← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) လူများ ခေါ်ယူခြင်း

​ယွင်ရှန်ရှယ်အိမ်ရာမှ အိမ်ပိုင်ရှင်များကို ကျန်းခိုင်က သိကြောင်း တွေ့လိုက်ရသောအခါ ကျန်းယဲ့၏ မျက်လုံးများ တောက်ပသွားရသည်။ ဤလူစုဆောင်းရေး နည်းလမ်းက တကယ်ကို ထိရောက်ချေသည်။

​ကျန်းယဲ့- [တတိယအဖွဲ့က မကြာခင် ဖွင့်တော့မယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ယွင်ရှန်ရှယ်က အိမ်ပိုင်ရှင်တွေကိုပဲ စုဆောင်းမှာပါ...]

​သတင်းထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဒုတိယအဖွဲ့၏ ဝီချက်ဂရုကလည်း ပေါက်ကွဲသွားလေသည်။

​ရှီရှောင်ယွီ- [ဘာလို့လဲ။ အဲဒါ မတရားဘူးလေ.....]

​ဖန်ကောင်းချန်- [ဟုတ်တယ်။ ကျွန်တော်တို့က ဝါရင့်အဖွဲ့ဝင်တွေလေဗျာ...]

​ကျိန်းချန်- [ဒါရိုက်တာကျန်း... ဒီစည်းမျဉ်းတွေက မတရားဘူး....]

​လီလင်- [+1၊ ကျွန်တော်တို့လည်း သွားချင်တယ်]

​ဝူရှောင်ရှီ- [ဟုတ်တယ်။ နဂါးဘိုးဘေးကြီးဆီ ပြန်လာခဲ့မယ်လို့ ကျွန်တော်တို့ ကတိပေးထားခဲ့တာ...]

​ကျောင်လဲ့- [ဒါရိုက်တာကျန်း... ချွင်းချက်အနေနဲ့ ခွင့်ပြုပေးလို့ မရဘူးလား... ]

​လီကျွင်း- [ပိုက်ဆံပိုပေးလို့လည်း ရပါတယ်]

​ကျန်းယဲ့- [ဒါက စည်းမျဉ်းပဲ... ဘာမှလုပ်လို့မရဘူး]

​သူလည်း တတ်နိုင်မည် မဟုတ်ချေ။

​ဂရုချက်ထဲတွင် ချက်ချင်းပင် ညည်းတွားသံများနှင့် ငိုယိုနေသော အီမိုဂျီများဖြင့် ပြည့်နှက်သွားရသည်။

​ကျန်းခိုင် ရုတ်တရက် ပေါ်လာ၏။ [@Jiang Ye၊ ကျွန်တော် အခုချက်ချင်း ချောင်ဝမ်ပေါဆီ သွားရှာလိုက်မယ်။ မစ်ရှင်ပြီးမြောက်စေရမယ်လို့ အာမခံတယ်...]

​ထိုစာကြောင်းနောက်ဆုံးတွင် မစ်ရှင် ပြီးမြောက်သည်ဟု အဓိပ္ပာယ်ရသော စစ်သားအလေးပြုသည့် အီမိုဂျီတစ်ခု ပါလာလေသည်။

​ဖန်ကောင်းချန်က မနာလိုစွာဖြင့် ဝင်ပြောလိုက်၏။ [သူဌေးသားလေးကတော့ ကံကောင်းသွားပြီ...]

​ရှီရှောင်ယွီက မနာလိုလွန်းလို့ ရုပ်တောင်ပျက်နေပြီဟု ရေးထားသော အီမိုဂျီတစ်ခုကို ပို့လိုက်၏။

​ကျန်းယဲ့သည် ကျန်းခိုင်၏ စိတ်အားထက်သန်မှုကို မြင်ပြီး အနေရခက်သွားရသည်။

​ကျန်းယဲ့- [ဒီနေ့က နောက်ကျနေပြီ။ မနက်ဖြန်မှ သွားကြရအောင်။ ဖြစ်နိုင်ရင် နောက်ထပ် လူနည်းနည်းလောက် ခေါ်လာပေးဖို့ မင်းရဲ့ ညီအစ်ကိုကို အကူအညီ တောင်းလိုက်ပါ...]

​ကျန်းခိုင်- [ဒီတစ်ခေါက် နေရာဘယ်လောက် ရနိုင်လဲ...]

​ကျန်းယဲ့- [ဆယ်နေရာ ရတယ်]

​ကျန်းခိုင်- [အိုကေ...]

