အခန်း ၃၉၃
Vol. 40 Ch. 393
အခန်း (၃၉၃) ခွေးအချင်းချင်း ကိုက်ကြခြင်း
ကျန်းဟယ်ရှီသည် နစ်နာကြေးငွေများကို ပြန်ပေးရမည်ဟု ကြားလိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
သူတို့မိသားစုသည် နှစ်စကတည်းက မြေးဖြစ်သူ၏ ရောဂါကို ကုသရာတွင် ရှိသမျှ ပိုင်ဆိုင်မှုများ ကုန်ခန်းသွားခဲ့ပြီဖြစ်ရာ နစ်နာကြေးငွေများကို မည်သို့လုပ်၍ ပြန်ပေးနိုင်ပါမည်နည်း။
"သား... ငါတို့မှာ ပိုက်ဆံဘယ်ရှိတော့လို့လဲ…”
"အမေ... အမေ့ကုတင်အောက်က သံသေတ္တာထဲမှာ ပိုက်ဆံတွေ ရှိနေသေးတယ် မဟုတ်ဘူးလား..."
"မရှိဘူး... အဲဒါက ငါ့ရဲ့ အိုစာမင်းစာအတွက် စုထားတဲ့ ပိုက်ဆံတွေ... အဲဒီငွေကို ထိလို့မရဘူး..."
ကျန်းဟယ်ရှီသည် သူမ၏ အိုစာမင်းစာငွေများကို အသုံးချရမည်ဟု ကြားလိုက်ရသောအခါ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားလေသည်။
သူမတွင် အိုစာမင်းစာအတွက် စုဆောင်းထားသော ငွေအချို့ တကယ်ပင်ရှိနေပြီး ထိုပမာဏမှာလည်း အတော်လေး များပြားလှ၏။ ၎င်းမှာ သူမ၏ သားအကြီးဆုံး သက်ရှိထင်ရှားရှိစဉ်က လစဉ်ပေးအပ်ခဲ့သော လစာ၏ ထက်ဝက်ခန့်ပင် ဖြစ်သည်။
ဤငွေများမှာ ကျန်းဟယ်ရှီအတွက် နောင်ရေး အားထားရာဖြစ်သဖြင့် မည်သည့်အကြောင်းနှင့်မျှ ထိခိုက်၍ မရနိုင်ပေ။
လီလန်သည် သားအမိနှစ်ယောက်၏ စကားဝိုင်းကို ဘေးမှနေ၍ နားထောင်နေရင်း တိတ်တဆိတ် အံ့သြသွားတော့သည်။
"ဒီစုန်းမအိုကြီးမှာ အိုစာမင်းစာ ပိုက်ဆံတွေ ရှိနေသေးတာလား... ကြည့်ရတာ အတော်လေး များမယ့်ပုံပဲ..."
