အခန်း ၆၀
Vol. 6 Ch. 60
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၆၀) - တော်ဝင်ကြယ်တာရာ ယိမ်းယိုင်ခြင်းနှင့် စစ်နတ်ဘုရားကြယ် အရှိန်အဝါတောက်ခြင်း
"မင်း... မင်းက ဘယ်သူလဲ..."
"လုပ်ကြံသူ... လုပ်ကြံသူ ရှိနေတယ်"
ဘုန်း... ဘုန်း... ဘုန်း...
ရန်ရှင်းကျိုး၏ လက်သီးများမှာ လေအဟုန်အလား လျင်မြန်လှပေသည်။ သူသည် ကြမ်းပြင်ပေါ်သို့ အသာအယာ ဆင်းသက်လိုက်ပြီးနောက် တစ္ဆေတစ်ကောင်အလား လှုပ်ရှားသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အခန်းထဲရှိ လူအားလုံးကို သတိမေ့သွားအောင် လုပ်ဆောင်လိုက်တော့သည်။ ထို့နောက် သူက ကြိုတင်ပြင်ဆင်လာသော အဝတ်အိတ်ကြီးကို ထုတ်ကာ ဧကရာဇ်၏ ခေါင်းမှ စွပ်ချလိုက်ပြီး ဂုတ်ခွ၍ ပခုံးပေါ် ထမ်းတင်လိုက်ပြီး တံတိုင်းကို ခုန်ကျော်ကာ အပြင်ဘက်ရှိ မနက်စာဆိုင်ဆီသို့ အပြေးအလွှား ပြန်လာခဲ့လေတော့သည်။
မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ သူ၏ တွန်းလှည်းနားသို့ ပြန်ရောက်လာခဲ့သည်။ ကောင်းကင်မှာ မှောင်နေဆဲ ဖြစ်ပြီး ဆိုင်တည်ရှိရာ နေရာမှာလည်း အတန်ငယ် ဆိတ်ငြိမ်လှသဖြင့် မည်သည့် အရာရှိမျှ မနက်စာ လာမဝယ်ကြသေးပေ။
ရန်ရှင်းကျိုးသည် လျှပ်စီးအလား မြန်ဆန်သော အရှိန်ဖြင့် တွန်းလှည်းနားသို့ ပြေးသွားကာ အဖုံးကို ကန်ဖွင့်ပြီး အိတ်ကို အတွင်းထဲသို့ ပစ်ထည့်လိုက်သည်။ ယခုအခါ ဧကရာဇ်မှာ သူ၏ အစီရင်ဖြင့် ကိုယ်လက်လှုပ်ရှား၍ မရသလို အသံလည်း မထွက်နိုင်တော့ပေ။ အနည်းဆုံး တစ်နာရီခန့်တော့ ဤအတိုင်း နေရပေလိမ့်မည်။
ခဏအကြာတွင် အရာရှိများမှာ မနက်စာ စားရန် ရောက်ရှိလာကြတော့သည်။ ရန်ရှင်းကျိုးက စားပွဲနှင့် ကုလားထိုင်များကို ခင်းကျင်းပေးကာ ကိုယ်ကို ကိုင်းညွှတ်လျက် ရိုရိုသေသေဖြင့် စားစရာများ ချပေးပြီး ပိုက်ဆံ သိမ်းနေလေသည်။
သူသည် မိုးလင်းသည့်တိုင်အောင် အလုပ်များနေခဲ့ပြီး စားစရာများ စောစောစီးစီး ကုန်သွားသောအခါ ဆိုင်ကို အေးအေးလူလူ သိမ်းလိုက်တော့သည်။ သူသည် တွန်းလှည်းကို တွန်းကာ နန်းတော်တံခါးဝသို့ ရောက်သောအခါ ကိုယ်ရံတော်များနှင့် ခဏမျှ စနောက် စကားပြောပြီးနောက် နန်းမြို့တော် မှ အေးအေးဆေးဆေး ထွက်ခွာလာခဲ့သည်။
နန်းမြို့တော်အပြင်ဘက်ရှိ တံတားငယ်လေး တစ်ခုအနားသို့ ရောက်သောအခါ သူသည် သတိမေ့နေသော မနက်စာ ရောင်းသူ အဘိုးကြီးကို ဆွဲထုတ်ကာ အဝတ်အစားများ ပြန်လဲပေးပြီး ငွေဒင်္ဂါးအချို့ကို လက်ထဲသို့ ထည့်ပေးခဲ့သည်။ ထို့နောက် တွန်းလှည်းပေါ်မှ အိတ်ကြီးကို ပခုံးပေါ် ထမ်းတင်ကာ မြို့မတံခါးကြီးဆီသို့ လျှောက်လှမ်းသွားတော့သည်။
