← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) အားလုံးက မယုံကြည်ကြခြင်း

​“လုပ်မနေပါနဲ့” ချောင်ဝမ်ပေါက သစ်သီးဖျော်ရည်တစ်ငုံ သောက်ရင်း အေးဆေးစွာ ပြောလိုက်၏။ “မင်းတို့က ငါ့ကို လာနောက်နေတာလား။ တကယ်လို့ အချိန်ခရီးသွားခဲ့တယ်ဆိုရင်တောင် သက်သေပြစရာ တစ်ခုခု ပါလာလို့လား...”

​“ပါတာပေါ့” ကျန်းခိုင်က နောက်သို့လှည့်ကာ သူ၏ ကျောပိုးအိတ်ထဲမှ ကြမ်းတမ်းသော ကောက်ရိုးဖိနပ်တစ်ရန်ကို ဆွဲထုတ်လိုက်လေသည်။ “ကြည့်စမ်း။ ချင်မင်းဆက်က ကောက်ရိုးဖိနပ်အစစ်ကွ... ချင်မင်းဆက် ဖန်ချန်ဈေးကနေ ဝယ်လာတာ”

​ချောင်ဝမ်ပေါက ခဏလောက် မျက်လုံးမှေးကြည့်ပြီး မေးလိုက်လေသည်။ “ထောင်ပေကနေ ၉.၉ ယွမ်နဲ့ အခမဲ့ ပို့ပေးတဲ့ဟာ မဟုတ်လား”

( NT- foodpanda လိုဟာထင်တယ် )

​“နမ်းကြည့်လိုက်စမ်း...” ကျန်းခိုင်က ကောက်ရိုးဖိနပ်ကို ဖုန်းကင်မရာရှေ့သို့ ထိုးပေးလိုက်၏။ “ဒီ သဘာဝစစ်စစ် လက်လုပ် မြက်နံ့ကို... ဒီ အစွန်းအထင်းတွေကို... ခေတ်သစ်စက်ရုံတွေက ဒီလို အသွင်အပြင်မျိုး ထုတ်ပေးနိုင်လို့လားကွ... ”

​“သွားစမ်းပါ....” ချောင်ဝမ်ပေါက ရွံရှာသော အမူအရာဖြင့် နောက်သို့ ဆုတ်လိုက်၏။ “မင်းက ဖန်သားပြင်ကနေ ဖိနပ်ကို နမ်းခိုင်းနေတာလား... ရူးနေလားဟ”

​ဖန်ကောင်းချန်က ကင်မရာဘောင်ထဲသို့ ချက်ချင်း တိုးဝင်လာလေသည်။ “အစ်ကိုချောင်... ခရီးသွား ဘလော့ဂါတစ်ယောက်ကို သိလား။ သူ့နာမည်က ကျန်းထောင်တဲ့.. ကမ္ဘာပတ်ပြီး စားသောက်နေတဲ့သူလေ။ သူက ချင်မင်းဆက်ကို ပထမဆုံး အချိန်ခရီးသွားခဲ့တဲ့ သူတွေထဲက တစ်ယောက်ပဲ။ မယုံရင် သူ့ဗီဒီယိုတွေကို သွားကြည့်လို့ရတယ်...”

​“အဲဒီ ခရီးသွားဘလော့ဂါက ကျန်းယဲ့နဲ့ အတူသွားခဲ့တာ။ ကျွန်တော်တို့ ရှစ်ယောက်ကလည်း လမ်းပြကျန်းနဲ့ အတူသွားခဲ့တာပဲ...”

