အခန်း ၃၉၈
Vol. 40 Ch. 398
အခန်း (၃၉၈) ဝက်ချိုချဉ်၊ မြေကြီးရတနာသုံးပါးနှင့် အာလူးမျှင်ကြော်
"ဘယ်လိုလဲ ငါ့ကို မမှတ်မိတော့ဘူးလား..."
လီလန်က တုံ့ကျန်းဟွေကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
သူနှင့် တုံ့ကျန်းဟွေတို့သည် ပိုင်ဟူဂိုဏ်း ဌာနချုပ်တစ်ခုတွင် ယခင်က တစ်ကြိမ် ဆုံတွေ့ဖူးခဲ့ကြ၏။
ထိုစဉ်က တုံ့ကျန်းဟွေသည် လူလိမ်ယန်တုံ့ပင်းကို အလွန်အမင်း စွဲလမ်းနေခဲ့သဖြင့် ရူးသွပ်နေသည့်အလားပင် ဖြစ်နေခဲ့လေသည်။
လီလန်က ယန်တုံ့ပင်းကို ရှင်းလင်းပေးခဲ့သည့် ကျေးဇူးကြောင့်သာ တုံ့ကျန်းဟွေသည် အချိန်မီ အသိတရားရကာ အမှားနွံထဲမှ ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ရဲဘော်ကျန်းဟွေ အဲဒီတုန်းက..."
လီလန် စကားဆက်ပြောရန် ဟန်ပြင်လိုက်သော်လည်း တုံ့ကျန်းဟွေက အချိန်မီ ဖြတ်ပြောလိုက်လေသည်။
"အဖွဲ့ခေါင်းဆောင်လီ သီးသန့်လောက် စကားခဏ ပြောလို့ရမလား..."
တုံ့ကျန်းဟွေက အကူအညီမဲ့နေသော လေသံဖြင့် ပြောလိုက်သည်။
လီလန်သည် တုံ့ကျန်းဟွေဘေးတွင် ရပ်နေသော မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
တုံ့ကျန်းဟွေသည် နောက်ထပ် မိန်းကလေးတစ်ယောက် ထပ်ရနေပြီဖြစ်ကြောင်း တွေးလိုက်မိသည်။
သူ၏ မိသားစုမှာ ငွေကြေးပြည့်စုံသူများ ဖြစ်ရပေမည်။ ရက်အနည်းငယ်သာ ကြာသေးသော်လည်း သူသည် လူသစ်တစ်ယောက်နှင့် တွဲနေပြီဖြစ်သည်။
ဤတုံ့ကျန်းဟွေသည်လည်း အရည်အချင်းအချို့ ရှိနေကြောင်း လီလန်က တိတ်တဆိတ် အံ့သြသွားတော့သည်။
"ကျန်းဟွေ သူက ဘယ်သူလဲ..."
ထိုမိန်းကလေးက လီလန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။
တုံ့ကျန်းဟွေက "ငါ့သူငယ်ချင်းပါ သူက..." ဟု ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။
သူသည် လီလန်ကို ကြည့်ကာ စကားပြောရန် တုံ့ဆိုင်းသွားသည်။
"မင်္ဂလာပါ ကျွန်တော့်နာမည်က လီလန်ပါ ကျွန်တော်က မုဆိုးတစ်ယောက်ပါ..."
လီလန်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ကျွန်မနာမည်က ဝမ်ဟိုင်ယန်ပါ..."
မိန်းကလေးက လီလန်ကို ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။
တုံ့ကျန်းဟွေက သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
ပိုင်ဟူဂိုဏ်းမှ ဤပုဂ္ဂိုလ်ကြီးက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်မပြောခဲ့သည်မှာ ကံကောင်းသွားလေသည်။ အကယ်၍ သူသာ ထုတ်ပြောလိုက်ပြီး တုံ့ကျန်းဟွေက ဂိုဏ်းမှ လူများကို သိနေကြောင်း ပေါ်ပေါက်သွားပါက ဘောင်းဘီပေါ် ရွှံ့စင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ချေးမဟုတ်လျှင်တောင် ချေးဟု အထင်ခံရမည်သာဖြစ်သည်။
ထို့နောက် သူတို့နှစ်ဦးသည် ဘေးသို့ဖယ်၍ စကားပြောရန် သွားလိုက်ကြ၏။
"အဖွဲ့ခေါင်းဆောင်လီ ခုနက ကိစ္စအတွက် ကျေးဇူးတင်ပါတယ် ဟိုင်ယန်က ရိုးသားတဲ့ မိန်းကလေးဆိုတော့ ကျွန်တော် ပိုင်ဟူဂိုဏ်းကို သိတယ်ဆိုတာ သူ့ကို မသိစေချင်လို့ပါ..."