​ကျန်းခိုင်က သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်၏။ မနက် ၁၂နာရီ နှစ်ဆယ့်သုံးမိနစ် ရှိနေပြီဖြစ်ပြီး ညအချိန်တွင် အစည်ကားဆုံး အချိန်ပင်။

​ထို့နောက် သူက ချောင်ဝမ်ပေါထံသို့ ဝီချက်မက်ဆေ့ချ် တိုက်ရိုက်ပို့လိုက်၏။

​[ဘယ်မှာ ပျော်နေလဲ....]

​တစ်ဖက်မှ ချက်ချင်း အကြောင်းပြန်လာလေသည်။ [နိုက်ဘားက VIP3 မှာ။ လာမလား...]

​ကျန်းခိုင် ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး သူ့အင်္ကျီကို ဆွဲယူကာ အပြင်သို့ အပြေးအလွှား ထွက်သွားလိုက်သည်။

​မိနစ်နှစ်ဆယ်အကြာတွင် တက္ကစီက နီယွန်မီးများဖြင့် တောက်ပနေသော Nightfall ကုန်တိုက်ကြီး၏ အဝင်ပေါက်တွင် စူးရှသောအသံဖြင့် ရပ်တန့်သွား၏။

​VIP3 ၏ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် နားကွဲမတတ် ဆူညံနေသော ဂီတသံမျက ချက်ချင်း ရိုက်ခတ်သွားခဲ့သည်။

​လွင့်မျောနေသော ဆေးလိပ်ငွေ့များကြားတွင် မိန်းကလေးတစ်ဦးကို ဖက်ထားရင်း အန်စာတုံး ကစားနေသော ချောင်ဝမ်ပေါက ကျန်းခိုင်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ "အိုး... ရှားရှားပါးပါး ဧည့်သည်ပါလား..."

​အခန်းထဲရှိ လူငယ် ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့်က လှမ်းကြည့်လိုက်ကြပြီး သူတို့ထဲမှ တစ်ယောက်က လေချွန်လိုက်၏။ “အဲဒါ အစ်ကိုခိုင် မဟုတ်လား။ လာ... လာ... ပြစ်ဒဏ်အနေနဲ့ သုံးခွက် သောက်ရမယ်...”

​ချောင်ဝမ်ပေါက ကျန်းခိုင်ကို သူ့ဘေးသို့ ဆွဲခေါ်ကာ Ace of Spades တစ်ခွက် ငဲ့ပြီး ထိုးပေးလိုက်၏။ “သန်းခေါင်ယံကြီး ဘာကိစ္စ ရှိလို့လဲ...”

(NT- ဘားမရောက်ဘူးတော့ ဘာလဲမသိဘူး...)

​ကျန်းခိုင်က ခွက်ကို ယူ၍ တစ်ကျိုက်တည်း သောက်ချလိုက်လေသည်။ ထို့နောက် ချောင်ဝမ်ပေါ၏ နားနားသို့ ကပ်ကာ အော်ပြောလိုက်၏။ “အရေးကြီး ကိစ္စရှိတယ်။ အပြင်မှာ စကားပြောရအောင်...”

​ချောင်ဝမ်ပေါက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ကျန်းခိုင်၏ ပခုံးကို ဖက်ပြီး သီးသန့်အခန်းထဲမှ ယိမ်းယိုင်ကာ ထွက်သွားလေသည်။

​စင်္ကြံလမ်းရှိ အသံလုံတံခါးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဂီတသံက တစ်ဝက်ကျော်ခန့် ချက်ချင်း လျော့ကျသွားခဲ့သည်။

​“ဘာတွေ အရေးတကြီး ဖြစ်နေတာလဲ.... ” ချောင်ဝမ်ပေါက နံရံကို မှီကာ သူ၏ လက်ချောင်းများကြားတွင် သောက်လက်စ ဆေးပြင်းလိပ်တစ်လိပ်ကို ညှပ်ထားချေသည်။

​ကျန်းခိုင်က ပတ်ဝန်းကျင်ကို လျှို့ဝှက်စွာ ကြည့်လိုက်ပြီး လေသံကို နှိမ့်ကာ “အဲဒီနေ့က ငါ မင်းကို ပြောခဲ့တာ မှတ်မိလား။ ချင်မင်းဆက်ကို အချိန်ခရီးသွားတဲ့ကိစ္စလေ...”

​ချောင်ဝမ်ပေါက ခေါင်းညိတ်လိုက်၏။ “မှတ်မိတယ်။ ဘာဖြစ်လို့လဲ...”

