အခန်း ၅၉
Vol. 6 Ch. 59
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၅၉) - ရူးသွပ်သူ၏ ညဉ့်နက်ဓားသွေးသံ
"တကယ်တော့ ကျွန်တော့်ရဲ့ အကြီးမားဆုံး ဆန္ဒကတော့ ညနေဆည်းဆာ အချိန်မှာ မြို့တံခါးဝမှာ ထိုင်ပြီး အစေခံတွေ ခြံရံလို့ လမ်းသွားလမ်းလာ အမျိုးသမီးလေးတွေကို နောက်ပြောင် ကျီစယ်ဖို့ပဲ..."
ရန်ရှင်းကျိုးသည် ရွှေစိမ့်နှင့် အဖွဲ့သားများ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရင်ထဲ၌ လွမ်းဆွတ်တသမှု အချို့ ဖြစ်ပေါ်လာသည်။
"ငါက လူဆိုးတစ်ယောက်လိုလည်း လွတ်လွတ်လပ်လပ် မနေနိုင်သလို၊ လူကောင်းတစ်ယောက် ဖြစ်ရတာကိုလည်း သိပ်ပြီး အားမရဘူး။ အင်း... ငါကတော့ တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ"
ရွှေစိမ့် ထွက်သွားပြီးနောက်မှ သူ ပိုင်ဆိုင်နိုင်ခဲ့သည့် သံယောဇဉ်တစ်ခုမှာ မပွင့်လန်းမီမှာပင် နွမ်းလျသွားခဲ့ရသည်ကို သူ သတိပြုမိလိုက်သည်။ ဤအသိက နှစ်အတော်ကြာအောင် လူပျိုကြီး ဖြစ်နေသည့် သူ့ကို စိတ်သက်သာရာ ရစေသလိုလိုရှိသော်လည်း တစ်ဖက်တွင်မူ နှမြောတသ ဖြစ်မိစေသည်။
"ဒီလောက် လိမ္မာတဲ့ ကောင်မလေးကို နှမြောဖို့ကောင်းလိုက်တာ... ဘယ်လို ဝက်ကောင်ကများ လာပြီး ခိုးစားသွားမလဲ မသိဘူး"
သူသည် သက်ပြင်းရှည်ကြီးကို တရှိုက်မက်မက် ချလိုက်ပြီးနောက် မြင်းကို မြောက်ဘက်သို့ ဦးတည်ကာ နှင်လိုက်လေတော့သည်။
ယခုတစ်ကြိမ်တွင် ကောင်းမှုလုပ်ခဲ့ပါလျက်နှင့် အစိုးရ၏ ဝရမ်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် သူသည် လက်ရှိ ဧကရာဇ်အပေါ် အလွန်အမင်း အမျက်ထွက်နေမိသည်။ ထို့ကြောင့် နန်းမြို့တော်သို့ သွားကာ အခြေအနေကို စုံစမ်းရန်နှင့် ဧကရာဇ်ကို မည်သို့ ကလဲ့စားချေရမလဲဆိုသည်ကို ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"မင်းက ငါ့ကို ခြောက်လှန့်တယ်ပေါ့... ဒါဆိုရင် ငါကလည်း မင်းကို ပြန်ပြီး ခြောက်လှန့်ပြရတာပေါ့"