"ရပါတယ်..."
လီလန်က ခေါင်းယမ်းလိုက်သည်။
"ဒီတစ်ခါတော့ အရူးအမူးလိုက်ခဲ့ဖူးသူ မဖြစ်စေနဲ့ကွ ယောကျာ်းဆိုတာ ယောကျာ်းပီပီသသ နေရတယ် ပိုပြီး ကြံ့ခိုင်ရမယ် ပိုပြီး လွှမ်းမိုးနိုင်ရမယ် အဲဒါမှ မိန်းမတွေက မင်းကို လေးစားမှာ သူတို့ မင်းကို လေးစားရင် မင်းကို ထားမသွားနိုင်တော့ဘူး..."
လီလန်က တုံ့ကျန်းဟွေ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
ပုံမှန်ဆိုလျှင် လီလန်သည် မည်သူ့ကိုမျှ ဤကဲ့သို့ ပြောပြမည်မဟုတ်သော်လည်း သူသည် တုံ့ကျန်းဟွေထံမှ ကောက်နှံလက်မှတ်နှင့် အသားလက်မှတ်များကို လဲလှယ်ရန် လိုအပ်နေသောကြောင့် ဘဝအတွက် အကြံဉာဏ်အချို့ကို အထူးတလည် ပြောပြလိုက်ခြင်း ဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်လီ ကျွန်တော် နားလည်ပါပြီ ကျေးဇူးတင်ပါတယ်..."
တုံ့ကျန်းဟွေက ခေါင်းညိတ်ပြလိုက်သည်။
"မင်းရဲ့ အမှားတွေကို မင်း မြင်သွားတာ မဆိုးပါဘူးကွာ မင်းရဲ့ စိတ်က မထက်မြက်လို့သာ လူဆိုးမတွေရဲ့ လှည့်စားမှုကို ခံရလွယ်နေတာ..."
လီလန်က ခေါင်းယမ်းကာ ပြောလိုက်၏။
"အဖွဲ့ခေါင်းဆောင်လီ ဆုံးမတာ မှန်ပါတယ်..."
"ခင်ဗျား ကျေးဇူးကြောင့်သာ လူလိမ် ယန်တုံ့ပင်းရဲ့ အစစ်အမှန်ကို ကျွန်တော် မြင်ခွင့်ရခဲ့တာပါ..."
ယန်တုံ့ပင်း အကြောင်းကို ဖော်ပြလိုက်တိုင်း တုံ့ကျန်းဟွေသည် ဒေါသတကြီးဖြင့် အံကြိတ်လျက် ရှိသည်။
အကယ်၍ လီလန်သာ ယန်တုံ့ပင်းသည် ငွေမက်သော လူလိမ်တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်မပေးခဲ့ပါက တုံ့ကျန်းဟွေသည် နံပါတ်နှစ် တိရစ္ဆာန်ကုဆရာဝန်လုံ ဖြစ်သွားလောက်ပေသည်။
"အဲဒီလူလိမ်နဲ့ ထပ်ပြီး အဆက်အသွယ် မလုပ်တော့ဘူးမလား..."
လီလန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"မလုပ်တော့ပါဘူး..."
တုံ့ကျန်းဟွေက ခေါင်းယမ်းပြသည်။
တုံ့ကျန်းဟွေသည် တစ်ခဏမျှ စဉ်းစားလိုက်၏။
"ဒါပေမဲ့ သူ မြို့နယ်ကနေ မထွက်သွားခင် ကျွန်တော့်အိမ်ကို တစ်ခေါက် လာရှာသေးတယ်..."
"မင်းဆီက ငွေလာချေးတာလား..."
လီလန်၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားသည်။
"အဖွဲ့ခေါင်းဆောင်လီက ဉာဏ်အကောင်းဆုံးပဲ..."
တုံ့ကျန်းဟွေက ခေါင်းညိတ်ပြ၏။
"ငါ ခန့်မှန်းမိသားပဲ..."
လီလန်က ခေါင်းယမ်းလိုက်သည်။
"အဲဒီမိန်းမက တကယ့်ကို ရွံစရာကောင်းတယ် မြို့နယ်ကနေ မထွက်သွားခင်လေးတောင် မင်းဆီကနေ အမြတ်ထုတ်ဖို့ တွေးနေသေးတာကိုး..."
"မင်းက သံယောဇဉ်တွေ မဖြတ်နိုင်ဘဲ သူ့ကို ချေးပေးလိုက်တာတော့ မဟုတ်ဘူးမလား..."