​ကျန်းခိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ “မင်းအတွက် သတင်းကောင်း ရှိတယ်။ ချင်မင်းဆက်ကို အချိန်ခရီးသွားတာကို ကိုယ်တိုင် ခံစားခွင့်ရမယ့် အခွင့်အရေး ရှိတယ်...”

​ချောင်ဝမ်ပေါက မျက်လုံးကို လှန်လိုက်သည်။ “မင်း နောက်နေတာကို ရပ်လို့ရမလား။ ငါ မင်းနဲ့ ကစားနေဖို့ အချိန်မရှိဘူး...”

​သူက မယုံကြည်သည်ကို မြင်သောအခါ ကျန်းခိုင်မှာ စိုးရိမ်လာချေသည်။ “ငါ အမှန်တိုင်း ပြောနေတာပါဟ..”

​ချောင်ဝမ်ပေါက သူ့ကို ဤကိစ္စနှင့် ပတ်သက်၍ လုံးဝ စကားမပြောချင်တော့ချေ။ သူသည် နောက်သို့ လှည့်ကာ ပြန်လျှောက်သွားပြီး သီးသန့်အခန်း၏ တံခါးကို တွန်းဖွင့်လိုက်၏။ ကျန်းခိုင်လည်း သူ့နောက်မှ လိုက်လာခဲ့သည်။

​“ဒီတစ်ခါလောက် ငါ့ကို ယုံစမ်းပါ။ ငါ မင်းကို ဘယ်တော့မှ မလိမ်ဘူး...”

​အခြားသူများက သူတို့နှစ်ဦး၏ လုပ်ရပ်များကို စိတ်ဝင်စားသွားကြပြီး အချို့က သီးသန့်အခန်းထဲရှိ ဂီတသံကို လျှော့လိုက်ကြ၏။

​“မင်းတို့ ဘာဖြစ်နေကြတာလဲ...”

​“လိမ်တယ်ဆိုတာက ဘာသဘောလဲ...” သီးသန့်အခန်းထဲရှိ အခြားလူငယ်များက မေးလိုက်ကြသည်။

​ချောင်ဝမ်ပေါက သားရေဆိုဖာပေါ်သို့ ပျင်းရိစွာ မှီချလိုက်ပြီး သူ၏ လက်ထဲရှိ ဝိုင်ခွက်ကို လှည့်ကစားနေလေသည်။ “ငါတို့ရဲ့ သခင်လေးကျန်းက သူ ချင်မင်းဆက်ကို အချိန်ခရီးသွားပြီး ချင်ရှီဟွမ်နဲ့ တွေ့ခဲ့တယ်တဲ့ကွာ... ”

​သူက စကားလုံးများကို တမင်တကာ ဆွဲငင်ကာ ပြောလိုက်ချေသည်။ “အခု ငါ့ကို လာပြောတာ... ငါလည်း ချင်မင်းဆက်ကို အချိန်ခရီးသွားခွင့် ရမယ်တဲ့လေ...”

​သီးသန့်အခန်းထဲတွင် ရယ်သံများ ပေါက်ကွဲထွက်လာချေသည်။

​“ဟားဟား... ကျန်းခိုင်... မင်း ငါတို့ကို လာနောက်နေတာ မဟုတ်ဘူးမလား..”

​“ချင်မင်းဆက် ဟုတ်လား။ ကောင်းကင်ဘုံကို သွားခဲ့တယ်လို့ပဲ ပြောလိုက်ပါတော့လား...”

​“ငါ မင်းကို စိတ်ကျန်းမာရေး ဆေးရုံတစ်ခု ညွှန်းပေးရမလား။ ငါ့ဦးလေး ပိုင်တာလေ...”

​ငွေရောင်ဆံပင်ဆိုးထားသော လူငယ်တစ်ဦးက ရယ်မောရင်း သူ၏ ပေါင်ကို ရိုက်လိုက်၏။ “ကျန်းခိုင်... နောက်တစ်ခါ အချိန်ခရီးသွားရင် ရင်းကျန့်ဆီက လက်မှတ်တောင်းခဲ့ဖို့ မမေ့နဲ့နော်”

​အခြားတစ်ယောက်က ညစ်ကျယ်ကျယ် ပြုံးကာ သူ၏ ဖုန်းကို ထုတ်လိုက်​သည်။ “လာ... ဗီဒီယို ရိုက်ကြရအောင်။ ခိုင်.... ကင်မရာရှေ့မှာ မင်းရဲ့ အချိန်ခရီးသွား အတွေ့အကြုံကို ထပ်ပြောပြပါဦး...”

