အခန်း ၅၆
Vol. 6 Ch. 56
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၅၆) - လက်ဆောင်များ
"ရွှေစိမ့်လေးလား..."
"ကျင့်ကျိုးမြို့က အခုအချိန်မှာ သိုင်းလောကရဲ့ ဝဲဂယက် အလယ်ဗဟို ဖြစ်နေတာပဲ။ မင်းလို မိန်းကလေးငယ်လေးက ဘာလို့ လာပတ်သက်နေရတာလဲ... ရွှေတိုက်ကလည်း တကယ့်ပဲ၊ ဒီလောက် လိမ္မာယဉ်ကျေးတဲ့ သမီးချောလေးကို အိမ်မှာပဲ ပန်းလေးစိုက်၊ အပင်လေးပျိုးပြီး ထားပါတော့လား။ ဘာလို့ သိုင်းလောကထဲ လျှောက်သွားခိုင်းနေရတာလဲ”
သူက စိတ်ထဲမှ ထိုသို့ တွေးနေသော်လည်း အပြင်၌မူ ပြုံးလျက်... "ရက်ပိုင်းလေးပဲ ခွဲရသေးတယ်၊ မရွှေစိမ့်က ပိုပြီးတော့တောင် လှလာပါလား" ဟု ပြောလိုက်သည်။
"ဒီရက်ပိုင်းအတွင်းမှာ ကိုယ် ရတနာအချို့ ရထားလို့ပါ။ ရှေးလူကြီးတွေ ပြောသလိုပဲ ပုလဲဆိုတာ လှပတဲ့ မိန်းကလေးတွေနဲ့ပဲ ထိုက်တန်တာပါ။ ဒါလေးက ကိုယ့်ရဲ့ လက်ဆောင်အသေးစားလေးမို့လို့ ကျေးဇူးပြုပြီး လက်ခံပေးပါဦး"
ရန်ရှင်းကျိုး၏ လက်ထဲရှိ ပုလဲကုံးကို မြင်လိုက်ရသောအခါ ရွှေစိမ့်၏ မျက်လုံးများ ဝင်းလက်သွားသည်။ ပုလဲတစ်လုံးချင်းစီမှာ လက်ထိပ်ခန့် အရွယ်အစားရှိပြီး လုံးဝန်းချောမွတ်နေရုံမျှမက အလုံးပေါင်း ဒါဇင်နှင့်ချီသော်လည်း အရွယ်အစားမှာ တစ်ပုံစံတည်း တူညီနေကြသည်။ ဤမျှ ကြီးမားသော ပုလဲတစ်လုံးတည်းပင်လျှင် ငွေဒင်္ဂါး နှစ်ရာ၊ သုံးရာခန့် တန်ကြေးရှိရာ ဤကဲ့သို့ အရွယ်အစား ညီညာလှပသော ပုလဲကုံးမျိုးမှာမူ ငွေဒင်္ဂါး သောင်းနှင့်ချီ၍ တန်ဖိုးရှိလိမ့်မည်။
ရန်ရှင်းကျိုးက လက်ဆောင်အသေးစားဟု ဆိုသော်လည်း လက်တွေ့တွင်မူ အလွန်ပင် တန်ဖိုးကြီးမားလှပေသည်။
ရွှေစိမ့်၏ မျက်လုံးလေးများ လင်းလက်သွားကာ "တကယ်ကို လှတာပဲ" ဟု အာမေဍိတ်သံ ထွက်မိသွားသည်။
"အစ်ကိုရန်... ဒီလက်ဆောင်က တန်ဖိုးကြီးလွန်းပါတယ်။ ကျွန်မ လက်မခံဝံ့ပါဘူး"
"ပုလဲကုံးလေး တစ်ကုံးပဲဟာကို... ဘာဖြစ်လို့လဲ"
"အစ်ကိုကတော့လေ... ဒီလောက် တန်ဖိုးရှိတာကို ကွဲသွားမှာ မကြောက်ဘူးလား"
"ဒါက မင်းအတွက် လက်ဆောင်ပေးထားတာပဲလေ။ နှမြောရင်လည်း မင်းပဲ နှမြောရမှာပေါ့... ကိုယ်နဲ့ ဘာဆိုင်လို့လဲ"
