အခန်း ၃၉၁
Vol. 40 Ch. 391
အခန်း (၃၉၁) ကြွေးတောင်းခြင်း
ထိုအချိန်တွင် အဘွားကြီးသည် လီလန်၏ နောက်ကွယ်၌ မတ်တပ်ရပ်နေသော ပိုင်ကျဲ့ကို သတိပြုမိသွားတော့သည်။
သူမသည် ပိုင်ကျဲ့၏ မျက်နှာကို သေချာစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်သွားရ၏။ အတော်ကြာအောင် စဉ်းစားပြီးမှသာ ရုတ်တရက် မှတ်မိသွားပုံရပြီး ပြောလိုက်သည်။
"ဟင်... ညည်းက ဟို... ဟို..."
ပိုင်ကျဲ့သည် ရေခဲပြင်ပမာ အေးစက်တည်ငြိမ်နေပြီး သူမကို တစ်ချက်မျှပင် လှည့်မကြည့်ချေ။
"အဘွား... အဘွားနဲ့ ဘာမှမဆိုင်ဘူး... အိမ်ထဲကိုပဲ ပြန်ဝင်နေပါ..."
ရှောင်နျူးက လူမိုက်ဆန်ဆန် လေသံဖြင့် နှုတ်ခမ်းစွန်းကို ကွေးညွတ်ကာ ကောက်ကျစ်စွာ ပြုံးရင်း ပြောလိုက်သည်။
သူ၏ ယခုပုံစံမှာ စောစောက ယဉ်ကျေးသိမ်မွေ့နေသော ပုံစံနှင့် လုံးဝ တခြားစီပင် ဖြစ်နေတော့၏။
သူသည် ပြောပြောဆိုဆိုဖြင့် အင်္ကျီလက်စွပ်ကို လိပ်တင်လိုက်ရာ လက်မောင်းပေါ်ရှိ အေးစက်ကြောက်မက်ဖွယ်ကောင်းသော ချင်းလုံဂိုဏ်း၏ တက်တူးကြီး ပေါ်ထွက်လာသည်။
အဘွားကြီးသည် ထိုတက်တူးကို မြင်လိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး ချက်ချင်းပင် ဖြူလျော်သွားတော့၏။
"မင်း... မင်းတို့က..."
"အိမ်ထဲကိုပဲ ပြန်ဝင်နေလိုက်ပါ..."
လီလန်ကလည်း ထိုအချိန်တွင်မှ ဝင်ပြောရင်း အေးစက်စွာ ဆိုလိုက်သည်။
ပိုင်ကျဲ့၏ တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ဤအဘွားကြီးသည်လည်း ပိုင်ကျဲ့ မနှစ်သက်သောသူတစ်ဦး ဖြစ်သည်မှာ သေချာလှပေသည်။
သူမသည် အလိုတူအလိုပါဖြစ်စေ သို့မဟုတ် ဘေးကနေ သိရက်နှင့် လျစ်လျူရှုခဲ့သူပဲဖြစ်စေ ဒုက္ခပေးခဲ့သူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။
လီလန်က သူမကို အိမ်ထဲသို့ ပြန်ဝင်ခွင့်ပေးလိုက်ခြင်းမှာပင် အတော်လေး သဘောထားကြီးရာ ရောက်နေပြီဖြစ်၏။
အဘွားကြီးသည် ကြောက်လန့်တကြားဖြင့် မိမိ၏ ရေဆေးခွက်ကို ကမန်းကတန်း ချပစ်ခဲ့ပြီး အိမ်ထဲသို့ ပြေးဝင်ကာ တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်တော့သည်။ "ဂျောက်" ဟူသော အသံနှင့်အတူ တံခါးကို အတွင်းမှ ချက်ချင်း ဂျက်ထိုးပိတ်လိုက်သံပင် ကြားလိုက်ရသေး၏။
"အဘွားကြီး... နေ့ခင်းကြောင်တောင်ကြီးကို ဘာလို့ တံခါးပိတ်ရတာလဲ... ဂျက်ပါ ထိုးနေသေးတယ်..."
"မင်းကဘာဖြစ်လို့ ဒီလောက်တောင် ကြောက်နေရတာလဲ..."