​သူတို့ စကားပြောလေလေ ပိုပြီး ယုံနိုင်စရာ မရှိလေလေ ဖြစ်လာသဖြင့် ချောင်ဝမ်ပေါက သူတို့ ရူးသွားပြီဟု ထင်လိုက်၏။

​“မင်းတို့နဲ့ စကားမပြောချင်တော့ဘူး။ ပြောစမ်း.. မင်းတို့ ငါ့ဆီက ဘာလိမ်တောင်းချင်နေတာလဲ” ချောင်ဝမ်ပေါက သူ၏ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ထိုလူအုပ်ကို စကားမပြောနိုင်တော့လောက်အောင် ကြည့်နေလိုက်သည်။

​ထိုအခြေအနေကို မြင်သောအခါ ကျန်းခိုင်က မျက်လုံးကို လှန်လိုက်ပြီး ပြောလိုက်ချေသည်။ “ယုံယုံ မယုံယုံ သဘောပဲ... နောက်မှ နောင်တမရနဲ့”

​သူတို့ နှစ်ဖက်စလုံး ဗီဒီယိုကောလ်ကို ချလိုက်ကြလေသည်။

​ချောင်ဝမ်ပေါက ပြတ်တောက်သွားသော ဗီဒီယိုကောလ်ကို ကြောင်ငေးကြည့်နေလိုက်၏။ ‘ဒီ အရူးတွေ...’

​အခြားတစ်ဖက်တွင် ဝူရှောင်ရှီက သူ၏ မိသားစုထံ စိတ်လှုပ်ရှားစွာ ဗီဒီယိုကောလ်ခေါ်လိုက်ပြီး မိဘများ စကားပင် မပြောရသေးမီ သူက စိတ်မရှည်စွာ အော်လိုက်ချေသည်။ “အဖေနဲ့ အမေ... သား ချင်မင်းဆက်ကို အချိန်ခရီးသွားခဲ့တယ်ဗျ.. ပြီးတော့ ချင်ရှီဟွမ်နဲ့တောင် တွေ့ခဲ့သေးတယ်”

​ဖန်သားပြင်ထဲတွင် ထမင်းစားနေသော မိဘနှစ်ပါးဟာ တစ်ပြိုင်နက်တည်း အစားစားခြင်းကို ရပ်တန့်သွားကြရသည်။

​အဖေဖြစ်သူက မျက်မှန်ကို ပင့်တင်လိုက်၏။ “နောက်တစ်ခေါက် ပြန်ပြောစမ်း...”

​“တကယ်ပြောတာ” ဝူရှောင်ရှီက ကောက်ရိုးဖိနပ်တစ်ရန်ကို မြှောက်ပြလိုက်သည်။ “ကြည့်ပါအုံး.... ဒါက ချင်မင်းဆက်တုန်းက ဝယ်လာတာ”

​“ဒိုင်း...” အမေဖြစ်သူက စားပွဲပေါ်သို့ တူကို ဆောင့်ချလိုက်လေသည်။ “ဒီကောင်လေး... နင်က လိမ်ပြောတတ်နေပြီပေါ့လေ။ ပြီးခဲ့တဲ့လက ကားအက်ဆီးဒင့် ဖြစ်တယ်ဆိုပြီး လိမ်ထားတာကိုတောင် ငါ ရှင်းရသေးတာ မဟုတ်ဘူးနော်...”

​“မဟုတ်ဘူး အမေ.... သား ရှင်းပြပါရစေ။ ဒီတစ်ခါ တကယ်ပါ။ သား တကယ် မလိမ်ပါဘူး” ဝူရှောင်ရှီက ဖုန်းထဲမှ ဓာတ်ပုံကို ချဲ့ပြလိုက်၏။ “ကြည့်... ဒါ မုန့်ရီလေ..”

​အဖေဖြစ်သူက ၎င်းကို သုံးစက္ကန့်ခန့် မျက်လုံးမှေးကြည့်ပြီးနောက် ရုတ်တရက် ကြက်မွေးတံမြက်စည်းကို ဆွဲယူကာ ကင်မရာရှေ့သို့ ချိန်လိုက်ချေသည်။ “ဒီငတုံး... ဒါ ဟန်တျန်း ရုပ်ရှင်စတူဒီယိုကြီး မဟုတ်ဘူးလား။ ပြီးခဲ့တဲ့နှစ်ကတောင် ငါ အဲဒီကို အလည်သွားခဲ့သေးတယ်... ”

​“ဖန်ကောင်းချန်နဲ့ တခြားသူတွေ သက်သေခံပေးနိုင်တယ်...”

