အခန်း ၅၅
Vol. 6 Ch. 55
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၅၅) - သက်ပြင်းတစ်ချက်
ကျင့်ကျိုးမြို့မှ ထွက်ခွာလာပြီးနောက် ရန်ရှင်းကျိုးသည် နောက်ဘက်ရှိ မြို့ရိုးကြီးအား ပြန်လည်ကြည့်ရှုကာ အားရပါးရ ရယ်မောလိုက်လေသည်။ သူ၏ ရင်ထဲဝယ် ပြောမပြတတ်အောင် ကြည်နူးပီတိဖြစ်မှုများ ပြည့်နှက်နေသည်။
ယခင်ဘဝက လျန်ချန်ကျမ်းစာ ဝတ္ထုကို ဖတ်ရှုစဉ်က ဇာတ်ကောင် အနည်းငယ်မှလွဲ၍ ကျန်လူအားလုံးမှာ အသေထိုက်သူများဟု သူ ခံစားခဲ့ရဖူးသည်။ ယခုမူ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူ၏ ဆန္ဒများ ပြည့်ဝခဲ့ပြီ။ မေနျန့်ရှန်း၏ တပည့်သုံးဦးနှင့် လင်ထွေးစိကို သူ ကိုယ်တိုင် တစ်ယောက်ပြီးတစ်ယောက် သတ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ ဒင်ဒီယန်မှာလည်း သေလူ ဖြစ်သွားရတော့မည် ဖြစ်ရာ ရန်ရှင်းကျိုးအတွက် အတိုင်းမသိ ဝမ်းသာစရာပင် ဖြစ်တော့သည်။
ဒင်ဒီယန်နှင့် လင်ရွှမ်းဟွာတို့၏ မဆီမဆိုင်သော အချစ်ဇာတ်လမ်းကို လူများက အဘယ်ကြောင့် ချီးကျူးနေကြသည်ကို ရန်ရှင်းကျိုး နားမလည်နိုင်ပေ။ ထိုသို့သော ပုံပျက်ပန်းပျက် အချစ်မျိုးကို သဘောတူ လက်ခံကြသည်မှာ သူ့အဖို့တော့ အလွန်ပင် ရယ်စရာကောင်းလှသည်။
"အခုတော့ သွေးဓားကိုယ်တော်နဲ့ သူ့ရဲ့ သွေးဓားဂိုဏ်းပဲ ကျန်တော့တယ်"
"ဟက်ဟက်... ဒီသွေးဓားကိုယ်တော်ကို သွေးဓားလို့ ခေါ်လို့ မရတော့ဘူး။ သူ့ကို မသန်မစွမ်းလို့ပဲ နာမည်သစ် ပေးရတော့မယ်"
သွေးဓားဘိုးဘေးသည် လက်နှစ်ဖက်စလုံး ပြတ်သွားခဲ့သဖြင့် နောင်တွင် စားသောက်ရန်နှင့် ကိုယ်လက်သန့်စင်ရန်ပင် ခက်ခဲတော့မည်ကို တွေးမိသောအခါ ရန်ရှင်းကျိုးသည် ထိုသူကို သတ်ရန်ပင် မလိုတော့ဟု ခံစားလိုက်ရသည်။ လက်နှစ်ဖက် မရှိတော့သော ဘဝမှာ သေရခြင်းထက်ပင် ပို၍ နာကျင်ရပေလိမ့်မည်။
"ဒါပေမဲ့လည်း... သတ်ပစ်လိုက်တာက ပိုပြီး စိတ်ချရပါတယ်။ သူက အပြစ်မဲ့သူ အများကြီးကို နှိပ်စက်ခဲ့တာဆိုတော့ လက်နှစ်ဖက် ဖြတ်လိုက်ရုံနဲ့တင် သူ့အပြစ်တွေက ကျေမှာ မဟုတ်ဘူး"