အိမ်အတွင်းမှ အဘိုးကြီးတစ်ဦး၏ မြည်တွန်တောက်တီးသံ ထွက်ပေါ်လာသည်။
လီလန်တို့ လူစုနှင့် အဘွားကျန်းတို့၏ စကားပြောသံကို အဆောင်တန်းလျားကြီးအတွင်းရှိ အလုပ်သမားများနှင့် မိသားစုဝင်များအားလုံး ပြတ်ပြတ်သားသား ကြားလိုက်ရပေသည်။
ပါးနပ်သောအလုပ်သမားအချို့က ဤလူစုမှာ ပြဿနာရှာရန် လာခြင်းဖြစ်သည်ကို ရိပ်မိကြသဖြင့် ကြောက်လန့်တကြားဖြင့် မိမိတို့၏ အခန်းထဲသို့ အသီးသီး ဝင်ရောက်ကာ တံခါးများကို ပိတ်ဆို့လိုက်ကြတော့၏။
အလုပ်သမားများမှာ သာမန်အရပ်သားများသာ ဖြစ်ကြသဖြင့် ရိုးသားကြောက်ရွံ့တတ်ကြပြီး ပြဿနာများနှင့် ဝေးဝေးနေချင်ကြသူများ ဖြစ်ကြသည်။
ထို့ကြောင့် ကျန်းဟယ်ရှီ တံခါးဖွင့်၍ ထွက်လာသည့်အခါတွင်မူ လီလန်၊ ပိုင်ကျဲ့နှင့် သူတို့၏လူစုကိုသာ မြင်တွေ့လိုက်ရတော့၏။
"အဘွားကြီး... ကျုပ်တို့ ပြန်တွေ့ကြပြန်ပြီပေါ့..."
လီလန်၏ နှုတ်ခမ်းစွန်းတွင် နောက်ပြောင်ကျီစယ်လိုသော အပြုံးတစ်ခု ပေါ်ထွက်လာပြီး ကျန်းဟယ်ရှီကို နှုတ်ဆက်ရန် လက်မြှောက်ပြလိုက်သည်။
ကျန်းဟယ်ရှီသည် လူမိုက်ဆန်ဆန် ရန်လိုနေသော လီလန်ကို မြင်လိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး ချက်ချင်း ပျက်ယွင်းသွားတော့၏။
"မင်း... မင်းတို့..."
"အမေ... ဘယ်သူလဲ..."
ထိုစဉ် အခန်းထဲမှ သူမ၏ အငယ်ဆုံးသားဖြစ်သူ ကျန်းရှီရွှီက ခေါင်းပြူ၍ ထွက်ကြည့်လာသည်။
သူသည် ဘောင်းဘီတိုတစ်ထည်သာ ဝတ်ဆင်ထားပြီး အပေါ်အင်္ကျီ ဗလာကျင်းနေကာ သူ၏ ရင်ဘတ်နှင့် ဒူးဆစ်များပေါ်တွင်မူ ညိုမည်းစွဲနေသော ဒဏ်ရာများကို ဆေးလူးထားသဖြင့် ပြောင်လက်နေသည်ကို တွေ့ရ၏။
ကျန်းရှီရွှီသည် ခေါင်းပြူကြည့်လိုက်သည်နှင့် လီလန်ကို ချက်ချင်း မြင်သွားကာ တစ်ကိုယ်လုံး ကြောက်ဒူးတုန်သွားပြီး တံခါးကို "ဒုန်း" ခနဲ ပြန်ပိတ်ချလိုက်တော့သည်။
"သား... သား... အမေ အပြင်မှာ ကျန်ခဲ့သေးတယ်လေ..."
"အမေ အပြင်မှာ ရှိနေသေးတယ်ဟဲ့..."
ကျန်းဟယ်ရှီသည် အပြင်တွင် တစ်ယောက်တည်း ပိတ်မိကျန်ခဲ့သဖြင့် အကြီးအကျယ် ပျာယာခတ်သွားတော့၏။
"အဘွားကြီး... ခင်ဗျားသားက သိပ်ပြီးတော့ မိဘအပေါ် မသိတတ်ဘူးပဲ... ပြဿနာတက်တာနဲ့ အမေဖြစ်သူကို ပစ်ထားခဲ့ပြီး ထွက်ပြေးတာပဲ... ဟမ့်..."
လီလန်က လှောင်ပြောင်သရော်လိုက်သည်။
ကျန်းဟယ်ရှီ၏ မျက်နှာမှာ ဖြူလျော်နေပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေကာ စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်တော့၏။
"မင်းတို့ ဘာလုပ်ချင်လို့လဲ..."
"ငါလည်း တောင်းပန်ပြီးပြီပဲ... မင်းတို့ ဘာထပ်လိုချင်သေးတာလဲ..."
"မင်းတို့က ငါ့ကို သေအောင် အကျပ်ကိုင်နေတာပဲ..."
"ကောင်းပြီလေ... ငါ ဒီနေ့ပဲ ဒီစတုတ္ထထပ်ကနေ ခုန်ချသေပြမယ်..."