​သူက သူ၏ ပျော်ရွှင်မှုကို မိဘများကို စိတ်လှုပ်ရှားစွာ ဝေမျှခဲ့သော်လည်း သူတို့က လုံးဝ မယုံကြည်ကြချေ။

​“သက်သေခံတာတွေ လာမလုပ်နဲ့” အမေဖြစ်သူမှာ ဒေါသကြောင့် တုန်ယင်နေခဲ့ရသည်။ “နင် အချိန်ရှိသရွေ့ အဲဒီ လူလိမ်တွေနဲ့ပဲ သွားရှုပ်နေတာ။ အခုတော့ မိဘတွေကိုတောင် လာလိမ်ရဲနေပြီပေါ့လေ။ နင် ပြန်လာတာကိုသာ စောင့်နေ... နင့်ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်”

​ဗီဒီယိုကောလ်မှာ ရုတ်တရက် ပြတ်တောက်သွားပြီး ဝူရှောင်ရှီက သူ၏ ဖုန်းကို ကိုင်ထားရင်း ငိုချင်စိတ်ပေါက်လာလေသည်။

​ဧည့်ခန်းထဲရှိ အခြားလူခုနစ်ယောက်မှာ ရယ်ချင်စိတ်ကို ထိန်းထားရသဖြင့် မျက်နှာများ နီရဲနေခဲ့ကြသည်။ ဖန်ကောင်းချန်က ညစ်ကျယ်ကျယ် အပြုံးဖြင့် ရှေ့သို့တိုးလာပြီး မေးလိုက်၏။ “ဘယ်လိုလဲ... မင်းအဖေ ယုံသွားလား”

​“ချီးပဲ... သွားစမ်းပါ” ဝူရှောင်ရှီက ကောက်ရိုးဖိနပ်ဖြင့် ပစ်ပေါက်လိုက်သည်။

​ဝူရှောင်ရှီ၏ ချင်မင်းဆက်သို့ အချိန်ခရီးသွားခဲ့သည်ဆိုသော စကားကို မည်သူမှ မယုံကြည်ရုံသာမက အခြားလူများအားလုံးမှာလည်း ထိုနည်းတူပင်။ မည်သူကမျှ သူတို့ ပြောနေသည်များကို မယုံကြည်ကြချေ။

​လူရှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်လောကလုံး မူးနေချိန်မှာ မိမိတို့သာ အမူးပြေနေတဲ့ ပညာရှိများကဲ့သို့ ခံစားလိုက်ရ၏။

​ဖန်ကောင်းချန် အိမ်ပြန်ရောက်သည်နှင့် ဖုန်းထဲမှ ဗီဒီယိုကို တည်းဖြတ်ပြီး အင်တာနက်ပေါ်သို့ တင်ရန် မစောင့်နိုင်အောင် ဖြစ်နေခဲ့သည်။

​ခေါင်းစဉ်က အထူးသဖြင့် ဆွဲဆောင်မှုရှိနေပေသည်။

အစစ်အမှန် ရိုက်ကူးမှု- ချင်မင်းဆက်သို့ အချိန်ခရီးသွားခြင်း။

ပထမဧကရာဇ် ရင်းကျန့်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရခြင်း။

​သူက ပို့စ်ထဲတွင် ကျန်းထောင်ကို အထူးတလည် မန်းရှင်းခေါ်ထားလေသည်။ “ပြီးခဲ့တဲ့အကြိမ်က လမ်းစရှာပေးခဲ့တဲ့ @ZhangTao ကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ ရှစ်ယောက်အဖွဲ့က ဧကရာဇ်မင်းနဲ့ အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့ပါတယ်”

( NT-သွားရှာကြည်ပါ... တကယ်တင်ထားပါတယ် 😁)

​ဗီဒီယိုတင်ပြီး နာရီဝက်အတွင်း မှတ်ချက်ပေးသည့် နေရာတွင် ပွက်လောရိုက်သွားလေသည်။

​[ကျန်းထောင်ရဲ့ နာမည်ကြီးမှုကို အခွင့်ကောင်းယူပြီး နာမည်ကြီးချင်တဲ့ နောက်တစ်ယောက်လား။ သူတို့တွေ ဒီလောက်နဲ့ မလုံလောက်ကြသေးဘူးလား...]