တောင်ဘက် မြို့တံခါးသို့ ရောက်သောအခါ သူသည် လျှပ်တပြတ် လှုပ်ရှားလိုက်ပြီး တံခါးစောင့် ကိုယ်ရံတော်များအားလုံးကို အပ်စိုက်မှတ် ထိုးနှက်၍ အစွမ်းမဲ့သွားအောင် လုပ်ဆောင်လိုက်သည်။
မြို့တံခါးမှာ ပွင့်မလာသေးပေ။ ရန်ရှင်းကျိုးက ကိုယ်ရံတော်ထံမှ သော့ကိုယူကာ မြို့တံခါးကြီးကို ကိုယ်တိုင် ဖွင့်လှစ်လိုက်သည်။
ထို့နောက် သူသည် ကြိုးတစ်ချောင်းကို ထုတ်ကာ ဧကရာဇ်ကို အိတ်ထဲမှ ဆွဲထုတ်ပြီး မြို့တံခါးဝတွင် တွဲလောင်း ဆွဲထားလိုက်တော့သည်။ သူက သားရေနှင်တံကို ထုတ်၍ တစ်ချက် ဝှေ့ယမ်းလိုက်ရာ သားရေနှင်တံမှာ လေထဲ၌ ဖြောင့်တန်းသွားကာ ဧကရာဇ်၏ ရင်ဘတ်ကို ထိမှန်သွား၏။ အတွင်းအားများ ရိုက်ခတ်သွားသဖြင့် ဧကရာဇ်၏ ကိုယ်ခန္ဓာမှာ တုန်ခါသွားပြီး သတိပြန်လည်လာတော့သည်။ သို့သော် သူ၏ အသံထွက် အပ်စိုက်မှတ်မှာ ပိတ်ထားဆဲ ဖြစ်သဖြင့် စကားမပြောနိုင်ဘဲ မျက်လုံးထဲ၌သာ အမျက်ဒေါသနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။
ထိုအချိန်တွင် မြို့တံခါး ပွင့်သည်ကို စောင့်နေကြသော လူအုပ်ကြီးမှာ စုဝေးရောက်ရှိနေပြီ ဖြစ်သည်။ ရန်ရှင်းကျိုးက လူတစ်ယောက်ကို မြို့တံခါးတွင် ဆွဲတင်ထားသည်ကို မြင်သောအခါ အားလုံးက စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြ၏။ လူတစ်ယောက်က လှမ်းမေးလိုက်သည်။
"လုလင်... ဒီလူက ဘာအပြစ်တွေ လုပ်ထားလို့ ဒီလို ဆွဲထားရတာလဲ"
"ဒီလူက ရူးနေတာဗျ။ နေရာတကာမှာ သူကိုယ်သူ ဧကရာဇ်ပါဆိုပြီး လျှောက်ပြောနေလို့လေ။ သူက ရူးနေတယ် ဆိုပေမဲ့လည်း ဒီလိုမျိုး မဆင်မခြင် ပြောဆိုတာက ရာဇဝတ်မှုပဲ မဟုတ်လား။ ဒါကြောင့် မြို့တံခါးမှာ ဆွဲထားပြီး လူအများ ရှေ့မှာ နှင်တံနဲ့ ရိုက်ပြီး သူ့အပြစ်ကို ပေးဆပ်ခိုင်းနေတာပါ"
"မင်းက တောက်တောက်... နောက်ကို ဒီလိုမျိုး စကားတွေ လျှောက်ပြောရဲသေးလား"
ဖြန်း...။
နှင်တံချက်သည် ဧကရာဇ်၏ ကိုယ်ပေါ်သို့ ကျရောက်သွားရာ အဝတ်အစားများ ဆွဲဖြတ်ခံလိုက်ရပြီး သွေးစိမ်းရှင်ရှင် ထွက်သွားသော ဒဏ်ရာတစ်ခု ပေါ်ထွက်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် နှင်တံမှ အတွင်းအားက ဧကရာဇ်၏ အသံထွက် အပ်စိုက်မှတ်ကို ပွင့်သွားစေခဲ့သည်။ ဧကရာဇ်မှာ အမျက်ချောင်းချောင်း ထွက်သွားပြီး အော်ဟစ်လိုက်တော့သည်။
"မင်းက ဘယ်သူလဲ... ငါ့ကို ဒီလိုမျိုး ရိုက်ရဲတာလား။ ဒီကမ္ဘာပေါ်မှာ ငါ့ကို ရိုက်နိုင်တဲ့ နှင်တံဆိုတာ ရှိလို့လား"