ရွှေစိမ့်က ရန်ရှင်းကျိုးကို မျက်စောင်းတစ်ချက် ထိုးလိုက်မိသည်။ သူမလက်ထဲမှ ပုလဲလုံးလေးများ၏ အေးမြချောမွတ်သော အထိအတွေ့ကို ခံစားမိသောအခါ ပါးပြင်လေးများ နီမြန်းသွားကာ ခေါင်းငုံ့လျက် တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကိုရန်... ကျေးဇူးအများကြီး တင်ပါတယ်"
"တကယ်တော့ အစ်ကို ကျင့်ကျိုးကို လာမယ်ဆိုတာ သိရလို့ ကျွန်မ အရမ်းဝမ်းသာတာပါ။ အစ်ကို ကျန်းနန်နဲ့ ကျန်းပေါ်မှာ လောင်းကစားတွေလုပ်၊ ရန်ပွဲတွေဖြစ်နေတယ်လို့ ကြားရတိုင်း ကျွန်မ ဘယ်လောက် စိုးရိမ်နေရလဲ အစ်ကို မသိပါဘူး။ ဒါပေမဲ့ အဖေကတော့ အစ်ကိုက လူလည်ပဲ၊ ပြီးတော့... နည်းနည်းလည်း မျက်နှာပြောင်တိုက်တတ်တယ်တဲ့။ အဲဒါ အဖေပြောတာနော်၊ ကျွန်မပြောတာ မဟုတ်ဘူး။ သိုင်းလောကက အတော်ဆုံး လူတွေအားလုံး သေကုန်ရင်တောင် အစ်ကိုကတော့ ဘာမှမဖြစ်ဘူးလို့ အဖေက ပြောလို့ စိတ်အေးသွားရတာ။ ဒီတစ်ခါ လင်းကျင်ယီက ဦးလေးဒင်ရဲ့ ရတနာနဲ့ သိုင်းကျမ်းတွေ ရထားတယ်ဆိုတော့ အဖေက အစ်ကိုလည်း လာလိမ့်မယ်လို့ ပြောလို့ ကျွန်မ လိုက်လာခဲ့တာ။ တကယ်တော့ ကျွန်မက ရတနာတွေ၊ သိုင်းကျမ်းတွေကို စိတ်မဝင်စားပါဘူး။ ကျွန်မ အဓိက လာချင်တာက... ဟင်... သူ ဘယ်ရောက်သွားတာလဲ"
သူမ ခေါင်းမော့ကြည့်လိုက်သည့်အခါ ရန်ရှင်းကျိုးမှာ အိမ်ထဲသို့ ခပ်သွက်သွက် လှမ်းဝင်သွားခဲ့ပြီ ဖြစ်ပြီး ရွှေတိုက်နှင့် လင်းကျင်ယီတို့က ဆီးကြိုရန် ထွက်လာကြသည်ကို မြင်လိုက်ရသည်။
ရွှေစိမ့်မှာ စိတ်တိုတိုနှင့် မြေပြင်ကို ဆောင့်ကန်လိုက်ရာ လင်းအိမ်တော်ဝင်းအတွင်းရှိ အပြာရောင်အုတ်ခဲ နှစ်ချပ်ပင် ကွဲကြေသွားတော့သည်။ ထို့နောက် သူမသည် ရန်ရှင်းကျိုးနောက်သို့ စူပုပ်ပုပ်နှင့် ပြေးလိုက်သွားလေတော့သည်။
"ဟားဟား... အစ်ကိုရန် နောက်ဆုံးတော့ ရောက်လာပြီပဲ”
ရွှေတိုက်နှင့် လင်းကျင်ယီတို့သည် အတွင်းထဲမှ တစ်ပြိုင်နက် ထွက်လာကြသည်။ လင်းကျင်ယီ စကားမပြောရသေးမီ ရွှေတိုက်က အားရပါးရ ရယ်မောရင်း