​ကျန်းခိုင်သည် သီးသန့်အခန်း၏ အလယ်တွင် ရပ်နေပြီး သူ၏ မျက်နှာမှာ နီရဲနေကာ ဆပ်ကပ်ထဲမှ မျောက်တစ်ကောင်နှင့် တူနေချေသည်။

နောက်ခံအသံအဖြစ် လေချွန်သံများနှင့် “နောက်တစ်ခေါက် ထပ်ပြောပါဦး”ဟူသော အော်ဟစ်သံများ ထွက်ပေါ်နေခဲ့သည်။ အချို့က သူတို့၏ ဖုန်းဓာတ်မီးများကို ဖွင့်ကာ သူ့ကို အရူးအမူး ဝှေ့ယမ်းပြနေခဲ့ကြသည်။

​“ငါ အမှန်တိုင်း ပြောနေတာကွ...” ကျန်းခိုင်က ထိုသူ၏ ဖုန်းကို လုယူလိုက်ပြီး ချောင်ဝမ်ပေါဘက်သို့ လှည့်လိုက်၏။ “ငါတို့ လောင်းကြေးထပ်ကြမလား... ”

​“တကယ်လို့ ငါ မင်းကို ချင်မင်းဆက်ဆီ အချိန်ခရီးသွားခွင့်ရအောင် တကယ်လုပ်ပေးနိုင်ရင် မင်းက သုံးလတိတိ ငါ့ရဲ့ နောက်လိုက်လုပ်ရမယ်။ ငါခိုင်းတာမှန်သမျှ လုပ်ရတဲ့ အခိုင်းအစေမျိုးပေါ့။ တကယ်လို့ အဲဒီလို မဖြစ်လာဘူးဆိုရင်တော့ ငါက ခြောက်လတိတိ မင်းရဲ့ နောက်လိုက်လုပ်မယ်။ မင်း အရှေ့သွားဆို အရှေ့... အနောက်သွားဆို အနောက်သွားမယ့်သူမျိုးပေါ့... ဘယ်လိုလဲ”

​ချောင်ဝမ်ပေါသည် မတ်မတ်ထိုင်လိုက်ပြီး အံ့အားသင့်စွာ ကြည့်လိုက်၏။ “မင်းက ဒီလောက်ထိတောင် လုပ်မယ်ပေါ့...”

​“ဘယ်လိုလဲ... မင်း လောင်းမလား မလောင်းဘူးလား” ဤပွဲတွင် နိုင်မည်ဟု ယုံကြည်နေသောကြောင့် ကျန်းခိုင်မှာ လုံးဝ အရှုံးပေးမည့်ပုံ မပေါ်ချေ။

​အခြားသူများက ချက်ချင်းပင် သူ့ကို အားပေးအားမြှောက်ပြုကြပြီး ချောင်ဝမ်ပေါကိုလည်း လိုက်လောင်းရန် တိုက်တွန်းနေခဲ့ကြသည်။

​လူအုပ်ကြီး ဝိုင်းရံနေစဉ်တွင် ချောင်ဝမ်ပေါက စားပွဲကို လက်ဖြင့် ရိုက်လိုက်ပြီး ကြေညာလိုက်သည်။ “လောင်းကြေးထပ်မယ်...”

​သီးသန့်အခန်းအတွင်းရှိ ဆူညံပွက်လောရိုက်မှုက ပိုမို ကြီးမားလာပြီး လူငယ်အချို့က ရှေ့သို့ ရောက်ရန် တိုးဝှေ့နေကြလေသည်။

​“ငါလည်း ပါမယ်” အူဂျာက သူ၏ ဖန်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်၏။ “မင်းက ငါ့ရဲ့ Limited Editionအရုပ်ကို အမြဲတမ်း သဘောကျနေတာဆိုတော့ အဲဒါကို လောင်းကြေးထပ်မယ်”

​ဖုန်းယီမင်က သူ၏ ဒေါ်လာ တစ်သန်းတန် နာရီကို စားပွဲပေါ် တင်လိုက်ခေသည်။ “ငါ ဒါနဲ့ လောင်းမယ်”

​ကျန်းချန်ကလည်း နောက်မကျစေရန် သူ၏ ကားသော့ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ကြေညာလိုက်၏။ “ငါ ဖာရာရီ တစ်စီးနဲ့ လောင်းမယ်”

​ကျန်းခိုင်၏ မျက်လုံးများ တောက်ပသွားပြီး သူ၏ အကြည့်များက သူတို့ သုံးဦးအပေါ်သို့ ဖြတ်ဝဲသွားချေသည်။ “မင်းတို့ သုံးယောက်စလုံးက ယွင်ရှန်ရှယ် အိမ်ရာက အိမ်ပိုင်ရှင်တွေ မဟုတ်လား”