အိုစာမင်းစာငွေဆိုသည်မှာ သက်ကြီးရွယ်အိုများက မိမိတို့ကိုယ်တိုင်အတွက် ပြင်ဆင်ထားကြခြင်းဖြစ်ပြီး အာမခံချက်တစ်ခုအနေဖြင့် ထားရှိခြင်းဖြစ်သည်။ အလွန်အမင်း အရေးကြီးသော ကိစ္စမျိုးမဟုတ်လျှင် ထိုငွေကို ထုတ်ယူသုံးစွဲလေ့ မရှိကြပေ။
ဤကျန်းဟယ်ရှီမှာ ဝဖြိုးပြီး အာဟာရပြည့်ဝနေပုံ ပေါ်နေသည်မှာ အံ့သြစရာတော့ မဟုတ်တော့ချေ။ သူမသည် ကောင်းကောင်းစားရသည့်အပြင် အိုစာမင်းစာအတွက်ပါ ငွေကြေး စုဆောင်းထားနိုင်သေး၏။
သူမမှာ တကယ့်ကို မြို့ကြီးသူတစ်ဦး ဖြစ်သည်ဟုသာ ဆိုရပေမည်။
လီလန် နေထိုင်ရာ ရွှမ်းရွှေရွာတွင်မူ မည်သည့် သက်ကြီးရွယ်အို ရွာသားများတွင် အိုစာမင်းစာငွေ ရှိပါသနည်း။ ငွေကြေးဆိုသည်မှာ ထားလိုက်ဦး၊ အချို့မှာ စားနပ်ရိက္ခာပင် မရှိကြပေ။ အငတ်ဘေးကြုံရချိန်များတွင် ဆာလောင်မှုကို မခံနိုင်တော့ပါက သစ်ခေါက်များကို ကိုက်ဝါး၍ တောရိုင်းဟင်းရွက်များကိုသာ စားသောက်ကြရလေသည်။
လီတာ့ဟိုင်တွင်လည်း ထိုသို့သော သံသေတ္တာတစ်လုံးရှိပြီး အတွင်း၌ ငွေများလည်း ရှိသော်လည်း ၎င်းမှာ လီတာ့ဟိုင်၏ အိုစာမင်းစာငွေ မဟုတ်ဘဲ လီလန်၏ မင်္ဂလာပွဲအတွက် ပြင်ဆင်ထားသော ငွေများသာဖြစ်သည်။
လီတာ့ဟိုင်သည် သူ၏ နောင်ရေးအတွက် တစ်ကြိမ်တစ်ခါမျှပင် တွေးတောခဲ့ဖူးခြင်း မရှိပေ။ သူသည် ကျန်းဟယ်ရှီနှင့် မတူဘဲ မိမိကိုယ်တိုင်အတွက် လုံးဝ မတွေးတတ်ဘဲ သားနှင့် သမီးအတွက်သာ အမြဲတမ်း စဉ်းစားပေးတတ်သူ ဖြစ်သည်။
"ကျွတ် ကျွတ်... ဒီစုန်းမအိုကြီးက အတော်လေး ချမ်းသာတာပဲ..."
လီလန်သည် မေးစေ့ကို ပွတ်သပ်ရင်း ပိုင်ကျဲ့ကို ကြည့်ကာ အဓိပ္ပါယ်ပါပါ အကြည့်တစ်ချက် ပေးလိုက်သည်။
"အစ်မပိုင်ကျဲ့... စုန်းမအိုကြီးရဲ့ သံသေတ္တာထဲက အိုစာမင်းစာငွေတွေက အစ်မရရမယ့် နစ်နာကြေးငွေတွေများ ဖြစ်နေမလား..."
ဤစုန်းမအိုကြီး၏ စရိုက်အရ သူမသည် ပိုင်ကျဲ့၏ နစ်နာကြေးငွေများကို ယူကာ သူမ၏ အိုစာမင်းစာငွေအဖြစ် ဖွက်ထားနိုင်ခြေ အလွန်များလေသည်။
ပိုင်ကျဲ့က ခေါင်းညိတ်ပြလိုက်သည်။
"ရာခိုင်နှုန်းပြည့် သေချာတယ်..."
ပိုင်ကျဲ့သည် ဤစုန်းမအိုကြီး၏ အကျင့်စရိုက်ကို အလွန်ကောင်းစွာ သိထားသည်။
"သူမလို တစ်ကိုယ်ကောင်းဆန်တဲ့သူမျိုးက ပိုက်ဆံရလာရင် ပထမဆုံး စဉ်းစားတာ သူမကိုယ်သူမပဲ..."
"ဒါဆိုရင်လည်း ဒီစုန်းမအိုကြီးကိုပဲ ပိုက်ဆံထုတ်ခိုင်းလိုက်တာပေါ့..."