"ဒီရက်ပိုင်း သိုင်းလောကသတင်းတွေမှာ မင်းအကြောင်းချည်းပဲ ကြားနေရတာ။ ဓားပြတွေကို ဖမ်းတယ်၊ အကျင့်ပျက် အရာရှိတွေကို သတ်တယ်၊ လောင်းကစားလုပ်တယ်... အဲဒါတွေထက် ပိုအံ့သြဖို့ကောင်းတာက လေ၊ ကျား၊ တိမ်၊ နဂါး ဆိုတဲ့ မြောက်ပိုင်းက အကျော်အမော် လေးဦးစလုံးနဲ့ မင်း တွေ့ဆုံခဲ့တာပဲ။ အပြင်လူတွေကတော့ မင်းတို့ အရှုံးအနိုင် မပေါ်ဘူးလို့ ပြောနေကြပေမဲ့ ငါ့အမြင်မှာတော့ မင်းကတော့ အရှုံးခံမယ့်လူ မဟုတ်ဘူးဆိုတာ သေချာတယ်"
"ဒါက မိတ်ဆွေအဖြစ် စမ်းသပ်ကြတာပါပဲ။ သူတို့က စီနီယာတွေဆိုတော့ သူတို့မျက်နှာပျက်မှာစိုးလို့ ကျွန်တော်လည်း မနိုင်ရဲပါဘူး။ ဒါပေမဲ့ ရှုံးလည်း မရှုံးချင်တာနဲ့... ဟဲဟဲ... သရေပဲ ဖြစ်အောင် ကစားခဲ့ရတာပါ"
ကျင့်ကျိုးမြို့မှ ထွက်ခွာလာပြီးကတည်းက ဖုန်းယွင်ချွမ်းက သူ့ကို အရင်တိုက်ခိုက်ခဲ့သဖြင့် ရန်ရှင်းကျိုးမှာ မကျေမနပ် ဖြစ်နေခဲ့သည်။ သူသည် ကလဲ့စားချေလိုစိတ် ပြင်းထန်သူဖြစ်ရာ မြောက်ပိုင်းသို့သွား၍ "လေ၊ ကျား၊ တိမ်၊ နဂါး" ဟူသော မြောက်ပိုင်းရဲ့ သူရဲကောင်းလေးဦးကို စိန်ခေါ်ကာ လက်စားချေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူသည် ဒင်ဒီယန်ကိုပင် အနိုင်ယူနိုင်ခဲ့သူ မဟုတ်ပါလော။ လမ်းဖြတ်ကို အသုံးပြုခဲ့သည်ဟု ဆိုသော်လည်း အစွမ်းမရှိလျှင် လမ်းဖြတ်ဆိုသည်မှာ အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် သူ မြောက်ပိုင်းသို့ သွားရောက် စိန်ခေါ်သောအခါ မည်သူမျှ ပေါ့ပေါ့တန်တန် မဆက်ဆံရဲကြချေ။
မြောက်ပိုင်းရဲ့ သူရဲကောင်းလေးဦးတွင် ဖုန်းယွင်ချွမ်းက အကြီးဆုံး ဖြစ်သည်။ ကျန်သုံးဦးမှာလည်း သိုင်းအစွမ်း ထူးချွန်ကြပြီး ဖုန်းယွင်ချွမ်းထက် မနိမ့်ကြပေ။ ဖုန်းယွင်ချွမ်းက အသက်ကြီး၍သာ ထိပ်ဆုံးက အမည်စာရင်း ပါဝင်နေခြင်း ဖြစ်ပြီး တကယ့် သိုင်းအစွမ်းအရမူ တောင်ပိုင်းရဲ့ သူရဲကောင်းလေးဦးထဲမှ လူထျန်းရွှူးကဲ့သို့ပင် အသက်အရွယ်ကြောင့်သာ ဦးစားပေးခံရခြင်း ဖြစ်သည်။
