အခန်း ၃၉၇
Vol. 40 Ch. 397
အခန်း (၃၉၇) နိုင်ငံပိုင် စားသောက်ဆိုင်တွင် စားသောက်ခြင်း
“ခရမ်းချဉ်သီး နှစ်ကျင်း၊ တရုတ်ဂေါ်ဖီထုပ် လေးကျင်း၊ ငရုတ်သီး တစ်ကျင်း၊ ဂေါ်ဖီထုပ် တစ်ကျင်း…”
လီလန်သည် သူ၏ ဟင်းသီးဟင်းရွက်လက်မှတ်များနှင့် ယွမ်အနည်းငယ်ကို အသုံးပြု၍ ဟင်းသီးဟင်းရွက် အများအပြားကို ဝယ်ယူခဲ့လေသည်။
ထိုခေတ်ကာလများတွင် ဟင်းသီးဟင်းရွက်များမှာ အသားများလောက် ဈေးမကြီးသောကြောင့် ငွေအများကြီး မကုန်ကျခဲ့ပေ။
"ကန်စွန်းဥလက်မှတ်တွေနဲ့ မြေပဲလက်မှတ်တွေ ကျန်နေသေးတယ် အကုန်လုံး သုံးလိုက်တာပဲ ကောင်းမယ်..."
ကန်စွန်းဥနှင့် မြေပဲတို့မှာ အကြမ်းစားကောက်နှံများ ဖြစ်ကြပြီး ခရမ်းချဉ်သီးနှင့် တရုတ်ဂေါ်ဖီထုပ်တို့ထက် ပိုမိုကြာရှည်စွာ သိုလှောင်ထားနိုင်ကာ ဈေးနှုန်းလည်း ပိုသက်သာလှသည်။
ထို့ကြောင့် လီလန်သည် မြေပဲ လေးကျင်းနှင့် ကန်စွန်းဥ ခြောက်ကျင်းတို့ကို ထပ်မံဝယ်ယူခဲ့၏။
နိုင်ငံပိုင် ဟင်းသီးဟင်းရွက်ဈေးသို့ သွားရောက်ပြီးနောက် သူ၏အိတ်ကပ်ထဲရှိ ဟင်းသီးဟင်းရွက်လက်မှတ်များနှင့် အကြမ်းစားကောက်နှံလက်မှတ်များမှာ ဘာမှမကျန်တော့ဘဲ အကုန်ကုန်သွားတော့သည်။
လီလန်ကတော့ သည်အရာများကို ဂရုမစိုက်ပေ။
ဟင်းသီးဟင်းရွက်လက်မှတ်များမှာ အဖိုးတန်ပစ္စည်းများ မဟုတ်သည့်အပြင် နောက်ပိုင်းတွင် လျှို့ဝှက်သေတ္တာများထဲမှ ပြန်လည်ရရှိနိုင်သောကြောင့် ဖြစ်သည်။ ကန်စွန်းဥလက်မှတ်များနှင့် မြေပဲလက်မှတ်များမှာလည်း ထိုနည်းတူပင် ဖြစ်၏။
"ဒုက္ခပါပဲ ပစ္စည်းတွေ အများကြီး ဝယ်လိုက်တာဆိုတော့ ငါတို့ ဘယ်လို ပြန်သယ်သွားကြမလဲ..."
ဟင်းသီးဟင်းရွက်ဈေး အဝင်ဝတွင် ပိုင်ကျဲ့သည် စက်ဘီးဘေးရှိ ပုံထားသော ပစ္စည်းများကို ကြည့်ရင်း မျက်မှောင်မကုတ်ဘဲ မနေနိုင်တော့ပေ။
ထိုခေတ်က ပလတ်စတစ်အိတ်များ မရှိသေးသဖြင့် လူအများမှာ ကုန်စုံဝယ်ယူရန်အတွက် ပိုက်အိတ်များကိုသာ အသုံးပြုကြလေသည်။
ခရမ်းချဉ်သီး၊ တရုတ်ဂေါ်ဖီထုပ်နှင့် ဂေါ်ဖီထုပ်စသည့် ဟင်းသီးဟင်းရွက်များ အားလုံးကို ပိုက်အိတ်များထဲသို့ ထည့်ထားသည်။
လီလန်သည် ပိုက်အိတ်တစ်အိတ်ကို ကောက်မကြည့်လိုက်ရာ အနည်းဆုံး ကျင်းဆယ်ဂဏန်းလောက် အလေးချိန်စီးပြီး အတော်လေး လေးလံနေလေသည်။
"စက်ဘီးနောက်ခုံမှာ ကြိုးနဲ့ချည်လိုက်ရင် ကောင်းမလား ကျွန်တော်ပဲ သယ်သွားလိုက်မယ်လေ..."