​[ရယ်ရတယ်။ အထူးပြုလုပ်ချက်တွေက ပြီးခဲ့တဲ့တစ်ခေါက် ကျန်းထောင် တင်ခဲ့တဲ့ ဗီဒီယိုထက်တောင် ပိုဆိုးနေသေးတယ်...]

​[အခုခေတ်မှာ အကောင့်လုပ်ရတဲ့ ကုန်ကျစရိတ်က အဲဒီလောက်တောင် နည်းနေပြီလား။ တောင်ပိုင်းကနေ အဝတ်အစားတစ်ခု ဝယ်ဝတ်ပြီး အချိန်ခရီးသွားတဲ့ ဇာတ်လမ်းလို့ ပြောလို့ရနေပြီလား...]

​ဖန်ကောင်းချန်မှာ လျင်မြန်စွာ တိုးပွားလာနေသော အပျက်သဘောဆောင်သည့် မှတ်ချက်များကို ကြည့်ရင်း စိတ်ပူလာကာ ခေါင်းကို ဆက်တိုက် ကုတ်နေမိချေသည်။

​သူက မုန့်ရီနှင့် တွဲရိုက်ထားသော ဓာတ်ပုံစခရင်ရှော့ကို မှတ်ချက်ပေးသည့်နေရာတွင် အမြန်တင်လိုက်၏။ “ကြည့်... ဒါ မုန့်ရီလေ... အစစ်ကြီးပါဆို”

​သို့သော် ဤလုပ်ရပ်က ပိုမိုလှောင်ပြောင်မှုကိုသာ ရရှိစေခဲ့ချေသည်။

​[မင်းရဲ့ ဖိုတိုရှော့ပ်လုပ်တဲ့ အရည်အချင်းက ကောင်းပါတယ်။ ဒါပေမဲ့ နောက်တစ်ခါ မလုပ်ပါနဲ့တော့... ]

​[အဲဒီ သံချပ်ကာမျိုးကို တောင်ပိုင်းမှာ ငါ မြင်ဖူးတယ်။ လျှော့ဈေးနဲ့ဆို ၂၉၉ ယွမ်ပဲ... ပြီးတော့ အခမဲ့တောင် ပို့ပေးသေးတယ်..]

​[နောက်တစ်ခါ အချိန်ခရီးသွားရင် အရှင်မင်းကြီးဆီ ကိုကာကိုလာ တစ်ဗူး ယူသွားပေးဖို့ မမေ့နဲ့။ ဒါမှ ပိုယုံစရာကောင်းမှာ...]

​ဖန်ကောင်းချန်မှာ ဒေါသထွက်လွန်း၍ ဖုန်းကို ပစ်ပေါက်မတတ် ဖြစ်သွားရသည်။ ဘာကြောင့် ဒီအင်တာနက် အသုံးပြုသူတွေက သူ့ကို မယုံကြည်ကြသည်နည်း.....

​သူက အံကြိတ်လိုက်ပြီး ကောက်ရိုးဖိနပ်များကို ဆွဲထုတ်ကာ အနီးကပ် ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်သို့ တင်လိုက်၏။ “သေချာကြည့်... ဒါ ချင်မင်းဆက်က ကောက်ရိုးဖိနပ်အစစ်တွေ”

​မှတ်ချက်ပေးသည့် နေရာတွင် ပို၍ပင် ရယ်စရာကောင်းသွားလေသည်။

​[ရီပို့ထုပြီးပြီ။ ကျေးဇူးတင်စရာ မလိုဘူး... ]

​[နောက်တစ်ခါ အချိန်ခရီးသွားရင် လိုက်ဖ်လွှင့်ဖို့ မမေ့နဲ့ဦး...]

​[ဒီနှစ်က တော်တော်ကို ရယ်စရာကောင်းတာပဲဟ... လူလိမ်တွေရဲ့ လှည့်ကွက်တွေက ပိုပိုပြီး ဆိုးလာတယ်...]