ရန်ရှင်းကျိုးသည် မြောက်ပိုင်းရဲ့ သူရဲကောင်းလေးဦးနှင့် အကြိမ်ကြိမ် ယှဉ်ပြိုင်ခဲ့ရာ အနိုင်မရခဲ့သော်လည်း အရှုံးလည်း မပေးခဲ့ပေ။ ဤသည်က မြောက်ပိုင်း သိုင်းလောက တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ယခင်က ဒင်ဒီယန်နှင့် တိုက်ပွဲမှာ တိုက်ဆိုင်မှုဟု ယူဆနိုင်သော်လည်း ယခုတစ်ကြိမ် မြောက်ပိုင်း၏ အကျော်အမော်များနှင့် အရှုံးမရှိ ယှဉ်ပြိုင်နိုင်ခြင်းမှာမူ သူ၏ တကယ့် သိုင်းအစွမ်းပင် ဖြစ်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်ပေသည်။
သတင်းများမှာ ကျန်းပေါ်ဒေသ တစ်ခွင်လုံး ပျံ့နှံ့သွားရာ ရွှေတိုက်လည်း ကြားသိခဲ့ရသည်။ သူသည် ရှေ့မှ ရန်ရှင်းကျိုးကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ လွန်ခဲ့သော လအနည်းငယ်က ကျန်းဇီမြစ်ပေါ်တွင် ရန်ရှင်းကျိုးနှင့် စတင်ဆုံတွေ့စဉ်က ရန်ရှင်းကျိုးမှာ မြစ်ကို ကူးခပ်နေသော သူရဲကောင်းလူငယ်လေး တစ်ဦးမျှသာ ဖြစ်သည်။
ထိုစဉ်က ရန်ရှင်းကျိုး၏ သိုင်းအစွမ်းမှာ ဝမ်ရှောင်ဖုန်းထက်ပင် သိပ်မသာသော်လည်း လပိုင်းအတွင်းမှာပင် သိုင်းလောက၏ ပထမတန်းစား အကျော်အမော် တစ်ဦး ဖြစ်လာရုံမျှမက ရွှေတိုက်နှင့်ပင် ရင်ဘောင်တန်းနိုင်လာခဲ့ပြီ။
ဒါပေမဲ့ သူက အသက် ဘယ်လောက်ရှိသေးလို့လဲ... ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် ဤသို့သော သိုင်းအစွမ်းကို ပိုင်ဆိုင်ထားခြင်းမှာ အမှန်တကယ်ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှပေသည်။
ယခင်က လူအများက ဝမ်ရှောင်ဖုန်းကို သူရဲကောင်းလူငယ်လေးဟု ချီးကျူးခဲ့ကြသော်လည်း ရန်ရှင်းကျိုးနှင့် ယှဉ်လိုက်ပါက ဝမ်ရှောင်ဖုန်းမှာ များစွာ မှေးမှိန်သွားရတော့သည်။
"ငါတို့လို လူအိုကြီးတွေကို အရှုံးမပေးဘဲ ယှဉ်ပြိုင်နိုင်ရုံတင်မကဘူး... မင်းက မာန်မာနလည်း မတက်ဘူး။ အစ်ကိုရန်... မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အထိ တည်ငြိမ်နိုင်တာက တကယ်ကို ချီးကျူးစရာပဲ ငါ မြင်ဖူးသမျှ ထူးချွန်တဲ့ လူငယ်တွေထဲမှာ မင်းက ထိပ်ဆုံးပဲ”
"စီနီယာ... ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ"
သူက လင်းကျင်ယီကို ကြည့်ကာ "အစ်ကိုလင်း... ဒီရက်ပိုင်း နေကောင်းရဲ့လား"