လီလန်က အကြံပြုလိုက်၏။
"အရမ်းလေးတာပဲ ဒါတွေအကုန်လုံးကို သယ်သွားဖို့က အဆင်မပြေလောက်ဘူး..."
ပိုင်ကျဲ့က ခေါင်းယမ်းကာ ပြောသည်။
"ဒါဆိုလည်း ထားလိုက်တော့ ရှောင်နျူးတို့ကိုပဲ ပေးလိုက်ကြတာပေါ့..."
သူသည် ရွာသို့ ပစ္စည်းများ သယ်ယူပို့ဆောင်ပေးရန် ချင်းလုံဂိုဏ်းမှ တပည့်များကို ခေါ်ထားပြီးဖြစ်၍ ဤဟင်းသီးဟင်းရွက်များ၊ မြေပဲ၊ ကန်စွန်းဥနှင့် ကောက်နှံများကို သူတို့နှင့်အတူ တစ်ပါတည်း သယ်သွားခိုင်းမည်ဖြစ်သည်။
ထို့နောက် လီလန်သည် ဟင်းသီးဟင်းရွက် ပိုက်အိတ်ကို စက်ဘီးဖြင့် စားနပ်ရိက္ခာရုံသို့ သယ်ဆောင်သွားပြီး အခြားကောက်နှံများနှင့်အတူ ထားသိုလိုက်သည်။
စားနပ်ရိက္ခာရုံမှ အရောင်းစာရေးမကို မှာကြားပြီးနောက် လီလန်နှင့် ပိုင်ကျဲ့တို့သည် စက်ဘီးစီးကာ ရွှမ်းရွှေရွာဆီသို့ အတူတူ ထွက်ခွာလာကြတော့သည်။
"လီလန် ငါ ဗိုက်ဆာလာပြီ... မပြန်ခင် တစ်ခုခု အရင်စားသွားကြရင် မကောင်းဘူးလား..."
ထိုအခိုက်တွင် ပိုင်ကျဲ့၏ ဗိုက်ထဲမှ ဆာလောင်မှုကြောင့် အသံများမြည်လာပြီး အကြံပြုလာသည်။
"မပြန်ခင် တစ်ခုခု စားသွားမယ်ပေါ့..."
လီလန်သည် လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်များကို ကြည့်ရင်း စဉ်းစားခန်း ဝင်သွားသည်။
"ရတော့ရပါတယ် ဒါပေမဲ့ ကျွန်တော့်လက်ထဲမှာ ကောက်နှံလက်မှတ်တွေရော အသားလက်မှတ်တွေရော မရှိတော့ဘူး..."