သူသည် မြင်းကို အရှိန်ကုန်တင်နှင်၍ ပေကျင်းမြို့တော်သို့ တည့်တည့်မတ်မတ် ဦးတည်ခဲ့လေသည်။ ထိုအချိန်တွင် အင်ပါယာနန်းတော်မှာ ကာလရှည်ကြာ ငြိမ်းချမ်းနေသဖြင့် အရာရှိများမှာ ပျော်ပါးအပျော်အပါးမက်ကာ ထုံထိုင်းနေကြပြီ ဖြစ်သည်။ နန်းတော်အစောင့်တပ်မှာလည်း အလွန်အမင်း အင်အားချည့်နဲ့နေသည်။ လွန်ခဲ့သော ငါးနှစ်၊ ခြောက်နှစ်ခန့်ကဆိုလျှင် သာမန် စားဖိုမှူးတစ်ဦးက ထမင်းချက်ဓားတစ်ချောင်းကို ကိုင်ကာ ဧကရာဇ်၏ ရှေ့မှောက်သို့ အလွယ်တကူ ဝင်ရောက်ခဲ့ပြီး ဧကရာဇ်ကို သတ်ရန် ကြိုးစားခဲ့ဖူးသည်။ ထိုစဉ်က နန်းတွင်းကိုယ်ရံတော် တစ်ရာကျော်မှာ ကြောင်အသွားကြပြီး ငါးဦး၊ ခြောက်ဦးခန့်ကသာ တုံ့ပြန်နိုင်ကာ စားဖိုမှူးကို ဖမ်းဆီးနိုင်ခဲ့သည်။
နောက်ပိုင်းတွင်လည်း သူရဲကောင်းတစ်ဦးသည် နန်းတော်၏ ရှန်းဝူတံခါးဝမှ ဖြတ်သွားရင်း စိတ်ကူးပေါက်ကာ လှံတစ်ချောင်းဖြင့် နန်းတော်ထဲသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကိုယ်ရံတော် သုံးဦးကို ဒဏ်ရာရစေခဲ့ဖူးသည်။ နောက်ဆုံးတွင်မှ ကိုယ်ရံတော်များက ဝိုင်းဝန်းသတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသို့ ဖြစ်ရခြင်းမှာ ကိုယ်ရံတော်များသည် တာဝန်ကျချိန်တွင် သူတို့၏ ခါးကပ်ဓားများကို လေးလံသည်ဟု ယူဆကြပြီး ရှည်လျားသော လက်နက်များကိုမူ ပို၍ပင် လေးသည်ဟု တွေးထင်ကြသောကြောင့် ဖြစ်သည်။ မင်းညီမင်းသားများနှင့် ဝန်ကြီးများ လာရောက်စစ်ဆေးချိန်မှသာ ချပ်ဝတ်တန်ဆာ အပြည့်အစုံဖြင့် ဟန်ရေးပြကြပြီး ကျန်အချိန်များတွင်မူ သစ်သားဓား၊ သစ်သားလှံများကိုသာ ဟန်ပြ ကိုင်ဆောင်ထားတတ်ကြသည်။ နောက်ဆုံးတွင် သစ်သားလှံပင် လေးလံသည်ဟု ဆိုကာ သစ်သားဓားကိုသာ အမှတ်တမဲ့ ချထားတတ်ကြလေသည်။
နန်းတော်၏ လုံခြုံရေးမှာ မည်မျှအထိ ပေါ့လျော့နေသနည်းဆိုလျှင် သာမန်ပြည်သူများပင် နန်းတော်ထဲသို့ အလွယ်တကူ ကျူးကျော်ဝင်ရောက်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။
ဤကဲ့သို့ ကိစ္စရပ်များ ဖြစ်ပွားတိုင်း ဧကရာဇ်က အမျက်ရှလေ့ရှိသော်လည်း အရာရှိများမှာမူ သုံးရက်ခန့်သာ ကြောက်ရွံ့ဟန်ပြကြပြီးနောက် သူတို့၏ ပျင်းရိသော အကျင့်ဟောင်းအတိုင်း ပြန်လည် ပြုမူကြမြဲ ဖြစ်သည်။