ငွေကြေး၏ ဆွဲဆောင်မှုမှာ တစ်ခါတစ်ရံ အမှန်တရားထက်ပင် အစွမ်းထက်တတ်ပေသည်။ ရန်ရှင်းကျိုးသည် သွေးဓားဘိုးဘေးကို ဖမ်းဆီးနိုင်လျှင် ငွေဒင်္ဂါး တစ်သောင်း ဆုငွေပေးမည်ဟု ကြေညာထားခဲ့သည်။ အထူးသဖြင့် သွေးဓားဘိုးဘေးမှာ လက်နှစ်ဖက် ပြတ်တောက်နေပြီး အစွမ်းများ လျော့နည်းနေပြီ ဖြစ်သဖြင့် သိုင်းလောကသားများမှာ လောဘဇောများ တက်ကြွလာကြတော့သည်။
သွေးဓားဘိုးဘေး အစွမ်းထက်စဉ်ကဆိုလျှင် သူ့ကို မမည်သူမျှ ရန်မစရဲကြပေ။ လင်ထွေးစိ၏ လုံရှာဂိုဏ်းမှာပင်လျှင် သွေးဓားဘိုးဘေးကို သွားရောက်ရန်စမိ၍ တစ်ဂိုဏ်းလုံး သုတ်သင်ခံခဲ့ရဖူးသည်။ ထိုကဲ့သို့ ရက်စက်ပြီး သိုင်းအစွမ်း သူရဲကောင်းကို လူတိုင်းက ကြောက်ရွံ့ကြသော်လည်း အခြေအနေ ပျက်ယွင်းသွားသောအခါတွင် လဲရာသူခိုး ထောင်း ဆိုသကဲ့သို့ လူတိုင်းက ဝိုင်းဝန်း နှိပ်ကွပ်ရန် ကြိုးစားကြတော့သည်။
ထို့ကြောင့် ရွှေတိုက်က ရန်ရှင်းကျိုး၏ ဆုငွေပမာဏကို ထုတ်ဖော် ပြောကြားလိုက်သောအခါ သိုင်းလောက တစ်ခွင်ဟိုးဟိုးကျော်သွားတော့သည်။ ယခင်က ယန်တာဖျင်အတွက် ရွှေဒင်္ဂါး တစ်ထောင် ဆုငွေထုတ်စဉ်က လူအချို့မှာ သံသယ ရှိခဲ့ကြသော်လည်း ဖုန်းစားဂိုဏ်းက ဆုငွေ အမှန်တကယ် ရရှိသွားသည်ကို မြင်သောအခါတွင်မူ အားလုံးက နောင်တရခဲ့ကြဖူးသည်။
ယခုတစ်ကြိမ်တွင်မူ ရန်ရှင်းကျိုး၏ ငွေကြေးဓနအပေါ် မည်သူမျှ သံသယ မရှိကြတော့ပေ။ ငွေဒင်္ဂါး တစ်သောင်းဆိုသည်မှာ သာမန်လူတစ်ယောက်အတွက် တစ်သက်လုံး စားမကုန်သော ပမာဏ ဖြစ်သည်။ လျန်ချန်ကျမ်းစာ၏ ရတနာမှာမူ ဝေဝါးလှသဖြင့် လက်တွေ့ကျသော ဆုငွေကိုသာ လူတိုင်းက မက်မောကြတော့သည်။
ရန်ရှင်းကျိုး ကျင့်ကျိုးမြို့မှ ထွက်ခွာပြီးနောက် လူအများအပြားမှာ သွေးဓားကိုယ်တော်၏ သတင်းကို စုံစမ်းကြတော့သည်။ အစိုးရရုံးကပင်လျှင် ငွေဒင်္ဂါး တစ်ထောင် ဆုငွေထုတ်ကာ ဝရမ်းထုတ်ပြန်ခဲ့သည်။
"မင်းတို့တွေလည်း ပိုက်ဆံ ရှာတတ်ကြတာပဲ" ရန်ရှင်းကျိုးက အစိုးရ၏ ဆုငွေပမာဏကို ကြားသောအခါ ခေါင်းကို ခါယမ်း၍ သက်ပြင်းချလိုက်မိသည်။
ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက သူသည် နန်းမြို့တော်သို့ သွားခဲ့သည်မှလွဲ၍ ကျန်သည့် နေရာများကို မရောက်ဖူးသေးပေ။ ယခုအခါ ကိစ္စရပ်များ ပြေလည်သွားပြီ ဖြစ်သဖြင့် သူသည် သိုင်းလောက တစ်ခွင်သို့ လှည့်လည်သွားလာရန် ဆန္ဒရှိလာသည်။ သူ၏ လက်ရှိ သိုင်းအစွမ်းနှင့်ဆိုလျှင် သိုင်းလောက၌ နာမည်ကျော်ရန်မှာ မခက်ခဲပေ။ သူသည် မတရားမှုကို မြင်လျှင် ဝင်ရောက် စွက်ဖက်တတ်ပြီး အနိုင်မတိုက်နိုင်လျှင်လည်း ထွက်ပြေးကာ နောက်ကွယ်မှနေ၍ ကလဲ့စားချေတတ်သူ ဖြစ်သည်။
