မှာတောင် မင်းရဲ့ လက်ဝါးသိုင်းကို ထုတ်မသုံးဘဲ ဝှက်ထားနိုင်ခဲ့တယ်။ ဒီနေ့ ငါနဲ့တွေ့မှ မင်းရဲ့ အစွမ်းအစအမှန်ကို ထုတ်ပြခဲ့တာပဲ။ ငါ ရှုံးနိမ့်သွားရတာဟာ တကယ့်ကို ထိုက်တန်ပါတယ်"

"ညီနောင်ဒင်... ပြိုင်ပွဲရဲ့ အနိုင်အရှုံးက တကယ်ပဲ အရေးကြီးလို့လား"

"သိုင်းလောကထဲ ရောက်နေမှတော့ တိုက်ခိုက်လိုစိတ် ရှိရမှာပေါ့။ မင်းလည်း သိုင်းလောကရဲ့ သူရဲကောင်းတစ်ယောက်ပဲ၊ ဘာလို့ ဒီလိုမေးခွန်းမျိုး မေးရတာလဲ"

"ငါ တစ်ယောက်ယောက်နဲ့ ယှဉ်ပြိုင်ဖို့ တစ်ခါမှ စိတ်မကူးဖူးဘူး။ ငါ လူအချို့ကို သတ်ချင်ရုံပဲ"

"လူအချို့ကို သတ်ချင်ရုံပဲ ဟုတ်လား"

ရန်ရှင်းကျိုးက "ဟုတ်တယ်" ဟု ပြတ်သားစွာ ပြောလိုက်ပြီး ခြံထဲရှိ ရန်တာဖျင်၏ အလောင်းကို လက်ညှိုးထိုးပြကာ...

"ရန်တာဖျင်၊ ဝမ်ကျန့်ရှန်းနဲ့ ချီချန့်ဖာတို့ဟာ ငါတို့ဆရာ မေနျန့်ရှန်းရဲ့ လျန်ချန်ကျမ်းစာ ကို လောဘတက်ခဲ့ကြတယ်။ သူတို့ဟာ ဆရာကို သစ္စာဖောက်ပြီး သတ်ခဲ့ကြကာ အခုထက်ထိ လွတ်မြောက်နေကြတုန်းပဲ။ ဟဲဟဲ... မင်း ဒါကို သိရဲ့နဲ့ လျစ်လျူရှုထားနိုင်ပေမဲ့ ငါ ရန်ရှင်းကျိုးကတော့ အဲဒီလို မနေနိုင်ဘူး။ မင်း မလုပ်ရင် ငါ လုပ်မယ်"

"ဒါ ငါ ကျင့်ကျိုးမြို့ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ။ မူလက ငါ ဝမ်ကျန့်ရှန်းကို သတ်မလို့ပဲ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ လင်ထွေးစိကို အရင်သတ်လိုက်မိတယ်။ ပြီးတော့ ညီနောင်ဒင်နဲ့ တိုက်ခိုက်ပြီး မင်းရဲ့ လက်ချက်နဲ့ ဒဏ်ရာရခဲ့လို့ ရက်အနည်းငယ်လောက် နားနေခဲ့ရသေးတယ်"

သူက မေနျန့်ရှန်းနှင့် ဝမ်ကျန့်ရှန်းတို့အကြောင်းကို ပြောလိုက်သောအခါ ဒင်ဒီယန်မှာ ခေါင်းငိုက်စိုက်ကျသွားကာ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ရှက်ရွံ့အားနာမှုများကို ခံစားလိုက်ရတော့သည်။

သူသည် သေအံ့ဆဲဆဲ မေနျန့်ရှန်း ပေးအပ်ခဲ့သော လျန်ချန်ကျမ်းစာ နှင့် ရှင်သန်ခြင်းအလင်းကျမ်း တို့ကို လက်ခံရရှိခဲ့သော်လည်း လင်ရွှမ်းဟွာ ကြောင့် အကျဉ်းကျခံခဲ့သည်။ သူသည် လင်ရွှမ်းဟွာ နှင့် အတူရှိရန်သာ တွေးတောနေခဲ့ပြီး မေနျန့်ရှန်း၏ အငြိုးအတေးကို မေ့လျော့နေခဲ့သည်။ ယခု ပြန်စဉ်းစားကြည့်မှ သူသည် ထိုသို့ မလုပ်သင့်ကြောင်း နားလည်သွားသည်။