လီလန်သည် ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။
အခြားတစ်ဖက်တွင်မူ အဘွားကျန်းဟုခေါ်သော ကျန်းဟယ်ရှီမှာ ငြင်းဆန်နေဆဲဖြစ်ပြီး ပိုင်ကျဲ့၏ နစ်နာကြေးငွေများကို ပြန်ပေးရန် သူမ၏ အိုစာမင်းစာငွေများကို ထုတ်ယူသုံးစွဲခြင်းကို လုံးဝ လက်မခံနိုင်ဖြစ်နေသည်။
ကျန်းရှီရွှီသည် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ရှောင်ကျဲ့က အခန်းထဲမှာ ငိုနေတယ်... ဒီလူတွေက နစ်နာကြေးငွေ မရမချင်း လက်လျှော့မှာ မဟုတ်ဘူး..."
"အစ်ကိုကြီးရဲ့ နစ်နာကြေးငွေ တစ်စိတ်တစ်ပိုင်းက မရီးနဲ့ သက်ဆိုင်တယ်လို့ ကျွန်တော် အစောကြီးကတည်းက ပြောခဲ့တာပဲ... အမေက မရီးရဲ့ ဝေစုကို ယူလိုက်တဲ့အပြင် သူမကိုပါ မောင်းထုတ်ခဲ့သေးတယ်... အခုကြည့်လေ... မရီးက လူတွေခေါ်ပြီး အိမ်ပေါက်ဝအထိ ရောက်လာပြီ..."
ကျန်းရှီရွှီသည် သူ၏ မိခင်အိုကြီးကိုကြည့်ကာ မကျေနပ်မှုများကို ဖော်ပြနေပြီး သူ၏ စကားများတွင် နာကြည်းမှုများ ပြည့်နှက်နေလေသည်။
စက်ရုံ၏ စည်းမျဉ်းများအရ အလုပ်သမားတစ်ဦး၏ နစ်နာကြေးငွေများသည် အိမ်ထောင်ဖက်နှင့် သားသမီးများသာ အပြည့်အဝ ပိုင်ဆိုင်ခွင့်ရှိပြီး ပထမဦးစားပေးအနေဖြင့် အိမ်ထောင်ဖက် ထို့နောက် သားသမီးများ ဖြစ်ကြသည်။
အိမ်ထောင်ဖက် သို့မဟုတ် သားသမီးများ မရှိတော့မှသာ မိဘများနှင့် မောင်နှမများထံသို့ ရောက်ရှိသွားခြင်းဖြစ်သည်။
ကျန်းတုံ့ရွှီသည် လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရသော်လည်း သူသည် အိမ်ထောင်ကျဖူးပြီး ဇနီးဖြစ်သူလည်း ရှိနေသေးသည်။
ထို့ကြောင့် ဤနစ်နာကြေးငွေများအားလုံးကို ပိုင်ကျဲ့ထံသို့ ပေးအပ်ခဲ့သင့်ပေသည်။
စုန်းမအိုကြီး ကျန်းဟယ်ရှီက ထိုငွေများကို ယူထားခဲ့သဖြင့် သဘာဝကျကျပင် သူမက အကုန်ပြန်ထုတ်ပေးရမည် ဖြစ်၏။
"ကျန်းရှီရွှီ... မင်းက ဘာသဘောနဲ့ ပြောတာလဲ... မင်းက ငါ့ကို အပြစ်တင်နေတာလား..."
"အဲဒီတုန်းက မင်းမိန်းမသာ လောဘမကြီးခဲ့ရင် ပိုင်ကျဲ့ဆီကနေ အဲဒီငွေတွေ အကုန်လုံး ငါ ရနိုင်ပါ့မလား..."
"ပိုင်ကျဲ့အတွက် တစ်စိတ်တစ်ပိုင်း ချန်ထားပေးချင်တယ်လို့ ငါ ပြောခဲ့သေးတယ်... ဒါပေမဲ့ မင်းမိန်းမက သဘောမတူခဲ့လို့လေ... အခုကျမှ မင်းက ငါ့ကို ပြန်ပြီးအပြစ်လာတင်နေတယ်..."