ကျန်းဟယ်ရှီသည် စကားပြောပြောဆိုဆိုဖြင့် အဆောင်တန်းလျား၏ အုတ်နီခဲနံရံဆီသို့ ပြေးသွားကာ အောက်သို့ ခုန်ချမည့်ပုံစံဖြင့် လီလန်တို့လူစုကို ခြိမ်းခြောက်ရန် ဟန်ပြင်လိုက်သည်။
သို့သော် လီလန်မှာမူ မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ ထိုနေရာတွင်ပင် အေးဆေးစွာ ရပ်နေဆဲဖြစ်၏။
"ခုန်ချလိုက်လေ..."
လီလန်က ကျန်းဟယ်ရှီကို ကြည့်ပြီး သွေးအေးစွာ ပြောလိုက်သည်။
သူသည် ကျန်းဟယ်ရှီကဲ့သို့သော အဘွားကြီးများ၏ စရိုက်ကို ကောင်းစွာ သိရှိပြီး ဖြစ်သည်။ ဤကဲ့သို့ ပြဿနာရှာတတ်ပြီး အတ္တကြီးသော အဘွားကြီးမျိုးမှာ အသက်ကို အလွန်နှမြောတတ်ကြပြီး သေရမှာကို အကြောက်ဆုံး ဖြစ်ကြ၏။
ထိုကဲ့သို့သောလူစားမျိုးသည် ဘယ်တော့မှ အဆောက်အအုံပေါ်က ခုန်ချပြီး အဆုံးစီရင်ရဲမည့် သတ္တိမျိုး မရှိချေ။
ကျန်းဟယ်ရှီ၏ လုပ်ရပ်မှာ သူ့ကို ခြိမ်းခြောက်ရန် ကပြဇာတ်ခင်းနေခြင်းသာ ဖြစ်ပေသည်။
ဤသည်မှာ ထိုကဲ့သို့သော အဘွားကြီးများ သုံးလေ့သုံးထရှိသော လှည့်ကွက်ဟောင်းတစ်ခုသာဖြစ်၏။
"မင်းတို့ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ..."
"ငါ အမှားကို သိပါပြီ... တောင်းလည်း တောင်းပန်ပြီးပြီကို ဘာလို့ အကျပ်ကိုင်နေရတာလဲ..."
ကျန်းဟယ်ရှီသည် မျှော်လင့်ချက်မဲ့သွားကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီး မိမိ၏ ပေါင်ကို တဖုန်းဖုန်း ထုရိုက်ကာ ငိုယိုတော့၏။
သူမသည် မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်ပြီး သနားဂရုဏာ သက်လာစေရန် ကြိုးစားနေခြင်း ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ လီလန်နှင့် သူ၏လူစုမှာ ထိုသို့သော သရုပ်ဆောင်မှုများကို တစ်ချက်မျှပင် စိတ်မလှုပ်ရှားကြခြင်းပင် ဖြစ်၏
အခန်း (၄၀၈)အနီးအနားရှိ အိမ်နီးနားချင်းများမှာ တံခါးဝတွင် နားကပ်၍ အပြင်က ဆူညံသံများကို အကဲခတ်နေကြသည်။
"ကျန်းတုံ့ရွှီရဲ့ အမေက... ဒီတစ်ခါ ဘယ်သူ့ကို သွားဆွမိပြန်ပြီလဲ မသိဘူး..."
"သူတို့က ကျန်းတုံ့ရွှီရဲ့ သူငယ်ချင်းတွေ မဟုတ်ဘူးလား... ငါကြည့်ရတာတော့ အကြွေးလာတောင်းတဲ့လူတွေနဲ့ ပိုတူနေတယ်..."
"ကြည့်ရတာတော့ လူမိုက်တွေနဲ့ တူတယ်... သွားပြီးတော့ မပတ်သက်တာ အကောင်းဆုံးပဲ..."
"ကျန်းရှီရွှီက မှောင်ခိုသမားတွေဆီကနေ အတိုးကြီးနဲ့ ငွေချေးမိလို့ လာတောင်းတာများလား..."
"ဟေ့... ငါ့နားက သိပ်စူးတာ... စောစောက အဲဒီလူက ကျန်းတုံ့ရွှီရဲ့ သူငယ်ချင်းပါဆိုပြီး အဒေါ်ကြီးကျန်းနဲ့ သူ့ညီကို လာတွေ့တာလို့ ပြောသံကြားတယ်..."
