အခန်း ၃၉၉
Vol. 40 Ch. 399
အခန်း (၃၉၉) မီးခိုးငွေ့လွှမ်းသော စက်ရုံ
လီလန်သည် နိုင်ငံပိုင်စားသောက်ဆိုင်မှ ထွက်လာစဉ် သွားကြားထိုးတံကို ကိုက်ထားရင်း သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်နေခဲ့၏။
သူက ကျေနပ်အားရစွာ လေချဉ်တက်လိုက်လေသည်။
"ဒီနိုင်ငံပိုင်စားသောက်ဆိုင်က ဝက်ချိုချဉ်က တကယ့်ကို အရသာရှိတာပဲ ကိုယ်တိုင်ချက်တာထက် အများကြီး ပိုကောင်းတယ်..."
"ဒါပေါ့ ဒီနေရာက စားဖိုမှူးက လက်ရာကောင်းတယ်လေ အရသာက စစ်မှန်တယ်..."
ပိုင်ကျဲ့က သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ငါတို့ နောက်ဘာဆက်လုပ်ကြမလဲ..."
ဗိုက်ဝသွားပြီးနောက် ပိုင်ကျဲ့က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ကျောက်မီးသွေး သွားဝယ်ကြမယ်လေ အိမ်က မီးဖိုအတွက် မီးသွေးခဲတွေ အကုန်ကုန်သွားပြီ..."
မီးသွေးခဲ မီးဖိုမှာ အလွန်အသုံးဝင်လှပေသည်။ ၎င်းအပေါ်တွင် ရေအပြည့်ပါသော ရေနွေးအိုးကို တင်ထားပြီး အောက်မှ ကျောက်မီးသွေးများ ပြင်းထန်စွာ လောင်ကျွမ်းနေပါက ရေမှာ ခဏတွင်းချင်း ဆူပွက်လာမည်ဖြစ်သည်။
"နင့်ဆီမှာ ကျောက်မီးသွေးလက်မှတ်တွေ ရှိသေးလို့လား..."
ပိုင်ကျဲ့က မေးလိုက်သည်။
"မရှိတော့ဘူး..."
"လောလောဆယ် အဲ့ကိစ္စအတွက် စိတ်မပူပါနဲ့ ကျောက်မီးသွေးစက်ရုံကိုပဲ သွားကြတာပေါ့..."
ကျောက်မီးသွေးစက်ရုံသည် ပိုင်ရှန်းမြို့နယ်၏ အရှေ့ဘက်တွင် တည်ရှိပြီး အနည်းငယ် ဝေးကွာသော်လည်း ကံကောင်းထောက်မစွာဖြင့် လီလန်နှင့် ပိုင်ကျဲ့ နှစ်ဦးစလုံးတွင် စက်ဘီးများ ရှိနေကြသည်။
စက်ဘီးစီးသွားရသည်မှာ ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့၏။
"ရောက်ပြီ..."
သူတို့ ကျောက်မီးသွေးစက်ရုံသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မီးသွေးနံ့ ပြင်းပြင်းမှာ သူတို့၏ နှာခေါင်းထဲသို့ လွင့်ပျံလာလေတော့သည်။
အလုပ်သမားအချို့မှာ ပုံစံခွက်များဖြင့် မီးသွေးခဲများကို အလုပ်များစွာ ပြုလုပ်နေကြသည်။
အခြားအလုပ်သမားများကမူ ဖောက်သည်များ အိမ်ပြန်ယူသွားနိုင်ရန်အတွက် မီးညှပ်များကို အသုံးပြု၍ မီးသွေးခဲများကို အိတ်များထဲသို့ ထည့်ပေးနေကြ၏။
"ရဲဘော်တို့ ကျောက်မီးသွေး ဝယ်မလို့လား ဘယ်လောက်လိုချင်လဲ..."
ဖုန်မှုန့်များပေကျံနေသော ပိန်ပိန်ပါးပါးနှင့် အသားမည်းမည်း လူတစ်ယောက်က လျှောက်လာခဲ့သည်။
လီလန်သည် ထိုလူကို ကြည့်လိုက်ရာ အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသဖြင့် ချင့်ချိန်ကာ မေးလိုက်သည်။
"မာလောင်စန်းလား..."