လီလန်သည် တုံ့ကျန်းဟွေကို တစ်ဝက်တစ်ပျက် ပြုံးလျက် ကြည့်လိုက်သည်။
တုံ့ကျန်းဟွေသည် အနေရခက်စွာ ပြုံးလိုက်လေသည်။
"မချေးပေးပါဘူး အဲဒီအချိန်တုန်းက ကျွန်တော် ဒေါသထွက်နေတော့ သူ့ကို ဂရုတောင်မစိုက်ဘူး သူ ငွေချေးလို့မရတော့ ကျွန်တော့်အိမ်မှာ ခဏလောက်နေပြီး ထွက်သွားတယ်..."
"အဲဒါမှပေါ့ မင်း အသိတရားရှိသေးလို့ တော်သေးတာပေါ့ကွာ..."
လီလန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"အဖွဲ့ခေါင်းဆောင်လီ မြို့နယ်မှာ ဘာလာလုပ်တာလဲ အဲဒါက ခင်ဗျားရဲ့ ချစ်သူလား..."
အဝေးမှနေ၍ သူတို့ကို လှမ်းကြည့်နေသော ပိုင်ကျဲ့ကို တုံ့ကျန်းဟွေက သတိထားမိသွားသည်။
လီလန်သည် သူ၏အမေးကို မဖြေဘဲ ပြုံး၍သာ ပြောလိုက်လေသည်။
"မင်းဆီမှာ ကောက်နှံလက်မှတ်တွေ အသားလက်မှတ်တွေ ပါသေးလား ငါ ငွေနဲ့ လဲပေးမယ်..."
တုံ့ကျန်းဟွေသည် ယန်တုံ့ပင်းကဲ့သို့ ငွေမက်သူတစ်ဦးနှင့် ငြိစွန်းနိုင်ခဲ့သည်ဆိုတော့ သူ၏အိတ်ကပ်ထဲတွင် ငွေအချို့ ရှိနေရမည်ဖြစ်ပြီး သူ၏ အခြေအနေမှာ သိပ်ဆိုးရွားနေမည် မဟုတ်ပေ။
"အဖွဲ့ခေါင်းဆောင်လီဆီမှာ လက်မှတ်တွေ မရှိဘူးလား..."
"မဖြစ်နိုင်တာ အဖွဲ့ခေါင်းဆောင်လီက ပိုင်ဟူဂိုဏ်းရဲ့ တတိယခေါင်းဆောင်ပဲဟာ ဒီလောက်ကြီးတဲ့ ဂိုဏ်းကို အုပ်ချုပ်နေတာ ကောက်နှံလက်မှတ်နဲ့ အသားလက်မှတ် နည်းနည်းလေးတောင် မရှိဘူးလား..."
တုံ့ကျန်းဟွေက အလွန်အံ့သြသွားတော့သည်။
လီလန်သည် အနေရခက်စွာဖြင့် နှာခေါင်းကို ပွတ်လိုက်သည်။
"ဒီနေ့ ပစ္စည်းတွေ အများကြီး ဝယ်လိုက်လို့ အကုန်ကုန်သွားပြီ..."
ပိုင်ဟူဂိုဏ်းက ပိုင်ဟူဂိုဏ်းဖြစ်ပြီး လီလန်က လီလန်ဖြစ်သည်။ သူသည် နာမည်ခံသက်သက်သာဖြစ်၍ ၎င်းတို့သည် မတူညီသော အရာနှစ်ခုသာဖြစ်လေသည်။
"ဪ ဒီလိုလား..."
"အဖွဲ့ခေါင်းဆောင်လီက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော့်ကို ကယ်ခဲ့တာပဲ မဟုတ်ရင် ကျွန်တော် ပိုပြီး အရူးအမူးဖြစ်လေ ယန်တုံ့ပင်းက ကျွန်တော့်ဆီကနေ ငွေတွေ ပိုလိမ်လေဖြစ်မှာ..."
"ကောက်နှံလက်မှတ်နဲ့ အသားလက်မှတ် နည်းနည်းပါပဲ ကျွန်တော် ပေးပါ့မယ် ကျွန်တော်နဲ့ အားနာနေစရာ မလိုပါဘူး..."
တုံ့ကျန်းဟွေသည် သူ၏ ဘောင်းဘီအိတ်ကပ်ထဲမှ လက်မှတ်အချို့ကို ဆွဲထုတ်လိုက်လေသည်။
၎င်းတို့အားလုံးမှာ နှစ်ကျင်းတန် ကောက်နှံလက်မှတ်၊ အသားလက်မှတ်နှင့် ဟင်းသီးဟင်းရွက်လက်မှတ်များ ဖြစ်ကြသည်။
"ကောင်းပြီလေ ဒါဆိုရင်လည်း ငါ အားမနာတော့ဘူး..."