"နင်ကလည်း အအပဲ... အဲဒါက သူတို့ ဝင်လာဖို့ လိမ်ပြောတဲ့ ဆင်ခြေဆိုတာ မသိဘူးလား..."
“ဒါနဲ့... စောစောက ဘယ်သူ့ကို မြင်လိုက်လဲ သိလား..."
"ဘယ်သူလဲ..."
"ပိုင်ကျဲ့လေ..."
"ပိုင်ကျဲ့က ဘယ်သူလဲ..."
"ကျန်းတုံ့ရွှီရဲ့ ဇနီးဟောင်းလေ... ရွှမ်းရွှေရွာကလေ..."
"ဟာ... ဒါဆိုရင်တော့ ကျန်းဟယ်ရှီ ဒုက္ခရောက်ပြီ..."
"အဘိုးကြီး... ငါတို့ ပြည်သူ့စစ်အဖွဲ့ကို သွားအကြောင်းကြားပြီး သူတို့ကို မောင်းထုတ်ခိုင်းရင် မကောင်းဘူးလား..."
"တော်စမ်းပါ... ပြဿနာမရှာချင်စမ်းနဲ့... သူများကိစ္စကို သွားမဝင်ပါနဲ့... ကိုယ့်ဆီ မီးပွားလွင့်လာလိမ့်မယ်..."
"..."
လီလန်သည် မြေပြင်ပေါ်ရှိ ကျန်းဟယ်ရှီကို ရွံရှာစက်ဆုပ်စွာ ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
"ကျန်းဟယ်ရှီ... ကျုပ် ဒီနေ့ ခင်ဗျားကို ဘာလို့ လာရှာတယ်ဆိုတာသိလား..."
"ငါ... ငါမသိဘူး..."
ကျန်းဟယ်ရှီသည် တုန်တုန်ရင်ရင်ဖြင့် ခေါင်းကို အမြန်ခါယမ်းလိုက်သည်။
သူမသည် လီလန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိထားပြီး ဖြစ်သည်။ သူသည် ချင်းလုံဂိုဏ်း၏ ဒုတိယခေါင်းဆောင်ဖြစ်ပြီး မြေအောက်လောက၏ ဆရာကြီးတစ်ဦးဖြစ်သဖြင့် သူမ အလွန်ကြောက်လန့်နေမိ၏။
လီလန် စကားပြောလိုက်သည်နှင့် သူမသည် တစ်ကိုယ်လုံး တုန်ရင်လာကာ ခြေထောက်များပင် မတ်တပ်မရပ်နိုင်လောက်အောင် တုန်ယင်နေတော့သည်။
"အမှန်အတိုင်းပြောစမ်း... မေးခွန်းမေးနေတာကို ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ..."
ရှောင်နျူးက မျက်မှောင်ကြုတ်ကာ ငေါက်ငမ်းလိုက်သည်။
ကျန်းဟယ်ရှီ၏ ရင်ထဲတွင်မူ ပြောမပြတတ်အောင် ခါးသီးလှပေသည်။
*ငါလည်း မတုန်ချင်ပါဘူး... ဒါပေမဲ့ စိတ်က ထိန်းမရလို့ပါ…*
ရှောင်နျူးက နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်ရင်းဆိုလိုက်သည်။
"ကျန်းဟယ်ရှီ... နင့်ရဲ့ အငယ်ဆုံးသားကို တံခါးဖွင့်ခိုင်းလိုက်... ငါတို့ အထဲဝင်ပြီး စကားပြောမယ်..."
သို့သော် လီလန်က လက်မြှောက်ကာ ရှောင်နျူးကို တားဆီးလိုက်ပြီး သူ၏ အကြံဉာဏ်ကို ငြင်းပယ်လိုက်၏။
"မလိုဘူး... ဒီနေရာမှာတင် ပြောမယ်... ဒီအဆောင်တန်းလျားက အိမ်နီးနားချင်းတွေအားလုံး ကျန်းဟယ်ရှီက ဘယ်လိုလူစားမျိုးလဲဆိုတာကို ပြတ်ပြတ်သားသား မြင်ပါစေ..."
လီလန်၏ မျက်နှာမှာ အေးစက်နေပြီး သူသည် ဘေးသို့ တမင်ဖယ်ပေးလိုက်သည်။
ထိုအခါ ပိုင်ကျဲ့က ရှေ့သို့ တစ်လှမ်း တိုးလာခဲ့ပြီး သူမ၏ မျက်နှာမှာ ရေခဲပြင်ပမာ အေးစက်နေတော့၏။
"ကျန်းဟယ်ရှီ... ငါ့ပိုက်ဆံတွေကို အကုန် ပြန်ထုတ်ပေးစမ်း..."