"ခင်ဗျားက..."
ပိန်ပိန်ပါးပါးနှင့် အသားမည်းမည်းလူမှာ သိသိသာသာပင် အံ့အားသင့်သွားခဲ့သည်။
သူသည် လီလန်၏ မျက်နှာကို ကြည့်လိုက်ပြီး ချက်ချင်းပင် မှတ်မိသွားတော့၏။
"ဪ... အဖွဲ့ခေါင်းဆောင်လီပဲ..."
မာလောင်စန်းသည် အိမ်နီးချင်း ချောင်တျန်းကျီရွာမှဖြစ်ပြီး ကျောက်မီးသွေးစက်ရုံမှ အလုပ်သမားတစ်ဦးလည်း ဖြစ်သည်။ သူ့တွင် မာလောင်တဟုခေါ်သော အစ်ကိုကြီးတစ်ယောက်ရှိပြီး ချောင်တျန်းကျီရွာတွင် အရက်ချက်လုပ်သူဖြစ်သည်။
နှစ်သစ်ကူးအချိန်လောက်က သူ၏ အမဲလိုက်ခွေးနှစ်ကောင် ပျောက်ဆုံးသွားခဲ့ရာ အဖွဲ့ခေါင်းဆောင်လီကပင် အဖွဲ့ကို ဦးဆောင်၍ ကူညီရှာဖွေပေးခဲ့ခြင်း ဖြစ်သည်။
ထိုအမဲလိုက်ခွေးနှစ်ကောင်ကို မည်သည့်အခါမှ ပြန်မတွေ့ခဲ့ရတော့ပေ။ တောင်ပေါ်မှ အရှေ့မြောက်ပိုင်းဝံပုလွေ
တစ်ကောင်က ဖမ်းယူစားသောက်သွားခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် အဖွဲ့ခေါင်းဆောင်လီ၏ အဖွဲ့သည် အမွှေးဖြူဝံပုလွေဘုရင်နှင့် ဝံပုလွေအုပ်ကိုပင် ဆုံတွေ့ခဲ့ကြသေးသည်။ သူသည် ဓားတစ်လက်ကိုသာ အားကိုး၍ အမွှေးဖြူဝံပုလွေဘုရင်ကို ကိုယ်တိုင်ကိုယ်ကျ ခုတ်ပိုင်းခဲ့ပြီး ဝမ်းဗိုက်ကို ဖောက်ထုတ်ပစ်ခဲ့လေသည်။
မာလောင်စန်းက လီလန်ကို မြင်တွေ့ရသည့်အတွက် အလွန်ပင် ဝမ်းသာသွားတော့သည်။
"အဖွဲ့ခေါင်းဆောင်လီ နှစ်သစ်ကူးမတိုင်ခင်က ကျွန်တော်ပို့ပေးခဲ့တဲ့ မီးသွေးခဲတွေ အကုန်ကုန်သွားပြီလား..."
လီလန်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် အကုန်ကုန်သွားပြီ ဆောင်းတွင်းဆိုတော့ အေးလို့ ကျောက်မီးသွေး ကုန်တာမြန်တယ်လေ..."
"ဒီနေ့ မြို့နယ်ကို ကောက်နှံလာဝယ်ရင်း ကျောက်မီးသွေးစက်ရုံကို ဖြတ်သွားမိလို့ မီးဖိုထဲ ထည့်သုံးဖို့ နည်းနည်းလောက် ဝင်ဝယ်မလို့..."
"ကောင်းပါပြီ အဖွဲ့ခေါင်းဆောင်လီ ဘယ်လောက်လိုချင်လဲ ကျွန်တော် ပြင်ဆင်ပေးပါ့မယ်..."
မာလောင်စန်းက စိတ်အားထက်သန်စွာဖြင့် တက်ကြွစွာ ပြောလိုက်လေသည်။
လီလန်သည် မာလောင်စန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်ကျဲ့နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
ထို့နောက် သူက ပြောလိုက်၏။
"ကျွန်တော် နည်းနည်းလောက် ဝယ်ချင်ပေမယ့် ကျောက်မီးသွေးလက်မှတ်တွေ မရှိဘူးဖြစ်နေတယ်..."