ပိုင်ရှန်းမြို့နယ်မှာ သိပ်မကြီးသော်လည်း မြို့နယ်ထဲတွင် နိုင်ငံပိုင် စားသောက်ဆိုင်တစ်ဆိုင် ရှိလေသည်။
ထိုခေတ်အခါက ပုဂ္ဂလိကပိုင် စားသောက်ဆိုင်များ ဖွင့်လှစ်ခွင့် မရှိပေ။
ကိုယ်ပိုင်စားသောက်ဆိုင် ဖွင့်လှစ်ခြင်းမှာ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ခြင်းဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ဆောင်မှုဖြစ်သောကြောင့် မှောင်ခိုဈေးကစားခြင်းနှင့် အမြတ်ထုတ်ခြင်းအဖြစ် သတ်မှတ်ခံရသည်။
ထို့ကြောင့် မြို့နယ်ထဲတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်များမှာ အစိုးရမှ လုပ်ကိုင်သောဆိုင်များဖြစ်ကြပြီး နိုင်ငံပိုင် စားသောက်ဆိုင်များသာ ဖြစ်လေသည်။
နိုင်ငံပိုင် စားသောက်ဆိုင်များပင်တည်း။
နိုင်ငံပိုင် စားသောက်ဆိုင်ဖြစ်လင့်ကစား မည်သူမဆို ဝင်ရောက်စားသောက်နိုင်သည် မဟုတ်ဘဲ အဆင့်အတန်းတစ်ခုရှိသူများသာ သွားရောက်စားသောက်နိုင်၏။
ဆိုလိုသည်မှာ အရာရှိများပင်ဖြစ်သည်။
သို့မဟုတ် အိတ်ကပ်ထဲတွင် ငွေရှိပြီး ကန်တင်းများမှ စုပေါင်းထမင်းများကို စားရတာ ငြီးငွေ့လာသဖြင့် စက်ရုံထဲမှ ခိုးထွက်ကာ အပြင်ထွက်စားတတ်သော အလုပ်သမားများသာ ဖြစ်သည်။
နိုင်ငံပိုင် စားသောက်ဆိုင်တွင် စားသောက်ရန်အတွက် ငွေရှိရုံသာမက လက်မှတ်များလည်း လိုအပ်ပေသည်။
မိမိစားသုံးမည့်အရာပေါ် မူတည်၍ သက်ဆိုင်ရာလက်မှတ်ကို ပေးရသည်။
အသားစားလျှင် အသားလက်မှတ်၊ ဟင်းသီးဟင်းရွက်စားလျှင် ဟင်းသီးဟင်းရွက်လက်မှတ် လိုအပ်ပြီး မုန့်ပေါင်း သို့မဟုတ် ထမင်းစားလျှင်လည်း ကောက်နှံလက်မှတ်များ လိုအပ်လေသည်။
ပိုင်ကျဲ့မှ အပြင်ထွက်စားရန် အကြံပြုသည်ကို ကြားလိုက်ရသည့်အခါ လီလန်သည်လည်း သွေးဆောင်ခံလိုက်ရ၏။ သူသည်လည်း မြို့နယ်ထဲတွင် တစ်နေကုန် ပြေးလွှားလှုပ်ရှားနေရသဖြင့် ဗိုက်ဆာနေပြီဖြစ်သည်။
သို့သော်လည်း စားနပ်ရိက္ခာရုံနှင့် နိုင်ငံပိုင် ဟင်းသီးဟင်းရွက်ဈေးသို့ သွားရောက်ပြီးနောက် သူ၏ ကောက်နှံလက်မှတ်၊ ဟင်းသီးဟင်းရွက်လက်မှတ်နှင့် အသားလက်မှတ်များ အားလုံး ကုန်သွားခဲ့လေပြီ။
စားသောက်ဆိုင်တွင် စားရန်အတွက် သူ၏လက်ထဲတွင် လက်မှတ်များ ရှိဖို့လိုသည်။
လီလန်က မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"စားလို့တော့ ရပါတယ် ကျွန်တော်တို့ စုန်းမအိုကြီးရဲ့ ပင်စင်လစာကို အခုလေးတင် ပြန်ရထားတာဆိုတော့ ဒီနေ့အတွက် ငွေမပြတ်လပ်ပါဘူး... ဒါပေမဲ့ ငွေရှိရင်တောင် အပြင်ထွက်စားလို့ မရသေးဘူး လက်မှတ်တွေ လိုသေးတယ်လေ..."
"ဒီနေ့ ကျွန်တော်တို့ ကောက်နှံတွေ ဟင်းသီးဟင်းရွက်တွေ အများကြီး ဝယ်လိုက်လို့ လက်မှတ်တွေ အကုန်ပြောင်သွားပြီ..."
"စားသောက်ဆိုင်မှာ စားဖို့ဆိုရင် လက်မှတ်နည်းနည်းပါးပါးတော့ ရအောင် ရှာရမယ်..."
"ဒီလက်မှတ်တွေက ရဖို့သိပ်မလွယ်ဘူးနော်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ပိုင်ကျဲ့၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာကာ ခေါင်းယမ်းလိုက်ပြီး ဂရုမစိုက်ဟန်ဟန်ဆောင်၍ ပြောလိုက်သည်။
"ငါက ဒီတိုင်းပြောကြည့်တာပါ အိမ်ပဲ အရင်ပြန်ကြတာပေါ့..."