"မရှိလို့ရမလား... မင်းလို အာဏာရှင်ရဲ့ တစ်ပြည်လုံးမှာ လူတွေ ငတ်ပြတ်နေပြီး ငရဲကျသလို ခံစားနေရတာကို... ငါက ကိုယ့်ပိုက်ဆံနဲ့ကိုယ် လူတွေကို ကူညီနေတာတောင် မင်းက ငါ့ကို ဖမ်းဖို့ လုပ်ရသေးတယ် ဒီနေ့တော့ ငါ ရန်ရှင်းကျိုးက ပြည်သူတွေရဲ့ ကိုယ်စား မင်းလို ကောင်ကို နှင်တံနဲ့ ပညာပေးရမယ်"
ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် သူသည် သူပိုင်ဆိုင်သော ရွှေဒင်္ဂါး သောင်းနှင့်ချီသည့် ရတနာများကို ငွေနှင့် ရိက္ခာအဖြစ် ပြောင်းလဲခဲ့ရသည်။ သူသည် အမှန်တကယ်ပင် နှမြောတသ ဖြစ်ခဲ့ရသည်။ သို့သော် နန်းတော်က ကျေးဇူးတင်မည့်အစား သူ့ကို ဖမ်းဆီးသတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းကို သူ သည်းမခံနိုင်ခဲ့ပေ။
သူသည် အရှုံးမခံတတ်သော လူစားမျိုး ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ပိုက်ဆံလည်း ကုန်၊ အပြစ်လည်း အတင်ခံရသဖြင့် သူသည် ဒေါသအိုး ပေါက်ကွဲနေပြီး သူ၏ အငြိုးအတေးကို နောက်တစ်နေ့အထိတောင် အောင့်မထားနိုင်ဘဲ ချက်ချင်း ကလဲ့စားချေခြင်းဖြစ်သည်။ သူသည် လက်ထဲမှ သားရေနှင်တံကို မြှောက်လိုက်ရာ ရင်ထဲ၌ ကျေနပ်ပီတိ ဖြစ်မှုများ ခံစားလိုက်ရသည်။
"မင်းရဲ့ အစိုးရက အသုံးမကျလို့ ငါက အကျင့်ပျက် အရာရှိတွေကို သတ်ရတာ။ မင်းသာ မင်းရဲ့ အရာရှိတွေကို ထိန်းချုပ်နိုင်ပြီး လောကကြီးကို ငြိမ်းချမ်းအောင် လုပ်နိုင်မယ်ဆိုရင် ငါက ဘာလို့ ကိုယ့်အသက်ကို ရင်းပြီး အရာရှိတွေကို သတ်နေမှာလဲ။ ငါ ဘာလို့ ဘေးဒုက္ခသည်တွေကို ပိုက်ဆံကုန်ခံပြီး ကူညီနေမှာလဲ။ မင်းသာ ဧကရာဇ်တစ်ယောက်အနေနဲ့ ထက်မြက်မယ်ဆိုရင် ပြည်သူတွေ နေစရာမဲ့ ဖြစ်နေမှာ မဟုတ်သလို အကျင့်ပျက် အရာရှိတွေကလည်း ရိက္ခာတွေကို ခိုးယူစားသောက်နေမှာ မဟုတ်ဘူး။ ဒါတွေက ငါနဲ့ ဘာဆိုင်လို့လဲ"
ရန်ရှင်းကျိုးက ကျိန်ဆဲရင်း နှင်တံဖြင့် ဆက်တိုက် ရိုက်နှက်လိုက်ရာ ဧကရာဇ်၏ တစ်ကိုယ်လုံးတွင် သွေးစိမ်းရှင်ရှင် ထွက်နေသော ဒဏ်ရာများ ပြည့်နှက်သွားပြီး နာကျင်စွာ အော်ဟစ်နေတော့သည်။
"ပုန်ကန်မှုပဲ... ဒါက ပုန်ကန်မှုပဲ မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့... ငါ မင်းရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကို သတ်ပစ်မယ်! မင်းကို အရှင်လတ်လတ် အသားလွှာပြီး သတ်စေမယ်”
"ဟေ့... ဒီလို အချိန်မှာတောင် မင်းက ခေါင်းမာနေသေးတာလား။ ငါ မင်းကို နောင်တရအောင် လုပ်ပြမယ်" ဟု ဆိုကာ...