လမ်းဘေး ဓားပြများနှင့် လူမိုက်များမှာလည်း ရန်ရှင်းကျိုး ဟူသော နာမည်ကို ကြားရုံနှင့်ပင် ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးကြရသည်။ ရန်ရှင်းကျိုးသည် ထိုဓားပြများထက်ပင် ပို၍ ရက်စက်ပြီး ကောက်ကျစ်သူ ဖြစ်ပေသည်။ လိမ်လည်ခြင်း၊ ရိုက်နှက်ခြင်း၊ မီးရှို့ခြင်းနှင့် အဆိပ်ခတ်ခြင်းတို့တွင် သူက ထိုသူခိုးများထက်ပင် ဆရာကျနေသေးသည်။
တစ်လအတွင်းမှာပင် ရန်ရှင်းကျိုး၏ နာမည်မှာ သိုင်းလောက၌ လူတိုင်း ကြောက်ရွံ့ရသော အမည်တစ်ခု ဖြစ်လာတော့သည်။ တစ်နေ့တွင် ရန်ရှင်းကျိုးသည် မြစ်မြောက်ပိုင်း၏ သူခိုးဘုရင် ဆိုသူကို လုယက်နေစဉ်မှာပင် ဒင်ဒီယန်နှင့် လင်ရွှမ်းဟွာတို့ အတူတကွ သေကြောင်းကြံစည်သွားကြပြီ ဖြစ်ကြောင်း ကြားသိလိုက်ရသည်။
ဒင်ဒီယန်သည် မသေဆုံးမီ လျန်ချန်ကျမ်းစာနှင့် ရှင်သန်ခြင်းအလင်းကျမ်း တို့ကို လင်းကျင်ယီထံ အပ်နှံခဲ့လေသည်။ လင်းကျင်ယီသည် ရိုးသားသူ ဖြစ်သဖြင့် ထိုကျမ်းစာများမှာ ဘေးဒုက္ခကို ခေါ်ဆောင်လာမည်ကို သိရှိသဖြင့် လျန်ချန်ကျမ်းစာ၏ လျှို့ဝှက်ချက်ကို လူသိရှင်ကြား ထုတ်ဖော်လိုက်ပြီး ရှင်သန်ခြင်းအလင်းကျမ်းကိုမူ ရွှေတိုက်ထံ အပ်နှံခဲ့သည်။
လျန်ချန်ကျမ်းစာသည် ထန်ကဗျာ ဓားသိုင်း နှင့် ဆက်စပ်နေသဖြင့် သိုင်းလောကသားများမှာ ထိုဓားသိုင်းကို တတ်ကျွမ်းသူများနောက်သို့ လိုက်လံ ရှာဖွေကြရာ သိုင်းလောက တစ်ခုလုံးမှာ တစ်ဖန် ပြန်လည် ရုန်းရင်းဆန်ခတ် ဖြစ်လာတော့သည်။
"ဟက်ဟက်... ဒီဒင်ဒီယန်ကတော့ တကယ့်ကို အချစ်ရူးပဲ"
“သေတာ ကောင်းပါတယ်... အသေလှတယ်လို့ပဲ ပြောရမှာပဲ သူက အစီအစဉ်တွေမှာ သစ္စာမရှိဘူး၊ မွေးဖွားလာတာကလည်း အကျိုးမရှိဘူး၊ လုပ်ရပ်တွေကလည်း ရက်စက်ပြီး သူတစ်ပါးအပေါ်လည်း မတရားဘူး။ သူသာ မသေရင် လောကကြီးက မတရားရာ ရောက်လိမ့်မယ်။ သူ့ရဲ့ အရည်အချင်းတွေကိုတော့ နှမြောဖို့ ကောင်းပါရဲ့"
ဒင်ဒီယန်ကဲ့သို့ စာပေနှင့် သိုင်းပညာ၌ သူရဲကောင်းတစ်ယောက်အနေဖြင့် မည်သည့်အလုပ်ကိုမဆို ကောင်းမွန်စွာ လုပ်ကိုင်နိုင်သော်လည်း သူသည် မိန်းမတစ်ယောက်ကြောင့်နှင့် ဘဝကို အကျဉ်းထောင်ထဲ၌ အဆုံးသတ်သွားခဲ့သည်။