"အဆိုးဆုံးဆိုရင်တော့ ကန်စွန်းဥတွေကို ရေဆေးလို့ရမယ့် နေရာတစ်နေရာ ရှာပြီး စားလိုက်လို့ ရတာပဲ အဲဒါလည်း ဗိုက်ဝနိုင်တာပဲကို..."
ကန်စွန်းဥများမှာ စွယ်စုံသုံးနိုင်သော အစားအစာ ဖြစ်သည်။
၎င်းတို့ကို ပေါင်းစား၊ ဖုတ်စား သို့မဟုတ် ကြော်စား၍ ရလေသည်။
အစိမ်းစားလျှင်ပင် ရသေး၏။
အစိမ်းစားသည်ဆိုသည်မှာ အခြောက်စားခြင်းကို ဆိုလိုသည်။ ကန်စွန်းဥများကို ရေဆေးကာ မျက်နှာပြင်ရှိ ရွှံ့များကို သန့်စင်ပြီးနောက် အပြင်ခွံကို ခွာ၍ ကိုက်စားရုံပင် ဖြစ်သည်။
လတ်ဆတ်သော ကန်စွန်းဥများမှာ ကြွပ်ရွကာ ချိုမြိန်ပြီး ဗိုက်ပြည့်စေသဖြင့် မုန့်ပေါင်းများထက်ပင် အဆင့်မနိမ့်လှပေ။
လည်ချောင်းကို ကသိကအောက်ဖြစ်စေသော အကြမ်းစား ပြောင်းဖူးမုန့်ပေါင်းများနှင့် နှိုင်းယှဉ်လျှင် လီလန်သည် ကန်စွန်းဥများကိုသာ ပို၍စားချင်လေသည်။
အထူးသဖြင့် အပြင်ဘက်တွင် ကြွပ်ရွပြီး အတွင်းတွင် နူးညံ့သော ဖုတ်ထားသည့် ကန်စွန်းဥများဆိုလျှင် ပို၍ပင် စားကောင်းသေးသည်။ အပြင်ခွံကို ခွာလိုက်သည်နှင့် ရွှေဝါရောင် ကန်စွန်းဥအသားကို မြင်တွေ့ရပြီး တစ်ကိုက်ကိုက်လိုက်သည်နှင့် ပြောမပြတတ်အောင် ချိုမြိန်လှပေသည်။
မွှေးကြိုင်ပြီး ချိုမြိန်လှ၏။
ပြီးခဲ့သည့် လအနည်းငယ်အတွင်းက လီလန်သည် ဟင်းချက်ရန် ပျင်းရိသည့်အခါတိုင်း မီးဖိုချောင်ထဲမှ ကန်စွန်းဥ အနည်းငယ်ကို ယူ၍ မီးဖိုထဲသို့ ပစ်ထည့်တတ်သည်။
နာရီဝက်အတွင်းမှာပင် ကန်စွန်းဥ၏ မွှေးရနံ့များမှာ မီးဖိုချောင်တစ်ခုလုံးကို လွှမ်းခြုံသွားတတ်သည်။
၎င်းက ဒုတိယညီမနှင့် ညီမငယ်လေးတို့ကို သေလောက်အောင် သွားရည်ကျစေခဲ့သည်။
သို့သော်လည်း ကန်စွန်းဥများကို အလွန်အကျွံ စားသုံးမိပါက လေပွခြင်းကို ဖြစ်စေတတ်သည်။
နေ့စဉ်ရက်ဆက် စားနေမည်ဆိုပါက နောက်ဆုံးတွင် ငြီးငွေ့လာမည်ဖြစ်ပြီး ၎င်းမှာ ကောင်းသောအရာတော့ မဟုတ်ပေ။
ပိုင်ကျဲ့သည်လည်း အိမ်တွင် ကန်စွန်းဥများကို အစိမ်းဖြစ်စေ၊ ဖုတ်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ နည်းလမ်းအမျိုးမျိုးဖြင့် မကြာခဏ စားလေ့ရှိသည်။
ကန်စွန်းဥ စားရမည်ဟု ကြားလိုက်ရသည့်အခါ သူမ၏မျက်နှာတွင် စိတ်ပျက်မှုများ အထင်းသားပေါ်လွင်နေသော်လည်း လီလန် ရိပ်မိသွားမည်ကို မလိုလားသဖြင့် အတင်းပြုံးပြနေသည်။
သို့သော်လည်း လီလန်ဆိုသည်မှာ မည်သူနည်း။
ပြန်လည်မွေးဖွားလာသူ တစ်ယောက်ပင်တည်း။
ထို့အပြင် သူ၏ထံတွင် အထူးစွမ်းအား တစ်ခုလည်း ရှိနေသေးသည်။ နေ့စဉ်လျှို့ဝှက်သေတ္တာဖွင့်စနစ်ပင်ဖြစ်၏။
သူ၏ အမြင်အာရုံမှာ အိမ်တွင် မွေးမြူထားသော ငှက်လေးကဲ့သို့ပင် အလွန်ကောင်းမွန်လှရာ ပိုင်ကျဲ့၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့်အရိပ်အယောင်လေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူက ချက်ချင်းပင် သတိပြုမိလိုက်လေသည်။
"ထားလိုက်ပါတော့ ကန်စွန်းဥတွေ မစားတော့ဘူး ကျွန်တော်တို့ နိုင်ငံပိုင် စားသောက်ဆိုင်ကိုပဲ သွားကြတာပေါ့..."