"ရွှပ်... ရွှပ်... ရွှပ်..."
နှင်တံချက်များ ထပ်မံ ကျရောက်သွားရာ ဧကရာဇ်မှာ တစ္ဆေတစ်ကောင်လို နာကျင်စွာ ဟောင်ဟစ်နေတော့သည်။ သူသည် မာန်မာနများ မထားနိုင်တော့ဘဲ ငိုယိုကာ အသနားခံလိုက်ရသည်။
"သူရဲကောင်းကြီး... သူရဲကောင်းကြီး ငါတို့ ကောင်းကောင်း စကားပြောကြရအောင်ပါ။ ဘာလို့ ဒီလောက်အထိ ဒေါသထွက်နေရတာလဲ။ မင်းမှာ ဘာအခက်အခဲပဲ ရှိရှိ... ငါ ဖြေရှင်းပေးပါ့မယ်"
"မင်းက ငါ့အတွက် ဖြေရှင်းပေးမယ် ဟုတ်လား။ မင်းကိုယ်မင်း သတ်သေမလို့လား။ မင်း ငါ ဘယ်သူလဲဆိုတာတောင် သိလို့လား"
ဘေးမှ ကြည့်နေသော လူအုပ်ကြီးမှာ အစပိုင်းတွင် ရန်ရှင်းကျိုးက ရူးသွပ်သူတစ်ဦးကို လူပုံအလယ်တွင် ဆုံးမနေသည်ဟု ထင်ခဲ့ကြသော်လည်း နားထောင်ရင်းနှင့် အခြေအနေမှာ မဟန်တော့ပေ။ အရိုက်ခံနေရသော လူ၏ စကားများကို ကြားရသောအခါ သူတို့မှာ အံ့သြတုန်လှုပ်သွားကြပြီး တိုးတိုးတိတ်တိတ် ပြောဆိုနေကြတော့သည်။
"သူက တကယ်ပဲ ရူးနေတာပဲ... အခုထိ သူ့ကိုယ်သူ ဧကရာဇ်လို့ ထင်နေတုန်းပဲ"
"ဒါပေမဲ့ ဒီနှင်တံကိုင်ထားတဲ့ လူငယ်ပြောတာကလည်း တစ်မျိုးပဲနော်။ သူပြောတာတွေက ဧကရာဇ်ကို စော်ကားနေသလိုပဲ..."
"မကောင်းတော့ဘူး လူကြီးမင်းတို့... ငါတို့ ဒီကနေ မြန်မြန် ဝေးဝေးသွားကြရအောင်"
"သွားစို့... သွားစို့... ဒီနားမှာ မနေတာ အကောင်းဆုံးပဲ"
"ငါက တကယ့် မိုးနတ်မင်းရဲ့ သားတော် အစစ်ပါ ဒီလူက နာမည်ကျော် ဓားပြ ရန်ရှင်းကျိုးပဲ... မင်းတို့ ဘာလို့ သူ့ကို ဖမ်းပြီး ငါ့ကို မကယ်ကြတာလဲ"
ထိုစကားကို ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ ခြေလှမ်းများကို ပို၍ မြန်အောင် ပြေးထွက်သွားကြတော့သည်။ ဤကဲ့သို့သော စော်ကားမော်ကား စကားများကို မည်သူမျှ မပတ်သက်ဝံ့ကြပေ။ ဧကရာဇ်ကို သွေးစိမ်းရှင်ရှင် ထွက်အောင် ရိုက်နှက်ပြီးနောက် ရန်ရှင်းကျိုးသည် ကျေနပ်စွာ ရယ်မောလိုက်သည်။
"လောကကြီး ငြိမ်းချမ်းပြီး ပြည်သူတွေ ကျန်းမာနေမယ်ဆိုရင် သစ္စာဖောက်တွေက ဘယ်လိုလုပ် အခွင့်ကောင်းယူနိုင်မှာလဲ။ မင်းက ဧကရာဇ် ဖြစ်ပေမဲ့ အညစ်အကြေးပုံကြီးလိုပဲ ပုပ်စော်နံနေတာ။ မင်း ရာထူးကနေ ဆင်းပြီး တကယ့် ထိုက်တန်တဲ့လူကို ပေးလိုက်တာက ပိုကောင်းမယ်"
"မင်း ဘာလုပ်မလို့လဲ။ ရန်ရှင်းကျိုး... မင်းသာ ငါ့ကို သတ်လိုက်ရင် လောကကြီးမှာ ပြဿနာတွေ တက်ပြီး လူတွေ အများကြီး သေရလိမ့်မယ်။ ဒါတွေက မင်းရဲ့ အပြစ်တွေ ဖြစ်ကုန်မှာနော် မင်း... မင်း ငါ့ကို သတ်လို့ မဖြစ်ဘူး"