"ဆရာမာ အကြွေးဝယ်လို့ ရမလား..."
ထိုခေတ်အခါက မည်သည့်အရာကို ဝယ်သည်ဖြစ်စေ ငွေသားနှင့် လက်မှတ်ကို ယှဉ်တွဲ၍ ပေးချေရစမြဲ ဖြစ်သည်။ ၎င်းမှာ လက်မှတ်မရှိလျှင် မရောင်းဟူသော ဈေးကွက်စည်းမျဉ်းပင် ဖြစ်လေသည်။
"အမ်း..."
မာလောင်စန်းက ခေတ္တမျှ တန့်သွားခဲ့သည်။
"ကျောက်မီးသွေး ဝယ်ဖို့က လက်မှတ်လိုတယ်လေ ပိုက်ဆံသက်သက်နဲ့ မရဘူး..."
"ကျွန်တော်လည်း ဆုံးဖြတ်ပေးလို့ မရဘူး ဒီလိုလုပ်ပါလား ကျွန်တော် တာဝန်ခံနဲ့ သွားပြောပေးမယ်..."
"ကောင်းပြီလေ ဒါဆိုရင် ခင်ဗျားကို အလုပ်ရှုပ်စေမိပြီ..."
"အလုပ်မရှုပ်ပါဘူး လုံးဝ အလုပ်မရှုပ်ပါဘူး..."
ထို့ကြောင့် မာလောင်စန်းသည် ကျောက်မီးသွေးစက်ရုံ၏ တာဝန်ခံကို သွားခေါ်ရန် ရုံးခန်းထဲသို့ ဝင်သွားလေသည်။
မကြာမီမှာပင် သူသည် တုံ့ကျန်းဟွေနှင့် ရုပ်ဆင်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ခေါ်ဆောင်၍ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။
"အဖွဲ့ခေါင်းဆောင်လီ သူက ကျွန်တော်တို့ ကျောက်မီးသွေးစက်ရုံက တာဝန်ခံတုံ့ပါ..."
မာလောင်စန်းက တက်ကြွစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။
"မင်္ဂလာပါ တာဝန်ခံတုံ့..."
လီလန်က လက်ကမ်းပေးလိုက်၏။
"မင်္ဂလာပါ..."
တာဝန်ခံတုံ့က အေးစက်စွာ ခေါင်းညိတ်လိုက်ပြီး လီလန်၏ ကမ်းပေးလာသော လက်ကို လှမ်းမကိုင်ခဲ့ပေ။
လေထုမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီး အခြေအနေမှာ အနည်းငယ် အနေရခက်သွားတော့သည်။
မာလောင်စန်းက အခြေအနေကို ပြေလည်စေရန် ပြုံး၍ ပြောလိုက်သည်။
"တာဝန်ခံ အဖွဲ့ခေါင်းဆောင်လီက ကျောက်မီးသွေး ဝယ်ချင်လို့တဲ့ ဒါပေမဲ့ သူ့မှာ လက်မှတ်တွေ မရှိဘူးဖြစ်နေတယ် သူက အကြွေးဝယ်ချင်တာ တာဝန်ခံ ဘယ်လိုသဘောရလဲ..."
"မရဘူး..."
တာဝန်ခံတုံ့က ခေါင်းယမ်းလိုက်သည်။
"ကျောက်မီးသွေးဝယ်ဖို့ ကျောက်မီးသွေးလက်မှတ် လိုတယ်လေ ခင်ဗျားက လက်မှတ်နဲ့ ပိုက်ဆံပေးရင် ကျွန်တော်က ကျောက်မီးသွေး ပေးမယ်..."
"လက်မှတ်မပါဘဲနဲ့တော့ ကျောက်မီးသွေးကို ခင်ဗျားဆီ ရောင်းပေးလို့ မရဘူး..."