"အသားလက်မှတ်တွေနဲ့ ကောက်နှံလက်မှတ်တွေ နည်းနည်းလောက် လဲလို့ရမယ့်သူ ရှိမလားဆိုတာကို ကျွန်တော် နည်းလမ်းရှာကြည့်လိုက်မယ်..."
"ကောင်းပြီလေ..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ပိုင်ကျဲ့၏ မျက်လုံးများ အရောင်လဲ့သွားပြီး အစာကောက်နေသော ကြက်ပေါက်လေးတစ်ကောင်ပမာ ခေါင်းညိတ်ပြလိုက်၏။
[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် +၈၀၀၀]
[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ်+၈၀၀၀]
ပိုင်ကျဲ့ ဝမ်းသာသွားသည်နှင့်အမျှ လီလန်သည် သူမ၏ထံမှ နှစ်သက်ခြင်းအမှတ် (၁၆၀၀၀)ကို ထပ်မံရရှိသွားခဲ့သည်။
လီလန်သည် ကောက်နှံလက်မှတ်များ လဲလှယ်ရန် သင့်တော်မည့်သူကို ရှာဖွေရင်း ပတ်ဝန်းကျင်သို့ လိုက်လံကြည့်ရှုလိုက်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည် ရင်းနှီးနေသော မျက်နှာတစ်ခုကို လှမ်းမြင်လိုက်ရလေသည်။
"ဪ ဟိုတစ်ယောက် မဟုတ်လား..."
ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည့်အခါ လီလန်၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
တိတိကျကျ ပြောရလျှင် အသုံးမကျသော လူအကြီး တစ်ယောက်ပင်ဖြစ်သည်။
"ငါ့ကို ဒီမှာ ခဏစောင့်နေနော်..."
လီလန်က ပိုင်ကျဲ့ကို မှာကြားလိုက်သည်။
သူသည် စက်ဘီးကို ရပ်ထားခဲ့ပြီး ထိုရင်းနှီးနေသော သူဆီသို့ လျှောက်သွားလိုက်၏။
တုံ့ကျန်းဟွေသည် အမျိုးသမီး ရဲဘော်တစ်ဦးနှင့်အတူ လမ်းပေါ်တွင် ယှဉ်တွဲလျှောက်လာစဉ် ရုတ်တရက် အနောက်မှ တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်သည်။
"ရဲဘော်ကျန်းဟွေ မတွေ့ရတာ ကြာပြီနော်..."
"ဘယ်သူလဲ..."
အသုံးမကျသော လူအကြီး တုံ့ကျန်းဟွေ လှည့်ကြည့်လိုက်ရာ သူ၏အရှေ့တွင် ရပ်နေသော သူ၏မျက်နှာကို မြင်လိုက်ရလေသည်။
သူ၏မျက်နှာမှာ ကြောက်လန့်တကြားဖြင့် ဖြူရော်သွားပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်တော့၏။
"မင်း... မင်းက..."
တုံ့ကျန်းဟွေသည် မိန်းမတစ်ယောက်နောက် အရူးအမူး လိုက်ခဲ့ဖူးသည့် သိပ်မဂုဏ်ယူစရာကောင်းလှသော အတိတ်တစ်ခုကို ပြန်လည်သတိရသွားလေတော့သည်။