"ဒါပေမဲ့ သူ သေသွားတော့ သိုင်းလောကက ထပ်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ဦးမယ်။ ရွှေတိုက်ကတော့ ကိုယ့်ကိုယ်ကို ထိန်းနိုင်ပေမဲ့ လင်းကျင်ယီကတော့ သိုင်းအစွမ်း နည်းတဲ့အပြင် အရိုးခံလည်း ဖြစ်နေတော့ အန္တရာယ် ရှိနိုင်တယ်။ ငါ သူ့ကို သွားကူညီရမယ်"
ရန်ရှင်းကျိုးသည် ကျင့်ကျိုးမြို့သို့ ချက်ချင်း ပြန်လာခဲ့သည်။ လင်အိမ်တော် တံခါးဝသို့ ရောက်သောအခါ လောဘဇော တက်ကြွနေသော သိုင်းလောကသား အုပ်စုတစ်စုကို တွေ့လိုက်ရလေသည်။
"တကယ်ပဲ အမြင်မတော်တဲ့ လူတွေ ရှိနေသေးတာလား..."
ရန်ရှင်းကျိုးက မျက်ခုံးကို ပင့်လိုက်ပြီး သူ၏ သွေးဓားကို ချက်ချင်း ဆွဲထုတ်ကာ ဝှေ့ယမ်းလိုက်သည်။ သွေးရောင်ဓားအလင်းတန်းသည် တံခါးဝရှိ ကျောက်ခြင်္သေ့ရုပ်ကြီးအတွင်းသို့ ထန်းခနဲ မြုပ်ဝင်သွားကာ ဝီ ဝီ ဝီ... ဟူသော တုန်ခါသံများ ပေါ်ထွက်လာတော့သည်။ ကျောက်ခြင်္သေ့မှာ အလွန် မာကျောသော်လည်း ရန်ရှင်းကျိုးသည် ဓားကို မြုပ်ဝင်သွားအောင် ပစ်သွင်းနိုင်ခဲ့ခြင်းမှာ သူ၏ ပြင်းထန်လှသော လက်ရုံးအားနှင့် နက်ရှိုင်းသော အတွင်းအားကြောင့်ပင် ဖြစ်ပေသည်။
"သွေးဓား..."
"ဒါ... ဒါ ရန်ရှင်းကျိုးရဲ့ သွေးဓားပဲ"
"မကောင်းတော့ဘူး... ရန်ရှင်းကျိုး ကျင့်ကျိုးကို ပြန်ရောက်နေပြီ"
"မြန်မြန်ပြေး... နောက်ကျရင် ငါတို့ သေလိမ့်မယ်"
ကျောက်ခြင်္သေ့အတွင်း မြုပ်ဝင်နေသော ဓားကို မြင်လိုက်ရသောအခါ လင်အိမ်တော်ရှေ့ရှိ သိုင်းလောကသားများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး နေရာအနှံ့သို့ ထွက်ပြေးသွားကြတော့သည်။ ရန်ရှင်းကျိုးသည် တံခါးဝသို့ လျှောက်လှမ်းသွားပြီး ဓားကို ပြန်လည် ဆွဲထုတ်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ ဟိန်းဟောက်လိုက်သည်။
"အကုန်လုံး ထွက်သွားကြစမ်း"
ခဏချင်းမှာပင် တစ်လမ်းလုံး တိတ်ဆိတ်သွားတော့သည်။ တံခါးချပ်မှာ ဖြည်းညင်းစွာ ပွင့်လာပြီး ရွှေစိမ့်က ခေါင်းလေးပြူထွက်ကာ ပြုံးလျက် ကြိုဆိုလိုက်သည်။
"အစ်ကိုရန်... ရောက်လာပြီပဲ အဖေ ပြောတာ သိပ်မှန်တာပဲ၊ အစ်ကိုရန် ဒီရက်ပိုင်းအတွင်း ကျင့်ကျိုးကို ပြန်လာလိမ့်မယ်တဲ့"
***