ရန်ရှင်းကျိုး နန်းမြို့တော်သို့ ရောက်ရှိချိန်တွင် နန်းတော်၏ အပြင်ဘက် လုံခြုံရေးမှာ လုံးဝ မရှိသလောက်ပင် ဖြစ်နေသည်။ နန်းတော်အနီးတွင် နေထိုင်သူများသည် ဟင်းသီးဟင်းရွက် ဝယ်ရန် သို့မဟုတ် ရေခပ်ရန် သွားရာတွင် တားမြစ်ထားသော နန်းမြို့တော် ကို ဖြတ်လမ်းအဖြစ် အသုံးပြုနေကြသည်မှာ မည်သည့်မင်းဆက်တွင်မှ မရှိဖူးသော ထူးဆန်းသည့် ဖြစ်ရပ်ပင် ဖြစ်သည်။
ပို၍ ဆိုးဝါးသည်မှာ နန်းတွင်းသို့ ညီလာခံတက်ရန် လာကြသော မင်းညီမင်းသားများနှင့် ဝန်ကြီးများမှာ မကြာခဏဆိုသလို လုယက်ခံနေရခြင်းပင် ဖြစ်သည်။ သူတို့၏ အဝတ်အစားများ ဆွဲဖြတ်ခံရခြင်း၊ ငွေစက္ကူနှင့် ငွေဒင်္ဂါးများ အခိုးခံရခြင်းတို့ကြောင့် အရာရှိများမှာ ညီလာခံတက်ရန်ပင် ကြောက်ရွံ့နေကြရသည်။ နန်းတော်၏ လုံခြုံရေးမှာ ဤမျှအထိ ပေါ့လျော့နေသည်မှာ ယုံနိုင်စရာပင် မရှိချေ။ ရန်ရှင်းကျိုးသည် နန်းမြို့တော်၌ ဆယ်ငါးရက်ခန့် နေထိုင်ကာ နန်းတွင်းကိုယ်ရံတော်များ၏ အခြေအနေကို သေချာစွာ စုံစမ်းစစ်ဆေးခဲ့သည်။ သူ ပို၍ သိလာလေလေ၊ ပို၍ အံ့သြမိလေလေ ဖြစ်ရသည်။
"နန်းတော် ကိုယ်ရံတော်တွေ ဒီလောက် ပေါ့လျော့နေတာက သူတို့ကြောင့် မဟုတ်ဘဲ ဧကရာဇ်ကြောင့်ပဲ ဖြစ်ရမယ် တကယ်လို့ ဧကရာဇ်ကသာ ထက်မြက်ပြီး အာဏာရှိမယ်ဆိုရင် ဒီကိုယ်ရံတော်တွေနဲ့ ဝန်ကြီးတွေဟာ ဒီလောက်အထိ ပေါ့ဆရဲမှာ မဟုတ်ဘူး။ မဟုတ်ရင် သူတို့ရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အသတ်ခံရမှာပေါ့။ အခုတော့ ဧကရာဇ်ရဲ့ ရာထူးကတောင် သိပ်ပြီး မခိုင်မြဲတော့ဘူး ထင်တယ်"
သူသည် ရွှေဆင်းတုတော်ကြီး တစ်ခုလုံးကို ငွေနှင့် ရိက္ခာအဖြစ် လဲလှယ်ကာ ဘေးဒုက္ခသည်များကို ကယ်ဆယ်ခဲ့ပါလျက်နှင့် ဧကရာဇ်က သူ့ကို ဝရမ်းထုတ်ခဲ့သည်။ သူ မည်မျှအထိ အမျက်ထွက်နေမည်ကို မှန်းဆကြည့်နိုင်ပေသည်။ သူသည် ဧကရာဇ်နှင့် စကားပြောရန် နန်းမြို့တော်သို့ လာခဲ့ခြင်းဖြစ်ရာ ကိုယ်ရံတော်များ၏ ပေါ့လျော့မှုကို မြင်သောအခါ သူ အလွန်ပင် ဝမ်းသာသွားမိသည်။
ရက်အနည်းငယ်အကြာ နံနက်အစောပိုင်းတွင် သူသည် မနက်စာ ရောင်းသူတစ်ဦးကို ရိုက်နှက်ကာ သတိမေ့သွားစေပြီးနောက် ထိုသူ၏ တွန်းလှည်းကို ယူကာ အီကြာကွေး၊ ပဲပြားနို့နှင့် အခြား မနက်စာများကို တင်ဆောင်၍ နန်းတော်သို့ ဦးတည်ခဲ့လေသည်။