လီလန်က လက်မှတ်များကိုယူရင်း ခေါင်းညိတ်ပြလိုက်၏။
ဤတုံ့ကျန်းဟွေသည် သူ့ကို ကျေးဇူးဆပ်ရန် ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။
"မင်းဆီမှာ ကျောက်မီးသွေးလက်မှတ်ရော ရှိသေးလား..."
အိမ်ရှိ ကျောက်မီးသွေးများ ကုန်သွားပြီဖြစ်၍ ကျောက်မီးသွေးအချို့ ဝယ်ရန် လိုအပ်နေကြောင်း လီလန် သတိရသွားသည်။
"အဲဒါတော့ မရှိဘူး..."
တုံ့ကျန်းဟွေက ခေါင်းယမ်းလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်မိသားစုက ကျောက်မီးသွေးစက်ရုံ ဖွင့်ထားတာ ခင်ဗျား ကျောက်မီးသွေးလိုတယ်ဆိုရင် ကျွန်တော် လှမ်းပြောပေးလိုက်မယ်လေ ပိုက်ဆံပေးစရာ မလိုဘူး..."
ထိုစကားကို ကြားလိုက်ရသည့်အခါ လီလန်က တွေးလိုက်မိသည်။
*ဟိုက်…ကျောက်မီးသွေး သူဌေးသားပါလား…*
ဤတုံ့ကျန်းဟွေဆိုသည့်ကောင်လေး၏ အိမ်တွင် မိုင်းတွင်းတစ်ခု ရှိနေသည်ပဲ။
"ဘယ်လိုလုပ် အားနာစရာကြီး ဖြစ်ရမှာလဲ..."
"ဘာတွေ အားနာစရာရှိလို့လဲ ခင်ဗျားသာ အဲဒီလူလိမ်ကို မရိုက်နှက်ခဲ့ရင် ကျွန်တော် အများကြီး ဆုံးရှုံးရမှာ..."
"အဖွဲ့ခေါင်းဆောင်လီ မသိလို့ပါ ခင်ဗျား အဲဒီလူလိမ်ကို ရိုက်နှက်ခဲ့တယ်ဆိုတာကို ကြားတော့ ကျွန်တော့်အဖေရော အမေပါ လက်ခုပ်တီးပြီး သဘောကျကြတာ ခင်ဗျားကို အထူးတလည် ကျေးဇူးတင်ချင်လို့ နောက်တစ်နေ့ ကျွန်တော်တို့အိမ်ကို ညစာစားဖို့ ဖိတ်ခိုင်းသေးတယ်..."
"အဲဒါတော့ မလိုပါဘူး..."
လီလန်က အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။
"ရဲဘော်ကျန်းဟွေ ဒါဆိုရင်တော့ ငါ အားမနာတော့ဘူး နောက်မှ မင်းတို့မိသားစုရဲ့ ကျောက်မီးသွေးစက်ရုံကို သေချာစောင့်ရှောက်ပေးဖို့ ချင်းလုံဂိုဏ်းကို ငါ လှမ်းပြောပေးလိုက်မယ်..."
"အဲဒါဆို အရမ်းကောင်းတာပေါ့..."
တုံ့ကျန်းဟွေက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် အချင်းချင်း နှုတ်ဆက်ကာ မိမိတို့၏ အမျိုးသမီးအဖော်များနှင့်အတူ လမ်းခွဲ၍ ထွက်သွားကြလေသည်။
"လီလန် သူက ဘယ်သူလဲ..."
နိုင်ငံပိုင်စားသောက်ဆိုင်သို့ သွားရာလမ်းတွင် ပိုင်ကျဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"အသုံးမကျတဲ့ လူအ သူငယ်ချင်းတစ်ယောက်ပါ..."
လီလန်က တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ဟင်..."
"ဒါပေမဲ့ အဲဒီကောင်လေးက တော်တော်ချမ်းသာတာ သူ့အဖေက ကျောက်မီးသွေးစက်ရုံမှူးလေ..."