​[ငါ့အဖွားတောင် ဒီကောက်ရိုးဖိနပ်တွေကို ရက်တတ်တယ်..]

​ဟန်ကျိုးမြို့ရှိ ကြယ်ပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုတွင် ကျန်းထောင်သည် နောက်တစ်နေ့၌ ရှီးဟူရေကန်မှ ရှာလကာရည်ဆော့စ်ဖြင့် ချက်ထားသော ငါးဟင်းလျာ ရိုက်ကူးရေးအတွက် ဇာတ်ညွှန်းကို ပြတင်းပေါက်တွင် မှီ၍ လေ့လာနေချေသည်။

​ထိုအချိန၌ သူ၏ ဖုန်းထဲတွင် ရုတ်တရက် အသိပေးချက်တစ်ခု ပေါ်လာလေသည်။

​ဖန်ကောင်းချန်၏ "ချင်မင်းဆက် အချိန်ခရီးသွား ဗီဒီယို" ၏ နာမည်ကြီးမှုက တက်လာနေသည်။

​“ခေတ်စားနေတာကို အခွင့်ကောင်းယူဖို့ ကြိုးစားနေပြန်ပြီ...”

​မနေ့က သူ၏ ချင်မင်းဆက်သို့ အချိန်ခရီးသွားခဲ့သည့် ဇာတ်လမ်း နာမည်ကြီးသွားပြီးကတည်းက အခွင့်ကောင်းယူချင်သော ဘလော့ဂါတစ်စုသည် ချင်မင်းဆက် အဝတ်အစားများကို ဝတ်ဆင်ကာ အချိန်ခရီးသွားသည့်အကြောင်း သရော်စာ ဗီဒီယိုများကို ဖန်တီး၍ လိုက်လုပ်လာကြလေသည်။

​ဒီကောင်က တော်တော် ရဲတင်းတာပဲ.... သူ့ကိုတောင် မန်းရှင်းခေါ်ရဲသေးတယ်။

​သိချင်စိတ်ကြောင့် ကျန်းထောင်သည် ထိုဗီဒီယိုကို နှိပ်ကြည့်လိုက်သော်လည်း ပထမဆုံး မြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူသည် ချက်ချင်း မတ်မတ် ထိုင်လိုက်မိ၏။

​မြေသားများကို ကျစ်လစ်အောင် ရိုက်နှိပ်ထားသည့် မြို့ရိုးနံရံများ၏ အသွင်အပြင်.... လမ်းပေါ်ရှိ သာမန်လူများ ဝတ်ဆင်ထားသော အဝတ်အစားများ၏ အသေးစိတ် အချက်အလက်များ...

​ဒါက ရှင်းရှင်းလင်းလင်းကို ချင်မင်းဆက်ရဲ့ ဗိသုကာလက်ရာ စတိုင်လ်ပဲ။

​သူက ချင်မင်းဆက် ခရီးသွားအဖွဲ့ဝင်ငါးဦး ဝီချက်ဂရုကို ချက်ချင်း ဖွင့်လိုက်၏။

​[@Jiang Ye ဒါရိုက်တာကျန်း... တစ်ယောက်ယောက်က ချင်မင်းဆက်ကို အချိန်ခရီးသွားထားတဲ့ ဗီဒီယိုတစ်ခုကို ကျွန်တော် မြင်လိုက်တယ်။ ဒါက ဒုတိယအကြိမ် ချင်မင်းဆက် ခရီးစဉ်ရဲ့ အစလား... ]

​[ဝါး... ဒါရိုက်တာကျန်း.... ခင်ဗျား ကျွန်တော်တို့ကို မေ့သွားပြီလား]

​[ဒါရိုက်တာကျန်း... အဲဒါ မတရားဘူးလေ။ နောက်တစ်ခေါက် ချင်မင်းဆက်ကို သွားမယ့် ခရီးစဉ်ရှိရင် ကျွန်တော်တို့ကို ဖိတ်မယ်လို့ ကတိပေးထားတာလေဗျာ... ]

​စာပို့လိုက်သည်နှင့် တစ်ပြိုင်နက် တိတ်ဆိတ်နေသော ဂရုချက်ထဲတွင် ပွက်လောရိုက်သွားချေသည်။

​ဝမ်ဟိုင်ဖုန်း- [@Jiang Ye ဘာ... ဒါရိုက်တာကျန်းက အဖွဲ့အသစ်ကို ဦးဆောင်နေတာလား...]