ကျန်းဟယ်ရှီသည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မပျော်မရွှင် ဖြစ်သွားကာ ဒေါသတကြီးဖြင့် ပြန်လည်ချေပလိုက်တော့သည်။
ဤသားအမိနှစ်ယောက်သည် ရန်သူများကဲ့သို့ အခန်း (၄၀၈) ၏ တံခါးဝတွင် ရပ်ကာ လူအများရှေ့တွင် အော်ဟစ်ငြင်းခုံနေကြလေသည်။
သူတို့၏ ရန်ဖြစ်သံ ဆူညံပွက်လောရိုက်မှုမှာ အလွန်ကျယ်လောင်လွန်းလှသဖြင့် အပေါ်ထပ်နှင့် အောက်ထပ်မှ လူများ၏ အာရုံစိုက်မှုကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
အလုပ်သမားများနှင့် သူတို့၏ မိသားစုဝင်များသည် လေးလွှာသို့ ကမန်းကတန်း ပြေးတက်လာကြပြီး လှေကားထစ်တွင် စုရုံးကာ ထိုမြင်ကွင်းကို ကြည့်ရှုနေကြတော့သည်။
"အဲဒါက တတိယအလုပ်ရုံက ကျန်းရှီရွှီ မဟုတ်ဘူးလား... ဘာလို့ သူ့အမေနဲ့ ရန်ဖြစ်နေတာလဲ..."
"ကျန်းရှီရွှီ... အဲဒါက ကျန်းတုံ့ရွှီရဲ့ ညီလေး မဟုတ်လား..."
"စက်ပစ္စည်းအစိတ်အပိုင်း ပြုတ်ကျလို့ ကျောက်ကပ် ကြေမွသွားတဲ့ အလုပ်သမား ရဲဘော်လား..."
"အဲါလူတွေ ကြည့်ရတာ ရန်စလို့ လွယ်မယ့်ပုံ မပေါ်ဘူး..."
"အိုး... မြန်မြန် ကြည့်ကြပါဦး... အဲဒီအမျိုးသမီးရဲဘော်က ဘယ်သူလဲ..."
"..."
ထိုအချိန်တွင် စောင့်ကြည့်နေသူများထဲမှ တစ်စုံတစ်ယောက်က ပိုင်ကျဲ့ကို မှတ်မိသွားလေသည်။
မည်သို့ပင်ဖြစ်စေ အဆောင်တန်းလျားကြီးတွင် နေထိုင်သူအားလုံးမှာ ရင်းနှီးကျွမ်းဝင်နေသော လုပ်ဖော်ကိုင်ဖက်များဖြစ်ကြပြီး အချို့မှာ အလုပ်ရုံတစ်ခုတည်းတွင် လုပ်ကိုင်ကြကာ အချို့မှာလည်း ဘေးကပ်လျက် အလုပ်ရုံများမှ ဖြစ်သောကြောင့် အမြဲလိုလို တွေ့မြင်နေကျ ယဖြစ်သည်။
ပိုင်ကျဲ့မှာ ကျန်းတုံ့ရွှီ၏ ဇနီးဟောင်း ဖြစ်ခဲ့ဖူးသဖြင့် သူမကို မှတ်မိနေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။
"ပိုင်ကျဲ့က သူ့ယောက္ခမနဲ့ စာရင်းရှင်းဖို့ ပြန်လာတာ မဟုတ်လား..."
"ဘာယောက္ခမလဲ... အဲဒီမိသားစုက လူကောင်းတွေ မဟုတ်ဘူး... သူတို့က ကျန်းတုံ့ရွှီရဲ့ နစ်နာကြေးငွေတွေ အကုန်လုံးကို ယူထားပြီး ပိုင်ကျဲ့အတွက် နည်းနည်းလေးတောင် မချန်ထားပေးခဲ့တဲ့အပြင် သူမကို အိမ်ထဲကနေတောင် နှင်ထုတ်ခဲ့ကြတာ... အဲဒီလိုလူမျိုးကို ယောက္ခမလို့ ခေါ်လို့ရဦးမလား..."
"ကျွတ်... ပိုင်ကျဲ့က တရားမျှတမှုရှာဖို့ လူတွေ ခေါ်လာတာပဲ... ကျန်းရှီရွှီမိသားစုကတော့ တကယ့်ကို ခံထိုက်ပါတယ်..."