"တာဝန်ခံ သူက ကျွန်တော့်ရဲ့ ညီအစ်ကိုကောင်းပါ ကျေးဇူးပြုပြီး ချွင်းချက်အနေနဲ့ ခွင့်ပြုပေးပါ..."
မာလောင်စန်းက တာဝန်ခံတုံ့၏ နားနားသို့ ကပ်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
သူသည် ကျောက်မီးသွေးစက်ရုံမှ အလုပ်သမားတစ်ဦး ဖြစ်သော်လည်း တာဝန်ခံတုံ့နှင့် သူ၏ဆက်ဆံရေးမှာ တော်တော်လေး ကောင်းမွန်ပုံရသည်မှာ ထင်ရှားလှပေသည်။
"မာလောင်စန်း ဒီကိစ္စက သူငယ်ချင်း ဟုတ်ခြင်း မဟုတ်ခြင်းနဲ့ ဘာမှမဆိုင်ဘူး၊ ဒါတွေက စီးပွားရေးအတွက် နိုင်ငံတော်ရဲ့ စည်းမျဉ်းတွေပဲ..."
"ကျောက်မီးသွေးဝယ်ဖို့ လက်မှတ်လိုတယ် လက်မှတ်မရှိရင် ဝယ်လို့မရဘူး..."
တာဝန်ခံတုံ့က ခေါင်းယမ်းပြလိုက်သည်။
"တာဝန်ခံ..."
မာလောင်စန်းက ဆက်လက် ဖျောင်းဖျချင်နေဆဲဖြစ်သည်။
သို့သော်လည်း လီလန်က
“ရဲဘော် မာ လောလောဆယ် ထားလိုက်ပါတော့ ဒီနေ့ ကျွန်တော် မဝယ်တော့ဘူး ကျောက်မီးသွေးလက်မှတ်တွေ ရလာတဲ့အခါမှပဲ ပြန်လာခဲ့မယ်..." ဟု ပြောလိုက်သည်။
"သွားကြစို့..."
ကျောက်မီးသွေး ဝယ်၍မရတော့သဖြင့် ကျောက်မီးသွေးစက်ရုံတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။
လီလန်သည် လှည့်၍ ပိုင်ကျဲ့နှင့်အတူ ထွက်ခွာသွားလိုက်သည်။
သူတို့ ကျောက်မီးသွေးစက်ရုံအပေါက်ဝသို့ ရောက်သောအခါ လူတစ်ယောက်နှင့် ဝင်တိုက်မိသွားတော့သည်။
"အဖွဲ့ခေါင်းဆောင်လီ..."
"ရဲဘော်ကျန်းဟွေ..."
ယခုလေးတင် ဝင်လာသောသူမှာ တုံ့ကျန်းဟွေပင် ဖြစ်လေသည်။
"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားတို့ မြန်လှချည်လား ကျွန်တော်တောင် အဖေ့ကို လာနှုတ်ဆက်မလို့..."
"ကျောက်မီးသွေး ဝယ်ပြီးသွားပြီလား..."
တုံ့ကျန်းဟွေသည် လီလန်နှင့် ပိုင်ကျဲ့တို့၏ စက်ဘီးနောက်ခုံများကို လှမ်းကြည့်လိုက်သည်။
"မဝယ်ရသေးဘူး..."
လီလန်က ခေါင်းယမ်းပြလိုက်၏။
လီလန်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ တုံ့ကျန်းဟွေမှာ ဘာဖြစ်သွားသည်ကို ချက်ချင်းပင် နားလည်သွားတော့သည်။
"ခင်ဗျား ကျွန်တော့်ကို အားနာနေစရာ မလိုပါဘူး ကျောက်မီးသွေးလက်မှတ် မရှိဘဲနဲ့ မီးသွေးခဲ ဝယ်လို့မရဘူးလေ ဒါက ဈေးကွက်အရောင်းအဝယ်အတွက် နိုင်ငံတော်ရဲ့ စည်းမျဉ်းပဲ ကျောက်မီးသွေးဝယ်ရင် လက်မှတ်လိုတယ်..."