ကျန်းဟယ်ရှီက ဝေခွဲမရဖြစ်နေဟန်ဖြင့် မေးသည်။
"ပြန်ထုတ်ပေးရမယ်... ဘာပိုက်ဆံလဲ..."
ပိုင်ကျဲ့က လှောင်ပြုံးပြုံးရင်း ပြောလိုက်၏။
"ငါ့ရှေ့မှာ လာပြီးတော့ လူလည်မကျနဲ့... ကျန်းတုံ့ရွှီဆုံးတုန်းက စက်ရုံက ပေးတဲ့ နစ်နာကြေးတွေကို ရှင်တစ်ယောက်တည်း အကုန်သိမ်းထားတာ မဟုတ်ဘူးလား... အဲဒီပိုက်ဆံတွေကို အခု ချက်ချင်း ပြန်ထုတ်ပေး..."
ကျန်းတုံ့ရွှီသည် အလုပ်ခွင်ထိခိုက်မှုကြောင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သဖြင့် စက်ရုံက နစ်နာကြေး ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဤနစ်နာကြေးမှာ စက်ရုံဘက်မှ လူသားချင်းစာနာမှုဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ကာ ခွဲဝေမှုအရဆိုလျှင် ကျန်းတုံ့ရွှီ၏ ဇနီးဖြစ်သူ ပိုင်ကျဲ့အနေဖြင့် အနည်းဆုံး ထက်ဝက်ကျော် ရရှိရမည် ဖြစ်၏။
သို့သော် ကောက်ကျစ်ရက်စက်သော ယောက္ခမကြီးဖြစ်သည့် ကျန်းဟယ်ရှီသည် ပိုင်ကျဲ့တွင် အားကိုးရာမရှိဘဲ အထီးကျန်ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ နစ်နာကြေးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် အားလုံးကို လုယူသွားခဲ့ပြီး ပိုင်ကျဲ့ကို တစ်ဆင့်မျှပင် မပေးခဲ့ချေ။
ထိုမျှမကသေးဘဲ ပိုင်ကျဲ့၏ကလေး ဆုံးသွားသည်ကို အကြောင်းပြကာ အိမ်ပေါ်မှပါ နှင်ချခဲ့သေး၏။
ပိုင်ကျဲ့သည် သွားစရာ နေရာမရှိသဖြင့် မိမိ၏ မွေးရပ်မြေဖြစ်သော ရွှမ်းရွှေရွာသို့ ခြေကျင် ပြန်ခဲ့ရရှာသည်။
ပိုင်ရှန်းမြို့နယ်မှ ရွှမ်းရွှေရွာအထိဆိုလျှင် အကွာအဝေး ကီလိုမီတာ ၃၀ ကျော်မျှ ဝေးကွာလှပေသည်။
တစ်လမ်းလုံး ခြေကျင်လျှောက်မည်ဆိုလျှင် တစ်နေ့ခင်းလုံး လျှောက်ရမည်ဖြစ်၏။
ထိုထက်ပိုဆိုးသည်မှာ ထိုအချိန်က ပိုင်ကျဲ့သည် ကလေးသေဆုံးထားစဖြစ်သဖြင့် ခန္ဓာကိုယ်မှာ အလွန်အားနည်းနေပြီး နာကျင်မှုများကို အောင့်အည်းကာ ထိုမျှဝေးလံသော ခရီးကို လျှောက်လှမ်းခဲ့ရခြင်းပင် ဖြစ်ပေသည်။
ထိုအကြောင်းကြောင့်ပင် ရွာသို့ ပြန်ရောက်သောအခါ ပိုင်ကျဲ့သည် ပြင်းထန်စွာ ဖျားနာခဲ့ရပြီး တစ်ရက်နီးပါး ဆေးကုသမှု ခံယူခဲ့ရရှာ၏။
နေကောင်းသွားသည့်တိုင်အောင် သူမတွင် နာတာရှည် ခန္ဓာကိုယ်အားနည်းသည့် ရောဂါအခံ ကျန်ရစ်ခဲ့ရတော့သည်။
"ချွေးမ... အဲဒီပိုက်ဆံက..."
ကျန်းဟယ်ရှီသည် စကားများ ထစ်အငေါ့နေတော့၏။
"ငါ့ကို ချွေးမလို့ လာမခေါ်နဲ့... ငါက နင်တို့မိသားစုနဲ့ ပတ်သက်မှု အကုန်ဖြတ်တောက်ပြီးပြီ..."
ပိုင်ကျဲ့က ဒေါသတကြီးဖြင့် အေးစက်စွာ ပြောချလိုက်တော့သည်။