"မကောင်းပါဘူးဗျာ အစ်ကိုဒင်က အသေခံဖို့ ဆုံးဖြတ်ထားတော့ ကျွန်တော်လည်း မတားနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ မသေခင်မှာ ရှင်သန်ခြင်းအလင်းကျမ်းနဲ့ လျန်ချန်ကျမ်းစာ ကို ကျွန်တော့်ဆီ အပ်သွားတယ်။ ကျွန်တော်က ဒီလောက် တန်ဖိုးကြီးတာတွေကို ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ။ ကံကောင်းလို့ စီနီယာရွှေတို့ ကူညီပေးလို့သာပေါ့... မဟုတ်ရင် ကျွန်တော့်ဘဝလည်း ဘယ်လိုဖြစ်မလဲ မသိဘူး။ အစ်ကိုဒင် မသေခင်က သူ ခင်ဗျားအပေါ် အားနာမိတယ်လို့ ပြောပြီး တောင်းပန်တဲ့အနေနဲ့ ရှင်သန်ခြင်းအလင်းကျမ်း မိတ္တူတစ်စောင် ခင်ဗျားကို ပေးခိုင်းသွားတယ်။ အင်း... ပြီးတော့ ခင်ဗျား သေချာပေါက် ကြိုက်မယ့် နောက်ထပ် လက်ဆောင်တစ်ခုလည်း ရှိသေးတယ်"
"ဘာများလဲ"
"ကျွန်တော့်နောက် လိုက်ခဲ့ပါ"
သူက ရန်ရှင်းကျိုးကို အနောက်ဘက်ဥယျာဉ်သို့ ခေါ်သွားပြီး ကျောက်သားခုံပေါ်ရှိ ညှိုးနွမ်းနေသော ပန်းအိုးတစ်အိုးကို ညွှန်ပြကာ ပြောလိုက်သည်။
"အစ်ကိုဒင် ပြောသွားတာက... ဒီ ရွှေလှိုင်းပန်းအိုးက တစ်ဝက်လောက် ညှိုးနေပြီ။ ခင်ဗျား လိုချင်ရင် ယူသွားလို့ ရတယ်။ ဒါပေမဲ့ ဒီပန်းရဲ့ အကိုင်းနဲ့ အရွက်တွေက ကုန်သွားရင်တော့ ဘာမှ မကျန်တော့ဘူး။ ဒါက လက်ဆောင်အစစ်တော့ မဟုတ်သေးဘူးပေါ့"
ရန်ရှင်းကျိုးမှာ ဝမ်းသာသွားသည်။ သူ၏ ခရီးလမ်းတွင် အဆိပ်များ၊ လျှို့ဝှက်လက်နက်များနှင့် ထုံးမှုန့်များက များစွာ အထောက်အကူပြုခဲ့သော်လည်း ရွှေလှိုင်းပန်းမှာမူ အစွမ်းအထက်ဆုံးနှင့် လူဖမ်း၊ လူသတ်ရာတွင် အပြိုင်အဆိုင်မရှိသော လက်နက်တစ်ခု ဖြစ်သည်။ ဒင်ဒီယန်က ဤပန်းကို သူ့အား ပေးခဲ့ခြင်းမှာ သူ့အကြောင်းကို အမှန်တကယ်ပင် ကောင်းကောင်း သိရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ သူက ရှေ့ရှိ ရွှေလှိုင်းပန်းကို ကြည့်ကာ မေးလိုက်သည်။
"ဒီရွှေလှိုင်းပန်းထက် ပိုတန်ဖိုးရှိတဲ့ လက်ဆောင် ရှိသေးလို့လား"
"ရှိတာပေါ့! အစ်ကိုဒင် ပြောတာက... ခင်ဗျားကို ရွှေလှိုင်းပန်း ပေးရုံနဲ့ ဘာထူးမှာလဲ။ ဒါက ပန်းတစ်ပွင့်ပဲလေ၊ သုံးကုန်သွားရင် ကုန်ပြီပေါ့။ လူတစ်ယောက်ကို ငါးတစ်ကောင် ပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းတယ်..."