သူသည် သစ္စာမဲ့သူ၊ အမိအဖကို ပစ်ပယ်သူ၊ ကြင်နာမှုကင်းမဲ့သူနှင့် တရားမျှတမှု မရှိသူဟု အပြောခံရခြင်းမှာ အပိုမဟုတ်ဘဲ မှန်ကန်သော ဝေဖန်ချက်များသာ ဖြစ်သည်။

သူသည် ရန်ရှင်းကျိုး၏ အကြည့်ကို မရင်ဆိုင်ရဲလောက်အောင် ရှက်ရွံ့နေမိသည်။ အစောပိုင်းက ရန်ရှင်းကျိုးသည် ရယ်စရာကောင်းပြီး အရှက်မရှိသူဟု သူ ထင်မြင်ခဲ့သော်လည်း ယခုမူ အမှန်တကယ် အရှက်မရှိသူမှာ ရန်ရှင်းကျိုး မဟုတ်ဘဲ သူကိုယ်တိုင်သာ ဖြစ်ကြောင်း သိမြင်သွားရတော့သည်။

"အဲဒီနောက်မှာ ငါ သွေးဓားဘိုးဘေးကို တိုက်ခိုက်ခဲ့သလို ဝမ်ကျန့်ရှန်းနဲ့ ချီချန့်ဖာကိုလည်း သတ်ပစ်လိုက်ပြီ..."

"ကိုရန်... ရှင် ချီချန့်ဖာကိုလည်း သတ်လိုက်ပြီ ဟုတ်လား"

ခြံဝင်းအတွင်းရှိ လူအများကြားတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

မကြာသေးမီက လျန်ချန်ကျမ်းစာ ရတနာကြောင့် လူအုပ်စုကြီးသည် ချီချန့်ဖာကို လိုက်လံရှာဖွေနေခဲ့ကြသော်လည်း မည်သည့်သဲလွန်စမျှ မရရှိခဲ့ကြပေ။ ဤသည်မှာ ချီချန့်ဖာ မည်မျှ ပုန်းအောင်းကျွမ်းကျင်သည်ကို ပြသနေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ရန်ရှင်းကျိုးက ဆုငွေထုတ်လိုက်သည်နှင့် ရန်တာဖျင်မှာ ချက်ချင်း အဖမ်းခံခဲ့ရသည်။

ဤနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ချီချန့်ဖာသည် ရန်တာဖျင်ထက် ပိုမိုပါးနပ်သည်မှာ ထင်ရှားလှသော်လည်း သူသည်ပင် ရန်ရှင်းကျိုး၏ လက်ထဲ၌ သေဆုံးသွားခဲ့ရပြီ။ ဤသည်မှာ ရန်ရှင်းကျိုး၏ ထက်မြတ်မှုကို ပြသနေခြင်းပင်ဖြစ်သည်။

"မြစ်ဖြတ်သံကြိုး" ဟု ကျော်ကြားသော ချီချန့်ဖာသည် အလွန်ပါးနပ်ပြီး ပရိယာယ်ကြွယ်ဝသူ ဖြစ်သော်လည်း ယခုမူ ရန်ရှင်းကျိုး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ။ ထိုအချက်ကို တွေးမိသောအခါ ခြံထဲရှိ လူတိုင်းမှာ ယခင်က ရန်ရှင်းကျိုးအပေါ် ထားရှိခဲ့သော မကောင်းသည့် စိတ်ထားများအတွက် ကြောက်စိတ်များ ဝင်ရောက်လာကြတော့သည်။

သို့သော် ခဏအကြာတွင် လူတိုင်း၏ စိတ်ထဲ၌ အတွေးတစ်ခုက အပြင်းအထန် ပေါ်ပေါက်လာ၏။

[လျန်ချန်ကျမ်းစာ သူ ချီချန့်ဖာကို သတ်လိုက်ပြီဆိုရင် ချီချန့်ဖာဆီကနေ လျန်ချန်ကျမ်းစာရဲ့ လျှို့ဝှက်ချက်ကို အတင်းအကျပ် မေးမြန်းထားပြီးသား ဖြစ်မှာပဲ]

ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အသက်ရှူသံများမှာ လောဘဇောကြောင့် ပြင်းထန်လာကြလေတော့သတည်း။

***

All Chapters