လီလန်က အနည်းငယ် အံ့အားသင့်သော လေသံဖြင့် ပြောလိုက်သည်။
ယန်တုံ့ပင်းက သူ့ကို ပစ်မှတ်ထားခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ ဤကောင်လေးသည် ဒုတိယမျိုးဆက် သူဌေးသား ဖြစ်နေသည်ကိုး။
စက်ရုံသူဌေးသား…သူဌေးသားဆိုသည်မှာ လီလန်၏ ယခင်ဘဝက အသုံးအနှုန်းများ ဖြစ်သည်။
ယေဘုယျအားဖြင့် သူတို့ကို သူဌေးသားများဟု ခေါ်ဆိုကြလေသည်။
သူဌေးသားတစ်ယောက်သည် စီးပွားရေးလုပ်ငန်းတစ်ခု မစတင်သရွေ့ ပူပင်သောကကင်းစွာဖြင့် သက်တောင့်သက်သာ နေထိုင်နိုင်ရန် လုံလောက်သော စည်းစိမ်ချမ်းသာ ရှိလေသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ နိုင်ငံပိုင်ခေတ်ဖြစ်သောကြောင့် ဤကျောက်မီးသွေးစက်ရုံမှာ သဘာဝအားဖြင့် နိုင်ငံပိုင်ကျောက်မီးသွေးစက်ရုံသာဖြစ်သည်။ တုံ့ကျန်းဟွေ၏ အဖေက စက်ရုံမှူးဖြစ်သည်ဆိုသည်မှာ သူသည် ညွှန်ကြားရေးမှူးတစ်ဦးသာဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပြီး ကျောက်မီးသွေးစက်ရုံ၏ နောက်ကွယ်မှ အစစ်အမှန်ပိုင်ရှင်မှာ နိုင်ငံတော်သာ ဖြစ်လေသည်။
သို့သော်လည်း စက်ရုံမှူး၏ သားသည် အဆင့်အတန်းမြင့်မားပြီး ငွေကြေးချမ်းသာသည်ဟု ကာလကြာရှည်စွာ လက်ခံထားကြဆဲဖြစ်သည်။
"သွားကြစို့ အခု လက်မှတ်တွေ ရပြီဆိုတော့ မင်းကို နိုင်ငံပိုင်စားသောက်ဆိုင်မှာ ထမင်းလိုက်ကျွေးမယ်..."
လီလန်သည် တုံ့ကျန်းဟွေထံမှ ချေးယူလာသော ကောက်နှံလက်မှတ်နှင့် အသားလက်မှတ်အချို့ကို ဝှေ့ယမ်းပြလိုက်သည်။
ပိုင်ကျဲ့သည် စိတ်လှုပ်ရှားနေပုံရသည်။
"လီလန် ဒီနိုင်ငံပိုင်စားသောက်ဆိုင်မှာ ဘယ်လို အရသာရှိတဲ့ အစားအစာတွေ ရနိုင်မယ်လို့ ထင်လဲ..."
“ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ အပြင်မှာ တစ်ခါမှ ထမင်းမစားဖူးဘူးလေ..."
သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလေသည်။
"ဒါပေမဲ့ အခု ခေတ်ပျက်နေတဲ့အချိန်ဆိုတော့ မြို့နယ်မှာလည်း အငတ်ဘေးဆိုက်နေတာလေ ဒါကြောင့် ဒီနိုင်ငံပိုင်စားသောက်ဆိုင်မှာ စားစရာ သိပ်မရှိလောက်ဘူး ထင်တယ်..."
သူတို့နှစ်ဦးသည် မြို့နယ်ရှိ ကျောက်ပြားခင်းလမ်းတစ်လျှောက် စက်ဘီးများကို တွန်းကာ နိုင်ငံပိုင်စားသောက်ဆိုင်ဆီသို့ ဦးတည်သွားကြသည်။
မကြာမီမှာပင် သူတို့သည် နိုင်ငံပိုင်စားသောက်ဆိုင်သို့ ရောက်ရှိသွားကြတော့သည်။
"မင်္ဂလာပါ ရဲဘော် ဘယ်နှယောက်လဲ..."
စားသောက်ဆိုင်ဝန်ထမ်းက သူတို့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။
"နှစ်ယောက်ပါ..."
"ဒါဆိုရင် ရဲဘော်တို့ ဘာများ စားချင်ပါသလဲ..."
လီလန်သည် မော့ကြည့်လိုက်ရာ နိုင်ငံပိုင်စားသောက်ဆိုင် ခန်းမတွင် ချိတ်ဆွဲထားသော မီနူးဘုတ်ကို မြင်လိုက်ရပြီး ရုတ်တရက် ထွက်ပြောလိုက်လေသည်။
"ဝက်ချိုချဉ်၊ မြေကြီးရတနာသုံးပါးနဲ့ အာလူးမျှင်ကြော်ပေးပါ..."
"ပြီးတော့ ထမင်းဖြူနှစ်ပွဲ ပေးပါ..."