ရန်ရှင်းကျိုးက အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ လက်ထဲမှ သွေးရောင်ဓားမှာ သွေးရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဧကရာဇ်ဆီသို့ ဝှစ်ခနဲ ပျံသန်းသွားတော့သည်။ ဧကရာဇ်မှာ နာကျင်စွာ အော်ဟစ်လိုက်၏။
သူသည် စည်းစိမ်ဥစ္စာများကြားတွင် နေထိုင်ခဲ့သူ ဖြစ်သော်လည်း ယနေ့တွင်မူ မကြုံစဖူး အရှက်ရမှုများကို ခံစားနေရသည်။ ပထမဆုံး ပြန်ပေးဆွဲခံရသည် အရိုက်ခံရသည် ယခုမူ ရူးသွပ်သူ ရန်ရှင်းကျိုးက သူ့ကို သတ်ရန် ကြိုးစားနေပြီ။
ရန်ရှင်းကျိုး၏ ဓားချက် ကျရောက်လာသော အခိုက်အတန့်၌ သူသည် မျှော်လင့်ချက် ကုန်ဆုံးခြင်းဆိုသည်ကို ကောင်းကောင်းကြီး နားလည်သွားခဲ့ရသည်။
သူသည် မျက်လုံးကို မှိတ်ကာ အသေခံရန် ပြင်ဆင်လိုက်စဉ် တစ်ကိုယ်လုံး အေးစိမ့်သွားကာ "ဝှစ်... ဝှစ်... ဝှစ်..." ဟူသော အသံများ သူ၏ ပတ်လည်တွင် ကြားလိုက်ရသည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ၏ ပတ်ပတ်လည်၌ သွေးရောင်အလင်းတန်းများ ဝန်းရံနေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ထိုအလင်းတန်းများမှာ ရန်ရှင်းကျိုး၏ လက်ထဲရှိ သွေးရောင်ဓားအတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။
"ဒီနေ့တော့ ငါ မင်းကို အသက်ချမ်းသာပေးလိုက်မယ် မင်းကို နောင်တရဖို့ အခွင့်အရေး တစ်ခု ပေးလိုက်တာပဲ။ ဒါပေမဲ့ နောက်တစ်ကြိမ်မှာ မင်းရဲ့ စွမ်းဆောင်ရည်ကို မပြနိုင်ဘူးဆိုရင်တော့ ငါ ရန်ရှင်းကျိုးက မင်းရဲ့ ခေါင်းကို သေချာပေါက် လာယူမယ်"
ရန်ရှင်းကျိုးက ဧကရာဇ်ကို အသေအချာ စစ်ဆေးကြည့်ပြီး အလွန် ကျေနပ်သွားပုံ ရသည်။
"နောင်တစ်ချိန်မှာ ငါ ရန်ရှင်းကျိုးဟာ ဒီကမ္ဘာကြီးရဲ့ သမိုင်းစာမျက်နှာတွေမှာ သေချာပေါက် နေရာယူလိမ့်မယ်"
ထိုသို့ ပြောပြီးနောက် သူသည် အားရပါးရ ရယ်မောကာ လှည့်ထွက်သွားလေတော့သည်။
ထိုအခါမှသာ ဧကရာဇ်သည် ရန်ရှင်းကျိုးက သူ၏ ဓားဖြင့် တစ်ကိုယ်လုံးရှိ အဝတ်အစားများကိုသာမက ဆံပင်နှင့် မျက်ခုံးများကိုပင် ရိပ်ပစ်လိုက်သဖြင့် သူသည် တစ်ကိုယ်လုံး အဝတ်မပါဘဲ ပြောင်သလင်းခါသွားသည်ကို သတိပြုမိလိုက်တော့သည်။
"ရန်ရှင်းကျိုး..."
မိမိ၏ အခြေအနေကို သိရှိသွားသောအခါ ဧကရာဇ်မှာ အလွန်အမင်း အမျက်ထွက်သွားပြီး ရန်ရှင်းကျိုး၏ ဓားအောက်မှာ သေရခြင်းကမှ ပို၍ မြင့်မြတ်ဦးမည်ဟု ခံစားလိုက်ရလေတော့သည်။
***