"ပိုင်ကျဲ့ မိုးသည်းကြီးမဲကြီးထဲ အိမ်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ နေ့ကတည်းက ဒီနေ့ရောက်လာမယ်ဆိုတာ ငါ သိပြီးသားပါ... ဝဋ်လည်တာပေါ့... သူတို့နဲ့ ထိုက်တန်ပါတယ်..."
"မြန်မြန် ကြည့်ကြပါဦး... ကျန်းရှီရွှီနဲ့ သူ့အမေတို့ ရန်ဖြစ်နေကြပြီ..."
"ခွေးအချင်းချင်း ကိုက်ကြတာ အမွှေးတွေချည်းပဲ..."
"..."
အခန်း (၄၀၈) ၏ တံခါးဝတွင် ကျန်းရှီရွှီနှင့် သူ၏ မိခင်အိုကြီးတို့သည် အိုစာမင်းစာငွေနှင့် နစ်နာကြေးငွေ ကိစ္စများကြောင့် လူအများရှေ့တွင် ပေါ်ပေါ်ထင်ထင်ပင် ကိုယ်ထိလက်ရောက် ရန်ဖြစ်လာကြတော့သည်။
"ကျန်းရှီရွှီ... မင်းမှာလည်း လစာရနေတာပဲ... မင်းမှာလည်း သံသေတ္တာရှိနေတာပဲ... မင်းက ဘာလို့ မထုတ်ပေးရတာလဲ..."
"ကျွန်တော်က အဲဒီငွေကို သုံးမှမသုံးခဲ့တာ... ပြီးတော့ ကျွန်တော်က မိန်းမနဲ့ သားကိုလည်း ရှာကျွေးနေရသေးတယ်..."
"ဒါဆို ငါကရော အိုစာမင်းစာ မလိုဘူးလား... ဒီငွေက ငါ့ရဲ့ အိုစာမင်းစာ ပိုက်ဆံတွေ..."
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က နစ်နာကြေးငွေ သိပ်အများကြီး ယူထားတာမှ မဟုတ်တာ... ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး... တစ်ယောက်ယောက်က ပြန်ပေးရမယ်ဆိုရင်တောင် အဲဒါက အမေပဲ ဖြစ်ရမယ်..."
"ကျန်းရှီရွှီ... မင်းက နစ်နာကြေးငွေကို မသုံးခဲ့ဘူးလို့ ရဲရဲကြီး ပြောရဲသလား... မင်းသားရဲ့ ရောဂါ၊ မင်းတို့ရဲ့ လစဉ် စားသောက်စရိတ်၊ မင်းမိန်းမရဲ့ အဝတ်အစားနဲ့ ဖိနပ်တွေ... အဲဒါတွေ အားလုံးက ငါ့ရဲ့ နစ်နာကြေးငွေနဲ့ ပေးခဲ့ရတာ မဟုတ်ဘူးလား..."
"ကျန်းရှီရွှီ... မင်းက လူရော ဟုတ်သေးရဲ့လား..."
ကျန်းဟယ်ရှီ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေပြီး မျက်လုံးနီရဲနေသော ဖားပြုတ်ဝကြီးတစ်ကောင်ကဲ့သို့ အသက်ရှူရ ခက်ခဲနေလေသည်။
သူမ အချစ်ဆုံးဖြစ်သော သားအငယ်ဆုံး၊ သူမ၏ အသက်အရွယ် ကြီးရင့်ချိန်တွင် စောင့်ရှောက်ရန် အသင့်တော်ဆုံး သူက ဤနစ်နာကြေးငွေကိစ္စအတွက် ယနေ့တွင် သူမအား ပြန်လည်၍ ဆန့်ကျင်လာလိမ့်မည်ဟု သူမ တစ်ခါမျှ ထင်မှတ်မထားခဲ့ပေ။
သူမကို ဆန့်ကျင်ရုံသာမက တံခါးကိုပါ ဖွင့်မပေးဘဲ အပြင်ဘက်တွင် သော့ခတ်ထားကာ အပြင်လူတစ်စုက သူမကို ရိုက်နှက်နေသည်ကိုပင် ထိုင်ကြည့်နေခဲ့သေး၏။
ကျန်းဟယ်ရှီမှာ အလွန်ပင် စိတ်ပျက်သွားတော့သည်။
စိတ်ပျက်မှုနှင့်အတူ ဒေါသလည်း ထွက်လာသည်။
"ငါက ဘယ်လိုလုပ်ပြီး ခုလောက်မိဘကျေးဇူး မသိတတ်တဲ့ သားမျိုးကို မွေးမိခဲ့တာပါလိမ့်..."