​“ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ” ထိုမေးခွန်းကြောင့် အူဂျာမှာ တွေဝေသွားရသည်။

​“သဘောတူတယ်။ မင်းတို့ သုံးယောက်ပါမယ်” ကျန်းခိုင်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ ပေါင်ကို ရိုက်လိုက်၏။

​ငွေရောင်ဆံပင်နှင့် သခင်လေးက ကမန်းကတန်း အော်ပြောလိုက်သည်။ “နေပါဦး။ ငါရော... ငါ့ကို မေးသေးလို့လား။ ဆုံးဖြတ်ပြီးပြီ... ဒီလို ပျော်စရာကောင်းတဲ့ ကိစ္စမျိုးမှာ သခင်လေးကျန်းဖြစ်တဲ့ ငါမပါဘဲ ဘယ်ပြည့်စုံပါ့မလဲ...”

​“ဟုတ်တယ် ငါက အပြာရောင် McLaren တစ်စီးနဲ့ လောင်းမယ်”

(NT- တစ်ချို့ဟာတွေက မြန်မာလို ရေးရင် အဆင်မပြေလို့ engလို ထည့်ထားပါတယ်)

​“ငါလည်း တစ်ခုထည့်မယ်”

​ကျန်းခိုင်မှာ အလွန် သွေးဆောင်ခံနေရသော်လည်း ကံမကောင်းစွာဖြင့် သူတို့က အရည်အချင်း မပြည့်မီချေ။

​ကျန်းခိုင်က ခေါင်းခါလိုက်၏။ “ဝူကျဲနဲ့ တခြားနှစ်ယောက်ကတော့ အဆင်ပြေတယ်... ဒါပေမဲ့ မင်းတို့ကတော့ အရည်အချင်း မမီဘူး... ”

​အခြားလူငယ်များက ချက်ချင်းပင် ကန့်ကွက်ကြလေသည်။ “ဘာလို့ မမီရမှာလဲ...”

​“ဟုတ်တယ်လေ။ သူတို့ကိုယ်သူတို့ ဘယ်သူလို့ ထင်နေကြတာလဲ”

​လူအုပ်ကြီး ဝိုင်းရံထားသဖြင့် ကျန်းခိုင်က သူ၏ အသံကို မြှင့်လိုက်ရသည်။ “ငါက ဘက်လိုက်တာ မဟုတ်ဘူး။ အဲဒါက စည်းမျဉ်းပဲ... ယွင်ရှန်ရှယ်အိမ်ရာက အိမ်ပိုင်ရှင်တွေပဲ အရည်အချင်း ပြည့်မီတာ”

​“ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းတွေလဲဟ” ငွေရောင်ဆံပင်နှင့် သခင်လေး ကျန်းထျန်းချန်က ဒေါသတကြီး ပြောလိုက်၏။ “မနက်ဖြန် ယွင်ရှန်ရှယ်မှာ အိမ်တစ်လုံး ဝယ်လိုက်မယ်...”

​ချောင်ဝမ်ပေါက ကျန်းခိုင်၏ လည်ပင်းကို ဖမ်းဆွဲကာ ပြောလိုက်လေသည်။ “မင်း လာမနောက်တာ ပိုကောင်းမယ်နော်... မင်း ငါ့ကို လိမ်ရဲရင်တော့...”

​သူက မျက်လုံးကို မှေးလိုက်၏။ “ခြောက်လတိတိ တပည့်ခံရမယ်... တစ်ရက်တောင် မလျော့စေနဲ့”

​အူဂျာနှင့် သူ၏အဖော်နှစ်ဦးက သူတို့၏ ဖုန်းများကို စိတ်အားထက်သန်စွာ ထုတ်လိုက်ကြသည်။ “ငါတို့ ဘယ်တော့ သွားမှာလဲ။ ဘာတွေ ပြင်ဆင်ဖို့ လိုလဲ...”

​“ငါ မသိဘူး... ထွက်ဖို့ အနည်းဆုံး လူဆယ်ယောက် လိုတယ်။ အခုက မင်းတို့ လေးယောက်တည်း ရှိသေးတာ” ကျန်းခိုင်က သူ၏ လက်များကို ဖြန့်ကာ မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားနေချေသည်။ “မင်းတို့ရဲ့ မိသားစုတွေကိုပါ ခေါ်သွားရင်ရော ဘယ်လိုလဲ...”

အခန်း ၂၇ပြီး၏။

All Chapters