ထိုအရာသည် စည်းမျဉ်းဖြစ်သော်လည်း ဝယ်ယူခြင်းနှင့် ပေးကမ်းခြင်းမှာ ကိစ္စနှစ်ခု သီးခြားစီပင် ဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်လီ ကျွန်တော့်ကို ဒီနေရာမှာ ခဏလောက် စောင့်နေပေး..."
တုံ့ကျန်းဟွေသည် ကျောက်မီးသွေးစက်ရုံထဲသို့ ပြေးဝင်သွားခဲ့သည်။ မကြာမီမှာပင် သူသည် လူတစ်ယောက်ကို ခေါ်ဆောင်၍ အလျင်စလို ပြန်ထွက်လာခဲ့၏။
ထိုသူမှာ ယခုလေးတင် လီလန်ကို ကျောက်မီးသွေးရောင်းရန် ငြင်းဆန်ခဲ့သော တာဝန်ခံတုံ့ပင် ဖြစ်လေသည်။
တာဝန်ခံတုံ့သည် လီလန်ကို မြင်သည်နှင့် တစ်ပြိုင်နက် နွေးထွေးစွာ ပြုံးပြလိုက်ပြီး လက်ကမ်းပေးကာ လီလန်အား တောင်းပန်လိုက်တော့သည်။
"အဖွဲ့ခေါင်းဆောင်လီ ကျွန်တော် တကယ့်ကို တောင်းပန်ပါတယ် အရမ်းကို တောင်းပန်ပါတယ်..."
"ခင်ဗျားက ဟိုသူရဲကောင်းဆိုတာ ကျွန်တော် မသိခဲ့ဘူး ကျွန်တော် အရိုင်းအစိုင်း ဆန်သွားတယ် တကယ့်ကို ရိုင်းစိုင်းသွားပါတယ်..."
တာဝန်ခံတုံ့သည် လီလန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို သူ၏သားဖြစ်သူ တုံ့ကျန်းဟွေထံမှ ယခုလေးတင် သိရှိသွားခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
ငွေမက်သော လူလိမ်အမျိုးသမီးကို ရိုက်နှက်၍ ပိုင်ရှန်းမြို့နယ်မှ မောင်းထုတ်ကာ သူ၏သားဖြစ်သူကို လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိစေခြင်းမှာ သူ၏ တစ်မိသားစုလုံးကို သွယ်ဝိုက်သောနည်းဖြင့် ကယ်တင်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ သူက သူရဲကောင်း မဟုတ်ပေဘူးလား။
"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားမှန်း ကျွန်တော် တကယ်မသိခဲ့ဘူး ကံကောင်းလို့ ကျန်းဟွေက အချိန်မီ ပြောပြလိုက်တာပဲ စောစောက ကျွန်တော့်ရဲ့ အပြုအမူတွေအတွက် တောင်းပန်ပါတယ် ကျွန်တော် တကယ့်ကို တောင်းပန်ပါတယ်..."
တာဝန်ခံတုံ့က အလွန်ပင် အားနာသွားခဲ့သည်။
"ကိစ္စမရှိပါဘူး…”
သို့သော်လည်း လီလန်က ခေါင်းယမ်းပြလိုက်သည်။
တာဝန်ခံတုံ့မှာ သူ၏တာဝန်ဖြစ်သော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်။ လီလန်အနေဖြင့် သဘာဝကျစွာပင် သူ့အပေါ် အပြစ်တင်မည်မဟုတ်ဘဲ နားလည်ပေးနိုင်ပေသည်။
လီလန် ဒေါသမထွက်သည်ကို မြင်လိုက်ရသဖြင့် တာဝန်ခံတုံ့မှာ သက်ပြင်းချနိုင်သွားတော့သည်။
"ကျန်းဟွေ အဲ့ကလေးက မိန်းကလေး ရဲဘော်တွေနဲ့ သိပ်ပြီး တွဲလေ့တွဲထမရှိဘူးလေ၊ ပထမဆုံးရည်းစားထားတဲ့အချိန်မှာပဲ မိန်းမလိမ်နဲ့ သွားတွေ့နေတာ..."