"အဘိုးကြီး... မျက်လုံးဖွင့်ပြီး ကြည့်စမ်းပါဦး... ရှင်ရဲ့ သားက ငါ့ကို ဘယ်လိုတောင် အနိုင်ကျင့်နေသလဲဆိုတာကို ကြည့်စမ်းပါဦး..."
"အဘိုးကြီး... ငါ ဆက်မရှင်ချင်တော့ဘူး... ရှင့်ဆီကို အခုပဲ လိုက်လာတော့မယ်..."
အဆောင်တန်းလျားကြီးမှ အိမ်နီးချင်းများ ပိုမို စုရုံးလာသည်ကို မြင်လိုက်ရသောအခါ ကျန်းဟယ်ရှီသည် သူမ၏ "ဝိညာဉ်ခေါ် ဆုတောင်းပွဲ" ကို ထပ်မံ၍ စတင်လိုက်ပြန်သည်။
သူမသည် စကားပြောရင်း ပိုမို၍ စိတ်လှုပ်ရှားလာကာ အရူးအမူးပင် ဖြစ်လာတော့သည်။
ရုတ်တရက် သူမသည် သစ်သားတံခါးဘေးရှိ နံရံကို ခေါင်းဖြင့် ပြင်းထန်စွာ ဝင်ဆောင့်လိုက်သည်။
လီလန်သည် အစပိုင်းတွင် ဤစုန်းမအိုကြီးက နောက်ထပ် လှည့်ကွက်တစ်ခုကို အသုံးပြုနေသည်ဟု ထင်မှတ်ကာ လျစ်လျူရှုထားရန် ပြင်လိုက်သော်လည်း သူမ၏ ဟန်ပန်ကို မြင်လိုက်ရသောအခါ သူမမှာ တကယ်ပင် နံရံကို ဝင်ဆောင့်တော့မည့်ပုံ ပေါ်နေသည်။
လီလန်သည် ဉာဏ်ရည်ထက်မြက်သူပီပီ လျင်မြန်စွာပင် ရှေ့သို့ တိုးထွက်သွားပြီး လင်းယုန်လက်သည်းကဲ့သို့ လက်ငါးချောင်းကို ကွေးကာ ကျန်းဟယ်ရှီ၏ ကျောဘက်ရှိ အဝတ်အစားကို လှမ်းဆွဲလိုက်ပြီးနောက် အနည်းငယ် အားစိုက်ကာ နောက်သို့ ဆွဲချလိုက်တော့သည်။
"ကျွတ်... အကြွေးကို တမင်သက်သက် ရှောင်ပြေးချင်နေတာလား..."
"မပူပါနဲ့... ခင်ဗျား ခေါင်းဆောင့်ပြီး သေသွားရင်တောင် ဒီငွေကို ခင်ဗျားသားဆီကနေ ရအောင်ပြန်ယူမှာပဲ..."
"ခင်ဗျားသား သေသွားရင်လည်း ခင်ဗျားမြေးဆီကနေ ရအောင်ယူမယ်..."
"ကျွန်တော် ထင်တာကတော့ ခင်ဗျားတို့ အားလုံး လိမ္မာပါးနပ်စွာနဲ့ပဲ ငွေပြန်ပေးလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်..."