ဤနန်းတော်၌ ဝန်ကြီးများသည် နံနက်အစောကြီး ညီလာခံတက်ရသဖြင့် မနက်စာ စားချိန်ပင် မရှိကြပေ။ ကြာလာသောအခါ သူတို့ မခံနိုင်ကြတော့သဖြင့် နောက်ပိုင်းတွင် နန်းတော်အတွင်း၌ မနက်စာ ရောင်းချခွင့် ပြုခဲ့သည်။ ရောင်းချသူများသည် ခါးချိတ်အမှတ်တံဆိပ်များဖြင့် ဝင်ထွက်သွားလာနိုင်ကြသည်။
ရန်ရှင်းကျိုး ရိုက်နှက်ခဲ့သော လူမှာ နန်းတော်အတွင်း မနက်စာ သွားရောက်ရောင်းချသူ ဖြစ်သည်။ သူသည် တွန်းလှည်းကို တွန်းကာ တားမြစ်ထားသော နန်းမြို့တော် ဆီသို့ တန်းတန်းမတ်မတ် လာခဲ့သည်။ တံခါးဝသို့ ရောက်သောအခါ ကိုယ်ရံတော်တစ်ဦးက သူ့ကို တားဆီးကာ မေးလိုက်၏။
"ဟေ့... အဘိုးကြီး ဆန်း ဘယ်မှာလဲ။ သူ ဘာလို့ ဒီနေ့ မလာတာလဲ"
"ဒီနေ့ ပဲပြားကြိတ်နေတုန်း ပဲပြားဆိုင်က မြည်းက ငါ့တူကို ကန်လိုက်လို့လေ။ သူ့ရဲ့ ပေါင်ကြားကို အရှိန်နဲ့ ထိသွားတာဆိုတော့ နာလွန်းလို့ ကျွန်တော့်ကိုပဲ အစားလာရောင်းပေးဖို့ အတင်းတောင်းပန်နေလို့ လာခဲ့တာပါ"
"တောက်... မင်းက အသက် ဘယ်လောက်ရှိပြီမို့လို့လဲ။ အဘိုးကြီး ဆန်းက အသက် ငါးဆယ်ရှိနေပြီကို... မင်းက ဘာလို့ သူ့ကို တူလို့ ခေါ်နေတာလဲ"
"သူက အသက်ကြီးပေမဲ့ ကျွန်တော်က မျိုးဆက် ပိုမြင့်တာလေ အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ အစဉ်အဆက်အရဆိုရင် သူ့ကို တတိယမြောက် မြေးလို့တောင် ခေါ်ရမှာ။ ဒါပေမဲ့ ကျွန်တော်တို့က ဆွေမျိုးတွေမှ မဟုတ်တာ... သူ့ကို အဲဒီလောက်အထိ နှိမ်သလို ဖြစ်မှာစိုးလို့ပါ... ဟဲဟဲ"
သူက စကားပြောရင်းနှင့်ပင် ပဲပြားနို့ အချို့ကို ပန်းကန်ထဲသို့ ကျွမ်းကျင်စွာ ထည့်ကာ ကိုယ်ရံတော်များထံ ကမ်းပေးလိုက်သည်။
"ညီအစ်ကိုတို့... တာဝန်ကျနေရတာ ပင်ပန်းနေမှာပေါ့။ ကျွန်တော့် တူရဲ့ လက်ရာလေးကို မြည်းကြည့်ကြပါဦး"
"အစ်ကို... မင်းက အဘိုးကြီး ဆန်းထက် အများကြီး ပိုပြီး ရက်ရောတာပဲ အဲဒီ အဘိုးကြီးက နန်းတော်ကို လာနေတာ ကြာလှပြီ... ငါတို့ကို တစ်လုပ်တောင် မကျွေးဖူးဘူး။ ငါတို့ ဘယ်လောက် ဗိုက်ဆာနေလဲဆိုတာ သူ လုံးဝ မသိဘူး... တကယ့်ကို ကျေးဇူးကန်းတဲ့လူပဲ”