"နောက်ပိုင်း ကျန်းဟွေ ရည်းစားထားတယ်ဆိုတာသိရတော့ သူ့အတွက် ဝမ်းသာနေခဲ့တာ ဒါပေမယ့် စုံစမ်းကြည့်လိုက်တော့မှ အဲ့မိန်းမက လူကောင်းမဟုတ်ဘူးဆိုတာ သိလိုက်ရတယ် သူမရဲ့ နာမည်ပျက်ကလည်း တော်တော်ဆိုးတယ်လေ ဒါ့ကြောင့် ကျန်းဟွေကို သူမနဲ့ လမ်းခွဲဖို့ ကျွန်တော်တို့ တိုက်တွန်းခဲ့ကြတယ်..."
"ဒါပေမယ့်လည်း အဲ့အချိန်တုန်းက ကျန်းဟွေက အချစ်ရူးရူးနေတာ လူလိမ်မရဲ့ ဆွဲဆောင်မှုအောက်မှာ လုံးဝကို ကျဆင်းနေခဲ့တာပဲ သူက ကျွန်တော်တို့ စကားကို လုံးဝနားမထောင်တဲ့အပြင် ကျွန်တော်တို့နဲ့တောင် ရန်ဖြစ်သေးတယ် အဲ့အချိန်တုန်းက ကျွန်တော်တို့လည်း သိပ်ကို စိုးရိမ်ခဲ့ရပေမယ့် ဘာမှလည်း မလုပ်နိုင်ခဲ့ဘူး..."
"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားကျေးဇူးကြောင့်သာ ကျွန်တော်တို့ရဲ့ ကျန်းဟွေက နောက်ဆုံးတော့ သတိဝင်လာပြီး အချိန်မီ နောက်ဆုတ်နိုင်ခဲ့တာပါ..."
"ကျွန်တော်တို့ တစ်မိသားစုလုံး ခင်ဗျားရဲ့ ကျေးဇူးကို မှတ်ထားပါ့မယ်..."
"အဖွဲ့ခေါင်းဆောင်လီ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော့်ရုံးခန်းထဲကို ဝင်ပြီး စကားပြောကြရအောင် ခင်ဗျားအတွက် ရေနွေးကြမ်းတစ်အိုး ဖျော်ပေးမယ် ကျွန်တော်တို့ ထိုင်ပြီး ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့..."
တာဝန်ခံတုံ့သည် လီလန်အား သူ၏ရုံးခန်းထဲသို့ တက်ကြွစွာ ဖိတ်ခေါ်ခဲ့ပြီး ရေနွေးကြမ်းပင် ဖျော်တိုက်မည်ဟု ကမ်းလှမ်းကာ အလွန်ပင် စိတ်အားထက်သန်မှုတို့ကို ပြသနေခဲ့သည်။
သို့သော်လည်း လီလန်က ခေါင်းယမ်း၍ ငြင်းဆန်လိုက်သည်။
"တာဝန်ခံတုံ့ ရေနွေးကြမ်း မလိုပါဘူးဗျာ အချိန်လည်း လင့်နေပြီဆိုတော့ ကျွန်တော်တို့ အိမ်ပြန်ဖို့ အလျင်လိုနေလို့ပါ..."
"ကောင်းပြီလေ ဒါဆိုလည်း အဖွဲ့ခေါင်းဆောင်လီ ခဏလောက် စောင့်ပါဦး..."
တာဝန်ခံတုံ့က ခေါင်းညိတ်ပြလိုက်၏။
"မာလောင်စန်း…ဝမ်လောင်ဝူ..
မင်းတို့နှစ်ယောက် ကျောက်မီးသွေးလေးအိတ် တင်ပြီးရင် အဖွဲ့ခေါင်းဆောင်လီရဲ့ အိမ်ကို နောက်မှ လိုက်ပို့ပေးလိုက်ကြ..."
ကျောက်မီးသွေးလေးအိတ်တွင် တစ်အိတ်လျှင် မီးသွေးခဲ အခုငါးဆယ်ပါဝင်ပြီး စုစုပေါင်း မီးသွေးခဲ အခုနှစ်ရာဖြစ်သည်။