​ကျန်းမင်ဟွေ့- [@Jiang Ye သောက်ကျိုးနည်း... တကယ်လား]

​လျိုကျန်းတုန်း- [@Jiang Ye ဒါရိုက်တာကျန်း... ခင်ဗျား ဘက်လိုက်လို့ မရဘူးနော်။ ကျွန်တော်တို့ ပထမအသုတ်က ဝါရင့်အဖွဲ့ဝင်တွေကရော...]

​ဂရုထဲတွင် စကားပြောခဲသော လီကျန်းကော်ပင် အွန်လိုင်းတက်လာပြီး ကျန်းယဲ့ကို မန်းရှင်းခေါ်လိုက်လေသည်။

​လီကျန်းကော်- [@Jiang Ye အဖွဲ့လိုက် ဝယ်ယူမှု နောက်တစ်ခု စနေပြီလား.... ဘယ်တုန်းကလဲ]

​မနေ့က သူ၏ ချင်မင်းဆက်သို့ အချိန်ခရီးသွားခဲ့သည့်အကြောင်း ဗီဒီယိုကို တင်ပြီးနောက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီးကတည်းက သူ၏ ပရိသတ်အင်အားမှာ သိသိသာသာ တိုးပွားလာပြီး ကြည့်ရှုသူ အရေအတွက်များလည်း အဆမတန် မြင့်တက်လာခဲ့သည်။

အခြားသော streamer များ၏ အားပေးမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ကြည့်ရှုသူများနှင့် ဆဲဆိုမှုများကို လှိုင်းလုံးများအလား ဆက်တိုက် လက်ခံရရှိနေခဲ့လေသည်။

( NT- အခြား streamerတွေက အားပေးတာဆိုတာထက် လှောင်နေတာပါ😁)

​ဝါရင့် လိုက်ဖ်လွှင့်သူ တစ်ဦးအနေဖြင့် ကျန်းထောင်သည် သူ၏ ဆန္ဒကို ထုတ်ဖော်ပြသ၏။

​သူသည် ဤနာမည်ကြီးမှုကို အခွင့်ကောင်းယူပြီး ချင်မင်းဆက်သို့ သွားရောက်စူးစမ်းကာ ဤဗီဒီယိုကို ဇာတ်လမ်းတွဲတစ်ခုအဖြစ် ဖန်တီးရန်လည်း စီစဉ်ထားလေသည်။

​ရလဒ်အနေဖြင့် သူသည် ဒုတိယအကြိမ် ချင်မင်းဆက်သို့ အချိန်ခရီးသွားရန် မည်သည့် အကြောင်းအရာကိုမျှ မရှာဖွေနိုင်ခဲ့ဘဲ အခြားသူများက သူ့ထက် လက်ဦးသွားသဖြင့် သူ့ကို အလွန်အမင်း စိတ်ပျက်သွားစေခဲ့သည်။

​အခု တခြားသူတွေ သွားနေတာကို မြင်ရတော့ သူက မနာလိုလည်း ဖြစ်သလို မကျေမနပ်လည်း ဖြစ်မိသွားရသည်။

​ကျန်းထောင်က နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်၏။ [@Jiang Ye ဒါရိုက်တာကျန်း... ကျွန်တော်တို့ ပထမအသုတ်က ဝါရင့်အဖွဲ့ဝင်တွေ အားလုံး နောက်တစ်ခေါက် သွားဖို့ စောင့်နေကြတယ်နော်.... ]

ထိုစာကြောင်း၏ ချစ်စရာကောင်းသော စောင့်ဆိုင်းနေသည့် အီမိုဂျီတစ်ခု ပါရှိလေသည်.....

အခန်း ၂၅ပြီး၏။

All Chapters