"ကျွန်တော် ပြန်ရောက်ရင် သူ့ကို သေချာ ဆုံးမလိုက်ပါ့မယ်။ နောက်ဆိုရင် ကျွန်တော် တံခါးက ဖြတ်တိုင်း ညီအစ်ကိုတို့အတွက် စားစရာတွေ ချန်ထားခဲ့ပါ့မယ်။ မနက်စာလေး နည်းနည်းပါးပါးပဲဟာ... ဘာအရေးလဲ"
စားသောက်ပြီးနောက် ကိုယ်ရံတော် အချို့မှာ သူ့ကို ကူညီ၍ တွန်းလှည်းကို နန်းတော်ဝင်း တစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ရန်ရှင်းကျိုးသည် ဆိုင်ခင်းလိုက်ပြီးနောက် တွန်းလှည်းဘေးရှိ ပိုက်ဆံသေတ္တာနားတွင် သစ်သားဆိုင်းဘုတ်ကြီးတစ်ခုကို စိုက်ထူလိုက်သည်။ ထိုဆိုင်းဘုတ်တွင် "ကိုယ့်ဘာသာကိုယ် ခပ်စားပါ၊ ပိုက်ဆံကိုတော့ သေတ္တာထဲ ထည့်ခဲ့ပါ" ဟု ရေးထားသည်။
ပစ္စည်းများကို စီစဉ်ပြီးနောက် သူသည် ဗိုက်ကို နှိပ်ကာ ကိုယ်ရံတော်တစ်ဦးထံ ပြေးသွားပြီး ပြောလိုက်သည်။
"ဆရာကြီး... ကျွန်တော့်ဗိုက်ထဲက တအား ရစ်နာနေလို့ ဒီနားမှာ အိမ်သာ ဘယ်မှာရှိလဲခင်ဗျာ"
"မင်းကလည်း... ဘာလို့ နန်းတော်ထဲရောက်မှ အောင့်မထားနိုင်ဘဲ ပါချင်နေရတာလဲ"
"ဆရာကြီးရယ်... လူဆိုတာ အပေါ့အပါး သွားရတာပဲလေ။ ကျွန်တော်လည်း မထိန်းနိုင်လို့ပါ"
"အတွင်းထဲကို သွား ထောင့်ချိုးကနေ လှမ်းလျှောက်သွားရင် အိမ်သာကို တွေ့လိမ့်မယ်"
ရန်ရှင်းကျိုးက တဖွဖွ ကျေးဇူးတင်ကာ မီးခိုးတန်းလေးတစ်ခုအလား အိမ်သာရှိရာသို့ ပြေးထွက်သွားလေတော့သည်။ အိမ်သာသို့ ရောက်သောအခါ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မည်သူမျှ မရှိသည်ကို သေချာစေမှ အဝတ်အစားများကို ပြောင်းပြန်လှန်လိုက်ရာ အနက်ရောင် ညဝတ်တန်ဆာ ဖြစ်သွားတော့သည်။ ထို့နောက် သူသည် နန်းတော်တံတိုင်းကို ကျော်ဖြတ်ကာ အတွင်းနန်းဆောင်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။ နန်းတော်ကိုယ်ရံတော်များသည် နှစ်နာရီခြား တစ်ခါ ကင်းလှည့်ချိန် ပြောင်းလဲလေ့ရှိရာ ယခုအချိန်မှာ ကင်းလဲချိန် ဖြစ်ပေသည်။ တာဝန်ပြီးဆုံးသော ကိုယ်ရံတော်မှာ သမ်းဝေကာ အလျင်အမြန် ထွက်ခွာသွားပြီး တာဝန်သစ် ယူမည့်သူမှာမူ ပျင်းရိစွာဖြင့် လာနေဆဲ ဖြစ်သည်။ ကင်းပြန်စရန် အနည်းဆုံး ဆယ်ငါးမိနစ်ခန့် လိုသေး၏။