"မျိုးစေ့တွေလား... ဒါဆို လင်အိမ်တော်မှာ ရွှေလှိုင်းပန်း မျိုးစေ့တွေ ရှိတာပေါ့”
"အစ်ကိုရန်... ခင်ဗျားက တကယ်ကို ဉာဏ်ကောင်းတာပဲ။ ဟုတ်ပါတယ်။ အစ်ကိုဒင်ကတော့ ဒီရွှေလှိုင်းပန်းဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးအပင်မို့လို့ ဖျက်ဆီးပစ်သင့်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ သဘာဝတရားက ဖန်တီးထားတဲ့ ထူးခြားတဲ့ အရာတိုင်းမှာ အကြောင်းပြချက် ရှိရမယ်။ ငါတို့က အတင်းအဓမ္မ ဖျက်ဆီးပစ်လိုက်ရင် ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဆန့်ကျင်ရာ ရောက်လိမ့်မယ်။ ဒါကြောင့် ဒီမျိုးစေ့တွေကို တန်ဖိုးသိတဲ့လူဆီ ပေးလိုက်တာက ပိုကောင်းမယ်လို့ သူက ယူဆခဲ့တယ်။ တကယ်လို့ ခင်ဗျား စိုက်ပျိုးနိုင်ရင် ဒါက မမျိုးသုဉ်းသေးဘူးလို့ ဆိုရမယ်။ တကယ်လို့ မပေါက်လာဘူးဆိုရင်တော့ ကောင်းကင်ဘုံက ဒီအပင်ကို ဆက်ရှိဖို့ ခွင့်မပြုတော့ဘူးလို့ပဲ မှတ်ယူရမှာပဲ"
"တကယ်လို့ အစ်ကိုရန် ဒီလို ရှားပါးပြီး အဆိပ်ပြင်းတဲ့ အပင်ကို စိုက်ပျိုးနိုင်ခဲ့ရင် အကျိုးရှိရှိ သုံးပါ၊ မသင့်တော်တဲ့ လူတွေဆီ မရောက်ပါစေနဲ့။ မဟုတ်ရင် ဒုက္ခတွေ အဆုံးရှိမှာ မဟုတ်ဘူး"
"ကျွန်တော်လည်း ဒီအဆိပ်ကို အလွန်အကျွံ မသုံးရဲပါဘူး။ အများဆုံး ရန်သူကို ဖမ်းဖို့ပဲ သုံးမှာပါ။ လူသတ်ဖို့အထိတော့ မသုံးပါဘူး။ ဟဲဟဲ... တခြား အဆိပ်တွေ သုံးလို့ ရတာပဲ။ ပြီးတော့ ဖြေဆေးမရှိတဲ့ ဒီလောက် အဆိပ်ပြင်းတဲ့အရာကို သူများဆီ ဘယ်လိုလုပ် လက်ဆင့်ကမ်းဝံ့မလဲ။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို ပြန်သုံးရင် ဘယ်လိုလုပ်မလဲ"
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့"
ထိုသို့ ပြောပြီးနောက် သူက ပန်းအိုးဆီသို့ လျှောက်သွားကာ ရွှေလှိုင်းပန်းကို ယူပြီး ကြိုတင်တူးထားသော ကျင်းထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ဂေါ်ပြားနှင့် မြေမြှုပ်ပစ်လိုက်ကာ
"ကဲ... အခု ဒီပန်းကတော့ ပျက်စီးသွားပြီ။ ခင်ဗျားကို မျိုးစေ့တွေ ပေးမယ်။ စိုက်ပျိုးနိုင် မနိုင်ဆိုတာကတော့ ခင်ဗျားရဲ့ အစွမ်းနဲ့ ကံတရားအပေါ်မှာပဲ မူတည်တော့တယ်"
ရန်ရှင်းကျိုးမှာ ကြောင်သွားကာ "နေပါဦး... ကျွန်တော့်ကို ပေးမယ်ဆိုပြီး ဘာလို့ ပြန်ဖျက်ဆီးပစ်တာလဲ" ဟု မေးလိုက်တော့သည်။
***