ရန်ရှင်းကျိုးသည် ဤအချက်ကို သေချာစွာ စုံစမ်းထားပြီး ဖြစ်သည်။ သူသည် တံတိုင်းခြေရင်းမှနေ၍ ကိုယ်ကို နှိမ့်ကာ လက်ရှိ ဧကရာဇ် နေထိုင်ရာ ယန်ရှင်းခန်းမဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။ ထိုအချိန်တွင် ဧကရာဇ်သည် နဂါးခုတင်ပေါ်မှ နိုးထလာကာ နန်းတွင်းသူများနှင့် မိန်းမစိုးများက ဝတ်ရုံတော် ဆင်မြန်းပေးနေကြသည်။
ဧကရာဇ်သည် အသက် လေးဆယ်ကျော်အရွယ် ဖြစ်ပြီး မျက်အိတ်များ ဖောင်းနေကာ နွမ်းလျသော ပုံစံရှိသည်။ သူသည် နိုင်ငံခြားမှ ဆက်သထားသော မှန်အပြည့်ကြီး၏ ရှေ့တွင် ရပ်ကာ မိမိကိုယ်ကိုယ် အတန်ကြာ စိုက်ကြည့်နေမိသည်။ ထို့နောက် သူက သက်ပြင်းချကာ မေးလိုက်၏။
"လုပေါင်... မင်း ဒီရက်ပိုင်း ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ နာမည်ကျော် ဓားပြအကြောင်း ကြားမိလား"
မိန်းမစိုးကြီး လုပေါင်က ခေါင်းငုံ့လျက် တိုးတိုးလေး ဖြေကြားသည်။
"အမှန်အတိုင်း ပြောရရင် အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ မိသားစုဝင်တွေဆီက စာတွေထဲမှာလည်း ဒီလူအကြောင်း ပါပါတယ်။ သူက လျန်ဧကရာဇ် ဝူတီးရဲ့ ရတနာတွေကို တူးဖော်ပြီး ရှန်းသုန်းနဲ့ ဟဲနန်က ဘေးဒုက္ခသည်တွေအတွက် ငွေနဲ့ ရိက္ခာတွေအဖြစ် လဲလှယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လူအများက သူ့ကို အိမ်တိုင်းက ကိုးကွယ်ရမယ့် လူဝတ်ကြောင် ဘုရားလောင်း လို့ တင်စားကြပြီး သိုင်းလောကမှာတော့ သူရဲကောင်းကြီး ရန်ရှင်းကျိုး လို့ လူသိများပါတယ်"
"သူရဲကောင်းကြီး ဟုတ်လား... နာမည်ပျက်ရှိတဲ့ ဓားပြတစ်ယောက်က သူ့ကိုယ်သူ သူရဲကောင်းလို့ ခေါ်ရဲတာလား။ အနည်းငယ် ကူညီရုံနဲ့တင် လူကောင်း ဖြစ်သွားရောလား။ ပြည်သူတွေက တကယ်ကို မိုက်မဲကြတာပဲ”
ထိုစဉ်မှာပင် မှန်ထဲ၌ လူတစ်ဦး၏ ပုံရိပ်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး ဧကရာဇ်၏ နောက်ဘက်မှ ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
"အဲဒီလိုလား... ဒါဆိုရင် ဘယ်လိုလူမျိုးကမှ သူရဲကောင်းကြီး လို့ အခေါ်ခံထိုက်တာလဲ... ပြောပါဦး"
***